ပြီးခဲ့တဲ့ တနင်္ဂနွေက နန်ယန်း မောင်၊ ညီမလေးတွေ ကြိုးစားဖန်တီးထားတဲ့ NYP Cultural Show ကို သွားကြည့်ဖြစ်ပါတယ်။ ကျွန်မတို့နှစ်တွေတုန်းကတော့ ကျောင်းက ကျင်းပခွင့်မပေးဘူးဆိုတာနဲ့ ဒီလိုပဲ အေးရာအေးကြောင်း နေဖြစ်ခဲ့ကြပါတယ်။ ငွေစိုက်ထုတ်တဲ့သူလည်း မရှိလို့ ဖြစ်မယ်။ :D

ကျွန်မတို့ထက် များစွာငယ်တဲ့ ၁၉၊ ၂၀ အရွယ် မောင်၊ ညီမလေးတွေ ဦးဆောင်ကျင်းပတဲ့ ဒီပွဲကို ကျွန်မကတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ ကိုယ့်ကျောင်းမှာ ကျင်းပခွင့်မရလို့ ခန်းမငှားခ အများအပြားပေးရပြီး ငွေကုန်ကြေးကျ များစွာနဲ့ ဒီပွဲကို သူတို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခန်းမကြေးကြောင့် အရင်းကြေဖို့တောင် မလွယ်ဘူး ထင်ပါတယ်။

ပွဲစချိန်ကို ၃ နာရီလို့ ပြောထားပေမဲ့ ၃ နာရီခွဲကျော်မှ စဖြစ်ပါတယ်။ ပွဲစစချင်းမှာ မြန်မာအကနဲ့ စတင်ပါတယ်။

ပြီးတာနဲ့ ပအို့ဝ်တိုင်းရင်းသားအကနဲ့ တင်ဆက်ပါတယ်။ ပအို့ဝ်အက တီးလုံးက တော်တော်လေး မြိုင်ပါတယ်။ ပါဝင်ဖျော်ဖြေသူ ကျောင်းသား၊ ကျောင်းသူ အရေအတွက်ဟာ ၂၀ ကျော်လောက်ပဲ ရှိတဲ့အတွက် အက တခုနဲ့ တခုမှာ ကတဲ့လူတွေ ထပ်နေတာကို သတိထားမိပါတယ်။ ဒါကတော့ ကျောင်းတိုင်းလိုလို ဒီတိုင်းပဲ ထင်ပါတယ်။

ရခိုင်အကကလည်း ကြည့်လို့ကောင်းပါတယ်။ ပအို့ဝ်အကမှာ ပါတဲ့သူတွေ၊ ရခိုင်အကမှာလည်း ပါတဲ့အတွက် ၅ မိနစ်ကျော် အချိန်အတွင်း သူတို့တွေ ဘယ်လိုပြင်ဆင်ကြလဲလို့ အံ့ဩမိပါတယ်။ အက တခုနဲ့ တခုကလည်း ဆက်နေတာ မဟုတ်လား။ ပအို့ဝ်၀တ်စုံက ခေါင်းပေါင်းတွေ ချွတ်ပြီး သဇင်ပန်းတွေ ဝေနေတဲ့ ဆံထုံးလေးတွေကို ဘယ်လိုများ အချိန်မှီအောင် ပြင်ဆင်နိုင်ပါလိမ့်လို့ တွေးဖြစ်တယ်။

ပုဂံခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လက်ရှိခေတ်၊ ကျောင်းဝတ်စုံ၊ မြန်မာ့ရိုးရာ မင်္ဂလာဆောင် ၀တ်စုံတွေနဲ့ မော်ဒယ်ရှိုးပုံစံ တင်ဆက်ခဲ့ပါတယ်။ ပုဂံခေတ်ဝတ်စုံမှာ အနည်းငယ် လိုအပ်ချက်ရှိပေမဲ့ အ၀တ်အစားတွေအကုန် ၀ယ်ခြမ်း ချုပ်လုပ်ရတာဖြစ်လို့ အဆင်ပြေသလို စီစဉ်ထားရတာကိုပဲ နားလည်ပေးဖြစ်ပါတယ်။

နန်ယန်းပွဲတိုင်းမှာ မပါ မပြီးတဲ့ NYP Radio အစီအစဉ်ပါ။ ဒါကတော့ NYP ရဲ့ မူပိုင် တင်ဆက်မှုဖြစ်သလို၊ စီနီ့ယာ၊ စီနီယာတွေက ဖန်တီးတင်ဆက်မှုလည်း ဖြစ်ပါတယ်။ သတင်းကြေငြာသူ နှစ်ယောက်အနက် တစ်ယောက်ကတော့ အသံနေ၊ အသံထား မဆိုးဘူး ပြောရမယ်။

ပါဝင်ဖျော်ဖြေသူတစ်ယောက် ပြောရမဲ့စကားလုံးတချို့ အမှားအယွင်း ရှိခဲ့တဲ့ ပြဇာတ်တိုလေးပါ။ :P

ဗွီဒီယို မရိုက်ရဘူးဆိုတဲ့အတွက် ဓာတ်ပုံတွေပဲ တင်ပေးဖြစ်ပါတယ်။ မှုံရွှေရည်ကို အက ၃ မျိုးနဲ့ ကသွားတာလေးကို သဘောကျမိတယ်။

အငြိမ့်၊ ပြဇာတ်နဲ့ ရေဒီယို အစီအစဉ်တွေက ဟာသတွေဟာ ခု လတ်တလော အခြေအနေတွေဖြစ်တဲ့ နာဂစ်နဲ့ တခြားသော နိုင်ငံရေးတွေကို ပြတ်လုံးထုတ် ဟာသလုပ်ထားတာတွေ များပါတယ်။ တချို့ဟာသတွေက ရယ်ရမလို၊ ရယ်ရမလိုနဲ့ပဲ အီလည်၊ အီလည် ဖြစ်သွားတာတွေတော့ ရှိပါတယ်။

ဒီနှစ်မှာ တီးဝိုင်းနဲ့ မဟုတ်ပေမဲ့ ဂစ်တာနှစ်လက်နဲ့ပဲ သီချင်းဆိုသွားတာကိုတော့ တော်တော်သဘောကျမိပါတယ်။ ကျွန်မက ဂစ်တာသံ ခရေစီမို့ ထင်ပါရဲ့။

ပွဲပြီးတော့ ၉ နာရီထိုးခါနီးပါပြီ။ ဗိုက်အတော်ဆာနေပြီဖြစ်လို့ စားချင်စဖွယ် ကြက်သားနဲ့ အာလူး၊ ချဉ်ပေါင်ကြော်၊ ငါးပိကြော်နဲ့ ထမင်းစားပြီး အအေးတဗူးနဲ့ အိမ်ပြန်လာဖြစ်ပါတယ်။
အခက်အခဲမျိုးစုံကြားက ၀ိုင်းဝန်းကြိုးပမ်းပြီး ဒီပွဲဖြစ်မြောက်အောင် ကျင်းပခဲ့ကြတဲ့ မောင်လေး၊ ညီမလေးတို့ကို လေးစားဂုဏ်ယူရင်း... ရှေ့နှစ်၊ ရှေ့နှစ်တွေမှာ ဒီထက်၊ ဒီထက်ကောင်းတဲ့ အစီအစဉ်သစ်၊ တင်ဆက်မှုသစ်တွေနဲ့ အရင့် အရင်နှစ်တွေထက် အောင်မြင်စွာ ဖန်တီးစီစဉ် ကျင်းပနိုင်ပါစေလို့။ :)
ချစ်ခင်စွာဖြင့်
s0wha1

3 comments:
hi,
http://bp1.blogger.com/_na70Aw8gBm4/SIgVV7-8GpI/AAAAAAAAAZI/5TYOwHJwm0U/s1600-h/aung+san+wedding.bmp has Bo Gyoke's dinner invitation letter on his wedding day.
our guys in Singapore are very, very smart.
:D thanks for ur post.
ZWin
hi,
have u seen Bo Gyoke's invitation letter?
if not, go to http://bp1.blogger.com/_na70Aw8gBm4/SIgVV7-8GpI/AAAAAAAAAZI/5TYOwHJwm0U/s1600-h/aung+san+wedding.bmp
thanks for the post.
our guys in Singapore are very, very smart.
ZWin
ဗိုလ်ချုပ်ပုံအတွက် ကျေးဇူးတင်ပါတယ်။ :)
Post a Comment