ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသက အဖြစ်အပျက်တွေ ဖတ်ပြီး အရမ်းဝမ်းနည်းရတယ်။ အဖွဲ့အစည်းကို ထိခိုက်မှာစိုးလို့ဆိုပြီး နှစ်ပေါင်း ၂၀ တိတိ ဖုံးကွယ်ထားရတဲ့၊ မသိကျိုးကျွံပြုနေရတဲ့ မတရားခံခဲ့ရသူများဘက်က အတိုင်းမသိ စိတ်မကောင်းဖြစ်ရသလို၊ ရက်ရက်စက်စက် နှိပ်စက် အသတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားများအတွက် ပိုလို့တောင် ၀မ်းနည်းရတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စကြီးက ဖုံးကွယ်မထားသင့်တော့ပါဘူး။ အမှန်တရားဟာ အမှန်တရားပါပဲ။
ဒီလိုအဖြစ်အပျက်ကြီးမှာ ကိုယ့် အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ မပါဘူးဆိုပေမယ့် သူတို့နဲ့ ထပ်တူ နာနာကျင်ကျင် ခံစားရတယ်။ အဲဒါကြောင့် ဒီအကြောင်းအရာတွေ ရေးသားဖော်ထုတ်ကြသူများရဲ့ စာတွေကို လူအများသိအောင်ရယ်၊ သမိုင်းမှတ်တမ်းတခု အဖြစ်ရယ် ရှိစေချင်တာကြောင့် ကျွန်မ ဘလော့ဂ်မှာ စုစည်း သိမ်းထားချင်မိတယ်။
ဒီဖြစ်ရပ်ဆိုးတွေကို ခုမှ သိ၊ ခုမှ ဖတ်ဖူးလို့ နှစ်ရက်၊ သုံးရက်လို့ အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ရတယ်။ ဒါတွေဟာ တကယ်ဖြစ်ခဲ့တာ မဟုတ်ဘဲ ၀တ္ထုဇာတ်လမ်း တခုအဖြစ်သာ ရှိနေရင် ဘယ်လောက်ကောင်းမလဲ။ ကိုထွန်းအောင်ကျော်ကိုလည်း ကိုမင်းကိုနိုင်တို့၊ ကို ကိုကိုကြီးတို့နားမှာပဲ တစုတစည်းတည်း တွေ့နိုင်ရင် ဘယ်လောက်ကောင်းမလဲလို့ ကျွန်မ ၀မ်းနည်းခြင်းမျာစွာနဲ့ စိတ်ကူးယဉ်မိပါတယ်။ စစ်ထောက်လှမ်းရေး သူလျှိုတွေလို့ မှားယွင်းစွာ (တမင်တကာ သိသိကြီးနဲ့လို့ ကျွန်မကတော့ ယူဆတယ်) အနှိပ်စက် အသတ်အဖြတ်ခံခဲ့ရသူ အားလုံးအတွက် ကျွန်မ ဘာမှ မလုပ်ပေးနိုင်ပေမယ့် ဒီအဖြစ်မှန်ကြီး လူအများသိအောင်တော့ ကြိုးစားသွားမယ်။
0 comments:
Post a Comment