Saturday, July 12, 2008

တောင်ပေါ်မြို့လေး တမြို့



အဲဒီမြို့လေးက အရမ်းချစ်ဖို့ကောင်းတယ်။ ကျွန်မ ၁၀တန်း စာမေးပွဲပြီးခါစက မြန်မာတနိုင်ငံလုံး အလည်အပတ် ခရီးထွက်တယ်ဆိုပြီး မိသားစုနဲ့ သွားရင်း နေ့ချင်းပြန် ရောက်ဖူးခဲ့ချိန်တုန်းကတော့ အမှတ်တမဲ့ပါပဲ။ လူတွေက မြို့လေးအကြောင်း သီချင်းလုပ်ဆို၊ ဇာတ်လမ်းတွေ ဖွဲ့နွဲ့ကြလည်း ကျွန်မ ဘယ်လိုမှ မခံစားရ။ ကျွန်မကတော့ ကလောမြို့လေးကိုမှ ပိုချစ်ခင်နေမိတယ်။ (ကလောမြို့ကိုလည်း ဖြတ်သွား ဖြတ်လာပဲ ရောက်ဖူးသေးတာပါ။)


ကျွန်မ ငယ်ငယ်က ရန်ကုန်ဇာတိဖြစ်သော်လည်း ကိုယ့်ကိုယ်ကို တောင်ပေါ်သူလို့ ပြောရတာကို အလွန်ပဲ ကျေနပ်ခဲ့တယ်။ တောသူ၊ အညာသူဆိုတာထက် တောင်ပေါ်သူဆိုတာလေးက ပိုပြီး ချစ်ဖို့ကောင်းနေသလိုလို (ကျွန်မ စိတ်အထင်နော်...)။ ငယ်ငယ်ကဆို ရန်ကုန်ရောက်တုန်း တောသူလို့ စနောက်ပြီး ခေါ်ရင် "မဟုတ်ပါဘူး။ တောင်ပေါ်သူပါ"လို့ ပြန်ပြောတဲ့အထိ။ တောင်ပေါ်သူလေးတွေက အသားဖြူဖြူ၊ ပါးနီနီလေးတွေနဲ့ ပလိုင်းလေးကို ခေါင်းပေါ်တင်လို့ တမျိုး ချစ်စရာကောင်းနေတာလေ။

ကယားပြည်ဘက်မှာ အနေကြာပြီး ရန်ကုန်ပြန်ရောက်တော့ လူတွေက ကျွန်မတို့ စကားပြောတာ ၀ဲတယ်လို့ပြောကြတယ်။ ကိုယ့်ကိုယ်ကိုတော့ သတိမထားမိပါဘူး။ ကျွန်မတို့ စကားပြောရင် အဆုံးသတ်မှာ ဝေါ်တို့၊ ဝေးတို့ကို ထည့်တတ်တယ်။ မသိဘူးဝေါ်တို့၊ သိလားဝေးတို့ပေါ့။:P ရန်ကုန်မှာ အနေကြာလာတော့ ရန်ကုန်လေသံ ပြန်ပေါက်လာတာပါပဲ။ ခုကျတော့လည်း စကားသံဝဲ၀ဲကို ဘယ်လိုပြန်ပြောရမှန်းတောင် မသိတော့ဘူး။



ဒီတခေါက် မြန်မာပြည်ပြန်သွားတာ ပထမတခါနဲ့ ခြားနားစွာ အစစ ဈေးသက်သာနေတယ် ထင်မိတယ်။ မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းတွေအကြောင်း သိပ်မသိတဲ့ ကျွန်မက (ဒီက ကုန်ဈေးနှုန်းအကြောင်းလည်း သိပ်မသိပါ။) တသောင်းကျော်လောက်ဆို so cheap ဖြစ်နေပြီး တသိန်းကျော်လောက် ခဏလေးနဲ့ ကုန်သွားလို့လည်း ကုန်သွားမှန်း မသိ။ (တကယ့်တကယ်ကျ တသိန်းဆိုတဲ့ ပိုက်ဆံဟာ ဘယ်လောက်မှ အသုံးမခံတဲ့ ငွေပမာဏပါပဲ။) ဘာဝယ်ဝယ် တန်လိုက်တာဟူ၍ ထင်နေသော ကိုယ့်စိတ်ကိုယ် ရယ်ချင်နေမိတာ အခါခါ။ အဲဒီမြို့လေးက ထမင်းဆိုင်မှာ တခါစား ၁၀၀၀ ဆိုတော့ "ဟယ်... ထမင်းတခါစား အဲလောက်ပဲ ရှိသလား၊ ဒီလောက် ဈေးချိုတာ တခါမှ မတွေ့ဖူးဘူး" ဖြစ်နေပြီး စားလို့လည်း ကောင်းနေတဲ့အတွက် သဘောတွေ ကျလို့။ (ရန်ကုန်မြို့မှာတော့ ထမင်းတခါစား ၁၀၀၀ ဆိုတာ ပုံပြင်တစ်ပုဒ် ဖြစ်နေလောက်ပြီ ထင်တယ်။) ပထမဆုံးတခေါက် အလည်ပြန်တုန်းကတော့ သားရေဖိနပ် တစ်ရန် ၃၇၀၀ ဆိုတာကို အလွန်ဈေးကြီးတယ် ထင်နေမိတယ်။ သေချာ တွေးကြည့်တဲ့အခါ အဲဒီတုန်းက ကျွန်မ မြန်မာပြည်မှာ ရှိနေခဲ့ချိန် လွန်လေပြီးသောအခါက ကုန်ဈေးနှုန်းတွေနဲ့ ယှဉ်ပြီး အရာရာ မျက်ကလူးဆန်ပြာ ဖြစ်နေခဲ့တာ။ ခုတခေါက်ကျ မြန်မာပြည်က ဈေနှုန်းတွေနဲ့ နေသားတကျဖြစ်ရင်း ဒီက ဈေးနှုန်းတွေနဲ့ ချိန်ထိုးလိုက်တဲ့အခါ အံ့မခန်း ဈေးသက်သာနေသလို ထင်နေမိပြီကိုး။ ဒီတော့လည်း... ဘာပဲဖြစ်ဖြစ် ကျွန်မ အလွန်ပဲ စိတ်ချမ်းသာလေသတည်းပေါ့။

အဲဒီဒေသမှာ အစားအစာတွေက လတ်လတ်ဆတ်ဆတ်နဲ့ ဈေးနှုန်းလည်း သင့်ပါတယ်။ ဆိတ်ဦးနှောက်ဆိုတာက အရမ်း စားကောင်းတယ်။ နာရီစင်နားရှိ သဘာဝနွားနို့ဆိုင်က ဆိမ့်ပြီး ချိုနေတဲ့ နွားနို့ပူပူလေး သောက်ရတာ တမျိုး ကြည်နူးစရာ။ ကျွန်မ အရမ်းကြိုက်တဲ့ စတော်ဘယ်ရီသီးဖျော်ရည်ကို လတ်လတ်ဆတ်ဆတ် သောက်မနိုင် ဖြစ်လောက်အောင် သောက်ခဲ့ရတာ။ ၀ိုင်ချိုချိုတွေကလည်း သောက်လေသောက်လေ ငတ်မပြေအောင် စွဲဆောင်နိုင်စွမ်းရှိတယ်။

ကျွန်မ မစားဖူးတဲ့ ရှမ်းအစားအစာတွေ တော်တော်များများလည်း စားဖြစ်ခဲ့တယ်။ တို့ဟူးနွေးကို ဒီက ပလာဇာရှိ မြန်မာဆိုင်မှာ ပထမဆုံး စားဖူးတာ။ မြီးရှည်တို့၊ ဖက်ထုပ်တို့ဆိုတာ နာမည်သာကြာဖူးပြီး ဘယ်လိုမျိုးမှန်း ကျွန်မ မသိ။ ရှမ်းခေါက်ဆွဲကို ထိုမြို့လေးရောက်မှ ကောင်းကောင်းစာဖူးတော့တယ်။:D ရှမ်းခေါက်ဆွဲမှာမှ အစေးနဲ့ အဖွယ်ဆိုပြီး ခပ်ဆန်းဆန်းလေး ခွဲခြားထားတာကိုလည်း အထူးအဆန်းဖြစ်နေခဲ့သေးတယ်။ အဲဒီလောက်ထိ ရှမ်းအစားအစာနှင့် ကျွန်မ နီးစပ်တယ်လို့ ပြောရမယ်။ ဆိုင်တစ်ဆိုင်အရောက် ဖက်ထုပ်ရမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ့တာနဲ့ အားရပါးရ မှာကြည့်တဲ့အခါ ဖက်ထုပ်ဆိုတာ ကျွန်မ ဒီမှာ အမြဲစားနေကျ Dumpling ကို ခေါ်တာပါလားလို့ သဘောပေါက်ရတယ်။ ကျွန်မ စားတဲ့ဆိုင်ကပဲ မကောင်းလို့လားတော့ မသိ။ ဖက်ထုပ်က အသားသိပ်မပါ၊ ဘာမပါနဲ့ ပြီးတော့ ကျစ်ကျစ်ကြီးဖြစ်နေတဲ့အတွက် လုံးဝစားမကောင်း။ Dumpling နဲ့ တခြားစီမှ တခြားစီ။ အဲဒီ ဖက်ထုပ်ကလွဲပြီး ကျန်တဲ့ အစားအစာတွေကို ကျွန်မ အရမ်း၊ အရမ်း သဘောကျလေသတည်းပေါ့။


တမြို့လုံးက ရောင်းသူတွေပဲဖြစ်လို့ ၀ယ်သူတောင် ရှိပါ့မလား ထင်ရလောက်အောင် အိမ်တိုင်းလိုလို ဆိုင်လေးတွေ ဖွင့်ထားတတ်တဲ့မြို့။ ကိုယ့်ဆိုင်မှာ မရောင်းတဲ့ပစ္စည်း သူများဆိုင်မှာ သွားဝယ်နဲ့ သူတပြန်၊ ကိုယ်တပြန် ရောင်းလိုက်၊ ၀ယ်လိုက် လုပ်နေတာဖြစ်မယ်လို့ နောက်ပြောင်ပြီး တွေးမိရတဲ့အဖြစ်။ တကယ်တော့ တခြားမြို့တွေသွားရင် ဖြတ်သွားဖြတ်လာပြုသွားရတဲ့မြို့၊ အလည်အပတ်လာသူတွေ အလွန်ပ်ါတဲ့မြို့လေးမှာ ဆိုင်တွေ များပြားနေတာ အံ့ဩစရာတော့ မဟုတ်ပါ။ အများဆုံး တွေ့ရတာက စားသောက်ဆိုင်၊ စားစရာဆိုင်တွေ၊ ပြီးရင်တော့ ဆွယ်တာ အင်္ကျီလှလှလေးတွေ ရောင်းတဲ့ဆိုင်များ။ နောက်ဆုံးပေါ် ဒီဇိုင်းတွေနဲ့ ကိုရီးယား ဖက်ရှင် အနွေးထည်တွေ ကောင်းကောင်းရနိုင်တဲ့ "မေသရဖူ"ကတော့ ကျွန်မ သဘောအကျဆုံး ဆွယ်တာဆိုင်လေးပင်။ (အဲဒီဆိုင်ကို ကျွန်မ ညနေတိုင်းနီးပါးသွားပြီး အင်္ကျီတွေ ငမ်းတတ်တယ်။:P) တကယ် သူတို့မြို့မှာ တခြားနာမည်ကြီးတဲ့ဆိုင်တွေ ရှိသော်လည်း ကျွန်မကတော့ အဲဒီဆိုင်က အ၀တ်အစားတွေလောက် မကြိုက်နှစ်သက်ခဲ့တာ အမှန်။


မြို့လေးက ဘုရားတဆူရဲ့ မျက်နှာတော်ကို ဖူးလိုက်ရချိန်မှာ ဘယ်တုန်းကမှ မဖြစ်ပေါ်ဘူးတဲ့ သပ္ပါယ်ကြည်ညိုခြင်းတမျိုးကို ကျွန်မ ခံစားလိုက်ရတဲ့ တဒင်္ဂ... ဘုရားဆင်းတုတော်ရှေ့က မခွါဘဲ မျက်နှာတော်ကို ကျွန်မ အကြာကြီး ထိုင်ဖူးနေမိတယ်။ ဆင်းတုတော် တဆူလုံးကို နှီးတွေနဲ့သာ ရက်လုပ်ပူဇော်ထားခြင်း ဖြစ်တဲ့ ဒီဘုရားကို ဖူးရင်း၊ ဖူးရင်းနဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရားက ဘာနဲ့မှ မတူ။ အမှန်အတိုင်း ပြောရရင် ကျွန်မ တသက်လုံး အဲလို ကြည်နူးမှုမျိုး တခါမှ မခံစားဖူး။


ညနေစောင်းမှ ဘုရားပေါ်က ပြန်ဆင်းလာရင်း လှပတဲ့ တောင်ပေါ်ရှုခင်းလေးကို ကြည့်ပြီး အတွေးတွေနဲ့ စိတ်ကူးယဉ်ရတာ ငယ်ဘ၀ကို ပြန်လည် ရရှိလိုက်သလိုလို။ တောင်ပေါ်ကနေ ဟိုးချိုင့်ဝှမ်းထဲက ရွာလေးတွေ၊ အိမ်လေးတွေက သဘာဝအလှကို ပိုပြီး ရုပ်လုံးကြွစေသကဲ့သို့ပင်။ နွေရာသီဖြစ်နေတာတောင်မှ လေလေးက စိမ့်စိမ့်လေးတိုက်ပြီး မအေးလွန်း၊ မပူလွန်းနဲ့ အရမ်းကို နေလို့ကောင်းတဲ့ ဒေသ။ အိမ်လှလှလေးတွေနဲ့ အလွန်ချစ်စရာကောင်းတဲ့ မြို့လေး။ ပြင်းပြင်းပျပျဖြစ်ပေါ်လာတဲ့ အဲဒီမြို့လေးမှာ နေချင်စိတ်ကြောင့် မြေကွက် ဈေးနှုန်းအချို့ကို စုံစမ်းမိတဲ့ခါ မြေကွက်ကြီးပဲကို သိန်း ၃၀ လောက်သာ ရှိတယ်ဆိုတော့ အရမ်းအံ့ဩသွားခဲ့မိသေးတာ။ ဒီလောက်တောင် ဈေးချိုသလားပေါ့။ (ချက်ချင်းလည်း မ၀ယ်နိုင်ဘဲနဲ့။:D) အို... ငရဲပြည်ကြီးပဲ ဖြစ်စေဦးတော့ ဒီမြို့လေးမှာပဲ အေးအေးချမ်းချမ်းနေရမယ်ဆို ငါ နေနိုင်မှာပဲလို့ တွေးဖြစ်တဲ့ထိ၊ ခုမှ ရောက်ဖူးလေခြင်းဆိုပြီး စိတ်မကောင်းတွေ ဖြစ်ရတဲ့ထိ အဲဒီမြို့လေးကို ကျွန်မ အလွန်ပဲ ချစ်ခင်၊ စွဲလန်းမိသွားတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

PS: လွန်ခဲ့တဲ့ တလကျော်လောက်ထဲက ရေးထားတဲ့စာကို ခုမှ နည်းနည်းထပ်ရေးရင်း ပို့စ်တင်လိုက်ရတယ်။ အဲလို တိုးလို့ တန်းလန်း ရေးထားတဲ့စာတွေလည်း မနည်းတော့ဘူး။ အကုန်လုံးကို အမြန် အဆုံးသတ်ပြီး ပို့စ်တင်မယ်လို့တော့ တွေးထားတာပဲ။

Print this post

3 comments:

Unknown said...

ဘယ်မြို့ လဲလို့ မပြောထားဘူးနော်…ကျွှန်တော်ရောက်ဖူးတဲ့မြို့ များဖြစ်နေ မလားလို့ …
စာဖတ်နေတဲ့ သူကို တော်တော်ဦနှောက်စားထားတာပဲ
ပြောပြနိုင်မယ်ဆိုရင် ကျေးဇူးတင်ပါတယ်။

s0wha1 said...

ကို maung... ဓာတ်ပုံတွေ မြင်ပြီး ဘယ်မြို့လည်းဆိုတာ သိမယ် ထင်နေတာ... သိဘူးလား။ :D

Unknown said...

ဓာတ်ပုံတွေ ကိုလဲပြန်ကြည့်ပြီးပြီ…မျက်စိထဲမှာကို မပေါ်လာတာ။ တခြားသဲလွန်စ ရှာရမယ်ဆိုရင်တော့ နှီးနဲ့ လုပ်ထားတဲ့ဆင်းတုတော်ကိုဘဲလိုက်ရမှာ…သူငယ်ချင်းတွေမေးလိုက်မယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*