Friday, February 29, 2008

ဆောင်းတည၀ယ်



"မောင်...
..........., ................"

"တော်ပြီ မ... မင်းကို ချစ်ရတာ မောင် အရမ်းစိတ်ရှုပ်ရတယ်။ မနဲ့ နီးစပ်ဖို့ မောင့်ဘ၀ကြီးတခုလုံးကို ပြောင်းလဲရဦးမယ်။ အရာရာ တစ်ကနေလည်း ပြန်စရမှာ။ ဒီကြားထဲ ခုလို ပြဿနာတွေက တမျိုး။ အဲဒီတော့ မောင်နဲ့ အသင့်တော်ဆုံး ကောင်မလေး တစ်ယောက်ကို ရှာပြီး မောင် ဒီမှာပဲ အေးဆေး နေတော့မယ်။"


ဘယ်က ကောင်မလေးလဲ... မောင့်စကားကို တအံ့တဩနဲ့ နားထောင်နေရင်း ကျွန်မအတွေးတွေမဆုံးခင် မောင်က တချက်ကြည့်ရုံနဲ့ အစစပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာမှန်း သိသာနိုင်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်ကို ကျွန်မရှေ့ ခေါ်လာခဲ့တယ်။

မောင့်ဘေးနားမှာ အချိန်တိုင်း ကျွန်မရှိနေလျက် ဘယ်တုန်းကများ ဒီကောင်မလေးနဲ့ မောင် ဆုံတွေ့နိုင်ခဲ့ကြပါလိမ့်။ ကျွန်မ မောင့်ကို မယုံနိုင်စွာ၊ ထူးဆန်းစွာ ပြီးတော့ နားမလည်နိုင်စွာနဲ့ ကြည့်နေခဲ့မယ် ထင်ပါရဲ့။ ဒါပေမဲ့ ကျွန်မ နှုတ်ကတော့ စကားတစ်ခွန်းမှ မောင့်ကို ပြန်မပြောခဲ့။ ရုတ်တရက် ဆွံ့အ သွားတာလား၊ ပြောစရာ စကားပဲ ရှာမတွေ့လို့လားဆိုတာတော့ ကျွန်မကိုယ်တိုင်လည်း မဝေခွဲတတ်။ သေချာတာက ကျွန်မ ရင်ထဲမှာ မခံမရပ်နိုင်လောက်အောင် ပူလောင်လာတယ်ဆိုတာပါပဲ။ ထို့အတူ ကျွန်မ ဘယ်ဘက် လက်ဖ၀ါးက လက္ခဏာလမ်းကြောင်းတွေကြားမှာ မီးကျီခဲလို ရဲတောက် ပူပြင်းနေတဲ့ ကြယ်နီ သဏ္ဍာန်တခု ပေါ်လာတယ်။ လက်ဖ၀ါးက ခြစ်ခြစ်တောက် ပူလှတဲ့ ခံစားချက်နဲ့အပြိုင် ရင်ထဲမှာလည်း ဘာမှမရှိတော့သလိုလို တဆစ်ဆစ် ပူလောင် နာကျင်နေလျက်...
ကျွန်မ ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေ တလိမ့်ချင်း ကျဆင်းလျက်...


ဘေးနားက လူတွေက ကျွန်မရဲ့ နီရဲပူခြစ်နေတဲ့ လက်ဖ၀ါးကို ကြည့်လို့... အဲဒီချိန် မောင်က ဘယ်လိုကနေ ဘယ်လို ကျွန်မဆီ ပြန်ရောက်လာမှန်းမသိ ကျွန်မ လက်ဖ၀ါးနှစ်ဘက်ကို ဆုပ်ကိုင်ပေးထားတယ်။ တစတစ ကျွန်မ ရင်ထဲက နာကျင်မှုများ၊ လက်ဖ၀ါးက မီးတောက်နေတဲ့ ကြယ်ပုံသဏ္ဍာန်တွေ အလိုလို ကွယ်ပျောက် သက်သာသွားတာကို ကျွန်မ ခံစားသိနေရင်း...
"မောင် ဘာလို့ ကျွန်မဆီ ပြန်လာတာလဲဟင်... မောင် ကျွန်မကို လိုအပ်နေသေးတယ်လား..."
မောင့်အဖြေစကားကတော့ ရှင်းတယ်။
"မ လက်ဖ၀ါးမှာတောင် ဒီလောက် ဆိုးဆိုးရွားရွား ဝေဒနာ ခံစားနေရရင် မ ရင်ထဲမှာ ဒီထက်မက ခံစားနေရမယ်ဆိုတာ မောင် သိလို့" တဲ့။
"ဟုတ်တယ်..."။
ကျွန်မ စိတ်ထဲကနေ မောင့်စကားကို ထောက်ခံမိတယ်။ ဒီခံစားချက်ကြီးကို ထပ်မကြုံချင်လောက်အောင် ကျွန်မ ကြောက်ရွံ့သွားတာ အမှန်။ ဘာဖြစ်ဖြစ် မောင် ကျွန်မဆီ ပြန်လာတယ် မဟုတ်လား။ ကျွန်မ ဘေးနားမှာ
မောင် မရှိတော့ဘူးဆိုရင်... အတွေးနဲ့အတူ ကျွန်မ ဘယ်ဘက် လက်ဖ၀ါးမှာ၊ ကျွန်မ ရင်ထဲမှာ ပူလောင်ပြင်းရှတဲ့ ဝေဒနာကို နောက်တကြိမ် ခံစားလိုက်ရတယ်။

***** ******* *****


ရင်ထဲက တဆစ်ဆစ် နာကျင်မှုနဲ့အတူ ရုတ်တရက် ကျွန်မ လန့်နိုးလာတယ်။ တကယ်တော့ ဒါဟာ အိပ်မက်တဲ့။ ပါးပြင်ပေါ်က မခြောက်သေးတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း အချိန်ကြည့်လိုက်တော့ မနက် ၇ နာရီ။ သာယာကြည်လင်တဲ့ ဒီလို နေ့တနေ့ အစမှာ ကျွန်မကို စိတ်နောက်ကျိစွာနဲ့ နိုးထလာစေတဲ့ အိပ်မက်မျိုး ကျွန်မ မက်ခဲ့တယ်။ ဘယ်လောက်ဆိုးရွားတဲ့ အိပ်မက်ပါလဲ။

ခုချိန်ထိ ဘယ်ဘက် လက်ဖ၀ါးပြင်ကို ကြည့်လိုက်တိုင်း ကျွန်မ ရင်ထဲမှာ အမျိုးအမည် မသိ ဝေဒနာ တမျိုး ခံစားရစေတဲ့ ဒီအိပ်မက်ကို ကျွန်မ မေ့ပစ်ချင်လိုက်တာ...

***** ******* *****

လူတိုင်း၊ လူတိုင်း အိပ်မက်ဆိုးများမှ ကင်းဝေးကြပါစေ။

s0wha1
၂၉၊ ဖေဖော်ဝါရီ၊ ၂၀၀၈


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

4 comments:

Unknown said...

မစိုးရေ....

အကြောင်းကြောင့် အကျိုးဖြစ်ကုန်၏တဲ့ ဒါပေမယ့် မတရားဘူးနော်.....
အိပ်မက်ဆိုးနဲ့ လမိုက်ညပေါ့တွေ....
ကင်းဝေးပါစေဗျာ.....

Unknown said...

a memorable journal for a leap year's leap day...very appropriate!

s0wha1 said...

1 Mar 08, 00:00
မေငြိမ်း: အိပ်မက်ဆိုတာ စွဲလန်းတာကို မက်တတ်တာ မျိုးပါ..။ စိတ်မပူပါနဲ့ သမီးရာ..။

s0wha1 said...

မောင်လေး ပြည့်စုံ တောင်းတဲ့ဆုနဲ့ ပြည့်မှာပါ...း)

ကိုmaung... တိုက်တိုက်ဆိုင်ဆိုင် ၂၉ ရက်နေ့မှာ ရေးဖြစ်သွားတယ်။ အမှန်တော့ သိလို့မဟုတ်ပါဘူး။ ခုမှ မိန်းကလေးတွေက လက်ထပ်ခွင့်တောင်းလို့ရတဲ့နေ့ဆိုတာ သိတယ်...:P

အန်တီငြိမ်းရေ ခုတော့ စိတ်ပူတော့ဘူး...:D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*