Saturday, September 13, 2008

ဝါးရင်းတုတ်



ဆရာမန်းတင်ရဲ့ ကိုယ်ရေးအကျဉ်းကို နောက်တရက်မှ ကူးတင်ပါတော့မယ်။ ဒီဝတ္ထုတိုလေး ကူးရေးရတာနဲ့တင် လက်ညောင်းလို့။

-------------------------------------------------

ဝါးရင်းတုတ်

အတန်ငယ် မိုးချုပ်မှ မောင်ပြုံးချို ရုံးမှ ပြန်လာလေသည်။

"ဒီနေ့ တယ်မိုးချုပ်ပါလား။ ဒါလောက်တောင် အလုပ်တွေလုပ်လို့ ဘွဲ့ထူး ဂုဏ်ထူးတွေလည်း ရမှာ မဟုတ်ပါဘူး"
သူ့ဇနီးက အိမ်ဝမှ ကြို၍ နှုတ်ဆက်လေသည်။

"ရတာ မရတာ အပထား၊ ၀တ္တရားကျေအောင်တော့ လုပ်ရတာပဲ ရှင်မရဲ့။ ဒီနေ့တော့ အမတော်ကြေးတွေ ထုတ်ပေးရတာက တမျိုး၊ ရာဇ၀တ်မှုတွေ ချိန်းထားတာကများတော့ နည်းနည်း မိုးချုပ်သွားတယ်ကွဲ့"
မောင်ပြုံးချိုက လေပြည်လေး မှုတ်လိုက်သည်။

"အလကားပါ၊ ဒီအလုပ်လည်း မမက်မောပါနဲ့တော့၊ အိမ်နေရတာ မရှိဘူး။ ပင်ပန်းလိုက်တာလည်း လွန်ရော၊ အလုပ်သာ ထွက်လိုက်ပါ မောင်ရယ်။ အခုနေအခါ ၀ါးရင်းတုတ် ရောင်းစားတာက ဟန်ပါလိမ့်မယ်"
"ဟင် ဘယ့်နှယ့် ၀ါးရင်းတုတ် ရောင်းစားရမလဲ။ ပြောစမ်းပါဦး အလုပ်ထွက်တန်လည်း ထွက်ရတာပေါ့"
"အခု ၀ါးရင်းတုတ်တွေ သိပ်ခေတ်စားနေတယ်။ ဟောဒီ သတင်းစာတွေ ဖတ်ကြည့်"
သူ့ဇနီးသည် သတင်းစာများကို လှမ်းပေး၍ အတွင်းခန်းသို့ ၀င်သွားလေသည်။

မောင်ပြုံးချိုသည် သူ့ဇနီးလှမ်းပေးလိုက်သော သတင်းစာများကို လှန်လှောကြည့်ရှူနေစဉ် ၀ါးရင်းတုတ်ဈေးကောင်းမည့် အရိပ်အယောင် အတိတ်နိမိတ်များကို တွေ့ရလေ၏။

' အလံနီနှင့် အလံဖြူ ကွဲပြီ '

' အလံနီက ပုလိပ်ကို ရိုက်ခြင်း '

' အလံနီကို ပုလိပ်က ရိုက်ခြင်း '

' ပြည်သူ့ရဲဘော်နှင့် အလံနီရိုက်ပွဲ '

' အလုပ်သမား အချင်းချင်း ၀ါးရင်းတုတ်ပွဲ ဆင်ခြင်း '

' ဂဠုန်ဦးစော၏ ၀ါးရင်းတုတ်တပ် ဖွဲ့စည်းပြီးစီးခြင်း '

မောင်ပြုံးချိုသည် သတင်းစာ အသီးသီးတို့မှ ၀ါးရင်းတုတ်သံများကို ကြားနာရင်း လာဘ်မြင်လှသည့် ဇနီးသည်အား ချီးကျူးမိလေသည်။ စီးပွားရေးဆိုသည်မှာ နိုင်ငံရေးကို အယောင်ပြ၍ ရှာကြရသည်ကိုလည်း သတိမူမိသည်။ အမျိုးသားအောင်ပွဲနေ့များတွင် အလံရောင်းသူများ စီးပွားဖြစ်ပုံ၊ ဗိုလ်ချုပ်ဆေးပြင်းလိပ်၊ လွတ်လပ်ရေးမုန့်ထုပ်ကြီးတို့ကိုလည်း သတိရမိလေသည်။

ဟုတ်သည် မှန်သည်။ ၀ါးရင်းတုတ်တွေ ခုတလော အလွန် အသုံးဝင်နေသည်။ ၀ါးရင်းတုတ်သည် တို့မြန်မာတို့ စွဲကိုင်အပ်သော လက်နက်ပေတကား။ အလောင်းဘုရားလက်ထက်က ၀ါးရင်းတုတ်နှင့် အနိုင်ယူခဲ့သည် မဟုတ်ပါလား။ ဦးစောလည်း ၀ါးရင်းတုတ်နှင့်ပင် တန်ခိုးထွားခဲ့သည်တကား။

ယခုလည်း နေ့စဉ်သတင်းစာတွေထဲတွင် ၀ါးရင်းတုတ်တွေ အစွမ်းပြနေပုံကို မကြာခဏ တွေ့ရသည်။ မိမိဇနီး ပြောသကဲ့သို့ ၀ါးရင်းတုတ်ဆိုင်ကြီးတည်ရသော် ကောင်းလေစွ။ အရင်းလည်း နည်းသည်။ ငွေဝင်လမ်းလည်း ဖြောင့်မည်။ မောင်ပြုံးချို၏ အတွင်းသန္တာန်တွင် ၀ါးရင်းတုတ်ဆိုင် ဖွင့်လိုစိတ်တို့ဖြင့် ပြည့်လျှမ်းနေလေသည်။

***

ရန်ကုန် ကုန်သည်လမ်းရှိ ခမ်းနားသည့်အဆောက်အအုံကြီးရှေ့တွင် '၀ါးရင်းတုတ် ကုမ္ပဏီ' ဟူသော ထည်ဝါသည့် ဆိုင်းဘုတ်ကြီးကို တွေ့နိုင်ပါသည်။ ဆိုင်ရှေ့တွင်လည်း ထန်းလုံးလောက်ရှိသည့် ၀ါးရင်းတုတ်ကြီးကို ကြော်ငြာအဖြစ်ဖြင့် ထောင်ထားသည်ကို တွေ့ရမည်။ '၀ါးရင်းတုတ် အမျိုးမျိုး လက်လီလက်ကား ရနိုင်ပါသည်' ဟူသော ဆိုင်းဘုတ်လေးတခုကိုလည်း တွေ့ရသည်။ အတွင်းသို့ ၀င်သွားလျှင် ၀ါးရင်းတုတ်အစားစားကို သူ့အခန်းနှင့်သူ စီရရီ လှပစွာ ဆင်ပြင်ထားသည်ကိုလည်း တွေ့ရလေသည်။ ၀ါးရင်းတုတ်အမျိုးအစားတွေကလည်း စုံလှပါသည်။ အချို့ဝါးရင်းတုတ်များမှာ ၀ါးရင်းတုတ်အစစ်များ ဖြစ်သည်။ အချို့မှာကား အင်းသားကို သုံးတောင်ခန့်ဖြတ်၍ အဖျားရှူးသည့် ချောမွေ့သောတုတ်များ ဖြစ်လေသည်။ အချို့ကျွန်းသား၊ အချို့ပျဉ်းကတိုးသားများနှင့် ပြုလုပ်ထားလေသည်။

အခန်းတခုအတွင်း၌ စားပွဲတခုတွင် ထိုင်နေသူကား ကုမ္ပဏီပိုင်ရှင် ဦးပြုံးချို ဖြစ်လေသည်။ အခြားစားပွဲတွင် လက်နှပ်စက် ရိုက်နေသူကား သူ့ဇနီး ဒေါ်တင်မကြီး ဖြစ်လေသည်။

"တင်ရဲ့၊ တို့သာယာဝတီက သခင်နီ့ဆီ စာရေးလိုက်ပါဦး။ အခေါင်းမပါတဲ့ ကြခတ်ဝါး နှစ်တွဲလောက် ဒီလမကုန်မီ အရောက်ပို့ပါလို့"
ဦးပြုံးချိုက သူ့ဇနီးကို လှမ်း၍ ပြောလိုက်လေသည်။

"အမယ်လေး ရေးလိုက်ရတဲ့ စာကလည်း လွန်ပါရော။ ကျောအောင့်လှပြီ။ နက်ဖြန်ခါမှ ရေးတော့မယ်။ အခု ကျွန်းသားတုတ် မှာစာတောင် ရေးမပြီးသေးဘူး"
သူ့ဇနီးက ကျောကိုကော့ရင်း ပြန်ပြောလေသည်။

"သည်းခံပါ ရှင်မရာ၊ အခုလည်း လက်နှိပ်စက် စာရေးမလေးတွေ ရှာနေတုန်းမို့ပါ"

"အမယ်၊ ဒီတိုက်မယ် လက်နှိပ်စက်စာရေးမတွေ မထားရဘူးဆရာ။ ကိုယ် ပင်ပန်းရင် ပင်ပန်းပါစေ။ ကြည့်စမ်း သူ သိပ်ဥာဏ်များတာပဲ။ စာရေးမလေးတွေ နောက်ပိုးချင်ပြီ ထင်တယ်။ မရဘူး။ ဟင်း ဒါပဲ"
တင်မကြီးသည် နှုတ်ခမ်းစူ၍ မျက်စောင်းခဲလိုက်လေသည်။
' ၀ါးရင်းတုတ်၊ ၀ါးရင်းတုတ် '
' တိုင်းလုံးကျော်တဲ့ ၀ါးရင်းတုတ် '
' ယိုးဒယားကို နိုင်ခဲ့တဲ့ ၀ါးရင်းတုတ် '
' တချက်ထိရုံနှင့် မဏိကွဲမည့် ၀ါးရင်းတုတ် '
' ကျွန်တော်တို့တိုက်မှ အထူးစီမံ လုပ်ကိုင်ထားသော ၀ါးရင်းတုတ်များကို သုံးကြည့်စမ်းပါ။ မည်မျှ လက်ဆကောင်း၍ လူတစ်ဦးခေါင်းကို ဖြောင်းခနဲ မြည်အောင် ခွဲနိုင်ကြောင်း သိရှိရပါလိမ့်မည်။ '
အထက်ပါကြော်ငြာများကို နေ့စဉ်သတင်းစာများတွင် မကြာခဏ တွေ့ရှိနိုင်ပါသည်။ မြန်မာသတင်းစာများကလည်း မြန်မာကုမ္ပဏီကြီးတခု ဖြစ်ထွန်းကြီးပွားလာသည်ကို တွေ့ချင်မြင်ချင်ကြသော အာသာဆန္ဒ ပြင်းပြလှသောကြောင့် မောင်ပြုံးချိုတို့ ကုမ္ပဏီအား အထူးအရေးပေး မြှောက်စားကြသည်။

' ယမန်နေ့ညက သာယာဝတီခရိုင် ပေါက်တောစုကျေးရွာတွင် အရှေ့ကျောင်း ဘုန်းတော်ကြီး၏ ဒကာများနှင့် အနောက်ကျောင်း ဘုန်းတော်ကြီး ဒကာများ ရိုက်ကြရာ၊ အရှေ့ကျောင်းဘက်မှ လူပေါင်းငါးဆယ်ခန့် ဒဏ်ရာရရှိ၍ အနောက်ကျောင်းဘက်မှ သူငယ်တစ်ယောက်သာ ပွန်းပဲ့သွားသည်ဟု သိရှိရကြောင်း။ အနောက်ကျောင်းဘက်မှ ပါဝင်ရိုက်နှက်သူများသည် မြန်မာအမျိုးသား ဦးပြုံးချိုပိုင် ၀ါးရင်းတုတ်ကုမ္ပဏီမှ ရှားနှစ်တုတ်များကို အသုံးပြုကြသည်ဟု သိရှိရကြောင်း။'

ထိုကဲ့သို့ သတင်းမျိုးကို သတင်းစာများက ထည့်သွင်းဖော်ပြပေးရာ ၀ါးရင်းတုတ်ကုမ္ပဏီကြီးသည် တဖြည်းဖြည်း နာမည်ကြီးလာလေသည်။ နာမည်ကြီးလာသည့်အားလျော်စွာ ၀ါးရင်းတုတ်ဆိုင်ကြီးတွင်လည်း ၀ယ်သူတွေနှင့် တိုးမပေါက်အောင် စည်ကားလာလေရာ ဦးပြုံးချိုသည် အလုပ်သမားပေါင်း မြောက်မြားစွာနှင့် အလုပ်ကို တိုးချဲ့လုပ်ကိုင်ရလေသည်။

ဦးပြုံးချိုသည် သူ့အခန်းကလေးတွင် အထူးအလုပ်များလျက်ရှိသည်။ အပြင်တွင်လည်း ၀ါးရင်းတုတ်ဝယ်ယူသူတွေနှင့် ပြည့်နှက်လျက်ရှိသည်။ သူတို့ စကားပြောသံတွေကလည်း ဆူညံလျက်ရှိသည်။

လူငယ်တယောက်သည် ဖိနပ်သံပြင်းပြင်းနှင့် ဦးပြုံးချို အခန်းတွင်းသို့ ၀င်လာလေသည်။
"ဦးပြုံးချို ဆိုတာ ခင်ဗျားလား" လူငယ်က ခပ်ဆတ်ဆတ် မေးလေ၏။
"ဟုတ်ပါတယ်" ဦးပြုံးချိုက ခပ်အေးအေး ဖြေ၏။
"ကျုပ်တို့ တပ်ဖွဲ့အတွက် ၀ါးရင်းတုတ် ၅၀၀ လိုချင်တယ်"
"ရပါစေ့မယ်"
"ဘယ်ဈေးလဲ"
"တစ်ချောင်း နှစ်ကျပ်၊ ငါးရာဆိုတော့ ၁၀၀၀"
"ကောင်းပါပြီ၊ ဒီလမကုန်ခင် လိုချင်တယ်"
"ရပါစေ့မယ်"
လူငယ်သည် စရန်ပေးပြီးနောက် ထွက်သွား၏။

သူငယ်မတစ်ယောက် လုံချည်တိုတို အင်္ကျီလက်မောင်းပင့်လျက် ၀င်လာပြန်သည်။
"ခုတင်က ဟိုလူ ၀ါးရင်းတုတ် ဘယ်လောက် မှာသွားသလဲ"
"ငါးရာ" ဦးပြုံးချိုက ဖြေ၏။
"ကျွန်မတို့ အမျိုးသမီးတပ်ဖွဲ့အတွက် ၁၅၀၀ မှာချင်တယ်။ ရှားနှစ်တုတ်၊ အရင်းတုတ်တုတ် လိုချင်တယ်"
"ကောင်းပါပြီ၊ ရပါစေ့မယ်။ တစ်ချောင်းကို သုံးကျပ်ကျမယ်"
"ကိစ္စမရှိပါဘူး၊ လုပ်ထားပါ၊ ရော့ စရန်ငွေ တစ်ထောင်"

မိန်းမပျိုထွက်သွားပြီးနောက် ပုလိပ်အရာရှိတစ်ယောက် ၀င်လာပြန်လေ၏။
"ဦးပြုံးချိုဆိုတာ ဦး လား"
"မှန်ပါတယ်"
"ကျွန်တော်တို့ ပုလိပ်အဖွဲ့ကြီးအတွက် အနံနှစ်တောင်၊ အရင်း နှစ်လက်မ၊ အဖျား တစ်လက်မခွဲရှိတဲ့ ပျဉ်းကတိုးသားတုတ် လိုချင်ပါတယ်"
"ဘယ်လောက်ယူမလဲ"
"သုံးထောင်"
"ပျဉ်းကတိုးသားက ရှားတယ်၊ ဒီတော့ ဈေးနည်းနည်းကြီးလိမ့်မယ်"
"အမိန့်ရှိပါဦး"
"တစ်ချောင်း ငါးကျပ်"
"လုပ်သာလုပ်ပါ၊ ကျွန်တော်တို့မယ် ရန်ပုံငွေ တောင့်ပါတယ်"
"မောင်တို့မယ် နံပါတ်တုတ်တွေ ရှိသားပဲ"
"အဲဒါတွေက တိုတယ်။ လက်ဆ မကောင်းဘူး။ ကျွန်တော်တို့ဟာ တကယ့်လွတ်လပ်ရေးကို အမိအရတိုက်နေတဲ့ လူထုပုလိပ်တွေပါ။ ဒီလို လွတ်လပ်ရေးလမ်းကြောင်းမယ် အနှောင့်အယှက်လုပ်တဲ့လူတွေ အဲဒီ ပျဉ်းကတိုးသားတုတ်နဲ့ နှက်ရမှာပဲ"

သူ ထွက်သွားပြီးနောက် လူငယ်တစ်ယောက် ၀င်လာကာ အလျားလေးတောင်ရှိ ၀ါးရင်းတုတ်စစ်များကို လာမှာပြန်သည်။ ထိပ်တွင် သံချွန်များ တပ်ပေးရန်ကိုလည်း တိုးတိုးညွှန်ကြားလေသည်။

ဦးပြုံးချိုသည် အထူးဝမ်းသာလျက် ရှိတော့သည်။ မှာထားသော ၀ါးရင်းတုတ်များကိုလည်း ရက်ချိန်းတွင် အဆင်သင့်ဖြစ်ရန် အထူးကြိုးပမ်းလျက် တပည့်လက်သား စုံလင်စွာနှင့် လုပ်ကိုင်လျက်ရှိသည်။ ချိန်းရက်တွင် ၀ါးရင်းတုတ်အသီးသီးကို သက်ဆိုင်ရာ အသင်းအဖွဲ့များသို့ အပ်လိုက်ပြီးသော် ရရှိသော ငွေပေါင်း မြောက်မြားစွာတို့ကို ဘဏ်တိုက်သို့ အပ်နှံရန် ကားကြီးကို ကိုယ်တိုင်မောင်း၍ ထွက်လာစဉ် အတွင်းဝန်ရုံးအနီးသို့ ရောက်လာသောအခါ ဆူညံသော အသံများကို ကြားရလေသည်။ သူသည် လမ်းထောင့်တခုတွင် ကားကိုရပ်၍ အရိပ်အခြည်ကို ကြည့်နေစဉ် လက်ဝဲဘက်မှ အလံပေါင်းမြောက်မြားစွာကို လွှင့်ထူ၍ ချီတက်လာသော လူထုကြီးကို တွေ့ရလေသည်။ သူတို့သည် ကြွေးကြော်သံအမျိုးမျိုးကို အော်ဟစ်လာကြလေသည်။

ထိုစဉ်တွင် လက်ယာဘက်မှ ချီတက်လာသော အလားတူ လူထုကြီးကို တွေ့မြင်ရပြန်သည်။ သူတို့လည်း အလံအမျိုးမျိုးကို လွှင့်ထူ၍ ကြွေးကြော်သံအမျိုးမျိုးကို ဟစ်ကြွေးလာကြလေသည်။ ကြည့်နေစဉ်ပင် တပ်ဦးနှစ်ခု ဆုံမိကြရာ နှစ်ဖက်သောလူထုသည် ဆူညံသောအသံများကို ပြုကာ တဖက်နှင့် တဖက် ရိုက်ကြလေတော့သည်။ သူတို့လက်ထဲတွင် ပါလာသော ၀ါးရင်းတုတ်အမျိုးမျိုးတို့နှင့် တစ်ဦးကိုတစ်ဦး အသနားအညှာတာ ကင်းမဲ့စွာ ဦးခေါင်းများကို ရိုက်ခွဲကြကုန်သည်။ မောင်ပြုံးချိုသည် မိမိဆိုင်မှ ၀ါးရင်းတုတ်တို့၏ စွမ်းရည်ကို အကဲခပ်ကြည့်ရှူနေစဉ် ဖြောင်ဖြောင်မြည်သော အသံတို့သည် ပဲ့တင်ထပ်လျက် မြေပေါ်တွင် သွေးရဲရဲ သံရဲရဲနှင့် အတုံးအရုံး လဲကြကုန်သည်။

"ဟင် ဘယ့်နှယ်ပါလိမ့်။ နှစ်ဖက်စလုံးက 'လွတ်လပ်ရေး၊ လွတ်လပ်ရေး' နဲ့ အော်နေတယ်။ အော်နေတာချင်းတူလျက်နဲ့ ဘာပြုလို့ ရိုက်နေကြပါလိမ့်"
သူ့အနားတွင် ရပ်နေသော အမယ်အိုကြီး တစ်ယောက်က ညည်းညူလေသည်။

ဦးပြုံးချိုသည် သူ့ကို လှည့်ကြည့်၍ မျက်နှာလွှဲလိုက်ကာ ရိုက်ပွဲကိုပင် ကြည့်မြဲ ကြည့်နေပြန်လေသည်။ ထိုကဲ့သို့ တဖြောင်းဖြောင်း ရိုက်နေကြစဉ် ပုလိပ်တို့သည် အလျှိုအလျှို ထွက်ပေါ်လာကြပြန်ကာ နှစ်ဖက်သော လူထုကြီးကို ပျဉ်းကတိုးတုတ်နှင့် ရိုက်ခွဲကြပြန်လေသည်။

လူထုကြီးကလည်း ပြန်လှန်ခုခံကြရာ ပုလိပ်ရော လူထုပါ ထွေးလုံးရစ်ပတ်လျက် အတုံးအရုံး လဲကုန်ကြလေသည်။ မောင်ပြုံးချိုလည်း အထိတ်တလန့်ဖြစ်ကာ ကားပေါ်မှ ဆင်း၍ အနီးမှ အမယ်အိုကြီးကို သတိရသဖြင့် လှည့်ကြည့်ရာ သူသည် ထိပ်ကွဲ၍ လဲနေသည်ကို တွေ့ရလေသည်။ သူသာမက မောင်ပြုံးချိုအနားရှိ လူအပေါင်းတို့သည် တစ်ယောက်မကျန် ထိပ်အက်လျက် ပက်လက်တမျိုး မှောက်လျက်တဖုံ သွေးအိုင်ထဲတွင် လဲနေကြသည်ကို တွေ့ရလေ၏။ မောင်ပြုံးချိုသည် အနီးအနား ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ အထူးတုန်လှုပ်ချောက်ချားသွားလေသည်။ မကြာသေးမီက အသံကုန်အော်ဟစ်နေသူအပေါင်းသည် ၀ါးရင်းတုတ်ကိုယ်စီနှင့် အတုံးအရုံး လဲနေကြလေသည်။ ပတ်ဝန်းကျင်တခုလုံးသည် လူသေတို့ စွန့်ပစ်ရာ သုသာန်တစပြင်ကြီးနှင့် တူနေလေသည်။ သူသည် ငွေထုပ်ကြီးကို ပိုက်ကာ တွေဝေလျက်ရှိစဉ် လေယာဉ်အုပ်ကြီး ပျံသန်းလာသကဲ့သို့ အသံများကို ခပ်သဲ့သဲ့မျှ ကြားရလေရာ ငွေထုပ်ကြီးကို ပစ်ချကာ မြောင်းထဲသို့ ဆင်း၍ ၀ပ်နေလေသည်။ သူကြားနေရသော အသံများသည် တစတစ နီးကပ်လာလေရာ ကျယ်ကျယ်၍ လာလေသည်။ နောက်ဆုံး၌ မောင်ပြုံးချို၏ ဦးခေါင်းထက်သို့ ရောက်ရှိလာလျက် '၀ုန်း ၀ုန်း' ဟူသော အသံများကို ကြားရလေရာ ဗုံးချနေပြီဟု အောက်မေ့ကာ မျက်နှာမဖော်ရဲအောင် ရှိလေသည်။ အတန်ကြာသောအခါ အသံငြိမ်သွား၍ အမှတ်တမဲ့ ကြည့်လိုက်ရာ လေယာဉ်ပျံများကိုကား မမြင်ရ။ သိန်းသန်းမက မရေတွက်နိုင်သော လင်းတအပေါင်းတို့သည် အတုံးအရုံး လဲနေကြသည့်ခန္ဓာကိုယ်တို့ပေါ်တွင် ရပ်နားထိုးဆိတ်နေကြသည်ကို တွေ့မြင်ရလေသည်။ ထိုအခါကျမှ သူကြားရသော အသံကား လင်းတတို့၏ အတောင်ပံသံဖြစ်၍ '၀ုန်း ၀ုန်း' ဟူသော အသံကား မြေသို့ ထိုးဆင်းချသော အသံဖြစ်ကြောင်းကို သိရှိရလေသည်။

သူသည် ထိုနေရာမှ "ကမ္ဘာကြီး ပျက်စီးတော့မည်။ ကမ္ဘာကြီး ပျက်စီးတော့မည်" ဟု လောကဗြူဟာ နတ်သားကဲ့သို့ အသံကုန် ကြွေးကြော်ရင်း တဟုန်ထိုး ပြေးလေတော့သည်။ တစ်လမ်းလုံး ၀ါးရင်းတုတ်ဒဏ်ရာနှင့် ဟက်တက်ပြဲကာ ခန္ဓာကြွေနေကြကုန်သော အာဇာနည်အပေါင်းကိုပင် ဦးညွှတ်ကာ အရိုအသေ မပြုနိုင်တော့ဘဲ ခုန်ကျော်ပြေးလွှားနေလေသည်။ သူသည် အမောဆိုက်မတတ် မရပ်မနား ပြေးလွှားနေသော်လည်း လမ်းပေါ်တွင် အဖော်ဟူ၍ တစ်ယောက်မျှ မတွေ့ရကား စိတ်အားငယ်လာလေသည်။ ၀ါးရင်းတုတ်ဒဏ်ရာဖြင့် တစ်မျိုးလုံးပင် ပြုတ်ပြုတ်ပြုန်းကုန်ပြီလော။ တစ်မျိုးလုံးပင် လင်းတတို့၏ အစာ ဖြစ်ကုန်ပြီလော။ သူသည် သည်းတုန်အူတုန် ယူကျုံးမရ ဖြစ်လာလေသည်။ ထိုအချိန်တွင် လမ်းဘေးတိုက်ကြားထဲမှ လူတစ်ယောက်သည် အလံကြီးကိုကိုင်၍ ထွက်လာကာ မောင်ပြုံးချိုအား အလံတိုင် ၀ါးရင်းတုတ်နှင့် တအားလွှဲရိုက်လိုက်ရာ ရှောင်ကောင်းသဖြင့်သာ ထိပ်မကွဲဘဲ ပခုံးကို ထိလေသည်။

***

"အမယ်လေးဗျ" မောင်ပြုံးချိုသည် အလန့်တကြား အော်မိလေသည်။
"ဘယ့်နှယ် ဖြစ်နေတာလဲ။ ညနေကြီး အိပ်နေလိုက်တာ ထပါ။ ရေချိုးပြီးရင် ထမင်းစားကြမယ်"
မောင်ပြုံးချို၏ ဇနီးသည် ပခုံးကိုပုတ်၍ နှိုးလေသည်။ ထိုအခါကျမှ မောင်ပြုံးချိုသည် သတင်းစာတွေ တပုံကြီး ပေါင်ပေါ်တင်လျက် အိပ်ပျော်နေရာမှ ကယောင်ကတမ်း ထကာ ရေချိုးခန်းရှိရာသို့ လှမ်းလေသည်။

သူသည် ခပ်သွက်သွက် ရေချိုးပြီးလျှင် ထမင်းပွဲရှိရာသို့ ရောက်လာလေသည်။

ထမင်းပွဲတွင်ကား ခဲဖွယ်ဘောဇဉ်တို့ကို သူမမြင်နိုင်။ အိပ်မက်ထဲမှ ၀ါးရင်းတုတ်များ၊ ထိပ်ဟက်တက်ကွဲများနှင့် လင်းတများကိုသာ မြင်ယောင်နေတော့သည်။

စင်စစ်အားဖြင့် မောင်ပြုံးချိုသည် အလုပ်မှထွက်၍ ၀ါးရင်းတုတ်ဆိုင်လည်း မတည်ထောင်ရသေးပါ။ အချင်းချင်းလည်း အိပ်မက်ထဲမှာကဲ့သို့ အကြီးအကျယ် မရိုက်သတ်ကြသေးပါ။ ဂိဇ္ဈကုတ်တောင်မှ သိန်းသန်းမက မြားမြောင်လှစွာသော လင်းတအပေါင်းတို့လည်း တို့မြန်မာများ၏ အသားအသွေး အူသည်းအစုံတို့ စားသုံးသောက်မျိုရန် မရောက်လာကြသေးပါ။

မန်းတင်
[ဂျာနယ်ကျော် ၁၉၄၇ ဖေဖော်ဝါရီ]

---------------------------------------------------

ဝတ္ထုတိုပါအကြောင်းအရာကတော့ လွတ်လပ်ရေးမရခင်၊ ရခါနီးအချိန်လောက်က အခြေအနေပါ။ လွတ်လပ်ရေးရခါစနဲ့ ရပြီး နှစ်ပေါင်း ၆၀ ကျော်အကြာမှာလည်း ဒီဝတ္ထုတိုလေးနဲ့ ထပ်တူညီပဲနော်။
ကြွေးကြော်သံအချို့ကိုသာ ပြောင်းလဲထည့်လိုက်ရုံ။ ခုထိ ခေတ်မီနေသေးတဲ့ ၀တ္ထုတိုလေးလို့ ဆိုရမှာပေါ့။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။


စိတ်ပျက်ခြင်းများစွာဖြင့်
s0wha1

ဆရာ မန်းတင်ရဲ့ မြို့ပိုင်မောင်ပြုံးချို ၀တ္ထုတို ပေါင်းချုပ်ထဲမှ ကူးယူ ဖော်ပြသည်။

Print this post

9 comments:

little moon said...

အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ ဆရာမန်းတင်၏ အချို့ စာများကို ဖတ်ဖူးသော်လည်း ယခု ၀ထ္ထုတိုလေးကို မဖတ်ဖူးပါ။

s0wha1 said...

ဟုတ်ကဲ့ ကိုlittle moon, ဒီတိုင်း kick ရတာ အားမရလို့ အွန်လိုင်းပေါ်မှာရော၊ ဘလော့ဂ်တွေပေါ်မှာရော ဘက်ချင်းတူလျက်နဲ့ (ထင်တာပဲ) အချင်းချင်း ဆော်ပလော်တီးနေတာ မြင်ရ၊ ကြားရတော့ ဒီဝတ္ထုလေးနဲ့ အဲကိုက်ပဲဆိုပြီး တင်မိတာ။;)
ကိုယ်တိုင်ကတော့ အေးဆေးပဲ နေတော့မယ်။ ၀ါးရင်းတုတ်ဆိုင် ဖွင့်ရင်တောင် ကောင်းမလား စဉ်းစားနေတာ။:D

MyowinZaw said...

ကောင်းလိုက်တဲ့ဝတ္ထု ရှာဖွေတင်ပြပေးတဲ့အတွက် ကျေးဇူးပါ

Ko Paw said...

ညီမ ဆိုးဝှပ်ရေ...

လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်တုန်းက စကားဝိုင်းတခုမှာ ကျနော်မေးခွန်းတခုကို မေးဘူးပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအောင်မြင်ဘို့ရာမှာ အများအကျိုးဆောင်တဲ့လူတွေ ပိုလိုအပ်သလား၊ ဒါမှမဟုတ် ကိုယ့်အခွင့်အရေးကို ဆတ်ဆတ်ထိမခံ ကာကွယ်လိုသူတွေ ပိုလိုအပ်သလားဆိုတဲ့ မေးခွန်းကိုပါ။ အများစုက ၀ိုင်းရယ်ကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့အဆိုအရ “ရှင်းနေတာဘဲ။ အများအကျိုးကို ဆောင်တဲ့လူ ပိုလိုတာပေါ့၊ မေးနေရသေးလား” ဆိုတာပါဘဲ။ ဒါပေမယ့် အဲသည်ထဲက နှစ်ယောက်သုံးယောက်ကတော့ ကိုယ့်အခွင့်အရေးကို ထိပါးလာရင် ဆတ်ဆတ်ထိမခံ ကာကွယ်ရမယ် ဆိုတဲ့အတွေးအခေါ်ကို လက်ခံကြတယ်။

ဒီကနေ့ပြန်ကြည့်ရင် အများအကျိုးဆောင်မယ်ဆိုတဲ့လူတွေဟာ ဒီကနေ့ နောက်ကို အသာပြန်လျှိုသွားပြီ။ ကိုယ့်အခွင့်အရေးကို ထိပါးလာရင် ဆတ်ဆတ်ထိမခံ ကာကွယ်မယ်ဆိုတဲ့ လူနှစ်ယောက်သုံးယောက်ကတော့ အခုအချိန်အထိ ဘယ်လိုအခက်အခဲ ကြုံကြုံ စိတ်မပျက်ဘဲ ကြံ့ကြံ့ခံပြီး သူ့တို့ရည်မှန်းချက်လမ်းကြောင်းအတိုင်း ဆက်လျှောက်နေတုန်း။

ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကျနော်စဉ်းစားကြည့်မိတယ်။

ပထမတချက်က အများအကျိုးဆောင်ချင်တယ်ဆိုတဲ့ လူတွေဟာ ယုံကြည်ချက်တခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတာမရှိတဲ့အတွက် သူတို့ရဲ့ ဆောင်ရွက်ချက် မအောင်မြင်တဲ့အခါ အလွယ်တကူ နောက်ဆုတ်ချင်တယ်။ အကျိုးရလဒ်ကို ကြည့်ပြီး လုပ်ချင်တယ်။ ချက်ချင်း လက်ငင်း ရလဒ်ကို မမြင်ရရင် အလွယ်တကူ အားလျော့တတ်တယ်။

သူများက သူတို့လုပ်ရပ်ကို ဝေဖန်လာတဲ့အခါမျိုးမှာ ငါက အများအတွက် လုပ်ပေးနေတာကို သူတို့က ဝေဖန်သေးတယ်၊ လုပ်နေလည်း အလကားပါဘဲ ဆိုတဲ့ စိတ်မျိုး ၀င်လာတယ်။ နောက်ပြီးတော့ ကိုယ်က ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကို ကျောင်းပေးနေရတာဘဲ၊ ကိုယ်လုပ်နိုင်သလောက်ဘဲ လုပ်မှာပေါ့...ဆိုတဲ့ စိတ်မျိုးထားလေ့ရှိတာကို တွေ့ရတယ်။ နောက်ဆုံး ကြောက်စရာအကောင်းဆုံးကတော့ သူက အများအကျိုးဆောင်တယ်ဆိုပြီး လုပ်ငန်းစဉ်ကို သေချာသဘောပေါက်နားမလည်တဲ့အခါ သူ့လုပ်ရပ်ကိုယ်တိုင်က သူတပါးအခွင့်အရေးကို ထိပါးတဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်မျိုးဖြစ်နေတတ်တာကို တွေ့ရပါတယ်။
ကိုယ့်အခွင့်အရေးကို ထိပါးလာရင် ဆတ်ဆတ်ထိမခံဘူးဆိုတဲ့လူကကျတော့ ခုနက လူမျိုးနဲ့မတူဘူး။ သူ့အခွင့်အရေးကို တိုက်ရိုက်မထိပါးလာသေးရင်တောင် သူများကိုထိပါးလာတာမြင်ရင် တချိန်မှာ ငါ့ကိုလည်း ထိပါးလာမှာဘဲလို့ သိမြင်တဲ့အတွက် ကြိုးစားကာကွယ်ပေးတတ်တယ်။ သူ့မှာ ယုံကြည်ချက်နဲ့ အလုပ်လုပ်တဲ့အတွက် တော်ရုံတန်ရုံ စိတ်ပျက်အားလျော့ခြင်းမရှိတတ်ဘူး။ ဇွဲလုံ့လအပြည့်နဲ့ လုပ်တတ်တယ်။ လတ်တလော သူ့တသက်တာမှာ အောင်မြင်မှုရလဒ်မမြင်ရစေဦးတော့ သူ့ယုံကြည်ချက် သက်သက်အတွက် စိတ်မပျက်ဘဲ အလုပ်လုပ်တယ်။ ကျနော်တို့ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတိတိ ပါရမီဖြည့်ခဲ့တဲ့ ကျနော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓကို အတုယူသင့်ပါတယ်။

မြန်မာပြည် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေစဉ်အတွင်းမှာလည်း အယူအဆပေါင်းစုံ၊ ပဋိပက္ခပေါင်းစုံကို ကျော်ဖြတ်ရမှာ မုချဘဲ။ ဒီလိုကာလမျိုးက ကျနော်တို့တင် ကြုံရတာမဟုတ်။ အခု ဒီမိုကရေစီဘိုးအေကြီးလို့ ခေါ်ဆိုရမယ့် အမေရိကားနဲ့ ဥရောပမှာလည်း ဒီလိုကာလမျိုးကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာပါဘဲ။

ကျနော်တို့ဟာ အဲသည်လို အမြင်မတူမှုတွေ၊ အယူအဆပေါင်းစုံကို လက်သင့်ခံနိုင်ဘို့အရေးကြီးတယ်။ အယူအဆတွေ ထိပ်တိုက်တွေ့တဲ့အခါမျိုးမှာ အပြင်းအထန် ငြင်းခုန်ကြတာလည်း ဓမ္မတာဘဲ။ အဲဒါကို ကြောက်ရွံ့ပြီး ရှောင်လွှဲလို့မရဘူး။ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာ ငြင်းခုန်နေသရွေ့ အဲဒါဟာ ဒီမိုကရေစီဘဲ။ တသွေးတသံတမိန့်ဟာ အာဏာရှင်စနစ်မှာဘဲ လုပ်လို့ရတယ်။ ဒီမိုကရေစီမှာ အဲသည်လို တသွေးတသံတမိန့် လုပ်လို့မရဘူး။ အားလုံး အယူအဆတခုတည်းကိုဘဲ တချိန်လုံးကိုင်စွဲထားတယ်ဆိုရင် အဲသည်လူ့အဖွဲ့အစည်းမှာ တခုခုတော့ မှားယွင်းနေပြီ။ တိုးတက်မှုမရှိတဲ့ လူ့အဖွဲ့အစည်းလို့တောင် ဆိုနိုင်ပါတယ်။ အကောင်းဆုံးအတွေးအခေါ်၊ အယူအဆ ဆိုတာ မတူညီတဲ့ အယူအဆပေါင်းစုံထဲမှာ ယှဉ်ပြိုင်ပြီး နောက်ဆုံး ဆန်ကာတင်ကျန်ရစ်တဲ့အတွေးအခေါ်မျိုးပါ။

အဲ...တခုတော့ ရှိတာပေါ့လေ။ အယူအဆ မတူညီတာကို လွတ်လပ်စွာ ငြင်းခုံရုံနဲ့ မပြီးဘဲ တဖက်သားကို လက်နက်အားကိုး၊ အာဏာအားကိုး၊ ငွေကြေးအားကိုး နဲ့ ကန့်သတ်ချုပ်ချယ်လာပြီဆိုရင်တော့ အဲဒါဟာ ဒီမိုကရေစီရဲ့ နိဂုံး၊ လွတ်လပ်ခြင်းရဲ့ နိဂုံး၊ တိုးတက်ခြင်းရဲ့ နိဂုံးဘဲ။ အဲဒီအနေအထားကို မြန်မာစစ်အစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်တဲ့နေရာမှာ၊ ရုရှားအစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်ရာမှာ၊ ဇင်ဘာဘွေအစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်တဲ့နေရာမှာ၊ စင်္ကာပူအစိုးရက အတိုက်အခံတွေကို နှိပ်ကွပ်တဲ့နေရာမှာ အထင်အရှားတွေ့မြင်ရတယ်။

ကျနော်တို့ဟာ မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ အယူအဆတွေ၊ နောက်ပြီး ၄င်းတို့ အချင်းချင်းအကြား ဆွေးနွေးငြင်းခုန်ကြတဲ့ ပဋိပက္ခတွေကို ခံနိုင်ရည်ရှိရပါမယ်။ အဲဒါတွေကို ခံနိုင်ရည်မရှိသရွေ့တော့ ဒီမိုကရေစီကို ကျနော်တို့ လိုချင်တယ်လို့ ကြွေးကြော်နေတာဟာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်း အမမှန်းမသိသလို ဖြစ်နေပါလိမ့်မယ်။ ကျနော်တို့ဟာ ကျနော်တို့နဲ့ ဆန့်ကျင်ဘက်အတွေးအခေါ်ရှိသူတွေကို တူညီတဲ့ အခွင့်အရေးတွေ (Level playground) ကို ပေးနိုင်ဘို့အထိ ရင့်ကျက်ပါမှ ဒီမိုကရေစီရဲ့ အနှစ်သာရကို ခံစားရပါမယ်။

ဒီတော့ ကျနော်တို့လိုချင်တာ ဒီမိုကရေစီစနစ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ လွတ်လပ်မှုရဲ့ အနှစ်သာရမှာ တကယ့်ကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲနဲ့ နှစ်ဝင်ပြီး လုပ်ကြတာပေါ့။ ဗုဒ္ဓဘာသာမှာတော့ ယုံကြည်မှုဆိုတာ သဒ္ဒါဘဲ။ ယုံကြည်မှုအားကောင်းရင် ဘယ်အခက်အခဲဆိုရင် ကျော်လွှားနိုင်မယ်။ ယုံကြည်မှုအားနည်းရင် အလွယ်တကူ အားပျက်လွယ်မယ်။

ကျနော်တို့မှာ ကျော်လွှားစရာတွေ အများကြီးကျန်ပါသေးတယ်။ ကိုယ့်အခွင့်အရေးတွေနဲ့ လွတ်လပ်မှုအတွက် ရှေ့ဆက်တိုက်ပွဲဝင်နိုင်ဘို့ ကျနော်တို့ရဲ့ ယုံကြည်ချက်ကို ခိုင်မာအောင် တည်ဆောက်ကြပါစို့။ အနှစ်နှစ်ဆယ်ကျော်သည့်တိုင် အလံမလှဲဘဲ ဇွဲသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်နေတဲ့ ဘဘဦးဝင်းတင်တို့ အန်တီစုတို့ကို ကျနော်တို့ အတုယူကြစို့လား။ သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့စာရင် ကျနော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲဟာ ခြင်ကိုက်ဖုလောက်ဘဲ ရှိပါတယ်။ ကျနော်တို့ သူတို့ကို ချစ်ရင် ဘယ်လိုဘဲ အခက်အခဲ အတားအဆီးနဲ့ ကြုံကြုံ စိတ်မပျက်တမ်း ဇွဲအပြည့်နဲ့ ရှေ့ဆက်ကြပါစို့လား။

သစ္စာဖြင့်
ကိုပေါ

s0wha1 said...

ကိုပေါရေ... ကိုပေါ comment အတွက် ကျေးဇူးပါ။ ကိုပေါပြောတဲ့စကားအတိုင်း စိတ်ပျက်နေတဲ့ အပေါင်းအသင်းတွေကိုလည်း ပြန်ပြောပြနိုင်တာပေါ့။

("သူများက သူတို့လုပ်ရပ်ကို ဝေဖန်လာတဲ့အခါမျိုးမှာ ငါက အများအတွက် လုပ်ပေးနေတာကို သူတို့က ဝေဖန်သေးတယ်၊ လုပ်နေလည်း အလကားပါဘဲ ဆိုတဲ့ စိတ်မျိုး ၀င်လာတယ်။ နောက်ပြီးတော့ ကိုယ်က ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကို ကျောင်းပေးနေရတာဘဲ၊ ကိုယ်လုပ်နိုင်သလောက်ဘဲ လုပ်မှာပေါ့...ဆိုတဲ့ စိတ်မျိုးထားလေ့ရှိတာကို တွေ့ရတယ်။") အဲဒီလို စိတ်ဝင်လာကြတာတော့ အမှန်ပါပဲ။

("ကျနော်တို့ဟာ မတူညီတဲ့ အတွေးအခေါ်တွေ၊ မတူညီတဲ့ အယူအဆတွေ၊ နောက်ပြီး ၄င်းတို့ အချင်းချင်းအကြား ဆွေးနွေးငြင်းခုန်ကြတဲ့ ပဋိပက္ခတွေကို ခံနိုင်ရည်ရှိရပါမယ်။ အဲဒါတွေကို ခံနိုင်ရည်မရှိသရွေ့တော့ ဒီမိုကရေစီကို ကျနော်တို့ လိုချင်တယ်လို့ ကြွေးကြော်နေတာဟာ ကိုယ်စီးတဲ့မြင်းကို အထီးမှန်း အမမှန်းမသိသလို ဖြစ်နေပါလိမ့်မယ်။")ဒီမိုကရေစီစနစ်မှာ မတူညီတဲ့ အတွေးအခေါ်၊ အယူအဆတွေနဲ့ လွတ်လပ်စွာ ပေါင်းစည်းထားတယ်လို့ ယူဆထားတဲ့အတွက် မတူညီတာတွေ ဆွေးနွေးငြင်းခုန်ရုံနဲ့တော့ စိတ်ပျက်၊ စိတ်ကုန်စရာ မရှိပါဘူး။ အဲလို အယူအဆ၊ ယုံကြည်ချက်တွေ ငြင်းခုန်နေတာကမှ တော်သေးတယ်။ ဒါမဲ့ ဟိုလူကတော့ ဘာ၊ ဒီလူကတော့ ဘယ်လို ပရော့ဂျက်တွေနဲ့ လိမ်လည် စားသောက်တာနဲ့ ငယ်ကျိုးငယ်နာတွေ ပြောကြဆိုကြ။ ဘယ်သူပြောတာ ယုံလို့ ယုံရမှန်းမသိနဲ့။ အဲလိုမျိုးတွေ တိုက်ကြ၊ ခိုက်ကြတာကိုကျ ဘယ်လိုမှ သည်းမခံနိုင်အောင် စိတ်ပျက်မိပါတယ် ကိုပေါရေ။ ကိုပေါရော ဘယ်လို မှတ်ချက်ပေးမလဲ။

Ko Paw said...

မဆိုးဝှပ်ရေ...

အင်း....ပရောဂျက်နဲ့ ခွက်စောင်းခုတ်သူတွေအကြောင်းတော့....မဆိုးဝှပ်နည်းတူ ကျနော်လည်း စိတ်ပျက်မိပါတယ်.....ဟီး။း-)

ဒါပေမယ့် အတိုက်အခံတွေဟာ နယ်စပ်မှာ (သို့မဟုတ်) တတိယနိုင်ငံမှာ အချိန်ပြည့်နိုင်ငံရေးကို ဆက်လက်လှုပ်ရှားတယ်ဆိုရင် သူ့ဘ၀ ရပ်တည်မှုအတွက် ပရော့ဂျက်အပါအ၀င် တချို့သော ငွေကြေးအကူအညီ ရယူမှုတွေအပေါ်မှာ ကျနော့်အနေနဲ့ နားလည်ပေးလို့ရပါသေးတယ်။ သူတို့ဟာ ပရော့ဂျက်ကို လုပ်နေတဲ့တချိန်တည်းမှာဘဲ မူလရည်မှန်းချက်ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီအရေးတွက် တစိုက်မတ်မတ်လုပ်နေဆဲ၊ ဒါမှမဟုတ် ပရော့ဂျက် ကိုယ်တိုင်ကိုယ်က မြန်မာ့ဒီမိုကရေစီအရေးအတွက် အထောက်အကူဖြစ်တဲ့ ပရော့ဂျက်တွေဖြစ်နေခဲ့ရင် ကျနော်တို့အနေနဲ့ အားပေးဘို့ အဆင်သင့်ရှိပါတယ်။

ဒါပေမယ့် ခုနင်ကပြောသလို မြန်မာ့ဒီမိုကရေစီအရေးကို ခုတုံးလုပ်ပြီး လုပ်စားနေသူတွေကိုတော့ အသည်းထဲ နှလုံးထဲကပါ အော့နှလုံးနာလှပါတယ်။ အဲလိုလူစားတွေ အများကြီးလည်း ကြုံဘူးပါတယ်။ သူတို့ကတော့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဘဲ ဆုတောင်းနေမှာပေါ့လေ။

ဒါပေမယ့်လည်း လူတိုင်းဟာ ကိုယ့်သမိုင်းကိုယ် ရေးကြမှာမို့ သူတို့ဘာလုပ်လုပ် ကိုယ်လုပ်စရာရှိတာကိုဘဲ ကျနော်တို့ လုပ်ကြစို့လား။

ခင်မင်စွာဖြင့်
ကိုပေါ။

s0wha1 said...

ကိုပေါရေ...
မှတ်သားလောက်ပါတယ်။ ဒါပေမဲ့ အရေခွံထူဖို့တော့ လိုမယ်နော်။
ဟုတ်ပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးကြတာလို့ပဲ စိတ်လျှော့လိုက်ရတော့မှာပေါ့။ ကြေးမုံဦးသောင်ရဲ့ သရော်စာတွေ ဖတ်မိရင် ပိုဆိုးတယ်။

dare2fight said...

Yo Yo !!

The comments of Ko Paw is a really nice comment and should be read by all.

I suggest you make post Ko Paw's comment as seperate post as some of the people rarly read comments.

Thanks,

s0wha1 said...

ကောင်းပါပြီ။ ကိုပေါဆီက ခွင့်ပြုချက် တောင်းလိုက်ဦးမယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*