ကျွန်မ ရန်ကုန် ရောက်ရောက်ချင်း သူငယ်ချင်းတွေက မေးကြတယ်။ "မြန်မာပြည်ကြီး ဘာပြောင်းလဲသွားလဲ"တဲ့။ အမှန်အတိုင်းပဲ ပြန်ဖြေလိုက်ပါတယ်။ "ဘာမှ မပြောင်းလဲဘူး။ အရာရာက ပိုပြီး ဟောင်းနွမ်းလာတာပဲ ရှိတယ်"လို့။ သူတို့ကလည်း "အေးဟာ... အားရှိစရာပဲ"လို့ ပြောပြီး ရယ်ကြတယ်။ ရန်ကုန်မြို့ကြီးက မြို့ဟောင်းမြို့ပျက်ကြီးနဲ့ တူနေတယ်။ နောက်ပြီး ဘတ်စ်ကားတွေကလည်း အရင်လို မကြပ်တော့ဘူး။ စီးမဲ့လူမရှိသလိုမျိုး ချောင်ချိနေတာပဲ။ နေရာတိုင်းကလည်း အရင်လို လူတွေနဲ့ ကြိတ်ကြိတ်တိုး ဖြစ်မနေဘူး။ ကျွန်မသွားတဲ့ ရက်ကပဲ အခြေအနေတွေ ရှုပ်နေလို့လား မပြောတတ်ပါဘူး။ သေချာတာကတော့ မြန်မာပြည်ပြန်ရတာ မျှော်မှန်းထားသလောက် ပျော်ဖို့မကောင်းတာပဲ။
တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ရွှေတိဂုံဘုရားကို နှစ်ကြိမ်သွားဖူးတာ သွားမိတဲ့ နေ့တိုင်းက အင်္ဂါနေ့တွေ ဖြစ်နေတယ်။ ပထမအပတ် အင်္ဂါနေ့ကတော့ အင်္ဂါထောင့်မှာ မစုစုနွေးကို တွေ့လိုက်တယ်။ အဲဒီနေ့က ဘုရားပေါ်ရောက်မှ အင်္ဂါနေ့မှန်း သိလိုက်တယ်။ အဲဒီတော့ အဖြူရောင်မ၀တ်သွားမိဘူး။ ဒုတိယအပတ်လည်း အဲလိုပါပဲ။ ဘုရားပေါ်ရောက်မှ ဘုရားကို တပတ် ပတ်ပြီး သူငယ်ချင်းတွေနဲ့ အင်္ဂါထောင့်မှာ သွားထိုင်နေဖြစ်တယ်။ ကျွန်မစိတ်ထင်လို့လားတော့မသိ။ အင်္ဂါထောင့်မှာ ဘုရားဝတ်ပြုနေတဲ့သူ ပိုများသလိုပဲ။ အဲဒီနားက ဇရပ်ကိုတော့ ပိတ်ထားတယ်။ အထဲမှာ ဘုရားလုံခြုံရေးဝတ်စုံနဲ့ မိန်းမတွေကို ဧရာမတာဝန်ကြီးတွေ ထမ်းဆောင်နေရတဲ့ မျက်နှာပေးတွေနဲ့ တွေ့လိုက်ရတယ်။
ကျွန်မ ထိုင်နေရာကနေ ခဏထပြီး အင်္ဂါထောင့်မှာ ဘုရားကို ရေသပ္ပါယ်နေတုန်း ပါးစပ်ကနေ အသံထွက်ပြီး အန်တီစုနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆုတောင်းနေသံကြားလို့ လှည့်ကြည့်လိုက်တော့ မစုစုနွေးဖြစ်နေတယ်။ သူက နေပူထဲမှာ ထိုင်ပြီး ဘုရားရှိခိုးနေတာ။ ကျွန်မတို့ကတော့ နေပူထဲမှာ ကြာကြာမနေနိုင်လို့ အနောက်ဘက် အရိပ်ထဲမှာ (ဇရပ်ပေါ်မတက်ရတော့ ဇရပ်အောက်မှာပေါ့) ပြန်ထိုင်ပြီး ကြည့်နေလိုက်တယ်။ အဲဒီချိန် ကျွန်မတို့နောက် တိုင်ကွယ်ကနေ အဖြူရောင်လည်ကတုံးအင်္ကျီနဲ့ ကချင်ပုဆိုးနဲ့လူတစ်ယောက်က မစုစုနွေးကို ဓာတ်ပုံခိုးရိုက်နေတာ တွေ့လိုက်သေးတယ်။ သိပ်မကြာပါဘူး သူငယ်ချင်းတစ်ယောက် ထပ်ရောက်လာတာနဲ့ ကျွန်မတို့လည်း ဘုရားပေါ်ကနေ ပြန်ဆင်းလာခဲ့တယ်။
မစုစုနွေးကိုတော့ သူဘုရားရှိခိုးနေတာနဲ့ ကွက်ကြည့်ကွက်ကြည့်လုပ်ပြီးပဲ ပြန်လာဖြစ်ကြတယ်။ သူငယ်ချင်းမိန်းကလေးတစ်ယောက်ကတော့ မစုစုနွေးကို သွားနှုတ်ဆက်မယ် တကဲကဲလုပ်နေလို့ တခြားသူငယ်ချင်းတွေက အတင်းတားပြီး ခေါ်လာကြတယ်။ သူကတော့ ပြည်တွင်းမှာနေပြီး သိပ်မကြောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ ကိုမင်းကိုနိုင်တို့နဲ့တောင် ဓာတ်ပုံတွဲရိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှာ သိမ်းထားလိုက်သေး။ ကျွန်မတို့သူငယ်ချင်းကြားမှာတော့ သူက သူရဲကောင်းမကြီး။ ကျန်တဲ့ သူငယ်ချင်းမတွေကတော့ ကန်တော်ကြီးက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ကျွန်မ ဓာတ်ပုံရိုက်မယ်ဆိုတာကိုတောင် ကြောက်လန့်တကြားနဲ့ ကန့်ကွက်ကြတယ်။ "နင့်မှာလည်း ဗိုလ်ချုပ်ပုံတွေအများကြီးရှိတာကို"တဲ့။ "မလုပ်ပါနဲ့" ဘာညာနဲ့။ အဲဒီနေ့က ခုနက သတ္တိခဲသူငယ်ချင်းမ မပါလာတော့ သုံးယောက်နဲ့ တစ်ယောက် ကျွန်မကသာ အလျှော့ပေးလိုက်ရတယ်။ ကျွန်မမှာ ဗိုလ်ချုပ်ကြေးရုပ်ကြီးကို လှည့်ကြည့်လှည့်ကြည့်နဲ့ပဲ။ လမ်းမှာ ကျွန်မ သူငယ်ချင်းတွေက "ဗိုလ်ချုပ်ကြေးရုပ်ကို ပစ်ထားကြတယ်... အရမ်းယုတ်မာတာပဲ..." ဘာညာနဲ့ ပွစိပွစိတော့ သူတို့က ပြောလာကြသား။ ဓာတ်ပုံရိုက်မယ်ဆိုတော့သာ ကြောက်ကြတာ။
ဒုတိယပတ် ဘုရားပေါ်တက်တော့လည်း ပထမအပတ်တုန်းကလိုပဲ။ ဒါပေမဲ့ မစုစုနွေးကိုတော့ မတွေ့ခဲ့ပါဘူး။ ကျွန်မရန်ကုန်ကို ရောက်နေတဲ့ချိန် ဘာသတင်းမှလည်း မကြားရဘူး။ အခြေအနေဆိုးရွားတဲ့ပုံစံမျိုးလည်း မဟုတ်တော့ ဘာမှကို သိပ်မသိဘူး။ ဒုတိယအပတ်အင်္ဂါနေ့က မိသားစုနဲ့ ဘုရားပေါ်တက်တာ။ ပထမအပတ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ပေါ့။ အဲဒီနေ့က ဘုရားပေါ်ကဆင်းတော့ ဓာတ်လှေကားနားက ဖိနပ်သိမ်းကောင်တာမှာ အကျီင်္လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့လူ တစ်ယောက်က ထိုင်ပြီး ကောင်တာက ကောင်လေးတွေကို ဟိုဖိနပ် ဟိုသိမ်း၊ ဒီဖိနပ် ဒီသိမ်းနဲ့ ပြောနေတယ်။ ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်ဝယ်တဲ့လူတွေကိုလည်း အလကားပေးလို့ပေါ့။ စကားပြောကလည်း တော်တော်ယဉ်ကျေးသား။ ဒါနဲ့ ဓာတ်ပေါက်လိုက်ပါတယ်။ ပုံမှန် ဖိနပ်သိမ်းကောင်တာကလူ မဟုတ်ဘူးဆိုတာကိုလေ။ တက္ကစီပေါ်ရောက်တော့ အဲဒီအကြောင်းပြောဖြစ်ကြတယ်။ အရပ်ဝတ်တွေနဲ့ဖြစ်ပေမဲ့ လမ်းလျှောက်စကားပြောစက်တွေတကားကားနဲ့ အလုပ်ရှုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေအကြောင်းပြောရင်း တက္ကစီဦးလေးကြီးကလည်း ၀င်ပြောတယ်။ အာဂမသူငယ်ချင်းက အဲဒီဦးလေးကို ပြန်မေးတယ်။ "ဒါနဲ့ ဦးလေးကရော ဘာလဲ"တဲ့။ ဦးလေးကြီးလည်း ကြောင်သွားမှာပေါ့။ "ပြည်သူလား၊ ဒါမှမဟုတ် ဘာလဲ"ဆိုပြီး ထပ်မေးတော့မှ "ပြည်သူပေါ့"တဲ့။ သူငယ်ချင်းတယောက်က ၀င်နောက်တယ် "ပြည်သူဟုတ်ပါဘူး... ပြည်သားပါ"တဲ့။ နောက်တော့ ဦးလေးကြီးက ဆက်ပြောတယ်။ "မနက်ဖြန် ၂၂ ရက်နေ့ကို သူ တက္ကစီမဆွဲဘူး"ပေါ့။ "ကိုမင်းကိုနိုင်တို့ကို ထောက်ခံတဲ့အနေနဲ့"လို့ပြောတယ်။ "ဒီနေ့ အင်္ဂါနေ့ကိုလည်း မစုစုနွေးတို့က အဖြူရောင်ဝတ်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံထားလို့ သူ အပတ်တိုင်း အဖြူရောင် ၀တ်တယ်"ပေါ့။ ဒီနေရာမှာ ကျွန်မသူငယ်ချင်းမကလည်း ကိုယ့်ထက်ဆိုးတယ်။ "ဟာ...လေးစားသွားပြီ ဦးလေးကြီးရာ၊ ဒါမျိုးဖြစ်နေရမယ်" ဘာညာနဲ့။ ကျန်တဲ့ကောင်တွေက မျက်ခုံးလှုပ်နေကြပြီ။ ဘာပဲပြောပြော အဲဒီဦးလေးလို ရေဒီယိုတွေ နားထောင်ပြီး သိတဲ့လူက ရှားပါတယ်။
ကားမရှိလေတော့ သွားလေရာ တက္ကစီငှားစီးရတာနဲ့ ရန်ကုန်ပြန်တာ တက္ကစီဖိုးနဲ့တင် တော်တော်ကုန်သွားတယ်။ တက္ကစီခတွေကလည်း ဟိုနားဒီနားကို ၂၀၀၀ ပေးရတယ်။ ငှားစီးသမျှ ၃၀၀၀နဲ့ အထက်ကြီးပဲ ပေးရတယ်။ အစကတော့ သိပ်မဆစ်ဘဲ စီးတယ်။ နောက်ပိုင်းတော့ နည်းနည်း ဆစ်ကြည့်တယ်။ စီးမဲ့ခရီးသည်မရှိလို့ တက္ကစီမောင်းတဲ့ ဦးကြီးတွေလည်း အရင်လို ဈေးဆစ်ရင် မတင်ဘူးဆိုပြီး မပြောနိုင်တော့ဘူး။ ကိုယ်က ဈေးနည်းနည်းဆစ်ပြီး စီးပြန်ရင်လည်း ကားပေါ်ထိုင်လိုက်တာနဲ့ ညည်းလိုက်တဲ့ ညည်းချင်းဆိုတာ နောက်ဆုံးတော့ ဈေးမဆစ်ခင်က ဈေးနှုန်းအတိုင်းပဲ ပေးလိုက်မိတော့တာပဲ။ ရန်ကုန်တမြို့လုံးက လူတွေ ခိုတွေများဖြစ်သွားပြီလား မှတ်ရအောင် လူတိုင်းလိုလို ညည်းကြတယ်။ တက္ကစီပဲစီးနေတော့ တက္ကစီမောင်း ဦးကြီးတွေရဲ့ ညည်းချင်းကို ပိုနားထောင်ရတယ်။ အုံနာကြေးတောင် မနည်းရှာနေရတယ်ဆိုတဲ့အကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ နောက် ထုံးစံအတိုင်း အစိမ်းရောင်ဝတ်ပုဂ္ဂိုလ်တွေရဲ့အကြောင်း၊ လတ်တလော ဖြစ်နေတဲ့ ရုန်းရုန်းအကြောင်း။
တော်တော်များများ ပြောကြတဲ့ထဲမှာ တူညီတာ တခုကတော့ လူတွေ မကျေနပ်ကြဘူးဆိုတာပါပဲ။ ဒါပေမဲ့ လူတွေက ဘာမှလည်း သိပ်မသိကြဘူး။ ခုလက်ရှိ လှုပ်ရှားနေကြတာကိုလည်း ၈၈မျိုးဆက်ကျောင်းသားတွေဆိုတာ သိပုံမပေါ်ဘူး။ (ပြည်သူ)လူအများစု ပြောကြတာက ဒီလို အစစ ကြပ်တည်းနေချိန်မှာ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေး၊ ဂတ်စ်ဈေးတွေ တိုးမြှင့်လိုက်တာက တမင်သက်သက်လူ(ပြည်သူ)တွေ ဆူအောင် ဖန်တီးတာပဲပေါ့။ သူတို့ရဲ့ ခရီးကလည်း အဆုံးသတ်နေပြီ။ ၈၈တုန်းကလိုဖြစ်ပြီး နောက်တခါ ပြန်စချင်နေတဲ့ သဘောပဲလို့ (ပြည်သူ)လူတော်တော်များများက ယူဆကြတယ်။ ဒီတော့ (ပြည်သူ)လူတွေက သူတို့မျှော်မှန်းသလို၊ သူတို့ဆင်တဲ့ ထောင်ချောက်ထဲ မ၀င်ဘဲ စောင့်ကြည့်မယ်လို့ ပြောကြတယ်။ ခုဆန္ဒပြနေတယ်ဆိုတာလည်း သူတို့က အလံရှူးလုပ်နေတာပေါ့လေ။ သူတို့လူတွေကပဲ လူဝတ်လဲပြီး ဆန္ဒပြချင်ယောင်ဆောင်နေကြတာလို့ (ပြည်သူ)လူအများစုက ယူဆကြတယ်။ အဲဒါကြောင့်လည်း ခုလှုပ်ရှားမှုမှာ (ပြည်သူ)လူတွေအားလုံး မပါဝင်လာတာလို့ပြောရမယ်။ (ပြည်သူ)လူတွေက ကြောက်လို့၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ ဆိုတာထက် တမင်မဆူဆူအောင် လုပ်နေတယ်လို့ ယူဆပြီး ၀င်မပါကြတာများတယ်။ အဲလို ပြောဆိုယူဆနေကြတာက တယောက်လည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ်ဘူး။ တက္ကစီမောင်းသူတွေ၊ ဈေးတွေ၊ လက်ဘက်ရည်ဆိုင်တွေမှာ အဲလိုပဲ ပြောနေကြတာ။ ဒီတော့ သူတို့ ပြောတာကို နည်းနည်းတော့ စဉ်းစားသင့်တာပေါ့နော်။
မိုးတွေရွာ၊ ရေတွေကြီးပြီး ဘယ်လိုတွေဖြစ်ကုန်လဲတော့ မသိဘူး။ ချိုးရတဲ့ရေတွေက ဂျိုးဖြူပိုက်ကဆိုပေမဲ့ ၀ါကျင်ကျင်နဲ့ မြောင်းထဲက ရေတွေ ခပ်ချိုးနေရသလိုပဲ။ သောက်ရေကိုတောင် အရင်လို ဂျိုးဖြူကလာတဲ့ရေကို ရေစစ်နဲ့ စစ်ပြီး မသောက်ကြတော့ဘူး။ ရေတွေကလည်း မြောင်းရေလို ၀ါနေမှတော့ ဘယ်လိုလုပ်သောက်လို့ ရတော့မှာလဲလေ။ ရေသန့်ဗူး ဗူးကြီးတွေမှာပြီး သောက်ကြတာ အိမ်တိုင်းလိုလိုပဲ။ အဲဒီရေသန့်တွေကရော တကယ်သန့်ရဲ့လား မသိပါဘူး။ နောက်တော့ ကျွန်မလည်း ဘယ်လိုဖြစ်လဲမသိ။ ရန်ကုန်ရောက်ပြီး နှစ်ရက်ပဲကြာတယ်။ နေမကောင်းဖြစ်ပြီး ဆေးခန်းသွားရတယ်။ ဒီမှာနေရင် တခါမှ ဆေးမထိုးရပေမဲ့ ရန်ကုန်မှာတော့ တခုခုဖြစ်တာနဲ့ အကြောဆေးဆိုပြီး ဆေးထိုးခံရတော့တာပဲ။
ဝက်သားတုတ်ထိုးစားပြီး ၀မ်းကိုက်လို့ ပြန်ခါနီး တရက်က ဘာမှမလုပ်နိုင်။ ဗိုက်ထဲကနေ အောင့်လိုက်၊ နာလိုက်တာဆိုတာ မပြောပါနဲ့တော့။ စကားတောင် ဟဟ မပြောနိုင်အောင် ဝေဒနာကဆိုးလှတယ်။ ဒီကြားထဲ အစ်မ၀မ်းကွဲတွေ၊ ညီမ၀မ်းကွဲတွေနဲ့ သူငယ်ချင်းအချို့က သူတို့အတွက် အချိန်အများကြီး မပေးလို့ဆိုပြီး စိတ်ကောက်ကြသေးတယ်။ ဗိုက်နာနာနဲ့ပဲ စမ်းချောင်းဘက်က အသီးအရွက်စုံသုပ် အသုပ်ဆိုင်တစ်ဆိုင်မှာ လိုက်ထိုင်ပြီး စကားပြောပေးရသေးတယ်။ ကိုယ်တိုင်တော့ ဘာမှမစားနိုင်တော့ဘူး။ ဒါတောင် ချင်း၁၆က ၀က်သားတုတ်ထိုးကောင်းတယ်ဆိုပြီး လုပ်ကြသေးတယ်။ လူလည်း ၀ဋ္ဋ်လည်တာလား မပြောတတ်ဘူး။ ရန်ကုန်စရောက်ထဲက အဆက်အသွယ်မလုပ်လို့ မျက်စောင်းတွေ တဒိုင်းဒိုင်း ထိုးတဲ့သူနဲ့။ ပါးစပ်ကနေ ပွစိပွစိနဲ့ နားညည်းလောက်အောင် ပူညံပူညံလုပ်တဲ့သူနဲ့။ ၀မ်းကိုက်တဲ့ ဝေဒနာက တော်တော်ဆိုးရတဲ့ကြားထဲ ဟိုစိတ်ကောက်ကြတဲ့ အစ်မတွေ၊ ညီမတွေကြောင့် ဆေးခန်းကို စောစောစီးစီးမသွားရလို့ ဝေဒနာက ပိုခံစားလိုက်ရတယ်။ ဒီလိုနဲ့ ရန်ကုန်မှာ နှစ်ပတ်နေတာ ဆေးခန်း နှစ်ခါ သွားရတယ်။ အကြောဆေးဆိုတာလည်း နှစ်ခါထိုးလိုက်ရတယ်။ ဒီကိုပြန်ရောက်တော့ ကျွန်မညီမက ဆီးပြောတယ်။ တခါသုံးအပ်ဆိုတာ သေချာရဲ့လားတဲ့။ မြန်မာပြည်က သူနာပြုဆရာမတွေပြောတော့ ကုလားတွေက သုံးပြီးသား တခါသုံးအပ်တွေ ပြန်လာဝယ်ပြီး အဲဒါကို ပြုပြင်ပြီး ပြန်ရောင်းတတ်တယ်တဲ့။ သူပြောတာနဲ့ လူလည်း လက်မောင်းက အပ်ပေါက်နှစ်ပေါက်ကိုကြည့်ပြီး ဒိန်းကနဲ ဖြစ်သွားသေးတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဆေး နှစ်ခါတောင် ထိုးလာပြီးမှတော့ ဘာတတ်နိုင်မှာလဲ ကံပေါ့လို့ပဲ ပြောရတော့မှာပေါ့။
s0wha1
ရန်ကုန်ပြန် မှတ်တမ်း (၁)
ရန်ကုန်ပြန် မှတ်တမ်း (၃)
10 comments:
ညီမ အဲဒါဘာဖြစ်တုန်း ရဲ့ …ရန်ကုန်သွားတောလား က ကောင်းလှပါကလား…(မြို့ တော်မဟုတ်တော့ဘူးဆိုတော့ တောလားလို့ သုံးလိုက်ပါတယ်)
tru&efukefeJYa0;wmBumvkdUygaemufykdif;qkdtqifroifY&iftrwkdUNrefrmukdNyefvm&ifaeNynfawmfavqdyfqkdwmuaeVia Ygn qkdNyD; domestic flight eJY&efukefudkwqifYNyefvm&vdrfYr,f/bmvkdvJqkdawmYowif;pmxJrSmaeNynfawmfudkNrefrmNynf&JUNrdKUawmfvkdUaBumfnmvkdufyDav
Thank you, friend.
You have shared a recent diary of Yangon. I believe the situation you mentioned in Yangon can be generalisable to the whole country.
I do wish all Myanmar people may grasp the better future and better life.
May Buddha and member gods help us all QUICKLY !
Your comments about the views of some people in Burma are interesting.
Best and keep up the good work,
Lwin Moe
ရန်ကုန်ရောက်တာ ကျွန်တော်တို့ကိုတောင် မဆက်သွယ်ဘူး
:P
kty: tru&efukefeJYa0;wmBumvkdUygaemufykdif;qkdtqifroifY&iftrwkdUNrefrmukdNyefvm&ifaeNynfawmfavqdyfqkdwmuaeVia Ygn qkdNyD; domestic flight eJY&efukefudkwqifYNyefvm&vdrfYr,f/bmvkdvJqkdawmYowif;pmx
ကေတီဝိုင် ရေးထားတာကို ပြန်ဘာသာပြန်ပေးတာပါ။
အမက ရန်ကုန်နဲ့ ဝေးတာကြာလို့ပါ...နောက်ပိုင်းဆို အဆင်မသင့်ရင် အမတို့ မြန်မာကိုပြန်လာရင်နေပြည်တော်လေဆိပ်ဆိုတာကနေ Via့ YGN ဆိုပြီး domestic flight နဲ့ ရန်ကုန်ကို တဆင့်ပြန်လိမ့်မယ်။ ဘာလိုလဲဆိုတော့သတင်းစာထ
ကိုမောင်ရင်၊ ကိုlwinmoe ကျေးဇူး...ကေတီဝိုင် ပြောတာတော့ သိပ်နားမလည်ဘူး...ကိုJoe ဆုတောင်းတဲ့အတိုင်း ဖြစ်ပါစေ...မောင်လေး စိုးဇေယျထွန်း...ဒီတခါ ပြန်လာရင် အကြောင်းကြားမယ်။။။
lon loon lon tal bal lo luu twe lal hae... sout yann sout yann soe tal ..... thout kyi kyal nay tay tal...... minn toe singapore mar yay taung ma shi buu ma hote lar.... lit lal ....khat thout thout lit..... kha byar har gyi ko phat ya tar a that to tal..... mo cho myit cho nae.... kghapo;erwkjbbkjjkbgjsoaerbngsijo
tha har rar ဆိုတဲ့လူ မဖတ်ချင်ရင် မဖတ်နဲ့ပေါ့ဟယ်။ ကျွန်မ့စာကို ဖတ်ကြပါ၊ ဖတ်ကြပါလို့ ဘယ်သူ့ကိုမှ မတိုက်တွန်းဖူးဘူး။ စုတ်ပြတ်သပ်နေတဲ့ မြန်မာပြည်အကြောင်းကို စုတ်ပြတ်သပ်နေသလို ရေးရမှာပဲ။ စင်္ကာပူမှာ ဘာသယံဇာတမှ မရှိလို့ ရေကိုတောင် သူများနိုင်ငံက ၀ယ်သောက်နေရတယ်ဆိုပေမဲ့ ၀ယ်သောက်နိုင်တဲ့ အခြေအနေ(ငွေကြေး) ရှိမှ ၀ယ်သောက်လို့ရတယ်ဆိုတာလည်း မသေမချင်းမှတ်ထားလိုက်ဦး။
Here we are having some guests from Burma and to our shock and dismay, they do not eat like last times. In one sentence, Burmese people become poorer even for middle class (home owning, educated and holding local professional jobs)
Post a Comment