Friday, June 20, 2008

တွေးချင်ရာတွေး ရေးချင်ရာရေး (၄)



ဒီခေါင်းစဉ်နဲ့ စာတွေ မရေးဖြစ်တာတောင် ကြာပြီ။ အရင်က ရေးမယ်၊ ရေးမယ်ဆိုပြီး တွေးထားတာတွေ အများကြီး။ ခုတော့ မေ့တေ့တေ့ဖြစ်ကုန်ပြီ။

နေ့လယ်က အိမ်ကို ၀မ်းကွဲအမ တစ်ယောက်လာလို့ အိမ်နားက MRT Station မှာ သွားခေါ်ရတယ်။ မလာတတ်တာလည်း မဟုတ်ဘဲ အဲဒီလို တကူးတက သွားခေါ်ရတာလည်း ရှိသေးတယ်။ ပြောချင်ဘူး။ အဲဒါ လမ်းမှာ သွားနေရင်း အပြင်မထွက်တာ ၂ ရက်လောက်အတွင်း ပြောင်းလဲနေတာ တခုတွေ့တယ်။
MRT ဆီရောက်ဖို့ ကျွန်မတို့ သွားနေကျ ကားသွားကားလာ သိပ်မရှိတဲ့ လမ်းလေး တခုကို ဖြတ်ရတယ်။ အဲဒီနားတ၀ိုက် လူနေတိုက်တွေက လူတွေလောက်ပဲ အသုံးပြု သွားလာတဲ့ ကားလမ်းလေးပေါ့။ အရင်တုန်းက မိုးရွာနေတုန်းနဲ့ မိုးရွာပြီးစတွေ အဲဒီကားလမ်းဖြတ်ရင် တော်တော် စိတ်ပျက်ဖို့ကောင်းတာ။ လူကူးရတဲ့ နေရာကမဟုတ်ဘဲ တိုက်ကြားတွေကနေ အလွယ် ဖြတ်ကူးကြတာဆိုတော့ ကားလမ်းဘေး ပလက်ဖောင်းနားက မြက်ခင်းပြင်တွေမှာ မိုးရေကြောင့် စိုစွတ်နေပြီး မြေကြီးက ပျော့နေတဲ့အတွက် ခြေထောက်တွေ ပေကုန်တတ်တယ်။ ရွှံ့နဲ့ ရေအချို့ခြေထောက်ကို မပေအောင် ခြေဖျားလေး ထောက်၊ ကိုယ်လေး ဖော့ပြီး သွားရတော့တာကိုး။ ခုတော့ (လမ်းကူးရတဲ့နေရာ မဟုတ်ပေမဲ့) လူအများစု လမ်းဖြတ်ကူးနေကြတဲ့ မြက်ခင်းပြင်ပေါ်မှာ လူတစ်ယောက်စာ ကျောက်ပြားလေးတွေ ခင်းပေးထားတယ်။ စိတ်ထဲမှာ တော်တော်သဘောကျသွားတယ်။ တလက်စထဲ တွေးလိုက်မိသေးတယ်။ ဒီမြို့နယ်မှူးက ဒီနားမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ဘာမဟုတ်တဲ့ လိုအပ်ချက်လေးကို ဘယ်လိုများ သိနေပါလိမ့်လို့။ ဩော် သူများအစိုးရတွေများ... အဲလို၊ အဲလို...

ကျွန်မ ရေးထားတဲ့ ရန်ကုန်ပြန်မှတ်တမ်း (၁)(၂)(၃) နဲ့ပတ်သက်ပြီး ကွန်မန့်တွေက ခုချိန်ထိ ကြိုကြားကြိုကြား တက်တက်လာတယ်။ ကျွန်မရဲ့ အရေးအသားက သူတို့ကို တော်တော် ဟက်ထိပုံရတယ်။ (မပန်ရေးတဲ့ ဟတ္ထိနဲ့တော့ မတူဘူးနော်။ :P) ကျွန်မကို မကျေမနပ်နဲ့ လာပြောကြတဲ့ သူတို့ကွန်မန့်တွေ ဖတ်ပြီး အစကတော့ ဘာမှ ပြန်မရေးဘဲ နေမလို့ပဲ။ နောက်တော့လည်း နည်းနည်းနားလည်အောင်တော့ ပြန်ရေးလိုက်ပါတယ်။ တချို့က ကျွန်မ ဘာကို ရေးထားလို့ ရေးထားမှန်း မသိဘူးတဲ့။ အဲဒါနဲ့ ရှင်းရှင်းလေးဖြစ်အောင် ကွန်မန့်မှာ ထပ်ရေးပေးလိုက်တယ်။ ဒါကိုမှ နားမလည်သေးဘူးဆိုရင်တော့ ကျွန်မလည်း မသိတော့ဘူး။;)) သူတို့က ကျွန်မပြောတော့သာ နာတတ်ကြတာ ကျွန်မရေးထားတာ ဘယ်နေရာမှားနေတယ်၊ လက်ရှိအခြေအနေထက် ဘာတွေ ပိုရေးထားတယ်ဆိုတာမျိုး ထောက်ပြ ပြောဆိုတာ လုံးဝမရှိဘဲ ဘလိုင်းကြီး ကွန်မန့်လာလာရေးကြတာကိုတော့ ကျွန်မက နောက်ဆို အချိန်ကုန်ခံပြီး ရီပလိုင်း ပြန်မလုပ်တော့ဘူး။ ရှုပ်လွန်းလို့။

တခါတလေ လူတွေ အရမ်း ရယ်ရတယ်။ ကျွန်မကို "ဩော် s0wha1 လား"ပေါ့။ "s0wha1 ဘလော့ဂ်ကို မကြာမကြာ လာဖတ်ဖြစ်တယ်"၊ ဘာညာနဲ့ အွန်လိုင်းမှာ တချို့လူတွေ လာပြောကြတယ်။ ပြီးရင် သူတို့က ကျွန်မကို Female လား၊ Male လားတောင် သေချာမသိဘူး။ "အစ်ကို"လို့ လာခေါ်တဲ့သူက ခေါ်၊ "ဟေ့လူ"လို့ လာခေါ်တဲ့သူက ခေါ်နဲ့။ လူက မပြုံးဘဲ ၀ါးလုံးကွဲရယ်မိတယ်။ ဘလော့ဂ်တခုလုံးမှာ ကျွန်မချင်း မိုးမွှန်အောင် ရေးထားပါလျက် ယောက်ျားမှန်း၊ မိန်းမမှန်း မသိကြသူတွေ သိပ်မရွှီးတတ်ဖို့တော့ လိုလိမ့်မယ်ထင်ပါရဲ့။ ကောင်မလေးတစ်ယောက်ဆို လူကို သူမသိတာတခု လာမေးတာတောင် မာရေကျောရေနဲ့ စိတ်ထဲကတော့ ဘာလဲဟပေါ့။ နောက်မှ ကျွန်မကို သူက ယောက်ျားလေးထင်လို့ အထက်စီးလေသံနဲ့ လာစကားပြောနေတာကိုး။ အံ့ဩကုန်နိုင်ဖွယ်ပဲ။ ပြောသေးတယ်... သူက ကျွန်မဘလော့ဂ်ကို လာဖတ်ဖူးတယ်ဆိုလား။ =)) နောက်ဆို "s0wha1သည် အမျိုးသမီး ဖြစ်၏" လို့ ရေးထားရမလို ဖြစ်နေပြီ။ ဒါတောင် မှားချင်မှားနေကြဦးမှာ။ တကယ်က ကျွန်မ ဘလော့ဂ်ကို မဖတ်ဖူးလို့လည်း ကျွန်မအနေနဲ့ ဘာပြောစရာရှိလဲ။ ကျွန်မကလည်း "ကျွန်မ ဘလော့ဂ်ဖတ်လားဟင်"လို့ မေးနေတာလည်း မဟုတ်။ (အဲလို မေးလို့ အားနာပါးနာနဲ့ ပြောကြတာဆိုရင်လည်း တော်သေး။) မသိရင် မသိသလိုလေးနေပြီး နှုတ်ဆက်ကြတာက ပိုမကောင်းဘူးလားလို့ပါ။

ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတွေလည်း တခါတခါ လွဲတတ်ပါတယ်။ တစ်ရက် MRT စီးရင်း ကျွန်မသူငယ်ချင်း ၃ယောက် အလုပ်မရှိ၊ အလုပ်ရှာပြီး သူတို့ရှေ့မှာ ထိုင်နေတဲ့ အိန္ဒိယလူမျိုး တစ်ယောက်ကို ကြည့်ရင်း ငြင်းကြသတဲ့။ တစ်ယောက်က "အိန္ဒိယက ကုလားဖြစ်မယ်"တဲ့၊ နောက်တစ်ယောက်ကတော့ "မဟုတ်ဘူး မလေး ကုလား"တဲ့၊ တစ်ယောက်ကကျ "လိုကယ်(local) ကုလား"လို့ ပြောတယ်။ သုံးယောက်သား သူနိုင်ကိုယ်နိုင် အပြိုင် ငြင်းနေကြတာ အဲဒီအိန္ဒိယအကိုကြီးက "ကျွန်တော် မြန်မာ ကုလားပါ ခင်ဗျာ"လို့ ဗမာလို ပီပီသသကြီး ပြန်ပြောလိုက်မှ သူတို့ အငြင်းအခုန်လည်း ရပ်သွားတော့တယ်။ ;)) "ငါတို့မှာူမြန်မာလို ပြန်ပြောလိုက်တာလည်း ကြားရော မျက်နှာပူပြီး အားနာလိုက်တာဟာ"ဆိုပြီး ကျွန်မတို့ကို ပြန်ပြောပြတယ်။ ငြင်းစရာမရှိ ကြံဖန်ငြင်းတာကိုး ကောင်းတာပေါ့လို့။

ကျွန်မကျတော့ တမျိုး၊ ကျွန်မက ဘယ်သူကိုမဆို သိပ်ပြီး စနောက်လေ့ မရှိဘူး။ ကျွန်မကို နောက်ရင်လည်း သိပ်မကြိုက်ဘူး။ သူတို့လို ပြန်မပြောတတ်လို့လည်း ပါတာပေါ့။ ရှားရှားပါးပါး သူများကို စနောက်မိရင်လည်း ကိုယ်ပဲ ပြန်ခံရတတ်တယ်။:D ဒါမှမဟုတ် (မစ တတ်တော့) နားလည်မှုတွေလွဲရာကနေ အငြင်းအခုန်တွေဖြစ်ပြီး စကားများရတတ်တယ်။ တရုတ်နှစ်ကူးအချိန်ဆိုရင် တရုတ်တွေရဲ့ ပြက္ခဒိန် အကောင်ပလောင်နှစ်တွေကို အရုပ်တွေနဲ့တကွ ဒီနှစ်မှာ ဘာဖြစ်မယ်ဆိုတဲ့ ဗေဒင်ဟောစာတမ်းတွေပါ နေရာတိုင်းလိုလိုမှာ ခမ်းခမ်းနားနား တွေ့ရတတ်တယ်။ ကျွန်မ သူငယ်ချင်းတော်တော်များများက ခွေးနှစ်ဖွားတွေဆိုတော့ တစ်ယောက်က ခွေးရုပ်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်တယ်။ တကယ် သူ ရိုက်ချင်တာက ခွေးရုပ်လေးနဲ့ ဗေဒင်ဟောထားတဲ့ ဆိုင်းဘုတ်ရှေ့မှာပဲ ရိုက်ချင်တာ ဒါပေမဲ့ ဓာတ်ပုံထဲမှာတော့ Dog လို့ ရေးထားတဲ့ ဘေးနားလေးမှာ သူက နေရာယူပြီးသား ဖြစ်နေတယ်။ ဟိုရှမ်းပြည်နယ်က "ခွေးရုပ်" ဆိုတဲ့ ဘူတာ ဆိုင်းဘုတ်အောက်မှာ ဓာတ်ပုံရိုက်မိတာထက် ဆိုးနေပြီ။ ဒါနဲ့ ကျွန်မက ကင်မရာထဲက သူ့ဓာတ်ပုံကို ကြည့်ရင်း သူ့ကို "ဟာ နင်က ခွေးပဲဟ"လို့ စနောက် ပြောပြီး အားရပါးရ ရယ်တယ်။ သူလည်း ကျွန်မနဲ့အတူ လိုက်ရယ်ရင်း ပြန်မေးတယ်။ "အေး... ဟုတ်တယ်။ နင်ကရော ဘာလဲ"တဲ့။ သူက ကျွန်မကို ပြန်နောက်ချင်လို့လား၊ ဒါမှမဟုတ် တကယ်သိချင်လို့ အတည် မေးတာလားဆိုတာတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ ဘာကောင်နှစ်ဖွားလဲ သူသေချာ မသိတာ အမှန်။ အဲဒီတော့ ကျွန်မကလည်း မဆိုင်းမတွ အပီအပြင် ပြန်ဖြေတယ်။ "ငါက ကြက်"တဲ့။ သွားရောပဲ။ သူများကို စိတ်ရှိလက်ရှိ စနောက်နေပြီးမှ ဖြစ်ပုံများ ပြောချင်ပေါင်။:P အမှန်ဆို "ငါက ကြက်ဖ" လို့ ဒါမှမဟုတ် "ကြက်ဖနှစ်ဖွား"လို့ ပြောရမှာ။ စကားပြော လောကြီးသွားတာ ပြန်ပြင်လို့ကို မမှီတော့ဘူး။ သူငယ်ချင်းတွေအကုန်လုံး "အုန်း" ကနဲ ၀ိုင်းရယ်ကြတာ။ မှတ်ရော။ နောက်ဆို သူများကို ဘယ်တော့မှ နောက်တော့ဘူး။ :D

ဒီနေ့ အိမ်နားမှာ မိုးတွေကရွာ၊ လျှပ်စီးတွေကလက်နဲ့ အိမ်မှာနေရတာ ဇိမ်ကိုကျလို့။ အမေ ချက်ကျွေးတဲ့ ၀က်သားဟင်း အချိုချက်ရယ်၊ ဆတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ စပ်စပ်လေး ချက်ထားတာရယ် ဗိုက်ကားအောင် စားပြီး သီချင်းလေး နားထောင်ရင်း အင်တာနက်သုံးရတာ မိုက်မှမိုက်။ အဲဒီချိန် အိမ်နားမှာ မိုးကြိုးပစ်လိုက်လို့လား မသိပါဘူး။ Breaker Tripped ဖြစ်သွားတယ်။ အဲဒါနဲ့ မောင်လေးက တခါ ပြန်တင်လိုက်၊ နောက်တခါ မိုးထပ်ခြိမ်းလို့ ပြန်ပြုတ်ကျသွားလိုက်နဲ့။ နှစ်ခါလောက် ဘရိတ်ကာကျပြီး မီးပျက်ပျက်သွားတယ်။ အမေကလည်း ကျွန်မတို့ အမေပီသစွာ အရမ်း ကြောက်တတ်တာ။ ပြန်မတင်ဘဲ ဒီတိုင်းထားလိုက် လုပ်နေသေးတယ်။ နောက်တော့ ကျွန်မလည်း ဒီပို့စ် ရေးနေရင်း မိုးအေးအေးနဲ့ ကွေးလိုက်တာ ခုမှပဲ နိုးလာတယ်။

တွေးချင်ရာတွေး၊ ရေးချင်ရာရေးဆိုတဲ့အတိုင်း ရေးချင်ရာ လျှောက်ရေးထားတာ။ သည်းခံပြီး ဖတ်ကြတာ ကျေးဇူးပါ။ တကယ်ရေးချင်တာတွေကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ဖျက်လိုက်ပြီ။ တကယ်တော့ ဒီပို့စ်ကို လွန်ခဲ့တဲ့ ၃ လကျော်ထဲက တ၀က်တပျက် ရေးထားပြီးသား။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Thursday, June 19, 2008

မွေးနေ့ ဆုမွန်



ဇွန်လမှာ ကျွန်မတို့မိသားစုဝင်တွေရဲ့ မင်္ဂလာမွေးနေ့တွေ မရှိပေမဲ့ ကျွန်မချစ်တဲ့ လူတချို့ရဲ့ အမှတ်တရမွေးနေ့တွေနဲ့ ပြည့်လို့နေပါတယ်။ ကျွန်မချစ်တဲ့အန်တီများရဲ့ မွေးလလို့ဆိုနိုင်တဲ့ မိုးရာသီ ဇွန်လလေးဟာ မိုးတွေကို မချစ်ခင်တဲ့ ကျွန်မအတွက် ခုတော့လည်း စိတ်ထဲမှာ အမှတ်ထင်ထင် ရှိလို့နေပါပြီ။ ဒီနေ့ဟာ ကျွန်မချစ်ခင်လေးစားရသော အန်တီစုရဲ့ ၆၃နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့တွင် အန်တီစုမွေးနေ့ပွဲကို စင်္ကာပူ တိုပါးရိုးမြန်မာဘုန်ကြီးကျောင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။


အန်တီစုမွေးနေ့ဖြစ်တဲ့ ဒီနေ့ ဒီရက်ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ်လည်း သတ်မှတ်ကျင်းပကြပါတယ်။ အန်တီခင်ရဲ့ မြန်မာအမျိုးသမီးများနေ့ ပို့စ်မှာ သွားရောက်ဖတ်ရှု နိုင်ပါတယ်။


ဇွန် ၁၄ရက်နေ့က ၄၃နှစ်ပြည့်ခဲ့တဲ့ အန်တီငြိမ်း၊ ဇွန် ၂၁ မှာ ၄၃နှစ်ပြည့် မွေးနေ့ကျရောက်မဲ့ အန်တီခင်တို့ကို
အန်တီစုမွေးနေ့နဲ့အတူ ဆုတောင်း ပေးပါတယ်။ သက်ရှည်ကျန်းမာ၍ ချစ်သောမိသားစုနဲ့အတူ မခွဲမခွာ တိုင်းပြည်အကျိုးကို ဒီထက်မက သယ်ပိုးနိုင်ပါစေ။


ဇွန် ၁၀ရက်နေ့က ကျွန်မရဲ့ တစုံတယောက်မွေးနေ့ဆုတောင်းပို့စ်မှာ အန်တီတို့က ခုလို ကွန်မန့် လာရေးကြတယ်။

*** ***** ***
Blogger မေငြိမ်း said...

ဘသူ့မွေးနေ့လဲလည်း မပါပါလား.. ဟီဟီ ..အန်တီ့မွေးနေ့တော့ မဟုတ်သေး.. အန်တီက ၁၄ရက်နော်.. ပီးရင် အန်တီစုက ၁၉ရက်.. အင်းး Che Guevara လည်း ၁၄ရက်..။ သေချာတာတော့ ဇွန်မှာ လူတော်တွေမွေးတယ်ဆိုပဲ..ခိခိ..။ ဆိုတော့ မွေးနေ့ရှင်ကို လူတော်လေးတယောက်လိုဏ္ဍ သတ်မှတ် ပေးပါ့မယ်လေ။ :P

June 10, 2008 3:13 PM

Delete
Blogger s0wha1 said...

ဟားဟား... အန်တီရေ ကွန်မန့်အတွက် ကျေးဇူး... သေချာတာပေါ့ လူတော်လေးပဲ ဖြစ်မှာ... :P

June 10, 2008 4:00 PM

Delete
Blogger ခင်မင်းဇော် said...

ဟဲ့ အန်တီခင်ကတော့ ၂၁ နော် ။
ဇွန်ဖွား မေထုန်ရာသီဖွားနေနော် ..
သိတယ်နော် အရည်အချင်းတွေကို...

June 11, 2008 12:00 AM

Delete
Blogger s0wha1 said...

ဟုတ်ပါ့။ အရည်အချင်းတွေကတော့ ရှယ်တွေကြီးပဲ...;)) အန်တီငြိမ်းနဲ့တောင် ပြောဖြစ်သေးတယ်။:D

June 11, 2008 9:04 AM

*** ***** ***

ဒီကွန်မန့်တွေကို ကြည့်ခြင်းအားဖြင့် ဇွန်လမှာ ဘယ်လိုလူမျိုးတွေကို မွေးဖွားတယ်ဆိုတာ သိကြရောပေါ့နော်။ :P




ချစ်တဲ့
s0wha1

Wednesday, June 18, 2008

သံသရာ ကမ်းကပ်



သံသရာ ကမ်းကပ်

သံသရာ ကမ်းကပ်
လှမ်းတက်ရခက်တယ် ဆိုပေမယ့်
သင့်ခြေတစ်လှမ်း….
လက်ကမ်းပေးမယ့် လက်တွေက
သူ.. ငါ.. ကွဲပြား ခြားနားခြင်းမရှိတဲ့
ပရဟိတ အနွေးစိတ်တွေနဲ့
ရွှံထဲ.. ဗွက်ထဲ.. ဒုက္ခသည်များရှိရာ
ဖေးကူထူမ သိပ်တိုတဲ့ လူ့ဘ၀မှာ…
ဒုက္ခမရဏကို ပစ်မထားဘဲ
အတူမျှဝေခံစားနိုင်ကြောင်း ပြသကြရအောင်။

ညှိုးနွမ်းခြောက်သွေ့နေပြီးသား သစ်ပင်အိုနဲ့တူတဲ့ လူ့ဘ၀များရှိရာ နာဂစ်ဆိုတဲ့ မုန်တိုင်းယန္တယားကြီးက ထိုသစ်ပင်အိုတွေကိုပဲ အမြစ်က ဆွဲလှန်ပစ်ခဲ့တယ်။

ကျွန်တော်တို့ဘ၀တွေ အရင်ထဲက မနေပျော်ခဲ့ပါဘူး။ စားဖို့သောက်ဖို့နဲ့ လူ့လောကမှာ ခြေထောက်နှစ်ချောင်း မားမားမတ်မတ်ရှိနေဖို့ကိုပဲ အသက်ရှင်နေရတာပါ။ အခုဒီဘ၀လေးကိုပဲ “လှိုင်းကြက်ဖ”လို့ ခေါ်တဲ့ လှိုင်းလုံးတွေက ပင်လယ်ဖက်ဆီမှ တစ်လှိုင်း၊ မြစ်ဝဖက်ဆီမှ တစ်သွယ် ၀င်ရောက်တွန်းချလို့ အသိုက်တွေ လဲကွဲခဲ့ရပါပြီ။ ရင်နဲ့ဖွားခဲ့ရတဲ့ သွေးရင်းသားရင်း၊ ဘ၀ခရီးကြမ်းကို အတူတူဖြတ်နေကြရတဲ့ ဇနီးမယား၊ လင်ယောက်ျား၊ တစ်အူတုံဆင်း ညီရင်းအကို မောင်နှမတွေ၊ ကြည့်စမ်းပါ… ၀ိညာဉ်မဲ့သွားတဲ့ သူတို့ရဲ့ ခန္ဓာတွေ မျက်စိစုံမှိတ်၊ ရှိလက်စ အင်အားလေးနဲ့ပဲ ရေထဲမျောကာ မသာချရပေါ့။ ကိုယ့်ကိုကိုယ် ငုံကြည့်မိလို့လည်း မသတီဖို့ အချိန်မရှိ၊ သူများကို ကြည့်မိလို့လည်း အကုသိုလ်စိတ်မရှိ၊ အကုန်လုံး လူရိုင်းလိုလို၊ တာဇံလိုလိုနဲ့ ငိုကြွေးဖို့တောင် ဆွံ့အ သွားခဲ့ရပြီ။ အုန်းသီး၊ အုန်းရည်၊ ဆန်မှိုတက်နဲ့ ထမင်းတစ်နပ်ဖြစ်ခဲ့ရရင် ဘ၀ဟာ ကြီးလှတဲ့ ကုသိုလ်တဲ့လား၊ မိုးပေါ်က ကျလာတဲ့ PH7 နဲ့ ဘီစကစ်၊ ခေါက်ဆွဲခြောက်တို့ကို တုတ်ဆွဲ၊ ဓားဆွဲ မဖြစ်ရအောင် ဝေခြမ်းကာ မျက်ရည်လည်ရပေါ့။ သံသရာကမ်းကပ်ရာ လှမ်းတာပေါ့ ...။

နာဂစ်ကြောင့် မြို့ပြနဲ့ ကျေးရွာ ရေစက်ဆုံခဲ့ရတယ်ဆိုရင် မြို့ပြက ဂရုဏာရှင်များက ကျေးရွာ၊ ဇနပုဒ် အလှမ်းဝေးလွန်းလှတဲ့ဆီက ဝေဒနာသည်များရှိရာကို ရောက်ဖူးခဲ့ရပြီ။ စာနာတတ်ခဲ့ရပြီ။ လူဖြစ်ရတဲ့ဒုက္ခကို နားလည်ခဲ့ရပြီ။ ကောက်ရိုးမီးလို ဟုန်းကနဲထတောက်ပြီး ငြိမ်သက်ကာ ပြီးဆုံးသွားမဲ့ ကိစ္စမဟုတ်ကြောင်း သိခဲ့ရပြီ။ တကယ့်ကို ရင်နာစရာဘ၀များ ပြန်လည်ထူထောင်ရေး နှစ်ရှည်လများ မဟာစီမံကိန်းချရမှာပါ။ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့မှုပေါ်မူတည်ပြီး demand နဲ့ supply က စကားပြောပါတယ်။

အာဏာရှိမယ်၊ စကားပေါက်ရောက်မယ် ဆိုရင်ဖြင့် မော်တော်ခပ်လတ်လတ် ၁စီး တန်သည်၊ ၂စီး တန်သည်ကို ထားရှိစေလိုပါသည်။ ကယ်ဆယ်ရေး ရိက္ခာပစ္စည်းမှသည် ပြန်လည်ထူထောင်ရေးအထိ အကူအညီ ပေးလိုကြသည့် စေတနာရှင်များအတွက် ထိရောက်လို့ပါ။ disaster ဒေသတွေမှာ ဆက်သွယ်ရေးလွယ်ကူပြီး အလှူရှင်တွေ သွားရောက်လိုသည့်ဒေသအထိ ပို့ဆောင်ပေးနိုင်ဖို့ပါ။ အလှူရှင်တွေက မြို့ကထွက်ပြီး ကားနဲ့လာ၊ ပြီးမှ မော်တောငှား၊ ထိုအသေးစားမော်တော် (ခေါ်) ပဲ့ထောင်ကလည်း တစ်စီးငှားလျှင် ငွေကျပ် ၃၀၀၀၀၀န်းကျင်နဲ့ သွားလိုသည့် ခရီးအနီးအဝေးကို လိုက်၍ ဓာတ်ဆီပါ ပေးရတာပါ။ ဒီတော့ တစ်လကျော်အချိန် အထိ အ၀တ်အစား၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကလွဲလို့ ထွေထွေထူးထူး သယ်မသွားနိုင်ပါဘူး။ သွားရတယ် ဆိုရာဝယ် ပစ္စည်းတန်ချိန်၊ လိုက်ပါတဲ့ လူအရေအတွက်ပေါ် မူတည်ပြီး ပဲ့ထောင်စီးရတာလည်း ရင်တထိတ်ထိတ်နဲ့ပါ။ ရာသီဥတုဆိုးဝါးပြီး မိုးကြီးလေကြီးတိုက်ခဲ့ရင် အလှူရှင်တွေအတွက်လည်း တကယ့် မလွယ်ကြောပါ။ ခုဆို မိုးဝင်လာပြီဖြစ်လို့ ဒေသဝေး သွားနိုင်တဲ့လူ အရေအတွက်လည်း အနည်းငယ်တော့ ကျဆင်းစ ပြုလာပါပြီ။

ကျွန်တော်တို့သွားခဲ့တဲ့ ဒေးဒရဲအလွန် မြစ်ဝက ရွာလေးရွာဖြစ်တဲ့ ညောင်လန်း၊ လိပ်ကျွန်း၊ ဥတို၊ ရေတွင်းကုန်း(ပင်လယ်ဝအနီး) စတဲ့ ရွာတွေဆိုရင် ခုချိန်ထိ ထမင်းနပ်မှန်ဖို့ အလျှူရှင်တွေ မျှော်ရတုန်းပါ။ မိုးရွာစ ပြုလာတော့ တပတ်၊ ဆယ်ရက်မှာ ၃ခါလောက်တော့ အလှူရကြပါတယ်တဲ့။ ဆီလို အပေါက်ရှာပြီး အပြစ် တင်ချင်နေတာတော့ မဟုတ်ပါဘူး။ အပေါက်တွေ ဘယ်လောက် များနေလဲဆိုတာ စာဖတ်သူတို့လည်း သိပြီးသားပါ။ တစ်ရွာလုံးပေါင်းမှ အိမ်နှစ်အိမ်ပဲ ကျန်တဲ့ရွာနဲ့။ အားကိုးစရာမဲ့သွားတဲ့ မိအိုဖအိုတွေနဲ့ အိမ်ရယ်လို့သာ ခေါ်နေရတဲ့ အမိုးအကာလေးတွေ လုပ်ထားတဲ့နေရာလေးမှာ မိသားစု လေးငါးစုပေါင်းပြီး နေကြရတဲ့နေရာတွေပါ။ အမိုးအတွက် တာလပတ် ဖျင်ထည်တွေတော့ အလုံအလောက်မဟုတ်ပေမဲ့ အနည်းငယ်စီ ရကြရှာပါသတဲ့။ ဒန်အိုး ဒန်ခွက် နဲ့ ဆေးဝါးအနည်းငယ်လည်း တချို့ရွာတွေမှာ ရကြပါတယ်တဲ့။ ကျွန်တော် ဥာဏ်ပုစွာနဲ့ စဉ်းစားမိပါတယ်။ ထိုဝေးလံတဲ့ ရွာတွေ၊ ဒေသတွေမှာ ဆက်သွယ် ဆောင်ရွက်ရေးသဘောမျိုး ဖြစ်စေ၊ အချက်အလက် စုဆောင်းဖြန့်ဝေမှုမျိုး ဖြစ်စေ၊ လိုအပ်ချက် အကောင်အထည် ဖော်ဆောင်ပေးရေးသဘောမျိုး ဖြစ်စေ၊ အမာခံအဖွဲ့ တစ်ဖွဲ့လောက် ထားနိုင်ဖို့ရာ မဖြစ်နိုင်ဘူးလားလို့။ ထိုအဖွဲ့မှတဆင့် မြို့ပေါ်ကို လှမ်းဆက်သွယ်မှုမျိုး ရရှိနိုင်အောင် စီစဉ်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

မြို့ပေါ်က စီစဉ်ပေးနိုင်မယ့် ရေယာဉ်အကြီးစားမျိုးနဲ့ တစ်ပတ် တစ်ခေါက်နှုန်းလောက် တည်ဆောက်ရေးအတွက် လိုတဲ့ မျှောတိုင်၊ ၀ါးလုံး၊ အမိုးအကာအမျိုးတွေကို ထိုရွာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပေးပို့နိုင်တာပေါ့။ စီးပွားရေး ဘယ်လိုပြန်လုပ်မလဲလို့ မေးကြည့်တဲ့အခါ ကြောင်အအဖြစ်ပြီး ခပ်ဆိုင်းဆိုင်းပဲ ဖြေကြပါတယ်။ ရွာမှာ အလုပ်လုပ်ချင်ရင်တောင် လုပ်ငန်းရှင်မရှိတော့တဲ့ အဖြစ်ပါတဲ့။ ကျန်ရစ်ခဲ့တဲ့ ကျွဲတွေ၊ နွားတွေနဲ့ တတ်နိုင်သူတွေက လယ်ပြန်လုပ်နိုင်အောင် ကြိုးစားကြပေမဲ့ “မျိုးစပါးတွေကလည်း ရေနဲ့ အကုန်ပါသွားပြီ၊ ဒီကောင်တွေ ကိုယ်တိုင်က စားကျက်ရှားပြီး ချိနေပြီဖြစ်လို့ ထန်ကုန်ခိုင်းလို့ရ သုံး၊ လေးလပါ” တဲ့။ မြို့တက် ကူလီလုပ်မယ် ဆိုတော့လည်း အကိုတို့ မြင်ခဲ့တဲ့အတိုင်း ဒေးဒရဲ မြို့ပေါ်ရောက်အောင်သွားဖို့က ၄နာရီလောက် မော်တော်စီးရမှာတဲ့လေ။ ဘယ်မှာလဲ လမ်းစရိတ်။ သူတို့ထက်ဦးအောင် ကျွန်တော်ပဲ သက်ပြင်း ကြိုချလိုက်ပါတယ်။ ဘယ်လို သံသရာကြီးလဲပေါ့နော် …။

ပဲ့ထောင်ပေါ်ကနေ ဟာ… လယ်ကွင်းတွေက စိမ်းနေပါလားလို့ ရေရွတ်တဲ့အခါ လမ်းပြက စပါးခင်းတွေတော့ မဟုတ်ဘူး၊ မြက်ပင်တွေပါတဲ့။ လှေကျန်၊ ပိုက်ကျန်သူတွေက ငါးထောင်နေကြတာကိုလည်း မြင်ခဲ့ရပါတယ်။ လူငှားမတတ်နိုင်လို့ ကလေး၊ မိန်းမ မကျန် ကွန်ချနေကြတယ်။ ဘယ်လိုလဲ အမိများလားဆိုတော့... “တစ်နေကုန်ဆိုရင် ၀မ်းစာလောက်တော့ ရပါတယ်” တဲ့။ ကျွန်တော်တို့ဈေးထဲက ငါးတွေ၊ ပုဇွန်တွေ ဘယ်ကများ လာကြပါလိမ့် …။

မျက်လုံးထဲမှာ သွေးရူးသွေးတမ်းနဲ့ မှောင်မှောင်မဲမဲ လေကြီးမိုးကြီးထဲ မိသားစုတွေ သွေးရူးသွေးတမ်း ထွက်ပြေးကာ သေကုန်ကြပုံ၊ တစ်ကျောင်းတည်းရှိတဲ့ ကျောင်းဝင်းထဲ ပြေးဝင်ပုန်းကြရာ ထိုကျောင်းရော လူတွေပါ ရေထဲ၊ လေထဲ အကုန်ပါသွားပုံ၊ ရေလွတ်တဲ့ သစ်ပင်အဖျားမှာ ရောက်နေကြတဲ့ သက်ကြီး ရွယ်အိုတွေ လေဒဏ်၊ မိုးဒဏ်ကို မခံနိုင်တော့လို့ အသက်ပျောက်သွားကာ ရေထဲပြုတ်ကျပုံတွေ၊ ဖက်တွယ်လို့ရတဲ့ သစ်ပင် သစ်ကိုင်းမှာ တွယ်တက်ကာ အသက်ရှင် လွတ်မြောက်လာခဲ့ပေမဲ့ တစ်ကိုယ်လုံး တုန်ရင်ပေါက်ပြဲပြီး အ၀တ်ဗလာ ဖြစ်နေရှာတဲ့ ယောက်ျား၊ မိန်းမတွေ၊ ကိုယ့်မြေ၊ ကိုယ့်ယာစွန့်ပြီး တစ်ခြားရွာကို ပြေးတော့ တစ်ခြားရွာက ကိုယ့်ထက်အဆမတန် ဆိုးနေလို့ ပြန်ပြေးလာရပုံတွေ၊ ဒုက္ခ သုက္ခများကြားက အမှန်လား၊ အမှားလား မေးခွန်းများ ရောက်ဖြစ်အောင် ရောက်လာလို့ ကိုယ့်ဘ၀ကို ကြောင်အအ ဖြစ်ရပုံတွေ ...။

ပုံတွေ… ပုံတွေ… ပုံတွေ… နာဂစ်က အရုပ်ဆိုးအကျည်းတန် စိတ်ဒဏ်ရာ အနာတရနဲ့ မလှမပတော့မယ့် သံသရာ ပန်းချီးကားချပ်ကြီး တစ်ချပ်လို ချဆွဲပြသွားခဲ့တယ်။ ဒါမှ တကယ့် realism အစစ်ကွလို့ နောက်ဆုံး ကြုံးအော်သွားသေးလားတော့ မသိပါ။ ကျွန်တ်ာတို့အဖို့ သံသရာကမ်းကပ်... လှမ်းတက်ရခက်တယ် ဆိုပေမဲ့ တကယ်ကို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါပြီ။


မင်းသစ်တည်
၉.၆.၂၀၀၈


စာကြွင်း ။ ။ အဝေးဆုံးဖြစ်တဲ့ ရေတွင်းကုန်းရွာက ပင်လယ်ဝနဲ့ သိပ်မဝေးတော့သလို ဒေးဒရဲ မြို့ပေါ်ကနေ ပဲ့ထောင်နဲ့ ရောက်ပြန်ခရီး သွားမယ်ဆိုရင်တောင် ကြာမြင့်ချိန် အနည်းဆုံး ၅နာရီ လောက် ခရီးရှိပါတယ်။

ရွာအမည် ။ ။ ညောင်လန်း
အိမ်ခြေ ။ ။ ၇၅လုံးခန့်ရှိခဲ့ရာ ၂လုံးသာ အကောင်းကျန်
လူဦးရေ ။ ။ ၂၉၀လောက်ရှိခဲ့ရာ ၃၈ဦး သေဆုံးခဲ့ပါတယ်။

ရွာအမည်။ ။ လိပ်ကျွန်း
အိမ်ခြေ ။ ။ အိမ်ခြေ၁၆၀ခန့်
လူဦးရေးး လူဦးရေ ၅၆၀လောက်ရှိခဲ့ရာ ၆၂ဦး သေဆုံးခဲ့ပါတယ်။

ရွာအမည်။ ။ ဥတို
အိမ်ခြေ ။ ။ အိမ်ခြေ ၁၂၆ခန့်
လူဦးရေ ။ ။ လူဦးရေ ၄၀၀ ကျော်ခန့်ရှိခဲ့ရာ ၇၆ဦး သေဆုံးခဲ့ပါတယ်

ရွာအမည်။ ။ ရေတွင်းကုန်း
အိမ်ခြေ ။ ။ အိမ်ခြေများတဲ့ ရွာလတ်ပိုင်း
လူဦးရေ ။ ။ လူဦးရေ ၁၀၀၀ ကျော်ရှိခဲ့ရာ ၁၀၀ ကျော်ခန့် သေဆုံးခဲ့ပါတယ်။

*** ***** ***

ကိုမင်းသစ်တည်ရဲ့ ဆောင်းပါးကို အီးမေးလ်ကနေတဆင့် ရရှိတဲ့အတွက် ကျွန်မဘလော့ဂ်မှာ ပြန်လည် ကူးယူတင်ပြလိုက်ပါတယ်။ ဆောင်းပါးပို့ပေးတဲ့ ကိုမင်းသစ်တည်ကို ကျေးဇူးတင်လျက်။

Saturday, June 14, 2008

စက်ကြီး ၁၃ ပါး



ကျွန်မ ငယ်ငယ်က အစ်ကိုတွေ၊ အစ်မတွေ ကြောက်ရင် ဒီဂါထာကို ရွတ်သံ ကြားဖူးနေကျပါ။ အဲဒီတုန်းကတည်းက လိုက်ရွတ်ချင်ပေမဲ့ အရွယ်ကလည်း တော်တော် ငယ်သေးတော့ သူတို့ကို မမေးမိဘူး။ နောက်ပိုင်းကျတော့လည်း အဲဒီဂါထာအကြောင်း မေ့သွားတယ်။ ခုကျမှ ၀က်ဘ်ဆိုဒ်တခုမှာ တွေ့လို့ ကျွန်မ အလွတ်ကျက်ရအောင် ကျွန်မ ဘလော့ဂ်မှာ ပြန်တင်ထားလိုက်တာပါ။

***** *** *****

စက်ကြီး (၁၃)ပါး ဂါထာ ပါဠိတော်

သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃာ့စက်။
လရောင်းဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။
မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။
ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်းပြင်းလျက် ဂဠုန်မင်းစက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မှု၊
မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည်။
မြတ်သည့်ဆရာ ပညာတည်း။
သြောင်း - နမော ဗုဒ္ဓါ နုဘာဝေန၊
သြောင်း - နမော ဓမ္မာ နုဘာဝေန၊
သြောင်း - နမော သံဃာ နုဘာဝေန၊
သြောင်း - ဒူရေ ဒူရေ၊ သွား ဟုံ ဟုံ။

***** *** *****

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိ၊ အဘ၊ ဆရာသမား စသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။

ဤဂါထာမန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်။ ယင်းဂါထာမန္တန်တော်ကို ရွတ်ဖတ်ပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ် အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမ ဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။

***** *** *****

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Wednesday, June 11, 2008

ပြန်မလော့မြစ် အလွန်



မြန်မာနိုင်ငံကို Nargis ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်သွားတာ ၅ ပတ်ကျော်ပြီဆိုတော့ ဒီပို့စ်ရေးမယ်လို့ တွေးနေတာလည်း ၁ လကျော်ရှိသွားပါပြီ။ ဒါပေမဲ့ ကျွန်မ ဘယ်လိုမှ စာရေးမရအောင် ထိခိုက်ကြေကွဲနေမိဆဲ...


တကယ်တော့ ဧရာဝတီတိုင်းဆိုတာ ကျွန်မနဲ့ သိပ်စိမ်းလှတာ မဟုတ်။ အထူးသဖြင့် မုန်တိုင်း အဓိက ထိသွားတဲ့ ဖျာပုံ၊ ဘိုကလေး၊ လပ္ပတ္တာ မြို့နယ်တွေက ကျွန်မ ငယ်ငယ်တုန်းက ရောက်ဖူး၊ သွားဖူးနေကျ နေရာတွေ။ မော်ကျွန်း (မော်လမြိုင်ကျွန်း) က ကျွန်မ တခါမှ မရောက်ဖူးသေးတဲ့ ကျွန်မအမေရဲ့ ဇာတိမြို့... ဖျာပုံက ကျွန်မ အဖေ့ အဖေရဲ့ ဇာတိမြေ... မုန်တိုင်း သတင်းကို ကြားရတဲ့အခါ ကျွန်မ ရုတ်တရက် စကားမပြောချင်။ မျက်လုံးထဲမှာ မြင်ယောင်ပြီး ခံစားရတာက ဘာနဲ့မှမတူ။ (ဒီလို အခြေအနေမှာတောင် တချို့က "တော်သေးတယ်... ငါတို့ ဒေသဘက်မှာ မဟုတ်လို့၊ ငါတို့မြို့မှာ မဟုတ်လို့"လို့ ပြောကြတဲ့အခါ ကျွန်မရင်ထဲ ကျဉ်ခနဲနေအောင် နာကျင်ခံစားရတယ်။)


ကျွန်မ ခပ်ငယ်ငယ်အရွယ် လောပိတမှာ ရှိစဉ်က တခုသော နွေရာသီမှာ ကျွန်မအမေနဲ့အတူ ရန်ကုန်ဆင်းရင်း ကျုံမငေး၊ လပ္ပတ္တာမြို့တွေဘက် ရောက်ဖူးတယ်။ အမျိုးတွေရှိတဲ့ ကက္ကရံ၊ ကိုင်းသောင်၊ ကဒုံကနိ၊ ဘီတွတ်၊ ငသိုင်းချောင်း၊ ပြင်စလူဆိုတဲ့ ရွာတွေက ကျွန်မတို့ ရောက်ဖူးနေကျ ရွာတွေ။ ကက္ကရံရွာမှာ အကိုဝမ်းကွဲတွေနဲ့ ပုဇွန်တွေလိုက်ဖမ်း၊ ကိုယ့်ဖာသာကိုယ် မီးဖုတ်စားကြနှင့် တော်တော်ပျော်ဖို့ ကောင်းခဲ့တာ။ အဲဒီဘက်မှာ လဲမှို့ပင်တွေ ပေါတာလည်း မှတ်မိတယ်။ တခါတလေ နွားကောင်ရေထက် ကျွဲကောင်ရေ ပိုများတဲ့ အဲဒီဒေသရဲ့ လယ်ကွင်းတွေဘက် သွားပြီး ရွှံ့တောထဲမှာ အကိုတွေ ကျွဲစီးတာကို လိုက်ကြည့်အားပေးရတာလည်း အမော။ အဲဒီတုန်းက ကျွန်မတို့ တောင်ပေါ်ဒေသမှာ ကျွဲမရှိတဲ့အတွက် အထူးအဆန်း ဖြစ်နေခဲ့သေးတယ်။ နွားနို့မဟုတ်တဲ့ ကျွဲနို့တွေ သောက်ခဲ့ရတာလည်း မမေ့နိုင်။

ရေကူးကျွမ်းကျင်တဲ့ အဲဒီဒေသခံတွေကြားမှာ ရေမကူးတတ်ဘူးဆိုတာ သိမှာ ရှက်တဲ့ ကျွန်မက ရေတက်ချိန်မှ ရေချိုးတယ်။ ဒီရေတက်ချိန်ဆို ရေမြုပ်နေတဲ့ အိမ်ရှေ့က တံတားလေးရဲ့ အဖျားနားထိသွားပြီး ရေကူးနေတဲ့ ပုံစံမျိုးနဲ့ ရေချိုးလို့ရလို့လေ။ အဲဒီတုန်းကတော့ ကလေးအတွေးနဲ့ပေါ့။ ကျွန်မ အကိုတွေ၊ မောင်တွေကတော့ ပင်လယ်ဖျံက အရှုံးပေးရလောက်အောင် ရေပျော်သတ္တ၀ါလေးတွေဖြစ်လို့။ ဒီရေကျချိန်ဆိုရင် အိမ်ရှေ့ရေအစပ်လေးထဲ ကျွန်မဆင်းလို့ ရလောက်တဲ့အထိ ရေကျသွားတတ်တယ်။ ဒါပေမဲ့ ရေအောက်ဘက်က ရွှံ့နွံတွေကြောင့် တဘိုင်းဘိုင်းလဲပြီး ရေနစ်မလိုလည်း ခဏခဏဖြစ်ဖူးရဲ့။ ရွှံ့နွံပေါတဲ့ အဲဒီဒေသဘက်က ရွှံ့ရုပ်လေးတွေအကြောင်း ကျွန်မ တခါရေးဖူးသလိုပဲ။ ငယ်ဘ၀ အမှတ်တရ (၃) ဆိုတဲ့ ပို့စ်ထဲမှာ ထင်တယ်။


ပြန်မလော့မြစ်ဆိုတာက အဲဒီနားက မြစ်တွေထဲမှာတော့ တော်တော်ကျယ်ပြီး လှိုင်းလည်း နည်းနည်းကြီးတယ်။ ကျွန်မတို့အပြန်မှာ အမျိုးတွေက သမ္ဗာန်ကြီးကြီး ငှားပေးဖို့ ကြိုးစားပေမဲ့ သမ္ဗာန်ခပ်သေးသေးတစင်းတောင် ကံကောင်းလို့ ငှားလို့ရတာ။ ဒီလိုနဲ့ သူတို့လည်း စိတ်မချ၊ လက်မချနဲ့ ကျွန်မတို့ သားအမိ ၃ ယောက်ကို လှေပေါ်တင် ပေးလိုက်တယ်။ အဲဒီသမ္ဗာန်အမျိုးအစားကို ငှက်လို့လည်း ခေါ်ကြမယ် ထင်တာပဲ။ လှော်တက်က ကြက်ခြေခတ်ပုံစံနဲ့ မတ်တပ် လှော်ရတာလေ။

အစပိုင်းကတော့ လှိုင်းလေနည်းနည်းငြိမ်နေတော့ လှေသမားလည်း သီချင်းလေး တအေးအေးနဲ့။ ကျွန်မတို့သားအမိတွေကလည်း လှေဝမ်းထဲမှာပစ္စည်းပစ္စယ အစုံနဲ့ မြစ်ပြင်ကြယ်ရဲ့ ညနေခင်းအလှကို ကြည့်ရင်း လိုက်လာကြတယ်။ သိပ်မကြာပါဘူး။ လှိုင်းလေတွေ ထန်လာတာ။ လှိုင်းလုံး တစ်လုံး၊ တစ်လုံးဆိုတာ နည်းနည်းနောနော အမြင့်မဟုတ်ဘူး။ လှေလှော်နေတဲ့သူလည်း သီချင်းဆက်မဆိုနိုင်တော့ဘဲ လှေကို ဂရုစိုက်လှော်နေရတယ်။ လှေဦးမှာ ထိုင်နေတဲ့ ကျွန်မအစ်ကိုလည်း ဆက်မထိုင်ရဲတော့ဘူး ဖြစ်လာတယ်။ ကျွန်မ တသက်နဲ့တကိုယ် ဒီလို လှိုင်းလုံးကြီးတွေကြား လှေသေးသေးလေးနဲ့ ခရီးသွားခဲ့တာ ပထမဆုံးနဲ့ နောက်ဆုံးပါပဲ။ နောက်လည်း အဲလို ဘယ်တော့မှ မသွားဖို့ ဆုံးဖြတ်တဲ့အထိ တော်တော် ကြောက်မိတယ်။ ကျွန်မအမေဆိုတာလည်း မျက်စိမျက်နှာတွေ ပျက်လို့ပေါ့။ အဲဒီတုန်းက ကျွန်မတို့အတွက်တော့ နာရီဝက်၊ ၁ နာရီဆိုတာ အချိန်ပေါင်းများစွာကြာတယ်လို့ မှတ်ထင်မိတယ်။ နောက်ဆုံးတော့ ရွာလေးတစ်ရွာကို ပုံမှန်ရောက်ချိန်ထက် နောက်ကျပြီး ညနေမှောင်ရီဖြိုးဖျ အချိန်လေးမှာ ရောက်ရှိခဲ့ပါတယ်။ လှေထက် အဆမတန်ကြီးတဲ့၊ အိမ်တစ်လုံး ပမာဏရှိတဲ့၊ လှေထဲကနေ ကျွန်မတို့ မော့ကြည့်နေရတဲ့ လှိုင်းလုံးကြီးတွေဟာ လှေဦးဆီ ပြေးဝင်လာလိုက် လှေလေးက လှိုင်းလုံးတွေကို ကျော်နိုင်အောင် ကြိုးစားလိုက်နဲ့ တော်တော် ထိတ်လန့်ဖို့ကောင်းတဲ့ အခြေအနေကနေ ကျွန်မတို့ လွတ်ကင်းခဲ့ပြီ။ ကျွန်မတို့အတွက်တော့ နာမည်ကြီးလှတဲ့ ပြန်မလော့မြစ်အကြောင်းကို လှိုင်းကြီးလှေအောက်အဖြစ် ခုချိန်မှာ သည်းထိတ်ရင်ဖို အတွေ့အကြုံအနေနဲ့ ပြန်ပြောပြနိုင်ခဲ့ပါပြီ။

လေထန်နေချိန် ကျွန်မတို့လှေလေး ချောချောမောမော ရောက်လာတာကို ရွာကလူတွေလည်း အံ့ဩလို့နေပါတယ်။ ကျွန်မ သိသလောက်တော့ အဲဒီရွာလေးမှာ ကျွန်မတို့ အမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ အမေ့ အသိမိတ်ဆွေတွေတော့ တော်တော်ပေါပုံရတယ်။ ဧရာဝတီတိုင်းဘက်က ရွာလေးတွေရဲ့ ထူးခြားချက်ကတော့ ဧည့်သည်တွေအနေနဲ့ ဘယ်အိမ်ပေါ်မှာ တက်နေနေ၊ အိမ်ရှင်တွေက သူတို့နဲ့ သိသိ၊ မသိသိ ဖော်ဖော်ရွေရွေနဲ့ တည်းခိုဖို့ လက်ခံကြတာပါ။
ဒီအချိန်ကြီးမှာ မြို့ပေါ်လည်း သွားလို့ မရတော့မယ့်အတူတူ လျှပ်စစ်မီးမရှိတဲ့ ရွာလေးမှာ ညဘက်မှောင်မှောင်ထဲ ရွာအတွင်းဘက်ကို မ၀င်ဖြစ်တော့ဘဲ ရေပြင်အစပ်နားက အိမ်တစ်အိမ်မှာ ကျွန်မတို့သားအမိတွေ တည်းခိုကြပါတယ်။ အဲဒီအိမ်ရှင်တွေနဲ့ ကျွန်မတို့ မျက်မှန်းတန်းမိရုံလောက်ပဲ သိကြတာပါ။ နောက်တနေ့မနက်မှာတော့ မြို့ပေါ်တက်ပြီး ရန်ကုန်ကို သင်္ဘောစီးပြန်ခဲ့ကြပါတယ်။


ဧရာဝတီတိုင်းဘက်က ရွာလေးတွေမှာ ခြေတံရှည် အိမ်လေးတွေပဲ ရှိပါတယ်။ ခိုင်ခိုင်ခန့်ခန့် အိမ်တွေကရှားပြီး များသေားအားဖြင့်တော့ ၀ါးခြမ်းပြားခင်းထားပြီး ၀ါးခြမ်းပြားတွေ၊ ထရံတွေနဲ့ ကာထားတဲ့ တဲသာသာ အိမ်လေးတွေပဲဖြစ်ပါတယ်။ အိမ်လေး တစ်လုံး၊ တစ်လုံးရဲ့ အကျယ်ဟာ ဘယ်လောက်မှာ မရှိပါဘူး။ အဲဒီမှာ အိပ်၊ အဲဒီမှာစားပြီး အဲဒီမှာပဲ ချက်ပြုတ်စားတဲ့ အကျယ်အ၀န်းလေးသာသာ ရှိပါတယ်။ အိပ်ခန်းဆိုတာလည်း မရှိဘူးလေ။ ပြီးတော့ သူတို့ရဲ့ အိမ်သာဆိုတာ အခန်းထောင့်လေးမှာ မြွေရေခွံအိတ်လေးကာထားပြီး အောက်ဘက်မှာ အပေါက်လေး ဖောက်ထားတဲ့ နေရာလေးကို ခေါ်တာပါ။ အိမ်အောက်ဘက်မှာတော့ ရွှံ့ရေစပ်စပ်နဲ့ ရေတွေပဲ ရှိပါတယ်။ အဲဒီလို အိမ်လေးတွေမှာ ခုလို ကြီးမားတဲ့ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့အခါ ဘယ်လိုဖြစ်သွားမလဲ တွေးကြည့်နိုင်ပါတယ်။ အဲဒီအခါ ကျွန်မ အိပ်မရနိုင်အောင် ၀မ်းနည်းခံစားရတယ်။ ကျွန်မအမျိုးတွေရော၊ အမျိုးမဟုတ်တဲ့ ရွာသားတွေရော ဘယ်လိုကံကြမ္မာတွေနဲ့များ ရင်ဆိုင်နေရပါလိမ့်။

မုန်တိုင်းတိုက်ချိန်မှာ ရန်ကုန်ကို အလည်ပြန်သွားတဲ့ သူငယ်ချင်း ပြန်လာတဲ့အခါ မုန်တိုင်းအကြောင်းကို အနည်းအကျဉ်းပြောပြတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံမျိုး သူဘယ်တုန်းကမှ မကြုံခဲ့ဖူးဘူးတဲ့။ ည ၁၂ နာရီလောက်ထဲက လေကြီးမိုးကြီးတွေတိုက်၊ ပတ်ဝန်ကျင်းတခုလုံး ကမ္ဘာပျက်မလို ဖြစ်နေပြီး တညလုံး မအိပ်ရဘဲ ငုတ်တုတ်ထိုင်နေရတဲ့အဖြစ်။ ပြီးတော့ ပင်လယ်ပြင်ဘက်က သင်္ဘောတွေရဲ့ အမျိုးမျိုးသော ဥဩသံတွေကို ဆွဲဆွဲငင်ငင် ကြားနေရတာလည်း ကြက်သီးမွေးညင်း ထမိတယ်တဲ့။ အဲဒီခဏ
ကျွန်မ တဒင်္ဂ ငိုင်တွေနေမိတယ်။ သင်္ဘောတွေဟာ လူတွေကို သတိပေးနေတာလား၊ ဒါမှမဟုတ် အကူအညီ တောင်းခံနေကြတာလားလို့။

သတင်းအစအနမကြားရတဲ့ ကက္ကရံက ကျွန်မအဒေါ်နဲ့ မိသားစုကတော့ မေလလယ်လောက်မှာ ကျွန်မတို့ ရန်ကုန်အိမ်ကို ရောက်လာခဲ့ပါပြီ။ ၂ရက်နေ့ည မုန်တိုင်းကျတဲ့အချိန် သူ့သားတွေ ပြေးနိုင်လို့ လွတ်တယ်လို့ သူတွေ့ကြုံရတာတချို့ ပြောပြတယ်။ သူတို့တရွာလုံး ရေမြုပ်သွားပြီး သေတဲ့လူ အများအပြားပဲလို့ဆိုပါတယ်။ သူကတော့ သစ်ပင်ကို ဖက်တက်ထားလို့ လွတ်မြောက်လာတာပါတဲ့။ ၃ရက်နေ့မှာ ၀ါးခယ်မက အဒေါ်တွေဆီ ရောက်ပြီး မေ ၂၀လောက်မှ သူတို့နဲ့အတူ ရန်ကုန်ကို တက်လာကြတာပါ။ နေ့စဉ်နဲ့အမျှငိုနေတဲ့ ကျွန်မအမေလည်း အနည်းငယ် စိတ်သက်သာရာ ရသွားပေမဲ့ ဧရာဝတီတတိုင်းလုံး ကိုယ့်အမျိုးတွေလို ဖြစ်နေတဲ့အတွက် သတင်းတွေဖတ်ရင်း၊ ဗွီဒီယိုဖိုင်တွေကြည့်ရင်း ခုထိ စကားမပြောနိုင်အောင် ထိခိုက်ခံစားနေရတုန်းပါပဲ။ အဲဒီဒေသတွေဘက်ဆင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အကူအညီပေးရေးတွေ ကိုယ်ထိလက်ရောက် လုပ်ချင်ပေမဲ့ ကျန်းမာရေးမကောင်းတဲ့ ကျွန်မအမေ ဘာမှ မတတ်နိုင်ဖြစ်နေရတာကိုလည်း သူ့ကိုယ်သူ မကျေမနပ်ဖြစ်လို့ နေပါတယ်။ ကိုင်းသောင်က အမျိုးတွေ တချို့တ၀က် ရန်ကုန်အိမ်ရောက်လာကြပြီး တချို့ကတော့ ဘာသံမှ မကြားရသေးပါဘူး။


အဲဒီရွာတွေဘက် ထဲထဲဝင်ဝင်သွားလာဖူးတဲ့ ကျွန်မအနေနဲ့ ခု အခြေအနေကို လက်မခံနိုင်အောင်ဖြစ်မိပါတယ်။ ကျွန်မတို့ကို လက်ရာမြောက်လှတဲ့ ရွှံ့ရုပ်လေးတွေ လုပ်ပေးတဲ့ဦးကြီးရော ဒီဒုက္ခတွေကို ကြုံလိုက်ရသေးလား။ ကျွန်မတို့ တည်းခိုခဲ့တဲ့ အိမ်က ကျွန်မနဲ့ရွယ်တူဖြစ်တဲ့ ညီအကို မောင်နှမတတွေရော ဒီအန္တရာယ်က လွတ်ကင်းပါရဲ့လား။ ကျွန်မအမေ ငါးခြောက်နဲ့ လဲမှို့တွေ လိုက်ဝယ်ရာ ရွာတွေက မိသားစုတွေရော အသက်ရှင်ကျန်ပါရဲ့လား။ လားပေါင်းများစွာနဲ့ ညအိပ်ရာဝင်တိုင်း တွေးမိပေမဲ့ ကျွန်မ ထိထိရောက်ရောက် ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့အတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို မကျေနပ်မှုများစွာနဲ့ပဲ ကျွန်မရဲ့ နေ့ရက်တွေကို ဖြတ်ကျော်နေဖြစ်ပါတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Tuesday, June 10, 2008

ပျော်ရွှင်စရာ မွေးနေ့လေးအတွက်



၂၅ နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၀၀ ကျော်တိုင် ပျော်ရွှင်ဖွယ် နေ့ရက်တွေသာ ကြုံဆုံ ပိုင်ဆိုင်နိုင်ပါစေ။ မနှစ်က ဆုတောင်းပေးသလိုပဲ ဒီနှစ်အတွက်လည်း ထပ်တူ ဆန္ဒပြုလိုက်ပါတယ်။ :)







ချစ်တဲ့

s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*