ဘလော့ဂ်ဆိုတာ ကြားဖူးနေတာ ကြာပါပြီ... ဒါပေမဲ့ ကျွန်မ လုံးဝ စိတ်မ၀င်စားခဲ့ဘူး... Friendster ထဲမှာ လူတွေ ဘလော့ဂ်ကြတာကို နှစ်နဲ့ ချီပြီး မြင်ခဲ့၊ ကြားခဲ့ပေမဲ့ ကျွန်မ ပျင်းလို့ ဘယ်သူ့ ဘလော့ဂ်မှ သွားမဖတ်ခဲ့ပါဘူး... စာဖတ်ရတာ ၀ါသနာပါပေမဲ့ ကျွန်မကတော့ ဒီလို အင်တာနက်မှာကွန်ပျူတာကြီးနဲ့ ထိုင်ဖတ်နေရတာတော့ ဘယ်လိုမှ ခံစားလို့ မရဘူး... အေးအေးလူလူနဲ့ ကိုယ့်အိပ်ရာပေါ်မှာပဲ သက်တောင့်သက်သာနေပြီး စာဖတ်ရတာပဲကြိုက်တယ်... အဲ့ဒီတော့ ကျွန်မစိတ်ဝင်စားတဲ့ သတင်းဂျာနယ်တွေကို သွားဖတ်တာကလွဲရင် အင်တာနက်မှာ စာဖတ်တာရှားတယ်...
အရင်ဆုံး ကျွန်မ စဖတ်ဖြစ်တဲ့ ဘလော့ဂ်ကတော့ မမေဓာဝီ ရဲ့ "တကယ်ချစ်တယ်ဆိုရင်"ဆိုတဲ့ ပို့စ်လေးပါ... မလေးရှားက သူငယ်ချင်း တစ်ယောက်က ကျွန်မဖတ်ဖို့ ဒုတိယအကြိမ် လင့်ခ်ပေးလို့ သူ့ကို အားနာပြီး သွားဖတ်ဖြစ်တယ်... ဖတ်ပြီးတဲ့အချိန်မှာတော့ စောစောစီးစီး လာမဖတ်မိလေခြင်းဆိုပြီး ကျွန်မ နောင်တရမိပါတယ်... ဒါနဲ့ မမေဘလော့ဂ် မှာ တင်ထားသမျှ ပို့စ်တွေ ကျွန်မ ဖတ်ပါတော့တယ်... August, September လောက်ထဲက မမေ ရေးထားတဲ့စာတွေကို December ကျမှ အမှီ လိုက်ဖတ်ရတာ လွယ်တော့မလွယ်ပါဘူး... ဒါပေမဲ့ တခုခုကို စိတ်ဝင်စားရင် မထတမ်း ပြီးအောင် လုပ်တတ်တဲ့ ကျွန်မအကျင့်အတိုင်း အချိန်ရတိုင်း ဖတ်၊ ကွန်ပျူတာမှာ မဖတ်ချင်ရင် ပရင့်ထုတ်ပြီး ဖတ်နဲ့ လုပ်လိုက်တာ နှစ်ရက်၊ သုံးရက်လောက်နဲ့ စာတွေ အကုန်ဖတ်ပြီးသွားတယ်...
မမေစာတွေ ဖတ်စရာကုန်တာနဲ့ ကျွန်မ ဘာဆက်လုပ်လဲဆိုတော့ မမေရဲ့ဘလော့ဂ်မှာရှိတဲ့ (အဲ့ဒီတုန်းက) တခုတည်းသော ဘလော့ဂ်လင့်ခ် ဖြစ်တဲ့ ကိုကြီးကလိုစေးထူး ဘလော့ဂ်ကို ဆက်ဖတ်ပါတယ်... နောက်ဆုံးတော့ မမေနဲ့ ကိုကြီးစာတွေ အကုန်ဖတ်ပြီးသွားချိန်မှာ ကျွန်မ စိတ်ထဲ သူတို့နဲ့ တော်တော်ရင်းနှီးသလို ခံစားရတယ်... အဲ့ဒီချိန်ထိ သူတို့ ဘလော့ဂ်တွေမှာ ကွန်မန့်ရေးတာတွေ၊ စီဘောက်မှာ နှုတ်ဆက်တာတွေ ကျွန်မ မလုပ်ခဲ့ဘူး... ကျွန်မကိုယ်၌က စာသာဖတ်ချင်ပြီး စာမှမရေးချင်ခဲ့တာ... စာမရေးချင်ဘူးဆိုတာကလည်း မရေးတတ်လို့ မရေးချင်တာပါ... တခြားအကြောင်းတော့မရှိပါဘူး...
ဒီလိုနဲ့ တရက်မှာတော့ အကြောင်းတခုကိုပြောရင်း ကိုကြီးစေးထူးနဲ့ Gtalk မှာ chat ဖြစ်ပြီး ခင်သွားတယ်... ကိုကြီးနဲ့ စကားပြောဖြစ်လို့ ရက်ပိုင်းပဲ ကွာတယ်... မမေနဲ့လည်း စကားပြောဖြစ်သွားတယ်...ကျွန်မအတွက်ကတော့ သူတို့စာတွေ ဖတ်ရင်း သူတို့ကို စိတ်ထဲက သိနေတော့ အချိန်တိုအတွင်း ခင်မင်ဖြစ်တာ မထူးဆန်းပါဘူး... တကယ်ဆို ကျွန်မတို့ စကားစပြောဖူးတာ တစ်လကျော်ကျော်လောက်ပဲ ရှိပါသေးတယ်... ဒါပေမဲ့ ကျွန်မကတော့ သူတို့ကို အရမ်းချစ်တယ်...
လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာတော့ ကိုကြီးစေးထူးက ကျွန်မကို ဘလော့ဂ်ရေးဖို့ တိုက်တွန်းပါတယ်... အမှန်တော့ မြှောက်ပေးတာပေါ့လေ... အဲ့ဒီချိန်ထိ ဘလော့ဂ်လုပ်ဖို့ ကျွန်မ စိတ်မ၀င်စားသေးပါဘူး... ကိုယ့်ကိုယ်ကို စာရေးမကောင်းမှန်းသိလို့ပါ... နောက်တော့ ဘလော့ဂ်လုပ်ဖို့ ဒုတိယအကြိမ် ကိုကြီးက ထပ်ပြောပြန်ပါတယ်... အဲ့ဒီချိန်မှာတော့ ကျွန်မ ဘလော့ဂ်လုပ်ချင်စိတ်ပေါက်လာပြီ... ဒါနဲ့ ကိုကြီး မြှောက်ပေးတဲ့အကြောင်းကို မမေကို ကျွန်မ ပြောပြတော့ လုပ်ပေါ့လို့ မမေက ပြောတယ်... ဒါပေမဲ့ ကျွန်မ မစဖြစ်သေးပါဘူး...
ဟိုရက်ကတော့ ကျွန်မတို့ ငယ်စဉ် အဖေတာဝန်ကျလို့ ၁၀နှစ်နီးပါးနေခဲ့ဖူးတဲ့ နယ်စပ်က တိုင်းရင်းသားတွေအကြောင်း မမေကို ပြောပြဖြစ်တယ်... သောကြာသမီး ကျွန်မရဲ့ ရေပက်မ၀င်ပြောနေတဲ့ စကားတွေကို နားငြီးလို့ပဲလား။ အဲ မဟုတ်သေးဘူး ဖတ်ရတာ မူးလာလို့ပဲလားတော့ မပြောတတ်ဘူး... မမေက ညီမလေးရဲ့ ဒီအကြောင်းတွေကို ဘလော့ဂ်ရေးသင့်တယ်လို့ တိုက်တွန်းတာလား၊ မြှောက်ပေးတာလားမသိ ပြောပါတော့တယ်... ဒီအချိန်မှာတော့ ဟုတ်ပြီ၊ ငါသိထားတဲ့ နယ်စပ်က လူတွေရဲ့ဘ၀တွေကို မသိသေးတဲ့လူတွေ သိအောင်နဲ့ တခြား ကိုယ်ရေးချင်တာလေးတွေ ရေးမယ်ဆိုပြီး စိတ်ကူးရလာတယ်... ဒါနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဘလော့ဂ်အတွက် Register လုပ်လိုက်ပါတယ်... ဒါပေမဲ့ ပျင်းနေတာနဲ့ ဘလော့ဂ်နာမည်သာရှိပြီး ဘာစာမှ မရေးဖြစ်ပါဘူး... ခုတော့ တိုက်တိုက်ဆိုင်ဆိုင် ဒီပဲယင်း ၄ နှစ်ပြည့်လည်းဖြစ်၊ နယုန်လပြည့်နေ့လည်းဖြစ်တဲ့ ဒီနေ့ မေလ ၃၀ရက်မှာ ကျွန်မ ဘလော့ဂ်ရေးခြင်းကို စတင်လိုက်ပါပြီ...
ကောင်းကောင်း၊ ဆိုးဆိုး အပြုသဘောဆန်တဲ့ ဝေဖန်၊ အကြံပေးခြင်းများကို ကြိုဆိုလျက်...
s0wha1
5 comments:
ညီမလေးရေ …
ဘလော့လောကထဲကို ရောက်လာတဲ့ ညီမလေးကို ၀မ်းသာစွာ ကြိုဆိုပါတယ်။
စရေးပြီဆိုတော့ အမြဲဆက်ရေးနိုင်အောင် ကြိုးစားနော်။
ကောက်ရိုးမီး မလုပ်နဲ့။
နေ့တိုင်းမရေးနိုင်ရင်တောင် တပတ် ၂ ပုဒ်၊ ၃ ပုဒ်လောက် တင်ပေါ့။
မမေ အမြဲအားပေးနေပါမယ်။
ချစ်တဲ့
မမေ
ဘလော့ဂါ အသစ်လေးကို ကြိုဆိုပါတယ်ဗျို့။ တခုတော့ ရှိတယ်။ ဘလော့ဂ်ဆိုတာ ရေးပြီးရင် အပျင်းမထူရဘူး။ သူများရေးတာကိုလည်း ဖတ်ရမယ်။ ကိုယ်ကိုယ်တိုင်လဲ ရေးရမယ်။ ဘယ်ရမလဲကွာ။ ဆရာကြီးလုပ်မယ်ကွ။ ဟဲဟဲ။
ကိုစေးထူးကတော့ ဘလော့ဂါမှန်ရင် ဖတ်ပြီးတဲ့ ပို့စ်တွေကို ကွန်မင့်ရေးသင့်တယ်တဲ့သမီးရဲ့။
အန်တီလဲ သမီးလိုပဲ..အရင်ကတည်းက ဘလော့တွေ လိုက်ဖတ်ပေမဲ့
ကွန်မင့်လဲ မရေး.. ဆီဗုံးမှာလဲ မအော်..
ခု.. ကိုယ်တိုင်ဘလော့ရေးတော့မှ..
အဲဒါလေးတွေဟာ စိတ်ခွန်အားပဲလို့ သိလာတာ..
ပို့စ်တွေ ကြိုးစားတင်နော်..
အန်တီကတော့ ခု..
စားလဲ ဘလော့စိတ်ကွယ်.. သွားလဲ ဒီစိတ်ကွယ်..ဆိုတာလို ဖြစ်နေပြီ။
ဘလော့ကိုမှ ချစ်မိနေပါပြီပေါ့..
ချစ်သော.. အန်တီမေငြိမ်း
လာလည်သွားပါတယ်ခင်ဗျာ... အသစ်တွေဖတ်ဖို့လည်း လာလည်ပါဦးမယ်...
Comments တွေ လာရေးပေးတဲ့ မမေ၊ ကိုကြီးစေးထူးနဲ့ အန်တီမေငြိမ်းတို့ကို ကျေးဇူးတင်ပါတယ်နော်...
ကျွန်မ ဘလော့ဂ်ကို လာလည်ပြီး ကွန်မန့် ရေးသွားတဲ့ ကိုမိုးညိုကိုလည်း ကျေးဇူးတင်ပါတယ်ရှင်...
Post a Comment