Wednesday, June 11, 2008

ပြန်မလော့မြစ် အလွန်



မြန်မာနိုင်ငံကို Nargis ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်သွားတာ ၅ ပတ်ကျော်ပြီဆိုတော့ ဒီပို့စ်ရေးမယ်လို့ တွေးနေတာလည်း ၁ လကျော်ရှိသွားပါပြီ။ ဒါပေမဲ့ ကျွန်မ ဘယ်လိုမှ စာရေးမရအောင် ထိခိုက်ကြေကွဲနေမိဆဲ...


တကယ်တော့ ဧရာဝတီတိုင်းဆိုတာ ကျွန်မနဲ့ သိပ်စိမ်းလှတာ မဟုတ်။ အထူးသဖြင့် မုန်တိုင်း အဓိက ထိသွားတဲ့ ဖျာပုံ၊ ဘိုကလေး၊ လပ္ပတ္တာ မြို့နယ်တွေက ကျွန်မ ငယ်ငယ်တုန်းက ရောက်ဖူး၊ သွားဖူးနေကျ နေရာတွေ။ မော်ကျွန်း (မော်လမြိုင်ကျွန်း) က ကျွန်မ တခါမှ မရောက်ဖူးသေးတဲ့ ကျွန်မအမေရဲ့ ဇာတိမြို့... ဖျာပုံက ကျွန်မ အဖေ့ အဖေရဲ့ ဇာတိမြေ... မုန်တိုင်း သတင်းကို ကြားရတဲ့အခါ ကျွန်မ ရုတ်တရက် စကားမပြောချင်။ မျက်လုံးထဲမှာ မြင်ယောင်ပြီး ခံစားရတာက ဘာနဲ့မှမတူ။ (ဒီလို အခြေအနေမှာတောင် တချို့က "တော်သေးတယ်... ငါတို့ ဒေသဘက်မှာ မဟုတ်လို့၊ ငါတို့မြို့မှာ မဟုတ်လို့"လို့ ပြောကြတဲ့အခါ ကျွန်မရင်ထဲ ကျဉ်ခနဲနေအောင် နာကျင်ခံစားရတယ်။)


ကျွန်မ ခပ်ငယ်ငယ်အရွယ် လောပိတမှာ ရှိစဉ်က တခုသော နွေရာသီမှာ ကျွန်မအမေနဲ့အတူ ရန်ကုန်ဆင်းရင်း ကျုံမငေး၊ လပ္ပတ္တာမြို့တွေဘက် ရောက်ဖူးတယ်။ အမျိုးတွေရှိတဲ့ ကက္ကရံ၊ ကိုင်းသောင်၊ ကဒုံကနိ၊ ဘီတွတ်၊ ငသိုင်းချောင်း၊ ပြင်စလူဆိုတဲ့ ရွာတွေက ကျွန်မတို့ ရောက်ဖူးနေကျ ရွာတွေ။ ကက္ကရံရွာမှာ အကိုဝမ်းကွဲတွေနဲ့ ပုဇွန်တွေလိုက်ဖမ်း၊ ကိုယ့်ဖာသာကိုယ် မီးဖုတ်စားကြနှင့် တော်တော်ပျော်ဖို့ ကောင်းခဲ့တာ။ အဲဒီဘက်မှာ လဲမှို့ပင်တွေ ပေါတာလည်း မှတ်မိတယ်။ တခါတလေ နွားကောင်ရေထက် ကျွဲကောင်ရေ ပိုများတဲ့ အဲဒီဒေသရဲ့ လယ်ကွင်းတွေဘက် သွားပြီး ရွှံ့တောထဲမှာ အကိုတွေ ကျွဲစီးတာကို လိုက်ကြည့်အားပေးရတာလည်း အမော။ အဲဒီတုန်းက ကျွန်မတို့ တောင်ပေါ်ဒေသမှာ ကျွဲမရှိတဲ့အတွက် အထူးအဆန်း ဖြစ်နေခဲ့သေးတယ်။ နွားနို့မဟုတ်တဲ့ ကျွဲနို့တွေ သောက်ခဲ့ရတာလည်း မမေ့နိုင်။

ရေကူးကျွမ်းကျင်တဲ့ အဲဒီဒေသခံတွေကြားမှာ ရေမကူးတတ်ဘူးဆိုတာ သိမှာ ရှက်တဲ့ ကျွန်မက ရေတက်ချိန်မှ ရေချိုးတယ်။ ဒီရေတက်ချိန်ဆို ရေမြုပ်နေတဲ့ အိမ်ရှေ့က တံတားလေးရဲ့ အဖျားနားထိသွားပြီး ရေကူးနေတဲ့ ပုံစံမျိုးနဲ့ ရေချိုးလို့ရလို့လေ။ အဲဒီတုန်းကတော့ ကလေးအတွေးနဲ့ပေါ့။ ကျွန်မ အကိုတွေ၊ မောင်တွေကတော့ ပင်လယ်ဖျံက အရှုံးပေးရလောက်အောင် ရေပျော်သတ္တ၀ါလေးတွေဖြစ်လို့။ ဒီရေကျချိန်ဆိုရင် အိမ်ရှေ့ရေအစပ်လေးထဲ ကျွန်မဆင်းလို့ ရလောက်တဲ့အထိ ရေကျသွားတတ်တယ်။ ဒါပေမဲ့ ရေအောက်ဘက်က ရွှံ့နွံတွေကြောင့် တဘိုင်းဘိုင်းလဲပြီး ရေနစ်မလိုလည်း ခဏခဏဖြစ်ဖူးရဲ့။ ရွှံ့နွံပေါတဲ့ အဲဒီဒေသဘက်က ရွှံ့ရုပ်လေးတွေအကြောင်း ကျွန်မ တခါရေးဖူးသလိုပဲ။ ငယ်ဘ၀ အမှတ်တရ (၃) ဆိုတဲ့ ပို့စ်ထဲမှာ ထင်တယ်။


ပြန်မလော့မြစ်ဆိုတာက အဲဒီနားက မြစ်တွေထဲမှာတော့ တော်တော်ကျယ်ပြီး လှိုင်းလည်း နည်းနည်းကြီးတယ်။ ကျွန်မတို့အပြန်မှာ အမျိုးတွေက သမ္ဗာန်ကြီးကြီး ငှားပေးဖို့ ကြိုးစားပေမဲ့ သမ္ဗာန်ခပ်သေးသေးတစင်းတောင် ကံကောင်းလို့ ငှားလို့ရတာ။ ဒီလိုနဲ့ သူတို့လည်း စိတ်မချ၊ လက်မချနဲ့ ကျွန်မတို့ သားအမိ ၃ ယောက်ကို လှေပေါ်တင် ပေးလိုက်တယ်။ အဲဒီသမ္ဗာန်အမျိုးအစားကို ငှက်လို့လည်း ခေါ်ကြမယ် ထင်တာပဲ။ လှော်တက်က ကြက်ခြေခတ်ပုံစံနဲ့ မတ်တပ် လှော်ရတာလေ။

အစပိုင်းကတော့ လှိုင်းလေနည်းနည်းငြိမ်နေတော့ လှေသမားလည်း သီချင်းလေး တအေးအေးနဲ့။ ကျွန်မတို့သားအမိတွေကလည်း လှေဝမ်းထဲမှာပစ္စည်းပစ္စယ အစုံနဲ့ မြစ်ပြင်ကြယ်ရဲ့ ညနေခင်းအလှကို ကြည့်ရင်း လိုက်လာကြတယ်။ သိပ်မကြာပါဘူး။ လှိုင်းလေတွေ ထန်လာတာ။ လှိုင်းလုံး တစ်လုံး၊ တစ်လုံးဆိုတာ နည်းနည်းနောနော အမြင့်မဟုတ်ဘူး။ လှေလှော်နေတဲ့သူလည်း သီချင်းဆက်မဆိုနိုင်တော့ဘဲ လှေကို ဂရုစိုက်လှော်နေရတယ်။ လှေဦးမှာ ထိုင်နေတဲ့ ကျွန်မအစ်ကိုလည်း ဆက်မထိုင်ရဲတော့ဘူး ဖြစ်လာတယ်။ ကျွန်မ တသက်နဲ့တကိုယ် ဒီလို လှိုင်းလုံးကြီးတွေကြား လှေသေးသေးလေးနဲ့ ခရီးသွားခဲ့တာ ပထမဆုံးနဲ့ နောက်ဆုံးပါပဲ။ နောက်လည်း အဲလို ဘယ်တော့မှ မသွားဖို့ ဆုံးဖြတ်တဲ့အထိ တော်တော် ကြောက်မိတယ်။ ကျွန်မအမေဆိုတာလည်း မျက်စိမျက်နှာတွေ ပျက်လို့ပေါ့။ အဲဒီတုန်းက ကျွန်မတို့အတွက်တော့ နာရီဝက်၊ ၁ နာရီဆိုတာ အချိန်ပေါင်းများစွာကြာတယ်လို့ မှတ်ထင်မိတယ်။ နောက်ဆုံးတော့ ရွာလေးတစ်ရွာကို ပုံမှန်ရောက်ချိန်ထက် နောက်ကျပြီး ညနေမှောင်ရီဖြိုးဖျ အချိန်လေးမှာ ရောက်ရှိခဲ့ပါတယ်။ လှေထက် အဆမတန်ကြီးတဲ့၊ အိမ်တစ်လုံး ပမာဏရှိတဲ့၊ လှေထဲကနေ ကျွန်မတို့ မော့ကြည့်နေရတဲ့ လှိုင်းလုံးကြီးတွေဟာ လှေဦးဆီ ပြေးဝင်လာလိုက် လှေလေးက လှိုင်းလုံးတွေကို ကျော်နိုင်အောင် ကြိုးစားလိုက်နဲ့ တော်တော် ထိတ်လန့်ဖို့ကောင်းတဲ့ အခြေအနေကနေ ကျွန်မတို့ လွတ်ကင်းခဲ့ပြီ။ ကျွန်မတို့အတွက်တော့ နာမည်ကြီးလှတဲ့ ပြန်မလော့မြစ်အကြောင်းကို လှိုင်းကြီးလှေအောက်အဖြစ် ခုချိန်မှာ သည်းထိတ်ရင်ဖို အတွေ့အကြုံအနေနဲ့ ပြန်ပြောပြနိုင်ခဲ့ပါပြီ။

လေထန်နေချိန် ကျွန်မတို့လှေလေး ချောချောမောမော ရောက်လာတာကို ရွာကလူတွေလည်း အံ့ဩလို့နေပါတယ်။ ကျွန်မ သိသလောက်တော့ အဲဒီရွာလေးမှာ ကျွန်မတို့ အမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ အမေ့ အသိမိတ်ဆွေတွေတော့ တော်တော်ပေါပုံရတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေးတွေရဲ့ ထူးခြားချက်ကတော့ ဧည့်သည်တွေအနေနဲ့ ဘယ်အိမ်ပေါ်မှာ တက်နေနေ၊ အိမ်ရှင်တွေက သူတို့နဲ့ သိသိ၊ မသိသိ ဖော်ဖော်ရွေရွေနဲ့ တည်းခိုဖို့ လက်ခံကြတာပါ။
ဒီအချိန်ကြီးမှာ မြို့ပေါ်လည်း သွားလို့ မရတော့မယ့်အတူတူ လျှပ်စစ်မီးမရှိတဲ့ ရွာလေးမှာ ညဘက်မှောင်မှောင်ထဲ ရွာအတွင်းဘက်ကို မ၀င်ဖြစ်တော့ဘဲ ရေပြင်အစပ်နားက အိမ်တစ်အိမ်မှာ ကျွန်မတို့သားအမိတွေ တည်းခိုကြပါတယ်။ အဲဒီအိမ်ရှင်တွေနဲ့ ကျွန်မတို့ မျက်မှန်းတန်းမိရုံလောက်ပဲ သိကြတာပါ။ နောက်တနေ့မနက်မှာတော့ မြို့ပေါ်တက်ပြီး ရန်ကုန်ကို သင်္ဘောစီးပြန်ခဲ့ကြပါတယ်။


ဧရာဝတီတိုင်းဘက်က ရွာလေးတွေမှာ ခြေတံရှည် အိမ်လေးတွေပဲ ရှိပါတယ်။ ခိုင်ခိုင်ခန့်ခန့် အိမ်တွေကရှားပြီး များသေားအားဖြင့်တော့ ၀ါးခြမ်းပြားခင်းထားပြီး ၀ါးခြမ်းပြားတွေ၊ ထရံတွေနဲ့ ကာထားတဲ့ တဲသာသာ အိမ်လေးတွေပဲဖြစ်ပါတယ်။ အိမ်လေး တစ်လုံး၊ တစ်လုံးရဲ့ အကျယ်ဟာ ဘယ်လောက်မှာ မရှိပါဘူး။ အဲဒီမှာ အိပ်၊ အဲဒီမှာစားပြီး အဲဒီမှာပဲ ချက်ပြုတ်စားတဲ့ အကျယ်အ၀န်းလေးသာသာ ရှိပါတယ်။ အိပ်ခန်းဆိုတာလည်း မရှိဘူးလေ။ ပြီးတော့ သူတို့ရဲ့ အိမ်သာဆိုတာ အခန်းထောင့်လေးမှာ မြွေရေခွံအိတ်လေးကာထားပြီး အောက်ဘက်မှာ အပေါက်လေး ဖောက်ထားတဲ့ နေရာလေးကို ခေါ်တာပါ။ အိမ်အောက်ဘက်မှာတော့ ရွှံ့ရေစပ်စပ်နဲ့ ရေတွေပဲ ရှိပါတယ်။ အဲဒီလို အိမ်လေးတွေမှာ ခုလို ကြီးမားတဲ့ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့အခါ ဘယ်လိုဖြစ်သွားမလဲ တွေးကြည့်နိုင်ပါတယ်။ အဲဒီအခါ ကျွန်မ အိပ်မရနိုင်အောင် ၀မ်းနည်းခံစားရတယ်။ ကျွန်မအမျိုးတွေရော၊ အမျိုးမဟုတ်တဲ့ ရွာသားတွေရော ဘယ်လိုကံကြမ္မာတွေနဲ့များ ရင်ဆိုင်နေရပါလိမ့်။

မုန်တိုင်းတိုက်ချိန်မှာ ရန်ကုန်ကို အလည်ပြန်သွားတဲ့ သူငယ်ချင်း ပြန်လာတဲ့အခါ မုန်တိုင်းအကြောင်းကို အနည်းအကျဉ်းပြောပြတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံမျိုး သူဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူးတဲ့။ ည ၁၂ နာရီလောက်ထဲက လေကြီးမိုးကြီးတွေတိုက်၊ ပတ်ဝန်ကျင်းတခုလုံး ကမ္ဘာပျက်မလို ဖြစ်နေပြီး တညလုံး မအိပ်ရဘဲ ငုတ်တုတ်ထိုင်နေရတဲ့အဖြစ်။ ပြီးတော့ ပင်လယ်ပြင်ဘက်က သင်္ဘောတွေရဲ့ အမျိုးမျိုးသော ဥဩသံတွေကို ဆွဲဆွဲငင်ငင် ကြားနေရတာလည်း ကြက်သီးမွေးညင်း ထမိတယ်တဲ့။ အဲဒီခဏ
ကျွန်မ တဒင်္ဂ ငိုင်တွေနေမိတယ်။ သင်္ဘောတွေဟာ လူတွေကို သတိပေးနေတာလား၊ ဒါမှမဟုတ် အကူအညီ တောင်းခံနေကြတာလားလို့။

သတင်းအစအနမကြားရတဲ့ ကက္ကရံက ကျွန်မအဒေါ်နဲ့ မိသားစုကတော့ မေလလယ်လောက်မှာ ကျွန်မတို့ ရန်ကုန်အိမ်ကို ရောက်လာခဲ့ပါပြီ။ ၂ရက်နေ့ည မုန်တိုင်းကျတဲ့အချိန် သူ့သားတွေ ပြေးနိုင်လို့ လွတ်တယ်လို့ သူတွေ့ကြုံရတာတချို့ ပြောပြတယ်။ သူတို့တရွာလုံး ရေမြုပ်သွားပြီး သေတဲ့လူ အများအပြားပဲလို့ဆိုပါတယ်။ သူကတော့ သစ်ပင်ကို ဖက်တက်ထားလို့ လွတ်မြောက်လာတာပါတဲ့။ ၃ရက်နေ့မှာ ၀ါးခယ်မက အဒေါ်တွေဆီ ရောက်ပြီး မေ ၂၀လောက်မှ သူတို့နဲ့အတူ ရန်ကုန်ကို တက်လာကြတာပါ။ နေ့စဉ်နဲ့အမျှငိုနေတဲ့ ကျွန်မအမေလည်း အနည်းငယ် စိတ်သက်သာရာ ရသွားပေမဲ့ ဧရာဝတီတတိုင်းလုံး ကိုယ့်အမျိုးတွေလို ဖြစ်နေတဲ့အတွက် သတင်းတွေဖတ်ရင်း၊ ဗွီဒီယိုဖိုင်တွေကြည့်ရင်း ခုထိ စကားမပြောနိုင်အောင် ထိခိုက်ခံစားနေရတုန်းပါပဲ။ အဲဒီဒေသတွေဘက်ဆင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အကူအညီပေးရေးတွေ ကိုယ်ထိလက်ရောက် လုပ်ချင်ပေမဲ့ ကျန်းမာရေးမကောင်းတဲ့ ကျွန်မအမေ ဘာမှ မတတ်နိုင်ဖြစ်နေရတာကိုလည်း သူ့ကိုယ်သူ မကျေမနပ်ဖြစ်လို့ နေပါတယ်။ ကိုင်းသောင်က အမျိုးတွေ တချို့တ၀က် ရန်ကုန်အိမ်ရောက်လာကြပြီး တချို့ကတော့ ဘာသံမှ မကြားရသေးပါဘူး။


အဲဒီရွာတွေဘက် ထဲထဲဝင်ဝင်သွားလာဖူးတဲ့ ကျွန်မအနေနဲ့ ခု အခြေအနေကို လက်မခံနိုင်အောင်ဖြစ်မိပါတယ်။ ကျွန်မတို့ကို လက်ရာမြောက်လှတဲ့ ရွှံ့ရုပ်လေးတွေ လုပ်ပေးတဲ့ဦးကြီးရော ဒီဒုက္ခတွေကို ကြုံလိုက်ရသေးလား။ ကျွန်မတို့ တည်းခိုခဲ့တဲ့ အိမ်က ကျွန်မနဲ့ရွယ်တူဖြစ်တဲ့ ညီအကို မောင်နှမတတွေရော ဒီအန္တရာယ်က လွတ်ကင်းပါရဲ့လား။ ကျွန်မအမေ ငါးခြောက်နဲ့ လဲမှို့တွေ လိုက်ဝယ်ရာ ရွာတွေက မိသားစုတွေရော အသက်ရှင်ကျန်ပါရဲ့လား။ လားပေါင်းများစွာနဲ့ ညအိပ်ရာဝင်တိုင်း တွေးမိပေမဲ့ ကျွန်မ ထိထိရောက်ရောက် ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့အတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို မကျေနပ်မှုများစွာနဲ့ပဲ ကျွန်မရဲ့ နေ့ရက်တွေကို ဖြတ်ကျော်နေဖြစ်ပါတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

2 comments:

Hteink Min said...

မစိုးရေ...

မစိုးတော့ ရောက်ဘူးတော့ ပိုခံစားရမှာပါ။ ကျွန်တော်တို့ကတော့ မရောက်ဘူးဘူးလေ.. ဒါပေမဲ့ ရေဆိုရင် ဆူနာမီထဲက ကြောက်နေတာအမှန်ပဲ.. ဆူနာမီတုံးကလည်း ကျွန်တော် မယ်ဒန်၊ အင်ဒိုနီးရှားမှာလေ.. ကျွန်တော့အမေတွေများ စိတ်ပူလိုက်တာဗျာ..

ကျွန်တောကလည်း ဘယ်မြို့သွားတယ်ဆိုတာ အိမ်ကိုမပြောသွားဘူးး)..

ဒီလိုပဲ ဆွေမျိုးသားခြင်းတွေ မိဘတွေ ခံစားကြရမယ်ဆိုတာ ကျွန်တော် သိပါတယ်.... ကျွန်တော်အိမ်တော့ သစ်တစ်ချပ်ပဲ လန်တယ်လို့ပြောတယ်.. တော်သေးရဲ့

s0wha1 said...

အင်း... အမတို့ ရန်ကုန်အိမ်လည်း အိမ်အမိုး သွပ် နည်းနည်း လန်သွားတယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*