Sunday, November 16, 2008

ဖတ်မိသမျှ စာအချို့ (၂)



ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်တချို့ကစာတွေ ကောက်နှုတ်ဖော်ပြမယ်ဆိုပြီး ၂၀၀၇၊ ဇွန်လက ဖတ်မိသမျှ စာအချို့ကို တခါပဲ ရေးဖြစ်ပြီး ထပ်မရေးဖြစ်ခဲ့ဘူး။ ရေးမယ်၊ ရေးမယ်နဲ့ စိတ်ထဲမှာသာရေးနေပြီး ဘလော့ဂ်မှာတော့ တကယ်မရေးဘဲ အပျင်းတက်နေတာက များနေတာကိုး။ ဒီတခါတော့ ခုတလော ဖတ်ဖြစ်တဲ့ စာအုပ်လေးတွေအကြောင်း နည်းနည်းရေးချင်တယ်။

******* ***** *** ***** *******


ဆရာ ဇ၀နရဲ့ "ကောလိပ်ဂျင်"၀တ္ထုနဲ့ ရုပ်ရှင်က နာမည်ကြီးဆိုတော့ လူတိုင်းသိမှာပါ။ ကျွန်မကတော့ ခုမှ ဖတ်ဖူးတယ်။ ရုပ်ရှင်ကိုလည်း သေချာ မမှတ်မိတော့ပါဘူး။ မင်းသား ကောလိပ်ဂျင်နေ၀င်း တိုက်ပုံအမည်း၊ ထီးကောက်ရှည်နဲ့ သရုပ်ဆောင်ခဲ့တဲ့ကားဆိုရင်တော့ ကျွန်မ ငယ်ငယ်က ကြည့်ဖူးခဲ့ပါတယ်။ ဆရာဇ၀နရဲ့ ၀တ္ထုတွေ ကျွန်မ သိပ်မဖတ်ဖူးသလိုပါပဲ။ ဆိုးပေ ၀တ္ထုတွေလောက်ပဲ ဖတ်ဖူးတယ်ထင်ပါတယ်။


ဆရာကြီးရွှေဥဒေါင်း ၀တ္ထုတွေကိုတော့ ကျွန်မ တော်တော်များများ ဖတ်ဖူးခဲ့တယ်။ ကျွန်မတို့ အိမ်နားရှိ စာအုပ်အငှားဆိုင်က စာအုပ်စင်မှာ ရွှေဥဒေါင်း စာအုပ်တွေကြီးပဲ နေရာများများယူထားတော့ အဲဒီဆိုင်ကျေးဇူးနဲ့ ဖတ်ဖြစ်ခဲ့တာပါ။ ဆရာကြီးရဲ့ ဘာသာပြန်စာအုပ်တွေထဲက "သွေးစုပ်မြေ"ကတော့ ဖတ်ပြီးတိုင်း အိပ်မပျော်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ စုံထောက်ဦးစံရှား ၀တ္ထုတို အနည်းငယ်ပဲ ဖတ်ဖူးပါတယ်။ ဒီနေ့မှ "စုံထောက်ဦးစံရှားပေါင်းချုပ်"စာအုပ် တစ်အုပ်ရလို့ ဖတ်နေတုန်း ရှိသေးတယ်။

ခု ဆရာကြီး ရွှေဥဒေါင်းရေးတဲ့ "အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်း"အကြောင်း စာအုပ်ထဲမှာတော့ သမ္မတ လင်ကွန်းအကြောင်း၊ အမေရိကန် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်တွေအကြောင်း၊ မြောက်ပိုင်းသားတို့ရဲ့ပါတီ ရီပတ်ဘလီကင်နဲ့ တောင်ပိုင်းသားတို့ရဲ့ ဒီမိုကရက်ပါတီတို့ ရွေးကောက်ပွဲအတွက် တရားဆွယ် စကားရည်လုပွဲတွေအကြောင်း အနည်းငယ်လည်း ပါသေးတယ်။ မြောက်ပိုင်းသားဖြစ်တဲ့ သမ္မတလင်ကွန်းက အလွန်ကြင်နာ သနားတတ်သူဖြစ်ကြောင်း မှတ်သားလိုက်ရတယ်။ ဒါကြောင့်လည်း လူလူချင်း အသားအရောင် ကွဲပြားမှုကြောင့် အခိုင်းအစေကျွန်အဖြစ် သတ်မှတ်ခံထားရတဲ့ အဖိနှိပ်ခံ လူမည်းတွေဘက်က ရပ်တည်ခဲ့တာ မအံ့ဩတော့ပါဘူး။ လူမပြောနဲ့ တိရိစ္ဆာန်လေးတွေကိုတောင် ညှာတာသနားတတ်တဲ့ သမ္မတကြီးဟာ သူ့တိုင်းပြည် နှစ်ခြမ်းမကွဲအောင် ကြိုးစားရင်း အောင်မြင်လုခင်၊ ပြည်တွင်းစစ်အပြီးမှာပဲ လုပ်ကြံခံရလို့ သေဆုံးခဲ့ရပါတယ်။ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ကျွန်မတော့ ဒီစာအုပ်ဖတ်ရင်း ဗိုလ်ချုပ်အောင်ဆန်းကို သတိရမိတယ်။


ဒါကတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ၀တ္ထုတိုပေါင်းချုပ်ပါ။ အဲဒီထဲမှာ "ကစားတိုင်းနိုင်တဲ့နည်း"ဆိုတဲ့ ၀တ္ထုတိုထဲက စာအချို့ ကောက်နှုတ်ချင်တယ်။ ဗဟုသုတပေါ့။

"အလောင်းအစား လုပ်တဲ့အခါမှာ စိတ်ရှုပ်စရာအကြောင်း တစုံတခုရှိလျက်နဲ့ လာပြီးကစားသည်ဖြစ်စေ၊ ရှုံးလျှင် ဒုက္ခရောက်မယ်ဆိုတဲ့ ငွေပူမျိုးနဲ့ လာပြီးကစားသည်ဖြစ်စေ၊ မနိုင်လျှင် မဖြစ်ဘူး၊ နိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်ထားမျိုးနဲ့ လာပြီး ကစားသည်ဖြစ်စေ အဲဒီလိုလူမျိုးဟာ ရှုံးရှုံးသွားတာချည်း တွေ့ရတယ်တဲ့။ ဒီအကြောင်းကို သိတော့ ဦးစိန်ဟုတ်က ဘယ်လိုလုပ်သလဲဆိုရင် ဒီကနေ့ လာကစားကြတဲ့ လူတွေအနက် ဘယ်လူဟာ အထက်ပါ 'ရှုံးစိတ်' မျိုး ထားနေသလဲဆိုတာကို သိရအောင် ရှေးဦးစွာ စုံစမ်းသတဲ့။ သဘောအမျိုးမျိုးထားပြီး လူအမျိုးမျိုး လာကစားကြပေမယ့် လူတွေအားလုံးအနက်မှာ 'ရှုံးစိတ်' မျိုးထားတဲ့ လူတယောက်တလေတော့ ပါတာချည်းပဲတဲ့။ ဒီလိုစိတ်မျိုးထားပြီး ကစားတဲ့ ကစားသမားတစ်ယောက်လောက် တွေ့ရသည်နှင့်တပြိုက်နက် ဦးစိန်ဟုတ်က အဲဒီလူနဲ့ ဆန့်ကျင်ဘက် ထိုးပြီး ကစားသတဲ့။ အဲဒါကြောင့်လည်း သူက ကစားသမားတွေအားလုံး ထိုးပြီးလောက်မှ ကပ်ထိုးတာလေ။ နောက်ဆုံးမှာ ဟိုလူလည်း ပြောင်ရော၊ သူလည်း ပွရောတဲ့။"

"ကျုပ်ကစားပြီး ကျုပ်က နိုင်တော့ သူ့စနစ်ဟာ မှားရော ဟုတ်လား။"

"မှားတာက သူ့စနစ်မှားတာ မဟုတ်ဘူး။ တွက်ကိန်းမစုံလို့တဲ့။ ဘယ်လိုလဲဆိုတော့ ရှင်ဧကန္တ ရှုံးရမယ်ဆိုပြီး ရှင်နဲ့ ဆန့်ကျင်ဘက် သူကစားရော။ နို့ပေမဲ့ ရှင်က ကျွန်မနဲ့ ဗောတံတားပေါ်မှာ ပြောခဲ့တဲ့စကားအတွက်ကြောင့် ဟဒယရွှင်ပြုံးပြီး ထိုးတိုင်း တိုက်နေတော့တာကိုးရှင့်။ လူတစ်ယောက်ဟာ ဟဒယနှလုံး အထူးသဖြင့် ရွှင်ပြုံးပြီး ခုန်ချင်သလို၊ ပေါက်ချင်သလို ဖြစ်နေတဲ့အခါမှာ ကစားလျှင်လည်း နိုင်တတ်တယ်တဲ့ရှင်။ ရှင်နဲ့ ကျွန်မတို့အကြောင်း သူက မသိရလေတော့ ရှင်နဲ့ ဆန့်ကျင်ဘက် ကစားမိတာ။ ရှင်နိုင်ပြီး သူရှုံးသွားတော့တာကိုး။"

ကျွန်မကတော့ အဲဒါကို လက်ခံတယ်။ ဥပမာ ထီထိုးလို့ ထီပေါက်ရင်လည်း ခုလို သဘောတရားတွေ ပါတယ်လို့ ထင်တယ်။ ပူဆွေးသောက ရောက်နေတဲ့သူတွေ ထီပေါက်တာ မတွေ့ရသလို၊ ငါ ထီပေါက်မယ်ကွလို့ ထင်နေတဲ့သူတွေမှာ ထီပေါက်တာ မတွေ့ရဘူး။ အမှုမဲ့ အမှတ်မဲ့ ထီထိုးရင်ပဲဖြစ်ဖြစ်၊ (ဒီပုံအတိုင်းဆို ချမ်းသာတဲ့သူတွေပဲ ထီပေါက်နိုင်တယ်ဆိုပေမဲ့) ဆင်းရဲသော်လည်း စိတ်ညစ်စရာ မရှိတဲ့သူတွေပဲဖြစ်ဖြစ် ထီပေါက်တတ်တာ များတယ်။ ဘောလုံးပွဲတွေ အလောင်းအစားလုပ်နေတဲ့သူတွေအတွက် သတိချပ်သင့်တာလေး အမှတ်တရ ရေးလိုက်တာပါ။ :P


ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းရေးတဲ့ "အောင်သန်း၏ အောင်ဆန်း" စာအုပ်ကို ပြီးခဲ့တဲ့ နှစ်ဆန်း မြန်မာပြည်ပြန်တုန်းက အဝေးပြေးကားဂိတ်မှာ လွယ်အိတ်လေးတွေနဲ့ စာအုပ်လိုက်ရောင်းတဲ့ လူတစ်ယောက်ဆီက ၄၀၀၀ နဲ့ ၀ယ်ခဲ့တာ။ အဲဒီစာအုပ်ဝယ်တုန်းက အမှတ်ရမိတာ တခုကတော့ စာအုပ်ကို "ဘယ်လောက်လဲ"လို့ မေးတာ အဲဒီလူက ကျွန်မအရမ်းလိုချင်နေမှန်းသိတော့ လက်လေးချောင်ထောင်ပြပြီး "ရှားပါးစာအုပ်၊ ဘယ်မှာမှ ရှာမရနိုင်ဘူး၊ ၀ယ်နိုင်မှ ၀ယ်ပါ"ဆိုပြီး ပြောတယ်။ အဲဒီလို ကားဂိတ်မှာ စာအုပ်သည်တွေ လိုက်ရောင်းနေတာ သုံးအုပ်မှ ၁၀၀၀လောက်ပဲ ရှိတာမို့ ကျွန်မတို့က ၄၀၀ ထင်ပြီး တန်းယူလိုက်တာပေါ့။ နောက်မှ ၄၀၀၀ တဲ့။ ဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတော်တော်များများ ပါတယ်။ တချို့ကို ကျွန်မဘလော့ဂ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ ဆိုပြီး အပိုင်း ၅ ပိုင်း ခွဲပြီး တင်ခဲ့ဖူးတယ်။ နောက်ပိုင်းတော့ ပျင်းလို့ ဆက်မတင်ဖြစ်ဘူး။


လူထုဦးလှရဲ့
ထောင်နှင့်လူသား စာအုပ်က ဦးလှ ရန်ကုန်အကျဉ်းထောင်ထဲမှာ ၃ နှစ်၊ ၃ လ၊ ၇ရက် နေခဲ့ရစဉ်က ထောင်ကျအချို့ရဲ့အကြောင်းကို ရေးထားတာပါ။ တချို့ထောင်ကျတွေက ပြစ်မှုမကျူးလွန်ဘဲ မတရားသဖြင့် ရောက်လာကြတာတွေလည်း ပါတယ်။ ဘ၀တွေက တော်တော်စုံသလို၊ လောကကြီးမှာ ဒီလို အဖြစ်အပျက်တွေလည်း ရှိပါသေးလားလို့တွေးမိတယ်။ အဲဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်တို့ကို လုပ်ကြံတဲ့ထဲပါတဲ့ ကိုသုခအကြောင်းကို ရေးထားတာလည်း တွေ့ပါတယ်။ ၁၉ ဇူလိုင် ၁၉၄၇ နိုင်ငံတော်လုပ်ကြံမှု ဆိုပြီး တင်ခဲ့ဖူးပါတယ်။ အပိုင်း ၁ ကနေ ၆ ထိ ခွဲတင်ထားတဲ့ အဲဒီပို့စ်ကို သွားဖတ်လို့ရပါတယ်။။


စိုးမြိုင် (မြန်မာပြန်)ရဲ့ ရှားလော့ဟုမ်း စုံထောက်ဝတ္ထု ဘာသာပြန်ပါ။ ဘာသာပြန်စာအုပ်တွေ၊ စုံထောက်ဝတ္ထုတွေ သဘောကျတဲ့ ကျွန်မအကြိုက်ပါပဲ။


ဆရာမောင်သိန်းလွင် ဘာသာပြန်တဲ့ ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ ကမ္ဘာကျော် ၀တ္ထုဖြစ်တဲ့ "စစ်နှင့် ငြိမ်းချမ်းရေး" စာအုပ်ပါ။ အဲဒီစာအုပ်ကို ကျွန်မ ခုမှ ဖတ်ဖူးပါတယ်။ နာမည်ပဲ ကြားဖူးနေတာ။ ဒီစာအုပ်က အနှစ်ချုပ် ဘာသာပြန်ထားတာလေးပါ။ တကယ့်မူရင်း အတွဲ ၁၂ တွဲတော့ ဖတ်ဖူးဖို့ နေနေသာသာ မြင်တောင် မမြင်ဖူးသေးပါဘူး။ ဂန္တ၀င်မြောက်တဲ့ ကမ္ဘာကျော် စာအုပ်ကို ဘာသာပြန်ဝတ္ထုတွေထဲက တစ်အုပ်အနေလောက်ပဲ ခံစားလို့ရတာ ကျွန်မ တော်တော်ညံ့လို့ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အနှစ်ချုပ်လေးပဲ ဖတ်ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


ဒီစာအုပ်ကတော့ အဆုံးထိ မဖတ်ဖြစ်ပါဘူး။ အထောက်တော်လှအောင်ရဲ့ တခြားစာအုပ်တွေတော့ မပြောတတ်ဘူး။ ဒီစာအုပ်ကတော့ ဖတ်လို့တော်တော်မကောင်းတဲ့ စာအုပ်ပါပဲ။ ၁၉၆၈ ခုနှစ်က ထုတ်ထားတဲ့ ရှားပါးစာအုပ်ဆိုပြီး ကျွန်မအမေလည်း ၀မ်းသာအားရ ၀ယ်လာတာ သူလည်း ဆုံးအောင် မဖတ်ဖြစ်ပါဘူး။ နီဂရိုးတော်လှန်ရေးအကြောင်းဆိုပေမဲ့ ဘာမှ
ဂဃနဏမဟုတ်တဲ့ အဓိပ္ပါယ်ခပ်ဆင်ဆင်စကားလုံးတွေပဲ ထပ်ကာထပ်ကာ ရေးထားတော့ ဖတ်ရတဲ့သူလည်း တခါလာလည်း ဒါ၊ တခါလာလည်း ဒါနဲ့ အီလည်အီလည် ဖြစ်လာတော့တာပါပဲ။ အဲဒါကြောင့်လည်း စာမျက်နှာက ၄၉၀ ရှိအောင်ထူပါတယ်။ ကျွန်မအထင် ဆရာ အထောက်တော်လှအောင်က သူရေးထားတာကို ပြန်ရော ဖတ်ပြီး စစ်ဆေးရဲ့လားမသိဘူးလို့ အတွေးဝင်မိလောက်အောင်ပါပဲ။ :D


ရွှင်လန်းချမ်းမြေ့ကြပါစေ
s0wha1

Print this post

3 comments:

လူလ said...

မင်္ဂလာပါ မs0wha1

လာဖတ်၏။
တော်တော် စုံတာပဲ။ ကျွန်နော် မဖတ်ဘူးသေးဘူး ဖတ်ချင်လိုက်တာ အင်တာနက်မှာ ရှာလို့ရသလား၊ သိရင် လက်တို့ပါလား

ရွှင်လန်းချမ်းမြေ့ပါစေ...

sin dan lar said...

ကောလိပ်ဂျင် တစ်အုပ်ပဲဖတ်ဖူးတယ်။
အောင်သန်း၏အောင်ဆန်းကို ဖတ်ချင်ပါတယ်။

s0wha1 said...

ကိုလူလ... အင်တာနက်မှာ ရ၊ မရတော့ ကျွန်မလည်း သေချာမသိဘူး။

မ sin dan lar... ဟုတ်။ စာအုပ်က နည်းနည်း ထူတယ်။:D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*