Blog ဆိုတာကို သူများတွေ ဘယ်လို နားလည်၊ ယူဆကြလဲတော့ မသိဘူး။ ကျွန်မ သိထား၊ နားလည်ထားတဲ့ Blog ကတော့ အင်မတန် ရိုးရှင်းတယ်။ ကျွန်မအတွက် Blog ဆိုတာ စိတ်အပန်းဖြေမှု တခု။ အင်တာနက်ဆိုတဲ့ ပုံရိပ်ယောင်လောကမှာ ကိုယ့်အတွေး ကိုယ့်အမြင်၊ ကိုယ့်အကြောင်း၊ ကိုယ့်ယုံကြည်ချက်တွေ အမှတ်တရ သိမ်းဆည်းထားရာ နေရာလို့ ကျွန်မက မှတ်ယူတယ်။
ကျွန်မ ဒီ Blog ကို စရေးထဲက ကျွန်မအကြောင်းတွေနဲ့ မြင်တွေ့ကြားသိရတာတွေကိုပဲ တစိုက်မတ်မတ် ရေးလာခဲ့တာ။ လူတစ်ယောက်မှာ ခံစားချက်ဆိုတာ အမြဲ ပြောင်းလဲ နေတတ်တဲ့ သဘောရှိတယ်။ အဲဒီ လတ်တလော ခံစားချက်ပေါ် မူတည်ပြီးလည်း ရေးတဲ့ အကြောင်းအရာတွေက ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မဟာ ကျွန်မကိုပဲ ကိုယ်စားပြုပြီး မည်သူ တဦးတယောက်၊ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုဘူးဆိုတာတော့ လက်ခံထားရပါလိမ့်မယ်။
စာဖတ်တာသာ သဘောကျပြီး (တခါတလေလည်း အပျင်းထူတတ်ပါတယ်) စာရေးဖို့ အရည်အချင်း သိပ်မမှီတဲ့ ကျွန်မက Blog ပေါ်မှာ စာရေးနေရခြင်းကို နှစ်သက်ပါတယ်။ တနေ့ တနေ့ အယောက် ၇၀ ကျော်၊ ၁၀၀ ကျော် လာဖတ်နေတဲ့ ကျွန်မ Blog လေးကို ကြည့်ပြီးလည်း ကျေနပ်နေသူလေ။ တခြားသူတွေလို မိတ်မဖွဲ့တတ်၊ ဧည့်ဝတ်မကျေတတ်တာကတော့ ဘယ်လိုမှ ပြုပြင်လို့မရတဲ့ ကျွန်မရဲ့ အပျင်းရောဂါကြောင့်ပါ။ ကျွန်မ စကားပြောဖို့ အင်မတန် ပျင်းပါတယ်။ သူများ Blog လေးတွေ သွားဖတ်ပြီး ကြည်နူးရ၊ ပြုံးပျော်ရပေမဲ့ အဲဒီလို လူတွေနဲ့ စကားပြော နှုတ်ဆက်ရမှာကိုလည်း ကျွန်မ အလွန် ၀န်လေးမိပါတယ်။ အိမ်မှာနေရင်းတောင် တနေ့နေလို့ စကား တခွန်း မပြောဖြစ်ခဲ့တာ ကြာပါပြီ။ ဘယ်လိုကြောင့် လူတွေနဲ့ စကားပြောချင်စိတ်တွေ ကုန်ခန်းနေမှန်းတော့ မသိပါဘူး။
ခုနောက်ပိုင်း ကျွန်မက စကားမပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နေချင်တာ။ အဲဒီတော့ မြင်ရတာ ရိုးအီလာပြီဖြစ်တဲ့ ဘလော့ဂ်တန်းပလိတ်ကို ထိုင်ပြင်နေမိပါတယ်။ အဲဒီအတွက် ဒေတာတချို့လည်း ပျောက်ဆုံး ပျက်စီးပေါ့။ ဒီလို ပုံပန်းသဏ္ဌာန် ထွက်လာအောင်ပဲ တော်တော်လုပ်ယူထားရတယ်ဆိုတာ HTML ကို သိပ်မကျွမ်းကျင်သူတိုင်း သိကြမှာပါ။ ခုတော့ ဒီဘလော့ဂ် တန်းပလိတ်လေးကို နေ့မအိပ်၊ ညမအိပ် ကျွန်မ ပြင်ထားပေမဲ့ စာလုံးလေးတွေ သေးနေတာကြောင့် ကျွန်မ နောက်တခု ထပ်ပြောင်းဖို့ စဉ်းစားနေမိတယ်။ စာလုံးဖောင့်ကို ကြီးလို့ရရင်တော့ တော်တော် ကောင်းမှာပဲလို့။ ကိုယ့်ဘလော့ဂ်က စာလေးတောင် ကိုယ်မနည်း ပြူးပြဲဖတ်နေရတာ မနိပ်သေးဘူး။ ခဏနေ စာလုံးဖောင့်ကြီးအောင် နည်းနည်း ကလိလိုက်ဦးမယ်။ ဒါက ကျွန်မ ဘလော့ဂ်တန်းပလိတ်နဲ့ ပတ်သက်ပြီး ပြောချင်တဲ့စကား။
တခြားသူတွေအတွက်တော့ မပြောတတ်ဘူး။ ကျွန်မအနေနဲ့တော့ ဒီဘလော့ဂ်လေးမှာ စာရေးရတာတောင် မလွယ်ပါဘူး။ စာရေးဖို့ ဈာန်ဝင်နေချိန်ပဲ စာတွေက ရှောရှောရှူရှူရေးလို့ရပြီး စိတ်မပါရင်တော့ ရေးစရာ အကြောင်းအရာရှိလျက်၊ စာရေးဖို့ ကြိုးစားနေလျက်နဲ့ စာတလုံးမှ ထွက်မလာလို့ ရေးမရတဲ့နေ့တွေ အများကြီးပဲ။ စာကြောင်း တစ်ကြောင်း ရေးတိုင်း၊ ရေးတိုင်း ဖတ်လို့ ချော၊ မချောကို အခေါက်ခေါက်အခါခါ ပြန်ဖတ်ရတာလည်း မနည်းပါဘူး။ စာ တစ်ပုဒ်အတွက် အကြိမ် ၅၀ ထက်မနည်း၊ ဖတ်ရတာများ ထောက်နေမလားဆိုပြီး ထပ်ခါ ထပ်ခါ ပြန်စစ်ရတာ ကျွန်မ တစ်ယောက်ထဲ ရှိမယ် ထင်ပါရဲ့။ တခါတလေလည်း မချောမွေ့တဲ့ စာကြောင်းမှန်း သိသိကြီးနဲ့ ဘယ်လို ပြန်ပြင်ရေးရမလဲ စဉ်းစားမရလို့ ဒီအတိုင်း ထားလိုက်ရတယ်။ တခါတခါကျတော့လည်း ပို့စ်တင်ပြီး ၃၊ ၄ ရက်ထိကို စာကြောင်းပြင်လို့ မဆုံးနိုင်အောင် ရှိတတ်ပါသေးတယ်။ :D
စာရေးလို့ ကောင်းတဲ့ နေ့ဆိုရင်တော့ စာ တပုဒ်လုံး မနားတမ်း အေးအေးဆေးဆေး ရေးလို့ပြီးပါတယ်။ အလွန်မြန်သလို၊ အလွန်လည်း လွယ်ကူနေပြန်ပါတယ်။ သုံးထားတဲ့ စာလုံးတွေ ထပ်နေမလား၊ အဆုံးသတ်ကို ဘယ်လို ဆုံးရင် ကောင်းမလဲ၊ ခေါင်းစဉ် ဘယ်လိုပေးရပါ့ ဆိုပြီး ခေါင်းခြောက်ရတာကလည်း အမြဲတမ်းလိုလိုပါပဲ။ အနုပညာမြောက်အောင် ရေးဖွဲ့တာ မဟုတ်ဘဲ ဒီလို အလ္လာပ သလ္လာပအကြောင်းအရာတွေ ရေးနေရလို့သာ တော်သေးတာပေါ့။ ဒါက ကျွန်မ ဘလော့ဂ်ရေးရင် တွေ့ရတဲ့ အခက်အခဲ။
ကဒေါင်းရဲ့ နိုင်ငံရေးဘလော့ဂါဆိုပါလား ပို့စ်ကို မဖတ်ရသေးခင်ထဲက ရေးဖို့ စဉ်းစားထားတဲ့ အကြောင်းအရာကို ခုတော့ ကဒေါင်းက ကွက်တိ ရေးထားတယ်။ သူက ဘယ်လို အကြောင်း၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ရေးလည်းတော့ မသိဘူး။ သူ ရေးထားတာနဲ့တင် တော်တော်လေး ပြီးပြည့်စုံနေပါပြီ။
ကျွန်မ Blog မှာ ကျွန်မ ယုံကြည်ချက်၊ ခံယူချက်တွေ ရေးတယ်၊ ကျွန်မ မိသားစုနဲ့ ကျွန်မအကြောင်းတွေ ရေးတယ်၊ ချစ်ခြင်း အကြောင်းရေးမယ်၊ လွမ်းခြင်းအကြောင်း ရေးမယ်၊ ပြီးတော့ လတ်တလော ခံစားချက်တွေ ရေးပါမယ်၊ စာရေးပျင်းရင် ဟိုဟာကူးထည့်၊ ဒီဟာကူးရေး လုပ်တယ်ပေါ့။ ကျွန်မရဲ့ Blog အတွေးက ဘာကန့်သတ်ချက်မှမရှိဘဲ အင်မတန်ကို လွတ်လပ်ပါတယ်။ ကျွန်မကတော့ ဒီလိုပဲ ထင်တယ်။ အဲဒီအတွက်လည်း ကျွန်မက ကျေနပ်တယ်။ ကျွန်မက လူမသိခံနိုင်စရာအကြောင်း မရှိတဲ့အတွက် ဘယ်သူဆိုတာကို မကြေငြာခဲ့သလို၊ ဖုံးကွယ်ခြင်းလည်း မရှိခဲ့ပါဘူး။ ကျွန်မ ဘယ်သူလဲဆိုတာ လူအများစု သိသလို၊ ကျွန်မ ဘာတွေလုပ်နေလဲဆိုတာလည်း ကျွန်မ မိတ်ဆွေတိုင်း သိကြပါတယ်။ ကျွန်မလုပ်ရပ်တိုင်း၊ ကျွန်မရေးတဲ့ ပို့စ်တိုင်းကို တာဝန်မယူနိုင်စရာအကြောင်း (လုံးဝ) မရှိပါဘူး။ Blog ရေးခြင်းမှာ ကျွန်မ ခံစားချက်လေးတွေ ရေးနေရဖို့သာ လိုအပ်ပါတယ်။
Blog ရေးတဲ့ Blogger တယောက်ကို celebrity တယောက်ကို စိတ်ဝင်စားသလို စိတ်ဝင်စားခံရတယ်ဆိုတာ သိလိုက်ရတဲ့အခါ ကျွန်မ ပြုံးမိပါတယ်။ ဒါဆို ကိုယ်ရေးချင်တာ မရေးရတော့ဘူးလားဆိုပြီးလည်း စိတ်ညစ်သလိုလိုဖြစ်မိပါတယ်။ အဲဒီလိုဆိုရင် ကိုယ့် Blog လေး လူမသိတာကမှ ပိုမကောင်းဘူးလားလို့ တွေးမိပါတယ်။ နောက်ဆုံး အဖြေကတော့ ကိုယ် စိတ်ချမ်းသာသလို ရေးပိုင်ခွင့်ရှိသည်လို့ ကိုယ့်ဖာသာကိုယ် မှတ်ချက်ချလိုက်ပါတယ်။
ကျွန်မကို ဒီအကြောင်းတွေ၊ ဟိုအကြောင်းတွေ မရေးတော့ဘူး၊ ဘာညာ @#$&!*@ ပြောတာ ပြန်ကြားတဲ့အခါ ကျွန်မရေးတဲ့ ပို့စ်တွေကို ပြန်ဆန်းစစ်မိတယ်။ ကျွန်မ ဘလော့ဂ်စရေးထဲက ခုချိန်ထိ ကျွန်မ ရေးတဲ့ပို့စ်တိုင်း၊ အကြောင်းအရာတိုင်းလိုလိုဟာ ကိုယ့်ခံစားချက်၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်အကြောင်းကိုပဲ ရေးတာတွေပါ။ ဘယ်လိုကြောင့် အဲလိုတွေ ရေးတယ်၊ မရေးဘူးတွေ ပြောပါလိမ့်လို့ မတွေးတတ်အောင်လည်း ဖြစ်မိတယ်။ တခုတော့ ရှိတယ်။ ကျွန်မ ရပ်တည်ချက် မပြောင်းလဲပေမဲ့ အရင်ကထက်စာရင် လက်ရှောင်တာတွေ ရှိတယ်။ တိတိကျကျပြောရရင် မတ်လနောက်ပိုင်း ဧပြီလလောက်ထဲကပေါ့။ "ဘယ်လိုကြောင့်လဲ"လို့ အမေးရှိရင် ကျွန်မ ဘက်ကလည်း "စိတ်ကုန်"လို့ ဆိုတဲ့ အဖြေ ပြန်ဖြေရမှာပဲ။ "ဘာလို့ စိတ်ကုန်တာလဲ" ဆိုရင်တော့ ခုလက်ရှိ ကျွန်မ ဖတ်နေတဲ့ ဆရာ မန်းတင်ရဲ့ "မြို့ပိုင် မောင်ပြုံးချို" ၀တ္ထုတိုပေါင်းချုပ်ထဲက "၀ါးရင်းတုတ်" ဆိုတဲ့ ၀တ္ထုတိုလေးကို နောက်ရက်မှာ ပြန်ကူးပြပါ့မယ်။ အဲဒါဟာ ကျွန်မ စိတ်ကုန်ရခြင်း အကြောင်းရင်းပါပဲ။
နောက်ဆုံး ပြောချင်တာကတော့ "တကယ်တော့ ဘလော့ဂါဆိုတာကို ပုံရိပ်ယောင်လောကမှာပဲ မြင်စေချင်ပါတယ်။" ဆိုတဲ့ ကဒေါင်းရဲ့ စကားကိုပဲ ပြန်ယူသုံးပါရစေ။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
4 comments:
ညီမငယ်ဆိုးဝှပ်ရေ…..
"တကယ်တော့ ဘလော့ဂါဆိုတာကို ပုံရိပ်ယောင်လောကမှာပဲ မြင်စေချင်ပါတယ်။" ဆိုတဲ့စကားလေးနဲ့ ပတ်သက်လို့………
ပုံရိပ်ယောင်ဆိုတာ ကြေးမုံတခုမှာ ပေါ်လာတဲ့ အရိပ်သဏ္ဍာန် image ကို ဆိုလိုတာဆိုရင်တော့ လက်ခံနိုင်ဘွယ်ရှိပါတယ်။ ဥပမာ…မှန်ထဲက ပုံရိပ်ဟာ ပုံရိပ်ယောင်ဖြစ်ပေမယ့် တကယ့် အပြင်က ပုံရိပ်စစ်ကို တသွေမတိမ်းနီးပါး ထင်ဟပ်ပြသလိုပေါ့။
သို့သော် အတုအယောင်သက်သက်ဘဲ၊ တံလျပ်လိုဘဲ၊ တကယ့်အစစ်အမှန်နဲ့ လုံးလုံးကွာခြားတယ်ဆိုတဲ့ သဘောနဲ့ ဆိုလိုတာဆိုရင်တော့…….
စိတ်ကူးယဉ်ဝတ္ထုသက်သက်မျှသာ ရေးသားတဲ့ ဘလော့ဂါတွေကလွဲလို့ ကျန်သောဘလော့ဂါတွေ ရေးသမျှဟာ မဆိုးဝှပ်ရေးခဲ့သလိုဘဲ သူတို့မိသားစု၊ သူတို့ဘ၀၊ အတွေးအမြင်၊ အတွေ့အကြုံ၊ ပတ်ဝန်းကျင်ပေါ်မှာ အခြေခံပြီး ရေးကြတဲ့အတွက် ပုံရိပ်ယောင်လောကသက်သက်လို့ ထင်မြင်လိုက်ရင် လွဲများသွားလေမလား။
စိတ်ကူးယဉ်ဝတ္ထုသမားတွေတောင် ဘာဘဲဖြစ်ဖြစ် သူတို့ တွေ့၊မြင်၊ ကြား၊ သိ ရတာတွေပေါ် အခြေခံပြီးမှ စိတ်ကူးယဉ်တာဆိုတော့ သိပ်ပြီး တကယ့်လက်တွေ့ (Reality) နဲ့ တကယ်တမ်းမှာ မကင်းကွာလှပါဘူး။
ကျနော့်အနေနဲ့ကတော့ ဘလော့ဂ်တွေဟာ ခေတ်ကို ထင်ဟပ်ပြတဲ့ ကြေးမုံ၊ ဒါမှမဟုတ် ခေတ်ကို ဖွင့်လှစ်ပြတဲ့ ပြူတင်းပေါက်တွေလို့ ထင်ပါတယ်။
ဘလော့ဂ်တွေရဲ့ တာသွားမှုကတော့ စင်္ကာပူအစိုးရကတောင် ဘလော့ဂ်တွေရဲ့ ထိရောက်မှုကို ကောင်းကောင်းသိမြင်တဲ့အတွက် ကန့်သတ်ဘို့အထိတောင် ကြိုးစားခဲ့တယ်။ မြန်မာစစ်အစိုးရလည်း ထိုနည်းတူဘဲ ဘလော့ဂ်တွေ မရှင်သန်နိုင်အောင် ကန့်သတ်တယ်။ ဘလော့ဂ်ဟာ အာဏာရှင်တွေကြောက်တဲ့ အရာတခုပါ။
ဘလော့ဂ်တွေကြောင့် ဒီကနေ့မှာ ခေတ်အစားဆုံး စီတီဇင်ရီပို့တာ ခေါ်တဲ့ နိုင်ငံသားသတင်းထောက်တွေ ပေါ်လာပြီး သတင်းအချက်အလက်တွေ၊ အဖြစ်အပျက်မှန်တွေကို ပိုမိုမြန်ဆန်စွာ စီးဆင်းစေခဲ့တယ်။ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ဒီဥပမာ ထင်ရှားခဲ့ပါတယ်။
အခုအနေအထားမှာတော့ ဘလော့ဂ်တွေဟာ လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်ကို အကောင်းဆုံးပေးအပ်နိုင်တဲ့ နယ်ပယ်ဒေသတခုအဖြစ် သဘောရပါတယ်။
ကိုပေါ ပြောတဲ့ ပုံရိပ်ယောင်နဲ့ ညီမ ဆိုလိုတဲ့ ပုံရိပ်ယောင် မတူဘူး ထင်တယ်။ ဒါမဲ့ ကိုပေါဆိုလိုတာကိုလည်း ညီမ အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ :)
ကျွန်တော်ကတော့ ၂ ယောက်လုံးကို ထောက်ခံပါတယ်။ :)
ဟေးဟေးရဲ့... တကယ်တော့ ကိုယ့်အတွေးနဲ့ကိုယ် ငါ့ဘလော့ဂ်မှာ ငါရေးချင်တာ ရေးမယ်လို့ (လူတချို့ကို)ပြောချင်တာ။ အဲလို ပြောရင်လည်း ရိုင်းရာကျမှာစိုးလို့ ခုလို တဖွဲ့တနွဲ့ ရေးထားတာ။ ဟိ။ ခုတော့ စာအရေးအသားညံ့ပုံကြောင့် အကုန်လွဲကုန်ပြီ။:D
Post a Comment