“အောင်ဆန်းအက်တလီစာချုပ်”
ဘုရင်မင်းမြတ်အစိုးရနှင့် ဗမာနိုင်ငံဘုရင်ခံမင်းကြီး၏ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်တော်တို့ ဆွေးနွေးတိုင်ပင်ရာမှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ...။
ကိုယ်စားလှယ်များက အရေးဆိုသော ဂရိတ်ဗြိတိန်နှင့် မြန်မာနိုင်ငံတော်တို့၏ အနာဂါတ်ဆက်ဆံရေးနှင့် သက်ဆိုင်သော ကိစ္စအ၀၀တို့ကို ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံအမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်တော်များ ဆွေးနွေးတိုင်ပင်ပြီးလျင် ကော်မောဝဲလ်သ် အတွင်းတွင်ဖြစ်စေ အပြင်မှဖြစ်စေ ဆောလျင်နိုင်သမျှ ဆောလျင်စွာ မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် မိမိလွတ်လပ်ရေးကို ဆွတ်ခူးနိုင်စေမည်ဖြစ်သော နည်းလမ်းများနှင့်စပ်လျင်း၍ အောက်ပါသဘောတူ အဆုံးသတ်ချက်များကို ရောက်ရှိကြလေသည်။
၁။ တိုင်းပြုပြည်ပြု လွတ်တော်...။
မြန်မာနိုင်ငံတော်သူ၊ နိုင်ငံတော်သားတို့သည် မိမိတို့၏ နိုင်ငံတော် အနာဂါတ်အုပ်ချုပ်ရေးကို ဆောလျင်နိုင်သမျှ ဆောလျင်စွာ ဆုံးဖြတ်နိုင်စိမ့်သောငှာ ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွတ်တော်ကို ရွေးကောက်တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ ခုနှစ်အက်ဥပဒေ ရွေးကောက်နည်းစံနစ်ကို အသုံးပြုလိမ့်မည်...။
၂။ ခေတ်ပြောင်းချိန် အစိုးရ အမျိုးအစား...။
ခေတ်ပြောင်းချိန်ကာလအတွင်း မြန်မာနိုင်ငံတော်အစိုးရသည် ယခုအတိုင်းကဲ့သို့ပင် ၁၉၃၅ အက်ဥပဒေ အပိုဒ် ၁၃၉ အရ အပ်နှင်းထားသော အထူးအာဏာများနှင့် ၁၉၄၅ခုနှစ် ယာယီ စီမံချက် အက်ဥပဒေနှင့်တကွ ယင်းဥပဒေအရ ကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့်ဟူသမျှအတိုင်း ဆောင်ရွက်သွားလိမ့်မည်။ အစိုးရတစ်ဦးတစ်ဖက်၏ သဘောတွင် အထူးဆောင်ရွက်ရန်လိုသည်ဟု ထင်မြင်သော ထူးခြားသည့် အကြောင်းအချက်များ ပေါ်ပေါက်လျှင် ထိုအကြောင်းအချက်များကို လိုက်လျောရန်၊ ပြောင်းလဲနိုင်ချက်ရှိလျှင် မည်သို့ သော ပြောင်းလဲနိုင်ချက် ပြုလုပ်နိုင်သည်ကို ဘုရင်မင်းမြတ် အစိုးရက စဉ်းစားလိမ့်မည်...။
၃။ ကြားဖြတ်ဥပဒေ အဖွဲ့...။
ကြားဖြတ်ကာလအတွင်း ၁၉၄၅ ဥပဒေက ပြဌာန်းထားသည့်အတိုင်းဖြစ်သော ဥပဒေကောင်စီတစ်ခု ရှိလိမ့်မည်။ ခွင့်ပြုထားသော ဦးရေကို ၅၀ မှ ၁၀၀ သို့ တိုးမြှင့်ရန် အာဏာကို ဘုရင်မင်းမြတ်အစိုးရက ကောင်စီတွင် ထုတ်ပြန်သောအမိန့်ဖြင့် ဖွေရှာလိမ့်မည်။ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ထားခြင်းများ ပြီးဆုံးသည်နှင့်တပြိုင်နက် ဘုရင်ခံမင်းကြီးသည် ဦးရေ ၁၀၀ ပါဝင်သော ဥပဒေပြုကောင်စီတစ်ခုကို အမည်တပ် ခန့်အပ်လိမ့်မည်။ ထိုကောင်စီအဖွဲ့တွင် တိုင်းရင်းသားမဟုတ်သော လူမျိုးစုများအတွက် ဆောင်ရွက်ရန် လူဦးရေအနည်းငယ်ကို ပါဝင်စေလျက် တိုင်းပြုပြည်ပြုလွှတ်တော်သို့ ရွေးကောက် တင်မြှောက်လိုက်သော သူများထဲမှ ရွေးချယ်လိမ့်မည်။ ဥပဒေပြုကောင်စီ၏ အာဏာများမှာ မကြာသေးမှီက ဖျက်သိမ်းလိုက်သော၊ ဦးရေ ၅၀ ပါဝင်သော၊ ဥပဒေပြုကောင်စီက ရရှိထားသော အာဏာများနှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်...။
၎။ ကြားဖြတ် အစိုးရ...။
ဘုရင်ခံမင်းကြီး၏ အမှူဆောင်ကောင်စီသည် မြန်မာနိုင်ငံတော်၏ ကြားဖြတ်အစိုးရ ဖြစ်လိမ့်မည်။ အထက်ပါအပိုဒ် ၂ တွင် ဖေါ်ပြခဲ့သော အဖြူထည်ဘောင်အတွင်းတွင် ဆက်လက်တည်ရမည်ဖြစ်သော အမှူဆောင် ကောင်စီ သို့မဟုတ် ဘုရင်ခံမင်းကြီး၏ တရားဝင် အာဏာများကို မပြောင်းလဲစေရန် မဖြစ်နိုင်ငြားသော်လည်း ကြားဖြတ်အစိုးရသည် ယခုအခါ အိန္ဒိယ ကြားဖြတ်အစိုးရ နည်းတူ ယေဘုယျအားဖြင့် ဆောင်ရွက်သွားမည့်အပြင် အထူးသဖြင့် -
(က) အမှူဆောင်ကောင်စီကို ဒိုမီနီယမ်အစိုးရများအား ရင်းနှီးစွာ တိုင်ပင်နှီးနှော အလေးဂရုပြုဘိသကဲ့သို့ ပြုမူလိမ့်မည့်အပြင် အမှူဆောင်ကောင်စီသည် နိုင်ငံအုပ်ချုပ်ရေး ဆောင်ရွက်မြဲတာဝန်များကို ဆောင်ရွက်ရာတွင် အကြီးဆုံးသော လွတ်လပ်ခွင့်ကို ရလိမ့်မည်။ ၀န်ကြီးအဖွဲ့ အစည်းအဝေးပွဲများတွင် ဘုရင်ခံမင်းကြီးက ဥက္ကဌ အဖြစ်ဖြင့် ဆောင်ရွက်ခြင်းနှင့်ပါတ်သက်၍ ၁၉၃၅ ခုနှစ် အက်ဥပဒေ တည်ဆဲ အတောအတွင်း အသုံးပြုသော ဓလေ့ထုံးစံကို အမှူဆောင်ကောင်စီနှင့် သက်ဆိုင်ရာတွင်ပင် ဆက်လက်ကျင့်သုံးလိမ့်မည်။
(ခ) မြန်မာနိုင်ငံတော်အစိုးရသည် ကိုယ်ပိုင် ဘဏ္ဍာရေးအုပ်ချုပ်မှူ (နောက်ဆက်တွဲ “ခ” ကို ကြည့်ပါ) ကို ရရှိစေမည်ဟု လူအားဖြင့် ဘုရင်မင်းမြတ်အစိုးရက သဘောတူသည်။
(ဂ) ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာကိစ္စများကို အမှူဆောင်ကောင်စီတွင် တင်သွင်းလိမ့်မည်။ အမှူဆောင်ကောင်စီသည် ဤအရေးကိစ္စများကို စီမံခန့်ခွဲရာတွင် အပြည့်အစုံ တွဲဖက်ဆောင်ရွက်လိမ့်မည်။
(ဃ) ထိုကိစ္စများ ဆောင်ရွက်မြဲတာဝန်ကို ဘုရင်ခံမင်းကြီးက ကာကွယ်ရေးနှင့် နိုင်ငံခြားရေး တာဝန်ခံဝန်ကြီးအား တာဝန်လွှဲအပ်လိမ့်မည်။ တရားဝန်အခြေအနေတွင် သက်ရောက်သော ကန့်သတ်ချက်များမှအပ အမှူဆောင်ကောင်စီအဖွဲ့သည် စီမံကိန်းနှင့် အုပ်ချုပ်မှူနယ်ပယ်တွင် ပေါ်ပေါက်သော ကိစ္စဟူသမျှကို အရေးဆိုရန်နှင့် စဉ်းစားရန်၎င်း၊ ဆွေးနွေးရန်၎င်း၊ ဆုံးဖြတ်ရန်၎င်း လုံးဝလွတ်လပ်ခွင့် ရှိလိမ့်မည်။
၅။ နိုင်ငံခြားရေးရာ ကိစ္စများ...။
လန်ဒန်မြို့တော်တွင် နိုင်ငံခြားရေးရာကိစ္စများ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်အတွက် မဟာမင်းကြီးတစ်ပါး ခန့်ထားစေလိမ့်မည်။ မြန်မာနိုင်ငံတော်က တိုင်းရေးပြည်မှု စေ့စပ်ပြောဆိုသူ ကိုယ်စားလှယ်ခြင်းကို သဘောတူရန် ဘုရင်မင်းမြတ် အစိုးရက တောင်းဆိုလိမ့်မည်။
၆။ ပြည်ထောင်အချင်းချင်း အဖွဲ့အစည်းများ၏ အဖွဲ့ဝင်အဖြစ်...။
ကုလသမဂ္ဂ အဖွဲ့ဝင်တစ်ဦး အဖြစ်ဖြင့် ပါဝင်ရန် မြန်မာနိုင်ငံတော်၏ လျှောက်ထားချက်ကို မြန်မာနိုင်ငံတော်၏ တိုင်းပြုပြည်ပြုရေး အခြေအနေသည် ထိုလျှောက်ထားချက်မျိုးကို လက်ခံနိုင်လောက်အောင်ဖြစ်သည်နှင့် တပြိုင်နက် ဘုရင်မင်းမြတ်အစိုးရက ထောက်ခံချက်ပေးလိမ့်မည်။ ဤအတောအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကြီးမှူးသော အစည်းအဝေးများတွင် မြန်မာနိုင်ငံတော်က မည်မျှလောက်ပါဝင် ဆောင်ရွက်နိုင်သည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးနှင့် စုံစမ်းညှိနှိုင်းလိမ့်မည်။ မြန်မာနိုင်ငံတော်က ချဉ်းကပ် ဆက်သွယ်လျက်ရှိစေလိုသော အခြားခြားသော ပြည်ထောင်အချင်းချင်း အဖွဲ့အသင်းများသို့လည်း ထိုအဖွဲ့များ၏အလုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ဖြင့် သို့မဟုတ် အခြားနည်းဖြင့် မြန်မာနိုင်ငံတော်က ပါဝင်ဆောင်နိုင်၊ မနိုင်ကို ထောက်လှမ်းစစ်လျှောက်သော သဘောနှင့် ချဉ်းကပ် ဆက်သွယ်လိမ့်မည်။
၇။ ကာကွယ်ရေး...။
(က) တည်မြဲလျက်ရှိသော လုပ်ရိုးလုပ်စဉ်အတိုင်း မြန်မာနိုင်ငံတော်တွင် ချထားသော ဗြိတိသျှ စစ်သည်တော်များ အားလုံးသည် ဘုရင်မင်းမြတ်၏ အဆုံးစွန်သော အုပ်ချုပ်မှုအောက်တွင် နေလိမ့်မည်။
(ခ) မြန်မာစစ်သည်တော် အားလုံးတို့သည် မြန်မာအစိုးရ၏ အုပ်ချုပ်မှု လက်အောက်သို့ ချက်ချင်း ရောက်ရှိစေလိမ့်မည်။
(ဂ) မြန်မာနိုင်ငံတော် စစ်ဗိုလ်ချုပ်ကြီးသည် စောနိုင်သမျှ စောစော ဖြစ်နိုင်သောအချိန်၌ ဘုရင်ခံမင်းကြီးနှင့် မြန်မာနိုင်ငံတော်အစိုးရ လက်အောက်ခံ ဖြစ်စေရမည်ဆိုသည်ကို မူအားဖြင့် ဘုရင်ခံမင်းမြတ်အစိုးရက သဘောတူညီကြောင်း သို့ရာတွင် အခုအခိုက်အတန့်မှာ နိုင်ငံတော်စစ်ဗိုလ်ချုပ်ကြီးသည် အရှေ့အာရှတောင်ပိုင်း ကုန်းတပ်များ၏ လက်အောက်ခံ ဖြစ်နေလိမ့်မည်။ ဤကာလအတွင်း မြန်မာနိုင်ငံအစိုးရနှင့် ဆိုင်ရာအာဏာပိုင်တို့သည် ဓမ္မတာအတိုင်း ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေလိမ့်မည်။ ရေတပ်၊ လေတပ်များနှင့် ပါတ်သက်၍လည်း အလားတူ သင့်တင့်လျောက်ပတ်သော အစီအစဉ်များကို သတ်မှတ်ထားလိမ့်မည်။
(ဃ) မြန်မာနိုင်ငံ ကာကွယ်ရေးတပ်များ ဖွဲ့စည်းခြင်းအတွက် ကူညီထောက်ပံ့ရန် ပြဿနာသည် နှစ်ဦးသော အစိုးရတို့၏ ဆွေးနွေးရန်ကိစ္စ ဖြစ်စေလိမ့်မည်။ ဘုရင်မင်းမြတ်အစိုးရက ဤကိစ္စတွင် မြန်မာနိုင်ငံအစိုးရအား အစွမ်းကုန်ကူညီရန် ဆန္ဒရှိသော်လည်း ကမ္ဘာပေါ်ရှိ အခြားရပ်ကွက် ပြဿနာများတွင် ယူပြီးသော ကြီးလေးသည့် ပြဿနာများကို ဂရုထားရဦးမည်။
(င) အုပ်ချုပ်ရေးသစ် ဖြစ်ထွန်းသက်ရောက်လာသည့်နောက် မြန်မာနိုင်ငံတော်ရှိ ဗြိတိသျှတပ်များကို ဆက်လက်ထားရှိရန် သို့မဟုတ် အသုံးပြုရန် ပြဿနာမှာ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့ သဘောတူရန်ကိစ္စ ဖြစ်ပေလိမ့်မည်။
၈။ နယ်ခြားဒေသများ...။
နယ်ခြားဒေသများနှင့် ၀န်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သော၊ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဖက် သဘောတူပြီးသော ရည်ရွယ်ချက်ဖြစ်သည်။ ဤအတောအတွင်း နယ်ခြားရှိ လူများသည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော ကိစ္စများနှင့် ပါတ်သက်၍ နှစ်ဦးနှစ်ဖက် လက်ခံနိုင်စေသောနည်းဖြင့် မြန်မာနိုင်ငံတော်အစိုးရနှင့် ရင်းနှီးစွာ ပေါင်းသင်းတွဲဖက်ရာသည်။ ဤသည်တို့ကို မျှော်ကိုး၍ သဘောတူကြသည်မှာ-
(က) နယ်ခြားဒေသ လူများနှင့် ၀န်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော် လူများသည် အတားအဆီးမရှိ လွတ်လပ်စွာ ကူးလူးဆက်ဆံခြင်း ရှိစေရမည်။
(ခ) ၁) အခြားကိစ္စများအပေါ်တွင် ဘူရင်မင်းမြတ်ကို အကြံဥာဏ်ပေးရန်နှင့် အမှူဆောင်ကောင်စီတွင် ရင်းနှီးစွာ ဆက်ဆံရန် နယ်ခြားဒေသ ကိုယ်စားလှယ်တော်များ ခန့်ထားခြင်းဖြင့်၎င်း၊ သို့မဟုတ်။
၂) နယ်ခြားတို့အုပ်ချုပ်သော အမှူဆောင် ၀န်ကြီးအဖြစ်ဖြင့် နယ်ခြားဒေသ ကိုယ်စားလှယ်တစ်ဦး ခန့်ထားခြင်းဖြင့်၎င်း၊ သို့မဟုတ်။
၃) အခြားနည်းဖြင့်၎င်း။ ခေတ်ပြောင်း ခေတ်လဲကာလ အတွင်းတွင် လက်ခံနိုင်မည်ဟု မိမိတို့ထင်မြင်သော မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးတွဲပေါင်းဖက်ပုံနှင့် ပါတ်သက်၍ မိမိတို့ ထင်မြင်ချက်များကို ထုတ်ဖော် ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည်ဖြစ်သော ၀န်းကြီးကွန်ဖရန့်တွင် ၄င်း။ နယ်ခြားဒေသလူများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကို မေးမြန်းရမည်။
(ဂ) ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရန့်အစည်းအဝေး ပြီးဆုံးသည့်အခါတွင် ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့သည် နယ်ခြားဒေသလူမျိုးများ ထုတ်ဖော်သဘောတူ လိုလားချက်များကို ဖြည့်စွက်ရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူချက် ရယူလိမ့်မည်ဖြစ်ကြောင်း။
(ဃ) မြန်မာနိုင်ငံ အုပ်ချုပ်ရေး ဥပဒေအသစ်အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားသားများပေါင်းစည်း ဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစနစ်ရှာဖွေရေးအတွက် စုံစမ်းရေးကော်မတီတစ်ခုကို ချက်ချင်းတည်ထောင်ရန် ၀န်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံတော် ရပ်ကွက်ဒေသမှ အမှုဆောင်ကောင်စီအဖွဲ့က တင်မြှောက်သော အဖွဲ့ဝင်များနှင့် နယ်ခြားဒေသ ခေါင်းဆောင်များ တိုင်ပင်နှီးနှောလျက် တင်မြှောက်သော အဖွဲ့ဝင်များ ထိုကော်မတီတွင် ဦးရေ အညီအမျှ ပါဝင်လိမ့်မည်အပြင် သဘောတူရွေးချယ်သော မြန်မာနိုင်ငံတော်ပြင်ပမှ ကြားနေပုဂ္ဂိုလ်တစ်ဦးဦးကို ဥက္ကဌ ခန့်ထားမည်ဖြစ်ကြောင်း၊ ဤကော်မတီက တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေး မစမှီ အစီရင်ခံစာ တင်သွင်းတောင်းဆိုရမည်။
၉။ ဘဏ္ဍာရေး။
ဘဏ္ဍာရေးပြဿနာများ အတော်အတန် စဉ်းစားခဲ့ပြီး၍ ဤကိစ္စများကို မည်သို့စီမံခန့်ခွဲနိုင်ရန် သဘောတူညီချက်တစ်ခု ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သဘောတူညီချက်ကို ပူးတွဲပါ နောက်ဆက်တွဲတွင် ဖော်ပြထားသည်။
နောက်ဆက်တွဲ(က) ။ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒပေး ရွေးကောက်ခြင်းခံနိုင်ခွင့်အလို့ငှာ မြန်မာနိုင်ငံတော်တွင် မွေးဖွား၍ ၁၉၄၂ ဇန်န၀ါရီလ ၁ ရက် သို့မဟုတ် ၁၉၄၇ ဇန်န၀ါရီလ ၁ ရက်နေ့မှ မရှေးမနှောင်းဖြစ်သော ၁၀ နှစ်အတွင်းတွင် စုစုပေါင်း ၈ နှစ်ထက်မနည်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော ဗြိတိသျှလက်အောက်ခံ သို့မဟုတ် အိန္ဒိယနယ် လက်အောက်ခံနိုင်ငံသားကို မြန်မာအမျိုးသားဟု အဓိပ္ပါယ်ဖေါ်ပြသည်။
နောက်ဆက်တွဲ(ခ)။ ၁။ မြန်မာနိုင်ငံတော်သည် ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရှိသင့်သည်ကို ဘုရင်မင်းမြတ်အစိုးရက သဘောတူညီပြီးဖြစ်သည်။
၂။ နိုင်ငံအချင်းချင်း ငွေကြေးရံပုံငွေနှင့် နိုင်ငံအချင်းချင်းဘဏ်တွင် ပါဝင်လိုက လျှောက်ထားရန် အခြေအနေရှိသည်နှင့် တပြိုင်နက် ခိုင်လုံသော အဖွဲ့ဝင်တစ်ဦးအဖြစ်ကို ရစိမ့်သောငှာ ဘုရင်မင်းမြတ်အစိုးရတို့က စွမ်းအားရှိသလောက် ဆောင်ရွက်ရန် တာဝန်ယူပြီးဖြစ်သည်။
၃။ ၁၉၄၅ ခုနှစ် အောက်တိုဘာလမှ ၁၉၄၆ စက်တင်ဘာလအထိ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတော်က အတိုးလွတ် ရွှေဒင်္ဂါးပေါင်း (၈ သန်း ၈၀၀၀၀၀၀) အသားတင် ရရှိခဲ့ပြီ။ ထို့ပြင် ၁၉၄၆ ခုနှစ် အောက်တိုဘာလမှ စ၍ ၁၉၄၇ခုနှစ် စက်တင်ဘာလ အထိ ဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ် ၇၅ သန်း (အသားတင်) ရရှိရန် သဘောတူပြီး ဖြစ်သည်။ နယ်ခြားဒေသများအတွက် ထောက်ပံ့ကြေးများကို ထည့်သွင်းစဉ်းစား၍ ရိုးရိုးဘတ်ဂျက်တွင် ယခုနှစ်လျော့သောငွေအတွက် ထပ်မံထောက်ပံ့မည်ဟု ဘုရင်မင်းမြတ်အစိုးရက သဘောတူပြီးဖြစ်သည်။
၎။ (အစိုးရတို့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် ယေဘုယျအားဖြင့် သက်ဆိုင်သော) ပရိုဘတ်ဂျက် စီမံကိန်းဆိုင်ရာ ဘတ်ဂျက်နှင့်စပ်လျင်း၍ ဘုရင်မင်းမြတ်က ဘိလပ်နိုင်ငံမှ အချုပ်အချယ်မရှိသော်လည်း အပြန်အလှန် အပြည့်အစုံ အကြောင်းကြားနည်းနှင့် သတ်မှတ်ထားသော ငွေချေရေးကိစ္စ ပြုလုပ်နိုင်မည်၊ မလုပ်နိုင်မည်ကို ဘုရင်မင်းမြတ်အစိုးရက စုံစမ်းစစ်ဆေးနိုင်လိမ့်မည်။
၅။ ဘဏ္ဍာရေးအခြေအနေများကို ထပ်မံတွဲဖက်စစ်ဆေး၍ ရသော တွက်ကိန်းများကို သတိမူပြီးလျင် အတိုးလွတ် ချေးငှားထားသော ငွေတစိတ်တဒေသကို အပြီးအငြိမ်း ထောက်ပံ့ငွေအဖြစ်သို့ ပြောင်းလဲနိုင်သည်ကို မူအားဖြင့် သဘောတူရန် ဘုရင်မင်းမြတ်အစိုးရက အဆင်သင့်ရှိသည်။
၆။ တစ်ဦးအပေါ် တစ်ဦး တာဝန်မထားဘဲ ဘဏ္ဍာရေး အခြေအနေမှန်ကို မြန်မာနိုင်ငံတွင် ထပ်မံ စစ်ဆေးရန် သဘောတူညီကြောင်း အပိုဒ်ငယ် ၃ အပိုဒ်ငယ် ၄ တို့တွင် ဖော်ပြထားသော သဘောတူညီချက်ထက် ပိုမို၍ ဘုရင်မင်းမြတ်အစိုးရထံမှ ထပ်မံအကူအညီ အလိုရှိသဖြင့် ထိုသို့သော အကူအညီပေးခဲ့လျင် သဘောတူညီသော စည်းကမ်းချက်များ အတိုင်းဖြစ်လိမ့်မည်။
အခြားကိစ္စများ။ ။ မြန်မာနိုင်ငံ အဆင့်အတန်း ပြောင်းလဲခြင်းနှင့် စပ်လျင်း၍ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့ သဘောတူ ဆိုက်ရောက်ရန် အခြားသောပြဿနာတို့ ပေါ်ပေါက်လိမ့်မည်။ ဤပြဿနာများကို ပေါ်ပေါက်သည့်အလျောက် လက်ခံ၍ ယခုဆွေးနွေးပွဲတွင် ထင်ရှားခဲ့သော မိတ်ဆွေရင်းချာ သမ၀ါယမ နှလုံးထားဖြင့် ဆောင်ရွက်လိမ့်မည်။ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာအမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်များသည် တိုင်ပင်နှီးနှောခြင်းနှင့် ကူညီရိုင်းပင်းခြင်း ယခုနည်းကို ဆက်လက်စေသောအားဖြင့် ဗြိတိသျှ ကော်မော်ဝဲလ်သ် အတွင်းတွင်ဖြစ်စေ၊ အပြင်မှဖြစ်စေ ကိုယ်ပိုင်လွတ်လပ်သော မြန်မာနိုင်ငံတော်အဖြစ်ကို ရောက်ရှိစေလိုသော နှစ်ဦးနှစ်ဖက် ရည်ရွယ်ချက်ကို ချောမောလျင်မြန်စွာ တိုးတက်အောင် ပြုလုပ်နိုင်မည်ဟု တထစ်ချ ယုံကြည်ကြသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေး အသစ်မရောက်မီ ခေတ်ပြောင်းခေတ်လွဲ တလျှောက် ပေါ်ပေါက်လိမ့်မည်ဖြစ်သော အနာဂါတ်ကိစ္စများကို သဘောတူဆိုက်ရောက်ရေးတွင် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကြရန် သဘောတူကြလေသည်။
(ပုံ) စီ ၊ အာ ၊ အက်တလီ (ပုံ) အောင်ဆန်း
၁၀၊ ဒေါင်းနင်းလမ်း
ဇန်န၀ါရီလ ၂၇ ရက်၊ ၁၉၄၇ ခု
1 comments:
သို့ ဆြပြောင်...
ပို့စ်နှင့် ကွန်မန့် မသင့်တော်လို့ ကျွန်မ ဖျက်ပါတယ်။ စိတ်မရှိပါနဲ့။ ဖြစ်နိုင်ရင် ဗိုလ်ချုပ်အောင်ဆန်းပို့စ်မှာ ဗိုလ်ချုပ်အကြောင်း ကွန်မန့်လေးပဲ ရှိစေချင်လို့ပါ။
Post a Comment