ဒီခေါင်းစဉ်နဲ့ စာတွေ မရေးဖြစ်တာတောင် ကြာပြီ။ အရင်က ရေးမယ်၊ ရေးမယ်ဆိုပြီး တွေးထားတာတွေ အများကြီး။ ခုတော့ မေ့တေ့တေ့ဖြစ်ကုန်ပြီ။
နေ့လယ်က အိမ်ကို ၀မ်းကွဲအမ တစ်ယောက်လာလို့ အိမ်နားက MRT Station မှာ သွားခေါ်ရတယ်။ မလာတတ်တာလည်း မဟုတ်ဘဲ အဲဒီလို တကူးတက သွားခေါ်ရတာလည်း ရှိသေးတယ်။ ပြောချင်ဘူး။ အဲဒါ လမ်းမှာ သွားနေရင်း အပြင်မထွက်တာ ၂ ရက်လောက်အတွင်း ပြောင်းလဲနေတာ တခုတွေ့တယ်။ MRT ဆီရောက်ဖို့ ကျွန်မတို့ သွားနေကျ ကားသွားကားလာ သိပ်မရှိတဲ့ လမ်းလေး တခုကို ဖြတ်ရတယ်။ အဲဒီနားတ၀ိုက် လူနေတိုက်တွေက လူတွေလောက်ပဲ အသုံးပြု သွားလာတဲ့ ကားလမ်းလေးပေါ့။ အရင်တုန်းက မိုးရွာနေတုန်းနဲ့ မိုးရွာပြီးစတွေ အဲဒီကားလမ်းဖြတ်ရင် တော်တော် စိတ်ပျက်ဖို့ကောင်းတာ။ လူကူးရတဲ့ နေရာကမဟုတ်ဘဲ တိုက်ကြားတွေကနေ အလွယ် ဖြတ်ကူးကြတာဆိုတော့ ကားလမ်းဘေး ပလက်ဖောင်းနားက မြက်ခင်းပြင်တွေမှာ မိုးရေကြောင့် စိုစွတ်နေပြီး မြေကြီးက ပျော့နေတဲ့အတွက် ခြေထောက်တွေ ပေကုန်တတ်တယ်။ ရွှံ့နဲ့ ရေအချို့ခြေထောက်ကို မပေအောင် ခြေဖျားလေး ထောက်၊ ကိုယ်လေး ဖော့ပြီး သွားရတော့တာကိုး။ ခုတော့ (လမ်းကူးရတဲ့နေရာ မဟုတ်ပေမဲ့) လူအများစု လမ်းဖြတ်ကူးနေကြတဲ့ မြက်ခင်းပြင်ပေါ်မှာ လူတစ်ယောက်စာ ကျောက်ပြားလေးတွေ ခင်းပေးထားတယ်။ စိတ်ထဲမှာ တော်တော်သဘောကျသွားတယ်။ တလက်စထဲ တွေးလိုက်မိသေးတယ်။ ဒီမြို့နယ်မှူးက ဒီနားမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ဘာမဟုတ်တဲ့ လိုအပ်ချက်လေးကို ဘယ်လိုများ သိနေပါလိမ့်လို့။ ဩော် သူများအစိုးရတွေများ... အဲလို၊ အဲလို...
ကျွန်မ ရေးထားတဲ့ ရန်ကုန်ပြန်မှတ်တမ်း (၁)၊ (၂)၊ (၃) နဲ့ပတ်သက်ပြီး ကွန်မန့်တွေက ခုချိန်ထိ ကြိုကြားကြိုကြား တက်တက်လာတယ်။ ကျွန်မရဲ့ အရေးအသားက သူတို့ကို တော်တော် ဟက်ထိပုံရတယ်။ (မပန်ရေးတဲ့ ဟတ္ထိနဲ့တော့ မတူဘူးနော်။ :P) ကျွန်မကို မကျေမနပ်နဲ့ လာပြောကြတဲ့ သူတို့ကွန်မန့်တွေ ဖတ်ပြီး အစကတော့ ဘာမှ ပြန်မရေးဘဲ နေမလို့ပဲ။ နောက်တော့လည်း နည်းနည်းနားလည်အောင်တော့ ပြန်ရေးလိုက်ပါတယ်။ တချို့က ကျွန်မ ဘာကို ရေးထားလို့ ရေးထားမှန်း မသိဘူးတဲ့။ အဲဒါနဲ့ ရှင်းရှင်းလေးဖြစ်အောင် ကွန်မန့်မှာ ထပ်ရေးပေးလိုက်တယ်။ ဒါကိုမှ နားမလည်သေးဘူးဆိုရင်တော့ ကျွန်မလည်း မသိတော့ဘူး။;)) သူတို့က ကျွန်မပြောတော့သာ နာတတ်ကြတာ ကျွန်မရေးထားတာ ဘယ်နေရာမှားနေတယ်၊ လက်ရှိအခြေအနေထက် ဘာတွေ ပိုရေးထားတယ်ဆိုတာမျိုး ထောက်ပြ ပြောဆိုတာ လုံးဝမရှိဘဲ ဘလိုင်းကြီး ကွန်မန့်လာလာရေးကြတာကိုတော့ ကျွန်မက နောက်ဆို အချိန်ကုန်ခံပြီး ရီပလိုင်း ပြန်မလုပ်တော့ဘူး။ ရှုပ်လွန်းလို့။
တခါတလေ လူတွေ အရမ်း ရယ်ရတယ်။ ကျွန်မကို "ဩော် s0wha1 လား"ပေါ့။ "s0wha1 ဘလော့ဂ်ကို မကြာမကြာ လာဖတ်ဖြစ်တယ်"၊ ဘာညာနဲ့ အွန်လိုင်းမှာ တချို့လူတွေ လာပြောကြတယ်။ ပြီးရင် သူတို့က ကျွန်မကို Female လား၊ Male လားတောင် သေချာမသိဘူး။ "အစ်ကို"လို့ လာခေါ်တဲ့သူက ခေါ်၊ "ဟေ့လူ"လို့ လာခေါ်တဲ့သူက ခေါ်နဲ့။ လူက မပြုံးဘဲ ၀ါးလုံးကွဲရယ်မိတယ်။ ဘလော့ဂ်တခုလုံးမှာ ကျွန်မချင်း မိုးမွှန်အောင် ရေးထားပါလျက် ယောက်ျားမှန်း၊ မိန်းမမှန်း မသိကြသူတွေ သိပ်မရွှီးတတ်ဖို့တော့ လိုလိမ့်မယ်ထင်ပါရဲ့။ ကောင်မလေးတစ်ယောက်ဆို လူကို သူမသိတာတခု လာမေးတာတောင် မာရေကျောရေနဲ့ စိတ်ထဲကတော့ ဘာလဲဟပေါ့။ နောက်မှ ကျွန်မကို သူက ယောက်ျားလေးထင်လို့ အထက်စီးလေသံနဲ့ လာစကားပြောနေတာကိုး။ အံ့ဩကုန်နိုင်ဖွယ်ပဲ။ ပြောသေးတယ်... သူက ကျွန်မဘလော့ဂ်ကို လာဖတ်ဖူးတယ်ဆိုလား။ =)) နောက်ဆို "s0wha1သည် အမျိုးသမီး ဖြစ်၏" လို့ ရေးထားရမလို ဖြစ်နေပြီ။ ဒါတောင် မှားချင်မှားနေကြဦးမှာ။ တကယ်က ကျွန်မ ဘလော့ဂ်ကို မဖတ်ဖူးလို့လည်း ကျွန်မအနေနဲ့ ဘာပြောစရာရှိလဲ။ ကျွန်မကလည်း "ကျွန်မ ဘလော့ဂ်ဖတ်လားဟင်"လို့ မေးနေတာလည်း မဟုတ်။ (အဲလို မေးလို့ အားနာပါးနာနဲ့ ပြောကြတာဆိုရင်လည်း တော်သေး။) မသိရင် မသိသလိုလေးနေပြီး နှုတ်ဆက်ကြတာက ပိုမကောင်းဘူးလားလို့ပါ။
ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတွေလည်း တခါတခါ လွဲတတ်ပါတယ်။ တစ်ရက် MRT စီးရင်း ကျွန်မသူငယ်ချင်း ၃ယောက် အလုပ်မရှိ၊ အလုပ်ရှာပြီး သူတို့ရှေ့မှာ ထိုင်နေတဲ့ အိန္ဒိယလူမျိုး တစ်ယောက်ကို ကြည့်ရင်း ငြင်းကြသတဲ့။ တစ်ယောက်က "အိန္ဒိယက ကုလားဖြစ်မယ်"တဲ့၊ နောက်တစ်ယောက်ကတော့ "မဟုတ်ဘူး မလေး ကုလား"တဲ့၊ တစ်ယောက်ကကျ "လိုကယ်(local) ကုလား"လို့ ပြောတယ်။ သုံးယောက်သား သူနိုင်ကိုယ်နိုင် အပြိုင် ငြင်းနေကြတာ အဲဒီအိန္ဒိယအကိုကြီးက "ကျွန်တော် မြန်မာ ကုလားပါ ခင်ဗျာ"လို့ ဗမာလို ပီပီသသကြီး ပြန်ပြောလိုက်မှ သူတို့ အငြင်းအခုန်လည်း ရပ်သွားတော့တယ်။ ;)) "ငါတို့မှာ သူမြန်မာလို ပြန်ပြောလိုက်တာလည်း ကြားရော မျက်နှာပူပြီး အားနာလိုက်တာဟာ"ဆိုပြီး ကျွန်မတို့ကို ပြန်ပြောပြတယ်။ ငြင်းစရာမရှိ ကြံဖန်ငြင်းတာကိုး ကောင်းတာပေါ့လို့။
ကျွန်မကျတော့ တမျိုး၊ ကျွန်မက ဘယ်သူကိုမဆို သိပ်ပြီး စနောက်လေ့ မရှိဘူး။ ကျွန်မကို နောက်ရင်လည်း သိပ်မကြိုက်ဘူး။ သူတို့လို ပြန်မပြောတတ်လို့လည်း ပါတာပေါ့။ ရှားရှားပါးပါး သူများကို စနောက်မိရင်လည်း ကိုယ်ပဲ ပြန်ခံရတတ်တယ်။:D ဒါမှမဟုတ် (မစ တတ်တော့) နားလည်မှုတွေလွဲရာကနေ အငြင်းအခုန်တွေဖြစ်ပြီး စကားများရတတ်တယ်။ တရုတ်နှစ်ကူးအချိန်ဆိုရင် တရုတ်တွေရဲ့ ပြက္ခဒိန် အကောင်ပလောင်နှစ်တွေကို အရုပ်တွေနဲ့တကွ ဒီနှစ်မှာ ဘာဖြစ်မယ်ဆိုတဲ့ ဗေဒင်ဟောစာတမ်းတွေပါ နေရာတိုင်းလိုလိုမှာ ခမ်းခမ်းနားနား တွေ့ရတတ်တယ်။ ကျွန်မ သူငယ်ချင်းတော်တော်များများက ခွေးနှစ်ဖွားတွေဆိုတော့ တစ်ယောက်က ခွေးရုပ်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်တယ်။ တကယ် သူ ရိုက်ချင်တာက ခွေးရုပ်လေးနဲ့ ဗေဒင်ဟောထားတဲ့ ဆိုင်းဘုတ်ရှေ့မှာပဲ ရိုက်ချင်တာ ဒါပေမဲ့ ဓာတ်ပုံထဲမှာတော့ Dog လို့ ရေးထားတဲ့ ဘေးနားလေးမှာ သူက နေရာယူပြီးသား ဖြစ်နေတယ်။ ဟိုရှမ်းပြည်နယ်က "ခွေးရုပ်" ဆိုတဲ့ ဘူတာ ဆိုင်းဘုတ်အောက်မှာ ဓာတ်ပုံရိုက်မိတာထက် ဆိုးနေပြီ။ ဒါနဲ့ ကျွန်မက ကင်မရာထဲက သူ့ဓာတ်ပုံကို ကြည့်ရင်း သူ့ကို "ဟာ နင်က ခွေးပဲဟ"လို့ စနောက် ပြောပြီး အားရပါးရ ရယ်တယ်။ သူလည်း ကျွန်မနဲ့အတူ လိုက်ရယ်ရင်း ပြန်မေးတယ်။ "အေး... ဟုတ်တယ်။ နင်ကရော ဘာလဲ"တဲ့။ သူက ကျွန်မကို ပြန်နောက်ချင်လို့လား၊ ဒါမှမဟုတ် တကယ်သိချင်လို့ အတည် မေးတာလားဆိုတာတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ ဘာကောင်နှစ်ဖွားလဲ သူသေချာ မသိတာ အမှန်။ အဲဒီတော့ ကျွန်မကလည်း မဆိုင်းမတွ အပီအပြင် ပြန်ဖြေတယ်။ "ငါက ကြက်"တဲ့။ သွားရောပဲ။ သူများကို စိတ်ရှိလက်ရှိ စနောက်နေပြီးမှ ဖြစ်ပုံများ ပြောချင်ပေါင်။:P အမှန်ဆို "ငါက ကြက်ဖ" လို့ ဒါမှမဟုတ် "ကြက်ဖနှစ်ဖွား"လို့ ပြောရမှာ။ စကားပြော လောကြီးသွားတာ ပြန်ပြင်လို့ကို မမှီတော့ဘူး။ သူငယ်ချင်းတွေအကုန်လုံး "အုန်း" ကနဲ ၀ိုင်းရယ်ကြတာ။ မှတ်ရော။ နောက်ဆို သူများကို ဘယ်တော့မှ နောက်တော့ဘူး။ :D
ဒီနေ့ အိမ်နားမှာ မိုးတွေကရွာ၊ လျှပ်စီးတွေကလက်နဲ့ အိမ်မှာနေရတာ ဇိမ်ကိုကျလို့။ အမေ ချက်ကျွေးတဲ့ ၀က်သားဟင်း အချိုချက်ရယ်၊ ဆတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ စပ်စပ်လေး ချက်ထားတာရယ် ဗိုက်ကားအောင် စားပြီး သီချင်းလေး နားထောင်ရင်း အင်တာနက်သုံးရတာ မိုက်မှမိုက်။ အဲဒီချိန် အိမ်နားမှာ မိုးကြိုးပစ်လိုက်လို့လား မသိပါဘူး။ Breaker Tripped ဖြစ်သွားတယ်။ အဲဒါနဲ့ မောင်လေးက တခါ ပြန်တင်လိုက်၊ နောက်တခါ မိုးထပ်ခြိမ်းလို့ ပြန်ပြုတ်ကျသွားလိုက်နဲ့။ နှစ်ခါလောက် ဘရိတ်ကာကျပြီး မီးပျက်ပျက်သွားတယ်။ အမေကလည်း ကျွန်မတို့ အမေပီသစွာ အရမ်း ကြောက်တတ်တာ။ ပြန်မတင်ဘဲ ဒီတိုင်းထားလိုက် လုပ်နေသေးတယ်။ နောက်တော့ ကျွန်မလည်း ဒီပို့စ် ရေးနေရင်း မိုးအေးအေးနဲ့ ကွေးလိုက်တာ ခုမှပဲ နိုးလာတယ်။
တွေးချင်ရာတွေး၊ ရေးချင်ရာရေးဆိုတဲ့အတိုင်း ရေးချင်ရာ လျှောက်ရေးထားတာ။ သည်းခံပြီး ဖတ်ကြတာ ကျေးဇူးပါ။ တကယ်ရေးချင်တာတွေကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ဖျက်လိုက်ပြီ။ တကယ်တော့ ဒီပို့စ်ကို လွန်ခဲ့တဲ့ ၃ လကျော်ထဲက တ၀က်တပျက် ရေးထားပြီးသား။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
12 comments:
ha ha ha, you haven't write like this in a while...that's what i like about reading your blog, you have a sense of humor and say it like it is!
you made me laugh out loud while reading it. Thank You...for sharing.
ဟားဟား... ကိုmaung ကွန်မန့်အတွက် ကျေးဇူး...း)
ဖတ်လို့ ကောင်း၏…
အမောတွေတောင်ပြေသွားတယ်..
http://draft.blogger.com မှာ blog list ဆိုတာရှိတယ်။ အဲ့တာနဲ့လုပ်တာ။ အဲ့ဆိုဒ်ကလဲ ဘလော့ဂ်စပေါ့ဆိုဒ်ပဲ။ ပို့စ်နဲ့မဆိုင်ပေမဲ့ စီဘောက်မှာဆို မမြင်လိုက်မှာ စိုးလို့ ဒိမှာဝင်ရေးလိုက်တယ်။
ကိုမောင်ရင်... တကယ်လား... ကျေးဇူး... :P
ကိုလူသစ်... ကျေးဇူးပါဗျို့... စမ်းကြည့်လိုက်ဦးမယ်... :)
ဖတ်ပြီး ပြုံးရယ်သွားတယ် ...း ) လွဲတတ်တာလေးတွေပေါ့ ။ s0wha1 ကို ယောက်ျား မိန်းမ မကွဲတဲ့ စာဖတ်သူတွေရှိတာတော့ဟိုအရင်က စီပုံးမှာလည်း သတိထားခဲ့မိဖူးတယ် ။ အဲ့ဒီအကြောင်းတွေ မလေးမ ရေးထားတာ ခုလေးတင်ဖတ်မိလိုက်သေးရဲ့ ။ရန်ကုန်ပြန်မှတ်တမ်းကို နောက်မှ ပြန်လာဖတ်ဦးမယ်ဗျာ ။ ကျေးဇူး ...
ကိုမိုးညိုကြီး ပြန်လာပြီလား... ၀မ်းသာပါ၏... :)
ဟီဟီဟီ...
အဲ... ဘာရယ်တာလဲ... :D
ခုတလော ခပ်ပေါ့ပေါ့သာ ဖတ်တတ်တဲ့ ဘလော့ဂါတွေ အကြောင်းကို မြင်မြင်နေရတယ်။ ကောင်းပါတယ်ဗျာ။ ဒါမှလဲ သူတို့ သတိထားမိကြမယ်ထင်ပါတယ်။း)
အသေအချာ ဂရုတစိုက် ဖတ်သွားပါတယ်။
ညီလေး “မောင်ဆိုးဝှပ်” က ဟာသ အတော်ရေးတာဘဲ။ ဟို ခွေးရုပ်ဘူတာနားက အဖြစ်အပျက်ကိုရောက်တော့ မနေနိုင်ဘူး။ အသံထွက် ရယ်မိတယ်။
ကျနော့်သမီးကိုတောင် သတိရတယ်။ သမီးကပြောတယ်။ “ဖေဖေတို့က ဇီးကွက်တွေ။ ညဆိုရင်မအိပ်ဘူး။ မနက်ကျတော့ နေမြင့်မှထတယ်။” …..တဲ့။
“ဖေဖေတို့က ဇီးကွက်ဆိုရင် သမီးကရော”…လို့ ပြန်မေးတော့ “မီးနဲ့အဖွားကတော့ ရိုးရိုးညှက် (ငှက်) တွေ…”….တဲ့။ မဆိုးဝှက်နဲ့ မတူဘူးလား။
မောင်လေး မင်းကျန်စစ်ရေ... ဒီလိုပါပဲ။
ကိုပေါ... ဟာသရေးတာတော့ ဟုတ်ဘူး။ ဟာသဖြစ်သွားတာ။ အလွဲတွေပေါ့။ ဟုတ်ပါ့... ကလေးနဲ့တူနေပြီ။ အဲဒီနေ့က သူငယ်ချင်းတစ်ယောက်က ရယ်ရင်း ၀င်ပြောသေးတယ်။ နင်က အရမ်းရယ်ရတာပဲတဲ့။ @_@
Post a Comment