မြန်မာပြည်က သံဃာတော်များနဲ့ ပြည်သူလူထုတွေ နေပူကြီးထဲမှာ နေ့စဉ်ရက်ဆက် မိုင်ပေါင်းများစွာ လမ်းလျှောက်ချီတက် ဆန္ဒပြကြတာ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်ကြမလဲ မသိပါဘူး။ ကျွန်မတော့ ၃ရက်ဆက်တိုက် ဘုန်းကြီးကျောင်းက သွားလိုက်တာ။ ခုတော့ နေမကောင်းချင်သလိုတောင် ဖြစ်နေပြီ။ ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးဆိုလို့ အလုပ်ကနေအပြန် သွားလိုက်သေးတယ်။ ဘာမှတော့ မထူးပါဘူး။ သောကြာနေ့ကျပြန်တော့ ဘုန်းကြီးကျောင်းကို အလုပ်ကနေ တခါ တိုက်ရိုက် သွားရပြန်လို့ ပင်ပန်းတာတမျိုး၊ စနေမနက် အလုပ်ကို အစောကြီး ထသွားရတာနဲ့ ညနေကျတော့ ဘုန်းကြီးကျောင်းကို တခေါက်ထပ်သွားတော့ လူက တော်တော်ပင်ပန်းနေပါပြီ။ အခု ဒီတနင်္ဂနွေကတော့ ဆုတောင်းဝတ်ပြုပွဲကို နေ့လည် ၂ နာရီမှာ ကျင်းပတော့ နေကပူပူနဲ့ ပိုပင်ပန်းတယ်။ ဒါပေမဲ့ ပြည်တွင်းက ၀ိနည်းတော်အတိုင်း ဖိနပ်မစီး၊ ထီးမဆောင်းဘဲ ခရီးရှည်ကြီးကို ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြတဲ့ သံဃာတော်တွေနေရာမှာ၊ တခြား မြန်မာပြည်သူတွေ နေရာမှာ ၀င်စဉ်းစားကြည့်တဲ့အခါ ဒီလောက်လေး သွားရ လာရတာကို ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ရှက်မိပါတယ်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းကအပြန် မြန်မာသံရုံးရှေ့မှာ ဖယောင်းတိုင်ထွန်းပြီး မေတ္တာပို့တဲ့ အစီအစဉ်ကိုတော့ မသွားဖြစ်တော့ပါဘူး။ ဒါပေမဲ့ သွားကြတဲ့ သူငယ်ချင်းတွေက ဓာတ်ပုံတွေ ပို့ပေးကြလို့ ကျွန်မဘလော့ဂ်မှာတော့ တင်ဖြစ်ပါဦးမယ်။
ဒီနေ့ ဘုန်းကြီးကျောင်းမှာ ထူးခြားချက်ကတော့ အမျှဝေတဲ့စာသားတွေဖြစ်ပါတယ်။ နောက်ပြီးတော့ အမျှဝေအပြီး အားလုံး ၁ မိနစ်တိတိ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်ပေးကြပါတယ်။ အပ်ကျသံ ကြားရလောက်အောင် လူရာပေါင်းများစွာက ငြိမ်သက်စွာ ဂါဝရပြုပေးကြပါတယ်။ ပြီးတာနဲ့ လက်ခုပ်တီးပြီး တရားပွဲ ပထမအစီအစဉ်ကို ရုပ်သိမ်းပါတယ်။ ဒုတိယ တရားပွဲကို ညနေ ၄ နာရီမှာ ထပ်လုပ်ပါတယ်။
ဒီနေ့ လာတဲ့လူတွေကို သံဃာ့အလံတွေ ရင်ဘတ်မှာ တပ်ဖို့ ဝေငှခြင်း၊ သဘောထားထုတ်ပြန်ချက်တွေ ဝေငှခြင်း (မနက်ဖြန်မှာ ကျွန်မဘလော့ဂ်မှာ တင်ပေးပါ့မယ်)၊ လက်ပတ်အနီတွေကို ယာဘက်လက်ကောက်ဝတ် ဒါမှမဟုတ် လက်မောင်းမှာ ပတ်ဖို့ ဝေငှခြင်းနဲ့ ဖဲပြားအနီရောင်တွေကို ရင်ဘတ်မှာထိုးဖို့ ဝေငှကြပါတယ်။ ဖဲပြားအနီရောင်နဲ့ လက်ပတ်တွေကို နေ့တိုင်း ရုံးသွားရုံးပြန် တပ်ကြဖို့ နှိုးဆော်ထားပါတယ်။