ကျွန်မ စာမရေးဖြစ်တာလည်း နှစ်ပတ်ကျော်လောက်ရှိပြီ။ ရေးမယ်ကြံလိုက်၊ စိတ်ရှုပ်ပြီး မရေးဘဲနေလိုက်နဲ့ပဲ ဓာတ်ပုံတွေသာ တင်ဖြစ်နေတယ်။ တခါတခါတော့ ဘလော့ဂ် မရေးချင်တော့ပါဘူးဆိုပြီး ပျင်းနေမိတတ်တယ်။ စာရေးလက်စတန်းလန်းတွေကလည်း စိတ်ညစ်ညူးစရာများသာ ဖြစ်လေတော့ ဆက်ပြီး မရေးချင်တော့ဘူး။ ကျွန်မ ဆက်မရေးချင်လည်း မရေးချင်စရာပါပဲ။ ဘာလို့လဲဆိုရင် လက်ရှိ မြန်မာနိုင်ငံအကြောင်းနဲ့ ခုလတ်တလော ဘလော့ဂ် လောကက လူမဆန်သော လူတချို့ရဲ့ အရှုပ်တော်ပုံအကြောင်းတွေကို ရေးနေမိတာကိုး။ ရေးနေရင်းနဲ့ ရေးချင်စိတ်မရှိအောင် စိတ်ပျက်မိတယ်။ ဒီတော့ မရေးဘဲ ထားလိုက်တယ်။ တခြားအကြောင်း ရေးမယ် တွေးတော့လည်း ရေးစရာတွေများ ထပ်နေမလားဆိုပြီး စဉ်းစားနေမိပြန်တယ်။ စာရေးတာကလည်း Mood လိုသေးတယ်ဆိုတော့... အင်း ဒီလိုနဲ့ပဲ ကျွန်မ ဘလော့ဂ်မှာ စာအသစ်မတင်ဖြစ်ဘူး။
ဒီရက်ပိုင်း လူကလည်း နည်းနည်း အလုပ်ရှုပ်နေတယ်။ အရင်အလုပ်ကနေ ထွက်ထားလို့ အလုပ်မသွားရပေမဲ့ နောက်ထပ် အလုပ်သစ်ရှာနေရတာနဲ့ အင်တာဗျူးတွေ သွားနေရတာနဲ့ အလုပ်လုပ်နေတုန်းကထက်ကို Stress ပိုများနေသလိုပဲ။ သီချင်းလေးနားထောင်ရင်း တစုံတယောက်ဓာတ်ပုံတွေ ကြည့်ပြီး အတွေးထဲ သံသရာလည်နေရတာကတော့ ကျွန်မအတွက် တခုတည်းသော စိတ်သက်သာရာ ရစေမှုပေါ့လေ။ အတွေးဆုံးဆုသာ ပေးရင်တော့ ကျွန်မ သန်းကြွယ်သူဌေး ဖြစ်နေလောက်ပြီ။
နှစ်သစ်တခုကို ရောက်လာပြီဆိုတော့ အသက်လည်း တနှစ်ကြီးလာပြီ။ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်စရာတွေက အများကြီးပဲနော်။ လူ့လောကကောင်းကျိုးအတွက် ဘာတွေ လုပ်ပေးနိုင်ပြီလဲလို့ ကြီးကြီးကျယ်ကျယ်တွေတော့ မတွေးဖြစ်ပါဘူး။ ကျွန်မအတွက် အလှမ်းကွာလွန်းသေးပါတယ်။ အနည်းဆုံး ကိုယ့်အနီးဆုံးကဖြစ်တဲ့ မိသားစုအတွက် ဘာတွေ လုပ်ပေးနိုင်ပြီလဲ။ အဲဒီမေးခွန်းအတွက် ကျွန်မ အမြဲတန်း ရင်ပူ၊ ခေါင်းပူရတယ်။ ကျွန်မ ဘာတခုမှလည်း မလုပ်ပေးနိုင်သေးပါလား။ တခုခုတော့ လုပ်ပေးချင်တယ်။ ထိုင်ပြီး စိတ်ညစ်နေလို့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သိတယ်။ တခါတလေ ဘာကို စိတ်ညစ်မှန်းမသိ စိတ်ညစ်၊ လုပ်စရာတွေ များလွန်းပြီး ဘာမှ ပြီးမြောက်အောင် မလုပ်နိုင်သေးတာ တွေးရင်း စိတ်ညစ်၊ လုပ်ချင်တာ လုပ်ခွင့်မရှိတာကို စိတ်ညစ်။ တကယ်တော့ လူဖြစ်လာရတာကိုက စိတ်ညစ်စရာကြီးပါလားလို့။။။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1