Saturday, July 19, 2008

၁၉ ဇူလိုင်



၁၉ ဇူလိုင်



ဇူလိုင် ဆယ့်ကိုး၊ တပ်လှန့် နှိုးသည်၊
ဒို့ မျိုးစဉ်ဆက် တိုင်သတည်း။

ဆယ့်ကိုး ဇူလိုင် မမေ့နိုင်တည့်။

မိုးရက် မိုးခါ၊ ဖြစ်လေပါလည်း၊
ရှုသာ မြင်ကွင်း၊ နံနက်ခင်းနှင့်၊
ယင်းသည့် စနေ၊ ဂြိုဟ်ဆိုးမွှေခဲ့။

တွင်းဝန် ရုံးဆီ၊ ဆယ်နာရီနှင့်၊
စွန်းသည် ဟိုဘက်၊ နာရီဝက်တွင်၊
ပြည်တွက် ရေးရာ၊ များဝန်တာကို၊
ဖြာဖြာ တနည်း၊ ခေါင်းဆောင်ကြီးတို့၊
စုစည်း တထွေ၊ ဆွေးနွေး နေစဉ်...။

ဂျစ်ကား စိမ်းမှ၊ ဆင်းသက်ကြပြီး၊
လက်မှ တော်မီ၊ စတင်း ချီလျက်၊
တပ်မည် နံပါတ်၊ ဆယ့်နှစ်မှတ်တည့်၊
စစ်တပ် ၀တ်စုံ၊ အရေခြုံတို့၊
စုပြုံ တက်သွား၊ မိနစ်ခြားဝယ်...။

နားကွဲ မတတ်၊ ဒလစပ်လျှင်၊
ပစ်ခတ် ဆူညံ၊ သေနတ်သံတို့ ၊
မိုးယံကို ဖောက်၊ လေ၀ယ် နှောက်သည်...။
ထက်အောက်ဝန်းကျင် တုန်သတည်း။

ကျည်ပွင့်သံလည်း...၊
မိုးယံကို ဖောက်၊ လေ၀ယ် လွင့်သည်၊
ယမ်းပွင့် ယမ်းခိုး၊ ဝေသတည်း။

ဗိုလ်ချုပ်အောင်ဆန်း၊ ပြည့်ချစ်ပန်းနှင့်၊
ခေါင်နန်း စာဆို၊ ဦးဘချိုပြင်၊
ကြည်ညို ဆပွား၊ ဒို့ အားထားသည့်၊
စော်ဘွား မိုင်းပွန်၊ လူရည်ချွန်လှ၊
သခင်မြနှင့်...၊
တကွ တူပြိုင်၊ မန်းဘခိုင်...၊
ကြိုင်လှိုင် သတင်း၊ ဦးဘ၀င်း...၊
ပျံသင်း ဂုဏ်ဒြပ်၊ ဦးရာဇာတ်တို့ ၊
ပစ်ခတ်ခံရ၊ ဆောင် ခန်းမ၀ယ်၊
လဲကျ သက်ဆုံး၊ သွေးနီ ဖုံးသည်..၊
ဆုံးရှံးခဲ့ရလေပြီတကား။

ဤသတင်းလျှင်၊
ချက်ချင်းပျံ့သွား၊ ပြည်သူ့ နားသို့၊
သိကြားမကြာ၊ ပြည်လုံးမှာလည်း၊
သည်းညှာ ပျက်ပြုန်း၊ ကြိမ်မီးအုံးသို့၊
ယူကြုံးမရ၊ မျက်ရည်ကျခဲ့...၊
တသ နှမြော၊ အသေစောဟု၊
သောက လှိုက်ဖို၊ ရှိုက်ငင် ငိုမိ၊
ရက်ကို လစား၊ ချိန်နေ့ များသည်၊
ခုကား ဆယ့်ရှစ်နှစ် တိုင်ခဲ့ပြီ။

ပြည့်လွတ်လပ်ရေး၊ အသက်ပေး၍၊
စတေးခံသွား၊ ခေါင်းဆောင်များတွက်၊
ဒို့ ကားတဖန်၊ ဆောင်ရွက်ရန်ကား၊
မိမြန်အတွက်၊ စွမ်းသည့် ဘက်မှ၊
ဆထက် ကြိုးကုတ်၊ အားမာန် ထုတ်၍၊
ဗိုလ်ချုပ် ချမှတ်၊ လမ်းစဉ် မြတ်ကို၊
ကျင့်အပ် လိုက်နာ၊ သွားရန်သာတည်း။

ဆယ့်ကိုးဇူလိုင် မမေ့နိုင်တည့်။

ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့် နှိုးသည်...၊
ဒို့ မျိုးစဉ်ဆက် တိုင်သတည်း။

ထွဏ်းနေနွယ်။


၁၉၆၄ ခုနှစ် အာဇာနည်နေ့  အမှတ်တရထုတ် ကဗျာစာအုပ်ထဲမှ

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*