Thursday, February 21, 2008

မိဘနှင့် သားသမီး



ကောင်မလေး တစ်ယောက်ရဲ့ ပြောပြပါရစေ ဆိုတဲ့ ပို့စ်ကို ဖတ်ပြီး ကျွန်မ နေမကောင်းတဲ့ရက်ပိုင်းက စာရေးဖို့ စဉ်းစားထားတာလေးကို တလက်စထဲ ချက်ချင်း ရေးမိတယ်။ ကျွန်မ မိဘတွေ မရှိတုန်း ဖျားနာတော့ ကျွန်မ မိဘတွေကို တော်တော် တမ်းတမိပါတယ်။ စိတ်ထဲမှာ အရမ်း အားငယ်သလို ခံစားရပြီး ၀မ်းပန်းတနည်းနဲ့ ငိုချင်နေမိတယ်။ ကျွန်မ မိဘတွေ အခန်းပေါက်ဝမှာ ပြူတစ်ပြူတစ်လုပ်ပြီး "နေလို့ကောင်းလား"၊ "သမီး ဘာစားချင်လဲ"ဆိုတဲ့ မကြာ မကြာ လာမေးသံ၊ အခန်းထဲဝင်ပြီး နဖူးစမ်းလို့ အဖျားကျ၊ မကျ လာကြည့်ပုံတွေကိုပဲ သတိရနေမိတယ်။ အဖေနဲ့အမေ ကျွန်မတို့အနား ပြန်ရောက်လာဖို့ပဲ မျှော်လင့်နေမိတယ်။ မိဘတွေ နှစ်ပတ်လောက်လေး ကိုယ့်အနားမှာ မရှိတာကို တစ်လမက ကြာသလို ခံစားရတယ်။ အရင်ကလည်း ကျွန်မ မိဘတွေ ဒီလိုပဲ ခရီးထွက်တတ်တာပါပဲ။ အဲဒီတုန်းကတော့ ခုလို သိသိသာသာ မခံစားရပေမဲ့ ဒီချိန်မှာတော့ လောကမှာ ကိုယ့်မိဘလောက် ဘယ်အရာမှ အရေးမကြီးသလို ခံစားရတယ်။ ကျွန်မ တစ်ယောက်ထဲရဲ့ ခံစားချက်မဟုတ်ဘဲ ကျွန်မညီမလေးကလည်း ကျွန်မလို ထပ်တူဖြစ်နေတော့ အသက်ကြီးလာမှ မိဘကို ပိုချစ်တတ်လာသလား မပြောတတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ မိဘတွေကို အရမ်းလွမ်းနေပါတယ်။

သူငယ်ချင်းတွေ၊ တချို့မိတ်ဆွေတွေကို ကိုယ့်ခံစားချက်ကိုယ် ပြောပြတဲ့အခါ တော်တော်များများက "နင်တို့ပဲပြောတော့၊ ငါတို့ပြောဖို့လည်း ချန်ထားပါဦး"လို့ ပြန်ပြောတတ်ကြတယ်။ ကျွန်မကလည်း "နင်တို့က နင်တို့မိဘနဲ့ ခွဲနေတာ အကျင့်ဖြစ်နေပြီ။ တစ်ယောက်ထဲ နေနေတာ ကြာပြီ"လို့။ "ငါတို့က မိဘတွေမရှိဘဲ တခါမှ နေဖူးတာမဟုတ်ဘူး။ အနည်းဆုံး အဖေ ဒါမှမဟုတ် အမေ တစ်ယောက်ယောက်ကတော့ ကိုယ့်ဘေးနားမှာ ရှိနေကျ၊ ခုလို (ညီအစ်မ နှစ်ယောက်လုံး) မကျန်းမာနေချိန်မှ မိဘတွေက ခရီးထွက်သွားတော့ အားငယ်တာပေါ့"လို့ ပြန်ပြောမိတယ်။ ကျွန်မ ပို့စ်ကို ဖတ်ပြီး ကွန်ပလိန်း တက်ကြမယ့်သူတွေအတွက် ထည့်ရေးလိုက်တာပါ။ :P


ခုနက "ပြောပြပါရစေ" ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ဆက်ပြောရရင် အဲဒီပို့စ်ရေးတဲ့ ညီမလေး ခံစားရသလိုမျိုး ကျွန်မ ခပ်ငယ်ငယ်အရွယ်က ကျွန်မအမေနဲ့ ပတ်သက်ပြီး ခံစားဖူးပါတယ်။ ဘာလို့ အဲဒီလို တွေးမိတာလည်းဆိုတော့ အငယ်တွေနဲ့ ပြဿနာဖြစ်တိုင်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကိုယ်ပဲ အရိုက်ခံရ၊ အဆူခံရ၊ (အဲဒီတုန်းက ကိုယ့်အထင်) တချက်လေးမှ မျက်နှာသာ အပေးမခံရနဲ့ ကြာလာတော့ အငယ်တွေလောက် ကိုယ့်ကို မချစ်ဘူးလို့ ထင်လာတတ်တာပါ။ ဒါပေမဲ့ ကျွန်မကတော့ သူပြောသလောက် မခံစားရပါဘူး။ ကျွန်မအမေက တော်တော်များများအရာတွေကို ကျွန်မကို ပိုဦးစားပေးတတ်ပါတယ်။ ဥပမာ- အ၀တ်အစားဆို ကျွန်မညီမထက် ကျွန်မကို ဦးစားပေး ၀ယ်ပေးတာမျိုး။ အဲဒီလိုတောင်မှ ကျွန်မစိတ်ထဲ "အမေက ကျွန်မကို မချစ်ဘူး၊ ကျွန်မက အမေ့ရဲ့ သမီး မဟုတ်ဘူးလား"ဆိုတဲ့ အတွေးမျိုး ၀င်တတ်တယ်။ နောက်ပိုင်းတော့လည်း ကျွန်မအမေက အဲလိုမဟုတ်ပါဘူး။ ကျွန်မ ငယ်တုန်းမို့ နားမလည်တတ်သေးတာလို့ပဲ ပြောရမယ်။



ဘာပဲဖြစ်ဖြစ် ကိုယ့်ထက် အငယ်ဖြစ်လို့ ဦးစားပေးရမယ်၊ ညှာတာ သနားရမယ်ဆိုတဲ့ အသိ မရှိသေးတဲ့အရွယ်မှာ မိဘတွေရဲ့ ခုလို ခွဲခြားဆက်ဆံမှုဟာ သားသမီးတွေကို အနည်းနဲ့ အများ ထိခိုက် ခံစားရပါတယ်။ ဒါကို မြန်မာမိဘ အများစုက မသိကြတာလား၊ မေ့နေကြတာလား၊ သူတို့ ငယ်တုန်းက မခံစားခဲ့ဖူးလို့လားတော့ ကျွန်မလည်း မပြောတတ်ပါဘူး။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ တချို့သော မြန်မာမိဘတွေဟာ သားသမီးချင်းအတူတူ အငယ်တွေကို ပိုဦးစားပေးတတ်ကြတာ တွေ့မြင်ရပါတယ်။ တချို့ကလည်း သားဦး၊ သမီကြီးကို ပိုချစ်၊ ပိုဦးစားပေးတတ်ကြတယ်လို့ ရင်ဖွင့်ပြောဆိုကြတဲ့ သားသမီးငယ်တွေကိုလည်း ကျွန်မ တွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်ပိုပြီး ဦးစားပေးတယ်လို့ ခံစားရစေတာကတော့ မကောင်းတာ အမှန်ပါပဲ။ မိဘတွေအနေနဲ့ ဘယ်သားသမီးကို ပိုချစ်တယ်ဆိုတာ ဖြစ်တတ်တဲ့ သဘောတော့ ရှိတတ်ကြတယ်လို့ ကျွန်မ ယူဆပါတယ်။ ဖခင်က သမီးတွေကို ပိုချစ်တတ်တာ၊ မိခင်တွေက သားတွေကို ပိုဦးစားပေးတတ်တာတွေကတော့ သဘာဝလိုကို ဖြစ်နေတာပါ။ သားသမီးတွေကို အကုန်လုံး တပြေးညီပဲ ချစ်တယ်လို့ ပြောတတ်ကြပေမဲ့ အနည်းနဲ့အများ တစ်ယောက်ယောက်အပေါ်မှာ ပိုပါလိမ့်မယ်။ ဒါက အဓိကတော့ မဟုတ်ပါဘူး။ အလွန်အကျွံ မဟုတ်ရင် ဖြေသာပါသေးတယ်။


တချို့မိဘတွေ ကျွန်မတွေ့ဖူးတယ်။ သမီး အကြီးနဲ့ အငယ်ဆို အငယ်မ ဘာပြောပြော၊ ဘာလုပ်လုပ် တဟဲဟဲနဲ့ ရယ်ပြီး ပစားပေးထားကြပေမဲ့ အကြီးမကိုတော့ တစက်လေးမှ မျက်နှာသာမပေးပါဘူး။ ဘေးနားက ကျွန်မတို့တောင် သူတို့ရဲ့ ခွဲခြားဆက်ဆံပုံကို မခံမရပ်နိုင်ဖြစ်ရပါတယ်။ နောက်ဆုံး ဘာဖြစ်လဲဆိုတော့ အကြီးမက ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လို့ ဘာမှ မပြောရဲ၊ မဆိုရဲနဲ့ တုံးတုံးအအ ပုံစံဖြစ်နေပြီး အငယ်မကိုတောင် ပြန်ကြောက်နေရတယ်။ အငယ်မကတော့ အမကိုလည်း ထီမထင်၊ လူတကာကို ဆရာကြီးလုပ်လို့ လူအမြင်ကပ်စရာကောင်းလှတယ်။ အဲဒီ မိဘနှစ်ပါးကိုလည်း ဘယ်လိုတွေပါလိမ့်လို့ စဉ်းစားမရအောင် ဖြစ်မိတယ်။

ဖြစ်သင့်တာကတော့ ဘယ်သူ့အပေါ်မှ စိတ်အနာတရ မဖြစ်စေတဲ့ တပြေးညီ ပြောဆိုဆက်ဆံခြင်းကိုပဲ မိဘတွေ ကျင့်သုံးသင့်ပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ စိတ်မျိုး ထားနိုင်အောင် သားသမီးတွေကိုလည်း အလေ့အကျင့် လုပ်ပေးသင့်ပါတယ်။ သူက အငယ်ဖြစ်လို့၊ သူက အကြီးဖြစ်လို့၊ သူက သားဖြစ်လို့၊ သူက သမီးဖြစ်လို့ဆိုတဲ့ ခွဲခြားပြောဆိုခြင်းတွေကိုလည်း ရှောင်ရှားသင့်တယ်လို့ ထင်တယ်။ အသက်အရွယ်ငယ်တုန်းမှာ ဘာကိုမှ မှန်မှန်ကန်ကန် မတွေးခေါ်တတ်၊ နားလည်မပေးတတ်တာကို မိဘတွေက သဘောပေါက်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး မိဘတွေအနေနဲ့ သားသမီးတွေကို အရမ်းချစ်ကြောင်း ပြဖို့လိုအပ်တယ်လို့လည်း ကျွန်မ ထင်မိတယ်။


ကျွန်မအဖေကတော့ ကျွန်မတို့ မောင်နှမတွေကို အဲဒီလို ၀မ်းနည်းအားငယ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့စေတဲ့ ခံစားချက်မျိုး မခံစားစေခဲ့ပါဘူး။ ကျွန်မတို့ မောင်နှမ ငါးယောက်လုံးဟာ အဖေက ကိုယ့်ကို အချစ်ဆုံးလို့ ထင်ကြတယ်လို့ အရင်ပို့စ်တွေမှာ ကျွန်မရေးဖူးပါတယ်။ တကယ်လည်း ကျွန်မတို့ အဲဒီလိုပဲ ယုံကြည်ပါတယ်။ အကြီး၊ အငယ်၊ သမီး၊ သား မခွဲခြားဘဲ မှားတဲ့လူကို ဆုံးမစရာရှိတာ ဆုံးမ၊ ဆူစရာရှိတာ ဆူ၊ ဂရုစိုက်စရာရှိ စိုက်၊ အလိုလိုက်စရာရှိ လိုက် ဆိုတော့ သားသမီးအားလုံးက ကိုယ့်ကို အရမ်းချစ်တာပဲဆိုတဲ့ ခံစားချက်တွေသာ ရှင်သန်ပြီး သူ့ကို ပိုချစ်တယ်ဆိုတဲ့ သံသယစိတ်၊ ၀မ်းနည်းအားငယ်စိတ်တွေ ၀င်မလာနိုင်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ငယ်တုန်းရွယ်တုန်းမှာ ကိုယ့်မိဘတွေကို အထင်အမြင် လွဲစရာဖြစ်ခဲ့ရင် ဒီစကားလေးနဲ့ ဖြေသိမ့်ပေးပါရစေ။ ကျွန်မ အမေ မောင်လေးကို ပြောနေကျ စကားရှိတယ်။ "အမေတို့လောက် သားကို ချစ်နိုင်၊ စေတနာထားနိုင်တဲ့လူ ဒီကမ္ဘာမှာ မရှိဘူး ဆိုတာ အမြဲမှတ်ထားပါ"တဲ့။ အဲဒီစကားအတိုင်းပါပဲ မိဘတွေလောက် ကိုယ့်အပေါ် စေတနာ၊ မေတ္တာ ထားနိုင်တဲ့လူ မရှိဘူးဆိုတာ အမှန်ပါပဲ။ တချိန်ချိန်တော့ ယုံကြည် နားလည်လာမှာပါ။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

5 comments:

မင်းကျန်စစ်။ said...

မဖတ်ရသေးတဲ့ အကြွေးတွေ ဖတ်သွားတယ်ဗျ။ အိမ်ကိုလွမ်းတဲ့ ပို့စ်တွေ ဖတ်ရရင် စိတ်မခိုင်မိဘူး :( ဒါနဲ့ ဆီပုံးမှာ ရေးလို့မရတာ ဘာကြောင့်ပါလိမ့် :)

Zar said...

it's good!

s0wha1 said...

ကိုမင်းကျန်စစ်... အိုင်ပီကို ဘန်းထားလို့ဖြစ်ပါလိမ့်မယ်။ ကိုမင်းကျန်စစ်ကို ဘန်းထားတာ မဟုတ်ပေမဲ့ အိုင်ပီတူ ဘန်းဖြစ်လို့ နေပါလိမ့်မယ်။ ဆောရီးပါ...

zar... ကျေးဇူး...

Zar said...

i like ur writing style (so simple and shot to the point)

s0wha1 said...

ကျေးဇူးပါ မဇာ...း)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*