Thursday, February 7, 2008

သူငယ်ချင်းကို အကြောင်းပြု၍



ဒီနှစ်ပိုင်း ကျန်းမာရေး သိပ်မကောင်းသလိုပဲ။ ညဥ့်နက်မှ အိပ်ဖြစ်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း "ဒီညတော့ ငါ စောစော အိပ်မယ်... ည ၁၀ နာရီဆို အိပ်မယ်"လို့ အလုပ်မှာ အမြဲလို တွေးထားတတ်ပေမဲ့ အိမ်ပြန်ရောက်ရင်တော့ ဟိုလုပ်၊ ဒီလုပ်၊ ဟိုယောင်၊ ဒီယောင်နဲ့ ည ၁ နာရီမှ အစောဆုံး အိပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်း ဘယ်လိုမှ ဆုံးမလို့မရ။ ဒီလိုနဲ့ အမြဲလို သွေးအားနည်းနေတတ်ပြီး ထစ်ခနဲရှိ အအေးမိပြီး ဖျားချင်တတ်တာ အရင်ကထက်စာရင် ပိုများလာသလိုပဲ။ လူက နည်းနည်းလေးမှ အပင်ပန်းမခံနိုင်သလိုဖြစ်နေတယ်။ ဒါလည်း ခုချိန်ထိတော့ ကျွန်မ အမှတ်မရှိသေးပါဘူး။

ဟိုရက်က ကျွန်မရေးထားတဲ့ ကျွန်မသူငယ်ချင်း တစ်ယောက် ဒီကို ၁ ပတ်ဆိုပြီး အလည်လာတာ စလုံးက မြန်မာအများစု ပြည်တော်ကို အလည်ပြန်နေကြချိန်နဲ့ တိုက်နေတော့ သူ့မှာ လေယာဉ်ရက်ချိတ်လို့ မရ။ ဒါနဲ့ ၁ ပတ်ပဲ နေမယ် ဆိုတာကနေ ၂ ပတ်ထိ နေဖြစ်သွားတယ်။ ခု ဒီပို့စ် ကျွန်မ ရေးနေချိန်ထိ သူမပြန်ဖြစ်သေး။ လည်လို့ ပတ်လို့ ကောင်းနေတုန်းပင်။

အဲဒီသူငယ်ချင်းကလည်း တကယ်ကို ကမ္ဘာလှည့် ခရီးသွား လုပ်သင့်ပါတယ်။ သူ ဒီကို စရောက်ထဲက ၁ ရက်မှ မနားသေးသော်လည်း ရုံးဆင်းချိန်တွေမှသာ သူနဲ့အတူ လျှောက်သွားဖြစ်တဲ့ သူငယ်ချင်းတသိုက်ကတော့ ၂ ရက်၊ ၃ ရက် လောက်လည်း ဆက်တိုက် လျှောက်သွားမိရော အပင်ပန်းလွန်လို့ တစ်ယောက်ပြီး တစ်ယောက် ဖျားနာကြတာ ခုဆို ကျွန်မအလှည့်ပဲ ဆိုပါတော့။ သူကတော့ ပန်းပန်လျက်ပါပဲ။ ခုတောင် Sentosa ကို မဖျားသေးတဲ့ သူငယ်ချင်းတွေနဲ့ သွားလည်နေလေရဲ့။

လွန်ခဲ့တဲ့ ၁ ပတ်ကျော် တနင်္ဂနွေနေ့က ထိုင်းကနေ စလုံးကို သူ လာတယ်။ စ လာထဲက ဒင်းက အရာရာနဲ့ အကြောင်းကြောင်း။ စနေညဘက်မှာ အွန်လိုင်းကနေ သူ စင်္ကာပူအချိန် မနက် ၁၁း၁၅ ရောက်မယ်လို့ ဆိုတယ်။ သူ့သူငယ်ချင်းတွေက ည ၇ နာရီမှ အားကြမှာဖြစ်လို့ လာမကြိုနိုင်ကြပါ၍ Terminal 1 မှာ ဆက်ဆက် လာကြိုပါရန် ကျွန်မကို ပြောတယ်။ ကျွန်မဆိုတဲ့ ငတုံးကလည်း ဘန်ကောက် လေယာဉ်တွေကို မြန်မာလေယာဉ်တွေလို တနေ့မှ ၁ စီး၊ ၂ စီး လောက်ပဲ ခရီးစဉ်ရှိတယ် မှတ်လို့ လေယာဉ်နံပါတ်လည်း မမေးမိပါဘူး။ ညလည်း ၂ နာရီ ကျော်နေပြီဆိုတော့ အိပ်ချင်းမူးတူးနဲ့ အိုကေလို့ ပြောပြီး အိပ်လိုက်တယ်။

မနက်ကျတော့ မောင်လေးကို ခေါ်ပြီး လေဆိပ်သွားဖို့ ပြင်တာပေါ့။ လေဆိပ်မသွားခင် အိမ်က TV မှာ ဘန်ကောက် ခရီးစဉ်တွေ ကြည့်တော့မှ ကျွန်မ စိတ်လေသွားတယ်။ ဘန်ကောက် လေယာဉ်တွေက စင်္ကာပူ Changi Airport မှာ နာရီဝက် တခါ ဆိုက်နေတာပဲ။ အဲဒီထဲမှာ သူပြောတဲ့ နာရီအချိန်မှာ ဆိုက်မဲ့ လေယာဉ်တစင်းမှ မပါ။ ၁၀း၃၅၊ ၁၁း၀၀၊ ၁၁း၄၀၊ ၁၂း၂၀ စသဖြင့် သူပြောတဲ့အချိန် မဟုတ်တဲ့ ကြားချိန်တွေကြီးပဲ။ ဒါပေမဲ့လည်း သွားရမယ့် ၀တ္တရားက ရှိနေတော့ မနက်စာတောင် မစားနိုင်ဘဲ ၁၀ နာရီခွဲလောက် အိမ်က ထွက်ခဲ့တယ်။ သူ့သူငယ်ချင်းတွေ ပြန်ရောက်ချိန် ည ၇ နာရီထိ သူ့ကို ဘယ်ခေါ်သွားရမှန်းမသိ၊ လျှောက်လည်ရမှာလည်း အရမ်းပျင်းတာနဲ့ အိမ်ကိုပဲ ခေါ်လာတော့မယ်ဆိုပြီး အဖေနဲ့ အမေကို ထမင်းချက်ထားဖို့ မှာလိုက်မိသေးတယ်။

ဟိုရောက်တော့ ၁၁ နာရီကျော်လောက်ပေါ့။ မောင်နှမနှစ်ယောက် ဓာတ်ပုံလျှောက်ရိုက်ရင်း သူ ထွက်အလာကို စောင့်နေတယ်။ ၁၂ နာရီခွဲတဲ့ထိ အရိပ်အယောင်တောင် မမြင်ရဘူး။ မောင်လေးကလည်း ပွစိ၊ ပွစိ ပြောလှပြီ။ ဘယ်လေယာဉ်နဲ့ ပါလာမယ်မှန်းလည်း မသိ။ ညတုန်းက လေယာဉ်နံပါတ် မမေးမိတဲ့ ကိုယ့်ကိုယ်ကိုလည်း ဒေါပွနဲ့။ နောက်ဆုံးတော့ ၁၂း၅၀ ကျော်လောက်မှ ဒင်းကို ရိပ်ခနဲ တွေ့လိုက်တယ်။ ဒီတော့မှ ဟင်း ချနိုင်တုန်းရှိသေး။ သူ့ကို လာကြိုတာ ကိုယ် တစ်ယောက်ထဲ မဟုတ်ဘဲ သူ့ရဲ့ ယောက်ျားလေး သူငယ်ချင်း နှစ်ယောက်လည်း လာကြိုနေတာ တွေ့လိုက်တော့ ဟမ်... ပြောတော့ဖြင့် "လာကြိုမယ့်သူ မရှိဘူး။ နင် ပုံမပြောနဲ့နော်။ နင်လာမကြိုရင် ငါ့ခမျာ မျက်စိသူငယ်၊ နားသူငယ်လေးဖြစ်နေမှာ" ဆိုလို့ ဒင်းကို အိပ်ယာက
စောစောစီးစီး ထပြီး လာကြိုရ၊ အကြာကြီးလည်း စောင့်နေရတဲ့အရှိန်နဲ့ ပိတ်ကန်ချင်စိတ် ပေါက်သွားတယ်။

လူကို တွေ့ရလို့ ကျွန်မတို့အုပ်စု လေဆိပ်ကနေ ထွက်လာကြပြီ ထင်ကြရင်တော့ တက်တက်စင်အောင် မှားပါမယ်။ ဘာလို့လဲဆို Duty Free ဆိုင်ကနေ အရက် ၁ ပုလင်း သွားဝယ်ဖို့ သူ့သူငယ်ချင်းတွေက ပြောတာနဲ့ သွားပြေးဝယ်လိုက်သေးတယ်။ ပြီးတာနဲ့ သူ့အိတ်ကို ရှာနေတာ မပြီးတော့ဘူး။ အိတ်ရှာနေရင်း သူ့ပက်စ်ပို့ Duty Free ဆိုင်မှာ ကျန်ခဲ့တာကို သတိရသွားပြီး သွားပြေးရှာပြန်ပါတယ်။ ဆိုင်က ပက်စ်ပို့ကို တခြားတစ်ယောက်ကို မှားပေးသလိုလို ဘာလိုလို ပြန်ပြောတော့
မှန်ကြီးခြားထားတဲ့ သူရှိရာနေရာကိုလည်း ဘယ်သူမှ သွားလို့မရနဲ့ အကုန်လုံး ခေါင်းမီးတောက်ကုန်တယ်။ နောက်တော့ သူ အထဲမှာ တာဝန်ရှိ ၀န်ထမ်းတစ်ယောက်နဲ့ ဟိုလျှောက်သွား၊ ဒီလျှောက်သွားလုပ်နေတာ လှမ်းမြင်ရတယ်။

နည်းနည်းကြာတော့မှ အပြင်ဘက်က ခရီးသည်တွေကို အကူအညီပေးတဲ့ ကောင်တာမှာ သူ့ပက်စ်ပို့ ရောက်နေတယ်ဆိုတာ သိရတယ်။ ဒါနဲ့ အားလုံး စိတ်အေးသွားရပြီး သူလည်း သူ့အိတ် သူဆက်ရှာတယ်။ ကျွန်မလည်း ခုမှ တွေ့ဖူးတဲ့ သူ့သူငယ်ချင်းတွေနဲ့ လေပေါရင်း စောင့်နေကြတယ်။ သူ စင်္ကာပူကို စရောက်ထဲက အရာရာနဲ့ အကြောင်းကြောင်းလို့ ဆိုတဲ့အတိုင်း သူ့အိတ်က ဘန်ကောက်လေဆိပ်မှာ ကျန်ခဲ့ပါတယ်တဲ့။ လူတွေ၊ အိတ်တွေများလွန်းလို့ ကျန်ခဲ့တာလို့ လေယာဉ်ကုမ္ပဏီက ဆိုပါတယ်။ ညနေကျရင် အိမ်တိုင်ရာရောက် လာပို့ပေးမယ်လို့ ပြောတယ်။ အဲဒီတော့မှ သူလည်း ထွက်လာတော့တယ်။ ကောင်တာမှာ သူ့ပက်စ်ပို့ကို ရွေးယူပြီး City Hall ကို ထွက်လာကြတော့ ညနေ ၃ နာရီ ကျော်နေပါပြီ။

အဲဒီက အင်းလေးမှာ မနက်စာနဲ့ ညနေစာကို တပေါင်းထဲ စားကြရင်း သူနဲ့တွေ့ဖို့ စလုံးရောက်နေတဲ့ မှော်ဘီက သူငယ်ချင်းတွေကို လက်လှမ်းမှီသလောက် ဖုန်းဆက်ခေါ်ပေးလိုက်ပါတယ်။ ပြီးတာနဲ့ ကျွန်မ အိမ်ပြန်မယ်ဆိုတော့ "နင်က တခါတလေလည်း ငါ လာလည်တာကို..." လို့ စကားစလိုက်တာနဲ့ အိမ်ပြန်ပြီး အိပ်မယ့် ကျွန်မရဲ့ အစီအစဉ်ကလည်း အလိုလိုနေရင်း ပျက်သွားတယ်။ ဒါနဲ့ လူစုံအောင် စောင့်နေရင်း ကျွန်မ ညီမကိုပါ လှမ်းခေါ်လိုက်တယ်။ အဲဒီမှာတင် လျှောက်လိုက်ရတဲ့ လမ်းတွေဆိုတာ မပြောပါနဲ့တော့။ နယ်ခံ ကျွန်မတို့တတွေကလည်း ဒီကျဉ်းမြောင်းလှတဲ့ စင်္ကာပူက နေရာတွေကို အရမ်းကျွမ်းကျင်ကြတာဆိုတော့ တောင်သွားရင်၊ မြောက်ရောက်ပြီး အရှေ့သွားရင် အနောက်ရောက်ပါတယ်။ ဒီလိုနဲ့ ဖိနပ်အမြင့်ကြီး စီးပြီး ပဲများလာတဲ့ ကျွန်မ တော်တော် အထိနာသွားတယ်။ နောက်ဆုံး မြို့ထဲ လမ်းမတွေမှာ ဖိနပ်ချွတ်ပြီးတော့ကို လမ်းလျှောက်ရတော့တာပဲ။ ကျွန်မတို့ မောင်နှမ အိမ်ပြန်ရောက်တော့ ည ၂ နာရီ ကျော်။

လူက တော်တော်ကို ဟိုက်နေပြီ။ မနက်လည်း ၇ နာရီလောက် ထပြီး အလုပ်သွားရဦးမယ်ဆိုတော့ အိမ်ရောက်တာနဲ့ တန်းအိပ်ရတာပဲ။ မနက်ကျတော့ လူတကိုယ်လုံး ကိုက်ခဲလို့။ ဒါနဲ့ အလုပ်ထဲမှာ ငိုက်လိုက်၊ မှိန်းလိုက်နဲ့ ညနေ ၆ နာရီထိုးတော့ OT လည်း ဆက်မလုပ်တော့ဘဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ East Coast ကမ်းခြေဘက်ကို ထွက်လာခဲ့တယ်။ အဲဒီမှာလည်း အလုပ်ကနေ လာရတဲ့လူတွေက ချိန်းထားတဲ့ ညနေ ၆ နာရီခွဲမှာ ရောက်နေကြပေမယ့် ကိုယ်တော်ချောနဲ့ ကျွန်မမောင်လေးအုပ်စုကတော့ ရောက်မလာကြသေးပါဘူး။ လေတွေကတိုက်၊ မနေ့က ပင်ပန်းတဲ့အရှိန်နဲ့ ဖျားချင်သလိုလိုဖြစ်နေတဲ့ကြားထဲ သူတို့ကို ၁ နာရီခွဲလောက် စောင့်လိုက်ရတော့ သူ ရောက်လာတာနဲ့ စိတ်ဆိုးမယ်မှ မကြံရသေးဘူး "သူငယ်ချင်းကလည်း တခါတလေလေး ငါက လာလည်တာကို နင်က ငြိုငြင်တာလား" ဆိုတာနဲ့ အော်ငေါက်ချင်စိတ်ကို မြိုချလိုက်ရတယ်။ ကျွန်မတို့ သူငယ်ချင်းတတွေမှာ တခုခုဆို "နင်က ငြိုငြင်တာလား"လို့ ပြောလိုက်တာနဲ့ ဘယ်သူမှ စောဒကမတက်၊ အပြစ်မတင်ကြတော့တဲ့ အကျင့် ရှိကြတယ်ဆိုတော့ ထုံးစံအတိုင်း ငြိမ်နေလိုက်ရတာပေါ့။ ဒါနဲ့ပဲ အဲဒီညကလည်း အိမ်ကို ၁ နာရီကျော်မှ ပြန်ရောက်တယ်။ မနက်ကျတော့ အလုပ်မသွားနိုင်တော့ဘူး။ ကျွန်မအဖေကတော့ ကျွန်မတို့ကို စိတ်ဆိုးပြီး စကားကို မပြောဘူး။

အလုပ်မသွားရလို့ အေးဆေး အနားယူပြီး အိပ်ရမလား မှတ်တယ်။ မနက် ၁၀ နာရီကျတော့ ဒင်းက အိမ်ကို ရောက်လာပြီး Sentosa သွားမယ် လုပ်ရော။ Sentosa သွားရင် အရမ်းပင်ပန်းမှာ ကျွန်မ သိနေတော့ Sentosa တော့ သူငယ်ချင်းတွေအားလုံး အားတဲ့နေ့မှ သွားကြမယ်လို့ ပြောပြီး ကျွန်မလည်း မရောက်ဖူးသေးတဲ့ Snow City ကို သွားကြတယ်။ Snow City ဆိုတာ -7 ဒီဂရီရှိတဲ့ အအေးခန်းလေး တခုပါပဲ ဆိုတာ ၁ ယောက်ကို $S15 ကုန်ပြီးချိန်မှ သိတယ်။ နောက်တော့ Singapore Science Centre ထဲ ၀င်ကြည့်ရင်း အေးလိုက်၊ ပူလိုက်ဖြစ်တဲ့ အကျိုးဆက်အနေနဲ့ ကျွန်မ ခေါင်းတွေ ထိုးကိုက်လာတာပါပဲ။ သူတို့ မြို့ထဲကို ဆက်သွားကြတော့ ကျွန်မ မလိုက်တော့ဘဲ အိမ်ပြန်လာတယ်။ နောက်တနေ့ သူ မလေးရှားသွားလည်မှပဲ ကျွန်မတို့လည်း အနားရတော့တယ်။

အဲဒီလိုနဲ့ အလုပ်လည်း တရက်ပျက်ပြီး OT တွေလည်း မလုပ်ဖြစ်ပေမယ့် ပင်ပန်းတဲ့အရှိန်တွေကတော့ မရပ်နိုင်ဘဲ နောက်ဆုံး ချောင်းဆိုး၊ ကိုယ်ပူပြီး နေမကောင်းတဲ့အဆင့်ကို ရောက်တော့တာပါပဲ။ ဖျားဖျားချင်း ညကဆို တညလုံး ငြီးနေလို့ သရဲကြောက်တတ်တဲ့ ကျွန်မညီမက ကျွန်မကို ကြောက်လို့တဲ့။ တော်တော် ချီးကျူးဖို့ကောင်းတဲ့ ညီမ။

တရုတ်နှစ်ကူး ရုံးပိတ်ရက်တွေမှာ သူများတွေ အကျိုးရှိရှိနဲ့ အားရပါးရ ပျော်နေကြပေမယ့် ကျွန်မမှာ အတောမသတ်နိုင်အောင် ချောင်းဆိုးနေပြီး စောင်ခြုံထားရင် အိုက်လွန်းလို့ ချွေးတွေထွက်ပြီး မနေနိုင်၊ မခြုံဘဲ နေပြန်ရင်လည်း ချမ်းစီးစီးနဲ့ ဘာမှန်းမသိတဲ့ ရောဂါမျိုးစုံနဲ့ အိပ်ယာပေါ်မှာ အထီးကျန်လို့။ ဓာတ်ပုံရိုက် ၀ါသနာအိုး ကျွန်မ စိတ်မကောင်းဆုံးကတော့ China Town က မီးပုံးတွေကြားမှာ၊ Sentosa က ပန်းအလှပြိုင်ပွဲမှာ ဓာတ်ပုံသွားမရိုက်ဖြစ်တော့တာကိုပါပဲ။:D နောက်ပြီး တခါမှ မရောက်ဖူးသေးတဲ့၊ အရမ်းလည်း သွားချင်နေတဲ့ Pulau Ubin ကို သွားမယ့်အစီအစဉ်လည်း ဖျက်လိုက်ရတယ်။ ချောင်းဆိုးတာကလည်း တော်ရုံဆို မပြောပါဘူး။ ခုဟာက လည်ချောင်းက နာလည်း နာ၊ ယားလည်း ယား၊ လူလည်း မော၊ ချောင်းဆိုးလိုက်တိုင်း ဗိုက်ကြောတွေကနာ၊ ချောင်းမဆိုးချင်ဘူးဆိုပြီး အောင့်ထားလို့လည်း မရနဲ့ တော်တော်ဆိုးရွားတဲ့ ဝေဒနာပဲ။ ချောင်းဆိုးရမှာ သေလောက်အောင် ကြောက်တဲ့ ဝေဒနာ ခံစားရင်း ခုတော့ ပို့စ်တွေ ဆက်တိုက်ရေးဖို့ စိတ်ကူးထားတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

5 comments:

virsilli said...

Take care of yr health,friend!

Ko Paw said...

အင်း စင်္ကာပူမှာ လမ်းကျွမ်းပုံကတော့ ကျနော်လည်း ထိုနည်းလည်းကောင်းပါဘဲ။ ဒီဘတ်စ်ကားစီးရင် ရောက်တယ်ထင်တယ် ဆိုပြီး အထင်နဲ့ တက်စီးမိလို့ သွားလိုရာတခြား ရောက်တဲ့နေရာတခြားဖြစ်တာကလည်း ရှိသေးတယ်။ နောက်ဆုံးတော့ တက္ကစီဘဲ ငှားပြီး ကျိတ်လိုက်ရတော့ အချိန်ကုန်။ ငွေကုန်။ လမ်းလျှောက်သွားရင် မပြောနဲ့တော့။ ပတ်ရှာနေရတာက တော်တော်မောတယ်။

s0wha1 said...

ကျေးဇူး virsilli... ခုထိတော့ သိပ်နေမကောင်းသေးဘူး...

ဟုတ်တယ် ကိုပေါရေ... စလုံးက လမ်းလျှောက်ရတာနဲ့ ပြီးနေတာပဲ... ဒါတောင် ကျဉ်းကျဉ်းလေးမလို့ပဲ...

Min Min said...

မဆိုး နေကောင်းပါစေဗျာ. မဆိုး ပို့စ်ကို ဖတ်ပြီး ချောင်းတောင် ဆိုးလာပြီ။ ပိုးကူးပြီထင်တယ်။ ဟက်ဟက်

s0wha1 said...

ဟုတ်ပါ့... အခု အမ ညီမ နေမကောင်းဖြစ်နေပြီ... ကူးတာလေ... အမကတော့ ပျောက်ပြီ...:P

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*