Monday, January 30, 2012

အညတရ အာဇာနည်များ



၁။ ရင်း(၆)တွင်ကျဆုံး
1.ရန်ရှင်း(မြင်းခြံ)
2.ပေါသွပ် (ခေါ်) အောင်မြင့်ထွန်း (ကသာ)

၂။ စစ်ကြောရေး (ဗဟို) ကျဆုံး
3.ပြည့်စိုးနိုင် (ရန်ကုန်)
4.ခင်မောင်စိုး (အင်းတော်)
5.ဇော်ဝင်းချစ် (ဗန်းမော်)
6.ဝင်းသိန်း (ဝန်းသို)
7.ကျော်ကျော်ဦး (ကသာ)
8.ကျော်ဌေး (မန္တလေး)
9.ရာကွပ် (မင်းမင်း ထမင်းဆိုင်၊ရင်ကျန်း)

၃။ စစ်ကြောရေး ဒါဏ်(ဗဟို)
10.ဦးစိန် (ရန်ကုန်)
11.အားစိုက် (ခေါ်) တင်မောင်အေး(ကသာ)

၎။ တချက်လွတ် အမိန့်ဖြင့် ဓါးဖြင့်ခုတ်ခံရသူ-
12.စိုးဝင်းသန်း (မန္တလေး)

၅။ သွေးပျက်အောင် ခေါင်းဖြတ်ပြခံရသူ-
13.ကျော်ဝေ (မန္တလေး)

၆။ ထောင်မှူးရဲ့ နံချပ်ကူ စမ်းသပ်ခံရသူ-
14.အောင်မင်း (မန္တလေး)

၇။ စစ်ကြောရေး(ဗန်းမော်)ကျဆုံး
15.စိုးမင်းအောင် (မန္တလေး)
16.အေးကျော် (မန္တလေး)
17.တင့်လွင် (မြစ်ကြီးနား)

၈။ ခြေထောက်မီးဖုတ်ခံထားရသဖြင်
့ စခန်းရွှေ့စဉ် ပစ်သတ် ကျဆုံး
18.ဝင်းနောင် (ရန်ကုန်)

၉။ ရင်းမှူး မူးပြီးသေနတ်ရမ်း ကျဆုံး
19.ဦးအောင်ကိုး (ဗန်းမော်)

၁၀။ ပြည်ထောင်စုနေ့ ခေါင်းဖြတ်ပွဲ ကျဆုံး (၁၅)မှ
20.ကိုချိုကြီး (မန္တလေး)
21.ဦးသောင်းမြင့် (တန့်ဆည်)
22.ဗိုလ်သာဓု (မိုးကောင်း)
23.ဗိုလ်တူးတူး (မြစ်ကြီးနား)
24.မခင်ချိုဦး (ရန်ကုန်)
25.ရန်အောင်(ခေါ်) ထွန်းအောင်ကျော် (မန္တလေး)
26.ဌေးမြင့်ဝင်း (ရန်ကုန်)
27.သက်နိုင် (ရန်ကုန်)
28.အေးမြင့် (ကသာ)
29.မောင်မောင် (ကသာ)
30.ကျော်ကျော်မင်း (ကန့်ဘလူ)
31.ဇော်ကြီး (ခေါ်) လှမြင့် (တပ်ကုန်း)
32.အောင်ဖိုး(ခေါ်) အေးသက်လတ် (ရန်ကုန်)
33.မောင်မောင်ကြွယ် (ရန်ကုန်)

၁၁။ (၅၅)ယောက်ထွက်ပြေးစဉ် လမ်းတွင်ကျဆုံး
34.အောင်ကျော်မြင့် (ရန်ကုန်)

၁၂။ NB ဖြစ်မြောက်ရေး အသက်ပေးကျဆုံး
35.လွှမ်းမိုး (ခေါ်) ကိုမြင့် (မိုးကောင်း)
36.အောင်ကျော် (ရန်ကုန်)

၁၃။ စစ်ကိုင်းတိုင်း ဖြစ်မြောက်ရေး အစုလိုက်ကျဆုံး
37.ဦးကျော်ကျော်အုန်း (တန့်ဆည်)
38.သိန်းသန်း (ကောလင်း)
39.ကြည်မိုး (ကျွန်းလှ)
40.စိုးကြီး (ကောလင်း)
41.ကိုဦး (ကောလင်း)
42.ဇော်ကို (ကောလင်း)

၁၄။ သီးခြားကျဆုံး
43.မြတ်ကိုကို (မန္တလေး)

ကြွေ ရဲ သော ကြယ် များ ။



ကြွေရဲသောကြယ်များ

(၁)

၁၉၉၀ ဒီဇင်ဘာလရဲ့ ရက်တွေမှာပေါ့။

အထက်မြန်မာပြည်၊ကသာဆိုတဲ့ မြို့ကလေးကကျောင်းသားလူငယ်လေး(၇)ယောက်ဟာ

စိတ်ကူးယဉ်တယ်ပဲပြောပြော

ယုံကြည်ချက်လို့ပဲဆိုဆို

ရွေးချယ်စရာနည်းနေတဲ့ကြားက တော်လှန်ရေးတစ်ခုမှာ ပါဝင်ဖို့ မြန်မာပြည်မြောက်ပိုင်းက

ကျောင်းသားတပ်မတော်ရှိရာကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

သူတို့ဆိုတာ သပိတ်ကတည်းက အတွဲညီခဲ့ကြတယ်။ နောက်ဆုံး KIA ရင်း(၆)ကို လမ်းကြောင်းရှာထွက်ခဲ့ပြီးသူတွေလေ။ အဆက်အသွယ်လည်း ရ ထားပြီပေါ့။

တကယ်တမ်းသွားကြမယ်လည်းဆိုရော

တစ်ယောက်… တစ်ယောက် ပုတ်ချနေကြရဲ့။

“ပေါသွပ် မင်းမလိုက်သင့်ဘူး။မင်းက အမေအိုကြီးနဲ့ သားအကြီဆုံး။”

“မောင်မောင် မင်းမလိုက်သင့်ဘူး။ မင်းမိဘ သဘောမတူရင် မလုပ်သင့်ဘူး။”

“ကိုအေးမြင့် ခင်ဗျားက သစ်စက်လုပ်နေတာဆိုတော့ ကျွန်တော်တို့ပဲ လုပ်လိုက်မယ်။” စသဖြင့်….

ဒါပေမယ့် ပြောလို့လည်း မရကြပါဘူး။

ကိုအေးမြင့်ကဆိုတယ်။

“မင်းတို့လို ကျောင်းသားတွေကတောင် တိုင်းပြည်အတွက်စွန့်ကြသေးတာပဲ။”

“ငါကဘာလို့ တိုင်းပြည်အတွက် အလုပ်မလုပ်ရမှာလဲ” တဲ့

နောက်ဆုံးတော့ …

သူတို့ (၇)ဦးကို သူတို့ကိုယ်သူတို့ Lucky 7 လို့ ခေါ်တွင်လိုက်ကြသတဲ့။

အဲဒီမှာ ပေါသွပ်က အဆိုတခု ပြုတယ်။

“တို့တွေအားလုံးတော့ အသက်ရှင်မယ်မထင်ဘူး။”

“တချို့သေလိမ့်မယ်။ တချို့ကျန်မယ်” တဲ့။

အဲဒီကျရင် …

“ရှင်တဲ့သူတွေက သေသွားတဲ့သူတွေအတွက်

အမှတ်တရ စေတီလေးဖြစ်ဖြစ် ကျောက်တိုင်လေးဖြစ်ဖြစ် လုပ်ပေးဖို့လိုလိမ့်မယ်” တဲ့။

အားလုံးသဘောတူခဲ့ကြတယ်။ ဖြစ်စေရမယ်ပေါ့။

(၁)

ပါဂျောင်ဒေသ ရက်စွဲတွေမှာတော့

သူတို့ဟာ နောင်ရာပါမှာ အပတ်စဉ်(၆)စစ်ရေးသင်တန်းတက်ခဲ့ကြတယ်။

ABSDF ရဲဘော်တွေဖြစ်ခဲ့ပြီပေါ့။

သူတို့ဟာ ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေအဖြစ် နာမည်ကြီးခဲ့တယ်။

ဂစ်တာတီးကောင်းကြသလို ဘော်လီဘောရိုက်လည်း ညီညွတ်ကြသတဲ့။

(အကျဉ်းသားဘ၀မှာတောင် တရားခံများအဖြစ် တစ်သင်းထွက်ပေးခဲ့ရသေးသတဲ့။)

အဲဒီတုန်းကတော့

ABSDF (ကချင်)အနေနဲ့ပဲ ဗဟိုကော်မတီအမည်ခံ လူတစ်စုက ကြီးစိုးနေချိန်

ABSDF (စစ်ကိုင်း)ဖြစ်မြောက်ရေးကလည်း ကြိုးပမ်းနေချိန်ပေါ့။

ABSDF (ကချင်)အုပ်စီးထားတဲ့ ကျောင်းသာတပ်မတော်ဟာ ဘယ်တော့မှ ABSDF (အထက်ဗမာပြည်) ဖြစ်လာမှာ မဟုတ်ဘူး။

ကြိုးပမ်းတဲ့သူ အသတ်ခံရမှာဆိုတဲ့ ဦးကျော်အုန်းတို့ အုပ်စု ၊စစ်ကိုင်းတိုင်း ကျောင်းသားများကတော့ ဂျိုးဖြူစစ်ကြောင်း(ရင်း-702)အနေနဲ့ ဥရုချောင်းဖက်ကို KIA 251နဲ့အတူ ထွက်ခွာသွားခဲ့တယ်။

(သူတို့လည်း သီးခြားခွဲထွက်မှုနဲ့ အစုလိုက် အသတ်ခံရတာပါပဲ။)

ဒေသစွဲမရှိတဲ့သူတို့တစ်တွေကတော့ နောင်ရာပါစခန်းမှာပဲ သင်တန်းတက်ရင်းကျန်နေခဲ့ကြတယ်။

သူတို့ဆိုတာက

ကျော်ကျော်ဦး (ဒု-နှစ်၊ပထ၀ီ၊စာပေးစာယူ၊ရွှေဘိုကောလိပ်)

ပေါသွပ်(ခ) အောင်မြင့်ထွန်း(ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)

အေးမြင့်(သူတို့တွေရဲ့သူငယ်ချင်း၊ လူငယ်တစ်ယောက်)

မောင်မောင် (ဒု-နှစ်၊IR မန္တလေးတက္ကသိုလ်)

ဒဿ (ခ)မောင်မောင်ခင် (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)

ကျော်ဇင်ထွန်း(ခ)ကျားပျံ (ဒု-နှစ်၊ဓာတု၊ရွှေဘိုကောလိပ်)

ဖိုးဆန်း(ခ) ဆန်းဝင်း (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်) ဆိုတဲ့ ကျောင်းသားလေးတွေပေါ့။

နောက်တော့ ….

ကျော်ကျော်ဦးက တိုက်ခိုက်ရေးတပ်သား(ရင်း-11နယ်မြေ) အောင်မြင့်ထွန်းက တိုက်ခိုက်ရေးတပ်သား(ရင်း-6 နယ်မြေ) ကျော်ဇင်နဲ့ ဒဿ က ဗန်းမော်တပ်ရင်း ခရိုင်ရုံး

ကိုအေးမြင့်က ဆေးတပ်သားသင်တန်းတက်

ဖိုးဆန်းက ပြန်ကြားရေးရုံးတာဝန်

မောင်မောင်က ကွန်မန်ဒိုအထူးတပ်မှာ တာဝန်ယူခဲ့ကြတယ်လေ။

သိပ်ပျော်စရာ လွမ်းစရာအချိန်တွေပေါ့။

(၃)

၉၁ ရှစ်လေးလုံး (၃)နှစ်မြောက်အပြီးမှာတော့ သူတို့ အားလုံးဟာထောက်လှမ်းရေးတဲ့

ဟုတ်သတဲ့၊ အားလုံးတညီတညွတ်ထဲ ဝန်ခံကြသတဲ့

ABSDF ဗဟိုက သံယောင်လိုက်သုံးတဲ့ သူလျိုဖော်ထုတ်ပွဲကြီးမှာ

ဖိုးဆန်းက သူငယ်ချင်းထောက်လှမ်းရေးတွေကို ဗီဒီယိုမှတ်တမ်းတင်ဘဝကနေ တာဝန်လဲပြီးရော.. သူလည်းထောက်လှမ်းရေးဖြစ်ကရော…

ဗန်းမော်ခရိုင်ရောက်တုံး ကင်းတာဝန်ကျတဲ့ မောင်မောင် ကို ရေခပ်ဆင်းတဲ့အကျဉ်းသားဒဿက တောင်ကုန်းပေါ်ကနေ ခွဲမှူးသက်ထွန်း အကဲခပ်နေတဲ့ကြားက “မောင်မောင် ငါတို့ ကိုထားခဲ့ မင်းပြေးတော့လို့”ရေခပ်ရင်းပြောပေမဲ့

သစ္စာရှိစွာအဖမ်းခံရင်း ထောက်လှမ်းရေး ဖြစ်ခဲ့

ဆေးကျောင်းလို့ ခေါ်တဲ့ ဆေးတပ်သားသင်တန်းဆင်းတော့ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်များတဲ့ ကိုအေးမြင့်က “အမေရေ အမေ့သား ဆရာဝန်ကြီးဖြစ်ပြီ”လို့ 

လှည့် အော်နေတုံး ဖမ်းလိုက်တော့လဲ ထောက်လှမ်းရေးပါဘဲ-

ခေါင်းအင်မတန်မာတဲ့ ကျော်ဇင် (ခေါင်းမပါဘဲ ပြန်ထောင်ထ မာနိုင်တဲ့ ရန်အောင်ကလွဲရင်)က အဖမ်းခံရပြီးချိန် အိမ်သာထွက်ချိန်မှာ သူ့ အသံကိုနားစွင့်ပြီး အတူလိုက်ထွက်လို့ ကျောချင်းဆိုင်ထိုင်ရင်း နှစ်မိနစ်လောက်ရတဲ့အချိန်မှာ

“ငါ့ကို အကုန်လွှဲချ ၊မင်းလွတ်အောင်ရုန်း’’ လို့ ကျွန်တော်ဆိုတော့ နောက်မှသိရတာ လွှဲမချရက်လို့ သူလည်းပါတယ်ဆိုပြီး ထောက်လှမ်းရေးဘဝနဲ့နေခဲ့

ဒဿ ကတော့ ကိုထိန်ပြောသလို ဒဏ်ရာအများဆုံးနဲ့လူသားပါပဲ။ တာဝန်ပေးလို့ ရွှေလီကို သံကြိုးနဲ့ နဂ္ဂတစ်သွားဝယ်ပြီး ပြန်ပြန်ချင်း အဖမ်းခံခဲ့ရသတဲ့။

သူ့ရဲ့ လွတ်မြောက်မှုအထိ အကျဉ်းစံရက်စက်မှုများနဲ့ ၈လနဲ့၅ရက်ကြာခဲ့သတဲ့။

Ok ပြောပြတာက ရေအိုက်မှာ ရေတွင်းလိုစက်သီးတန်းဆင် ခြေထောက်ကဇောက်ထိုးဆွဲ ရေထဲကို မျက်နှာနှစ်ပြီး ခေါင်းကိုနင်းထားတာတောင် ပြန်ပေါ်လာတိုင်း “ကျောင်းသားကွ”လို့အော်သတဲ့။

91 နိုဝင်ဘာလရဲ့ အအေးလှိုင်းဖြတ်ချိန်၊ နှင်းမုန်တိုင်းနဲ့ မိုးသီးတွေကျ၊နှင်းထုက မိုးရွာသလို တစ်ထွာတစ်မိုက်တက်တဲ့ (၁၀)နှစ်တစ်ကြိမ်ကြုံရတဲ့ ရာသီဥတုကြီးမှာ အ၀တ်မပါ ဘောင်းဘီတိုနဲ့ နှင်းတောထဲပစ်ထားရင်း “ဟ မသေဘူးဟ၊ဆိုပြီး ရေတစ်ပုံးပြီးတစ်ပုံး နာရီဝက်ခြားပြီးလောင်းတာတောင် မသေတဲ့ဖိုးဆန်းကလည်း ထောက်လှမ်းရေးပါ တဲ့။

ထားပါတော့လေ။

Lucky 7 တွေပဲ။

ကျော်ကျော်ဦးက ရင်း(၁၁)က အပြန် ဗဟိုမှာ စစ်ကြောရေးနဲ့ သေခဲ့ရ။ ဒီဇင်ဘာ ၂၅ရက် ခရစ်စမတ်ည မနက် ၄နာရီမှာ။ မနက် ၉နာရီကျတော့ မြုတ်ပြီးပါပြီ။ ကြွေလွင့် ကြယ်တစ်ပွင့်ပါ။

ပေါသွပ်(ခ)အောင်မြင့်ထွန်းကို တပ်ရင်း(၆) တစ်ညမှာ ဘာမှမေးမနေတော့ပဲ ဗဟိုအမိန့်  နဲ့ ညတွင်းချင်း အခုတ်ခံ ခဲ့ရပါတယ်၊သူလိုပါဘဲ ရင်း(၆)အသတ်ခံ တစ်ခြားတစ်ဦးက အိန္ဒိယcampနဲ့ အဆက်အသွယ်ယူပြီးပြန်ရောက်တဲ့ရန်ရှင်း(မြင်းခြံ၊ရေဇင်းစိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသား)ပါ၊သူ့ ကိုလဲ ညတွင်းချင်းပါပဲ… သတ်လိုက်ကြပြန်တယ်လေ၊ အော် - ကြယ်ပွင့်တွေကြွေပေါ့

မောင်မောင်နဲ့ ကိုအေးမြင့်က ပြည်ထောင်စုနေ့ မှာ ခေါင်းပြတ်ရတယ်

မဟုတ်မခံ မောင်မောင်နဲ့ ပါးစပ်သွက်တဲ့ အေးမြင့်ကိုအရှင်မထားရဲဘူးထင်ပ၊

ဘာခန္ဓာကိုယ် ချို့ ယွင်းချက်မရှိ၊ခြေပြတ်လက်ပြတ်မဖြစ်ဘဲ ထည့်သတ်လိုက်တာပေါ့

ရှင်တာက ဒဿ၊ဖိုးဆန်း၊ကျော်ဇင်

ဒဿ၊ကျော်ဇင်ဆိုရင် အချုပ်ကိုဦးဆောင်ပြန်စီးခဲ့တဲ့ သူတွေထဲက

ဖြစ်နိုင်ရင် ရဲဘက်အလုပ်စခန်းသုံး စူးကလေး၊ဆောက်ကလေးနဲ့ ကင်းစခန်းတစ်ခုလုံးကိုစီးလိုက်ချင်ပေမယ့်…

ကျန်းမာရေးချို့ တဲ့ဖောယောင်ကိုင်းနေသူတွေ၊မိန်းကလေးတွေ၊သံခြေကျင်းမဖြုတ်ရသေး သူတွေကို ငဲ့ပြီးပြန်ဆုတ်ခဲ့ ရသတဲ့

ကိုထိန်ပြောသလိုပါဘဲ၊ပြန်ရောက်လို့  မန္တလေးတက္ကသိုလ်စာပေးစာယူတက်ကြတော့ ကျောင်းသားအရေးတစ်ခုမှာ သူတို့ ဟာ အခြားမသေသူ ok ၊ကံမြင့်ဦး တို့ နဲ့ ပွဲတက်ကြပြန်သတဲ့၊ တယောက်ကတက်တရားဟောလို့ ဝိုင်းဆွဲရသတဲ့…

အဲဒါပါဘဲ ထောက်လှမ်းရေးဆိုပြီးဘယ်လောက်သတ်ချင်စရာကောင်းလဲ

ABSDFစစ်ဆေးရေး(သို့ )စစ်ကြောရေးဖွဲ့ ပြီးပြန်စစ်တော့မယ်၊ထောက်လှမ်းရေး မဟုတ်ကြောင်း အသိသက်သေ(၂)ဦးရဲ့  ထောက်ခံချက် လိုတယ်ဆိုတော့ ဘုန်းကြီးအပြီးဝတ်သွားတဲ့ ဦးဇင်းကြီးဒဿက ရီနေတယ်၊

ထပ်သတ်ချင်လို့ ထင်ပါရဲ့ တဲ့-

(၄)

ကဲဗျာ ပြောချင်တာကတော့ဒါပါဘဲ-

Lucky 7 တော်လှန်ရေးရဲဘော်ကြီးများ

(၇)ယောက်စလုံးထောက်လှမ်းရေးဖြစ်သွားတဲ့ဇာတ်

(၄)ယောက်သေ၊(၃)ယောက်ရှင်ပေါ့

ကြွေရဲပေမဲ့ ကြွေပုံကြွေနည်းများ မှားနေသလား မသိ

တခုခက်ရဲ့ ဘယ်မိဘကမှ မယုံရဲ၊မယုံချင် လက်မခံချင်ကြတဲ့ အဖြစ်အပျက် ။

သူတို့ အတွက် ဆွမ်းမသွတ်ရတာ နှစ် နှစ်ဆယ် ရှိခဲ့ပေါ့ ။ အဲ…တခုတော့ရှိတယ် မောင်မောင်ကတော့ အစ္စလာမ်လေ ။

ပေါသွပ်ရေ … သိပ်မဝေးတော့ပါဘူးကွာ…

ထောင်ထဲမှာရော… အပြင်မှာပါ ကျိုးကြား ကျိုးကြား ဆွမ်းသွတ်ခဲ့ကြပေမယ့်

ငါတို့ တာဝန်တွေ ကျန်နေရဲ့…

နာရီဝက်ချင်း အသက်ရှင်အောင်မွေးတတ်ခဲ့တဲ့ တို့တွေ

အနှစ်နှစ်ဆယ်ကို မျိုသိပ်လို့

မိသားစုတို့ရဲ့ စိတ်အခံကို အမှန်အမှန် ဆိုပြီး ပွဲ မခံ ရက်ဘူး

စိတ်ချ….

ဒို့တွေထဲက တစ်ယောက် ရှင်နေသရွေ့ …. တနေ့ပေါ့ ။


ညီညီကျော်

ကျွန်တော် သိခဲ့တဲ့ ကိုထွန်းအောင်ကျော် (သို့) ၈၈ ရဲ့ ကိုဗဟိန်း



တံတားအောက်၌ မြစ်ရေတို့စီးဆင်းနေဆဲ ... အနှစ် နှစ်ဆယ်ကျော် အချိန်ကာလတို့သည် အာရုံအမြင်တို့ကို ဝေး၀ါးစေခဲ့သည်။ တချို့တပိုင်းတစ ... တချို့ဝိုးတ၀ါး ... မည်သို့ပင်ဖြစ်စေ တခါကပုံရိပ်တို့ကို ကျနော့်နှလုံးသားဖြင့် လိုက်လံ ဖမ်းဆုပ် စုစည်းကြည့်မိသည်။ မိမိ ရင်ခုန်သံကို မိမိပြန်လည်ခံစားလာရသည်။ ဆရာတာရာကတော့ သူ၏ ဒို့ခေတ်ကိုရောက်ရမည်မလွဲပါ စာအုပ်အမှာ၌ “ကျနော် ရင်ခုန်သံကို ယုံကြည်သည်။ ရင်ခုန်သံသည် ခံစားမှု အစစ်အမှန်ဖြစ်သည်” ဟုရေးသားခဲ့ဖူးသည်။

ကျနော်သည်လည်းဤစာစုကို ...

(ခ)

တလောက အင်တာနက် စာမျက်နှာပေါ်မှာ သူ့ဓါတ်ပုံကို ပြန်တွေ့လိုက်ရသည်။ ပုံထဲတွင် သူက ဖီးလ်ဂျက်ကက်နှင့် အောက်ခံ ပြောက်ကျားအင်္ကျီဖြင့်၊ တောထဲတွင် ရိုက်ထားသည့် ပုံထင်သည်။ သူ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌဘ၀နှင့် ရိုက်ထားပုံ ဖြစ်မည်။ သို့သော် ပုံထဲ၌ သူ့အပြုံးက တောက်ပ ၀င်းပြက်ဆဲ။

သူ့ကို ကျနော်စတွေ့တုန်းက ဤပုံမျိုး မဟုတ်။ လည်ကတုံးအင်္ကျီအဖြူ ကချင်ပုဆိုးကွက်စိပ်နှင့်၊ အပြုံးကတော့ အခုဓါတ်ပုံထဲကလိုပင် တောက်ပ၀င်းပြက်လျှက် ... နေရာက ရန်ကုန်လမ်းမတော်ဆေးတက္ကသိုလ် (၁) စာသင်ခန်းမတခုထဲမှာ၊ ကျနော်တို့ ရှေ့တည့်တည့်ရှိ ဘလက်ဘုတ်ပေါ်၌ မြေဖြူဖြင့် ကြားဖြတ်အစိုးရ ညှိနှိုင်းဆွေးနွေးပွဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဟုရေးထားပြီး အောက်ကရက်စွဲမှာ (၁၃.၉.၈၈)၊ ဘလက်ဘုတ်ရှေ့ ဆရာစင်မြင့်ပေါ်မှာ စီချထားသော ကုလားထိုင်ခုံများပေါ်၌ ဗိုလ်ရန်နိုင်၊ ဗိုလ်အောင်ကြီး၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝမ်ကိုဟော (ချင်းအမျိုးသားခေါင်းဆောင်) တို့ ထိုင်နေကြသည်။

ကျနော်တို့ ကျောင်းသားတွေက ၎င်းတို့ရှေ့ရှိ စာသင်ခုံတွေမှာ အစီအရီ ထိုင်နေကြသည်။ ဦးစွာ ကျောင်းသားခေါင်းဆောင်တချို့ တယောက်တလှည့် ဆွေးနွေးကြသည်။ (ဆွေးနွေးသည် ဆိုခြင်းထက် တင်ပြ တိုက်တွန်း တောင်းဆိုသည်ဆိုက ပိုမှန်မည်ထင်သည်။) ကျောင်းသားများဘက်မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် တင်ပြခဲ့ပြီးနောက် လူထုခေါင်းဆောင်များဘက်မှ ပြန်ပြောကြပါသည်။ ပထမဆုံး ၀န်ကြီးချုပ်ဟောင်း သခင်နု ပြောသည်။

သူကစက်တင်ဘာလ (၉) ရက်နေ့က သူဖွဲ့ စည်းခဲ့သော စင်ပြိုင်အစိုးရထဲတွင် အားလုံးပူးပေါင်းပါဝင်ပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်ပြောသည်။ ထို့နောက် ဗိုလ်အောင်ကြီးကအားလုံး မပါဝင် မတိုင်ပင်ဘဲလုပ်လျှင် သူပါဝင်မည် မဟုတ်ကြောင်း ခပ်တိုတိုပဲ ပြောသည်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသည်။ ဒေါ်စုက ကျောင်းသားများ အစည်းအဝေး ဆို၍ သူလာခြင်း ဖြစ်ကြောင်း၊ ဘာအစည်းအဝေး ဟု ကြိုပြောမထားကြောင်း၊ ဒီရောက်မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်ဖြစ်နေကြောင်း ဒီကိစ္စ၌ သူပါဝင်မည် မဟုတ်ကြောင်း ပြောသွားခဲ့သည်။

ဦးတင်ဦးကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခြင်းဖြင့် မိမိတို့၏ လိုရာပန်းတိုင်ကို ရနိုင်မည်ဟု ထင်ကြောင်းပြောသည်။ ဦးဝမ်ကိုဟောကတော့ ဦးနုနှင့် တသဘောထဲ ပြောသည်။ နောက်ဆုံး၌ ဗိုလ်ရန်နိုင် ပြောပါသည်။ ၎င်းတို့အားလုံးတွင် ကျောင်းသားထုဆန္ဒ (အမှန်တော့ ကျောင်းထုဆန္ဒ သက်သက်မဟုတ်ပါ တတိုင်းပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီးနှင့် လူထုတရပ်လုံးက ညီတညွတ်တည်း ကြားဖြတ်အစိုးရကို တောင်းဆိုနေချိန်ဖြစ်ပါသည်။) နှင့် အကိုက်ညီဆုံး အရိုးသားဆုံး ပြောသွားသူမှာ ရဲဘော်သုံးကျိပ်ဝင်နှင့် နယ်ချဲ့ဆန့်ကျင်ရေးခေတ် တကသ၊ ဗကသခေါင်းဆောင်ဟောင်း ကိုထွန်းရှိန် (ခေါ်) ဗိုလ်ရန်နိုင်ဖြစ်ပါသည်။ ဗိုလ်ရန်နိုင်က ကျောင်းသားများ တင်ပြတောင်းဆိုသော ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို သူ့အနေဖြင့် အကြွင်းမဲ့ ထောက်ခံသဘောတူကြောင်း ကြားဖြတ်အစိုးရ ဖွဲ့ခဲ့လျှင် သူ့ကို မည်သည့်တာဝန်ပေးပေး ထမ်းဆောင်ရန်အသင့်ရှိကြောင်း ဒီနေ့ကြားဖြတ်အစိုးရ ဖွဲ့ပြီးလျှင် နောက်တနေ့တွင် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း (၂၄၀) ကျော် အကူအညီရစေရမည်ဟု သူအာမခံကြောင်း ပြောသွားပါသည်။

ထိုသို့ လူထုခေါင်းဆောင်များ ပြောပြီးနောက် ကျောင်းသားများဘက်မှ တဖန်ပြန်လည်ဆွေးနွေးကြပါသည်။ ခန်းမ၏ ညာဘက်ခြမ်း အလယ်ခုံလောက်မှ အရပ်မနိမ့်မမြင့် အသားဖြူဖြူပိန်ပိန်ပါးပါး လည်ကတုံးအင်္ကျီဖြူ ကချင်ပုဆိုးနှင့် ကျောင်းသားခေါင်းဆောင်တစ်ဦး ထိုင်ခုံမှထ၍ ဆွေးနွေးပါသည်။ ပထမ၌ သူ့အသံကို မကြားတချက် ကြားတချက်၊ နဲနဲအရှိန်ရလာတော့ သူ့အသံက ကြည်လင်ပြတ်သားလာပြီး အထစ်အငေါ့မရှိ ကြားဖြတ်အစိုးရဖွဲ့စည်းရန် အမြန်ဆုံးလိုအပ်နေပုံ၊ အချိန်သိပ်မရှိတော့၍ လူထုဘက်မှ လက်ဦးမှုယူပြီး ဖွဲ့စည်းနိုင်မှ ဖြစ်မည်ဟု ပြောသွားပါသည်။

သူပြောပုံက ထိုအချိန်က ပကတိ အခြေအနေ အချက်အလက်များနှင့် အကိုက်ညီဆုံး စကားလုံးများ ဖြစ်နေသည်။ သူကပြောနေရင်း ရှေ့စားပွဲခုံပေါ်၌ချထားသော သူ့မှတ်စုစာအုပ်ကလေးကိုလည်း လက်ဖြင့်ထောက်ကာ ကြည့်ရင်းပြောသွားပါသည်။ သူပြောပုံက အခြားကျောင်းသားခေါင်းဆောင်တွေ ပြောပုံနှင့် နဲနဲကွာခြားနေသည်ဟု ကျနော်ခံစားမိသည်။ စိတ်လှုပ်ရှားမှု (Emotion) ဖြင့် ပြောခြင်းမျိုးမဟုတ်၊ သေသေချာချာနေ့စွဲ အဖြစ်အပျက်များကို ရေးမှတ်ထားပြီး အချက်အလက်နှင့် ကိုးကား ပြောသွားသည်။ ထိုစဉ်ကသူသည် မန္တလေး ဂျီတီအိုင်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ နှင့် မန္တလေး ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ အနေဖြင့် ပြောခြင်းဖြစ်သည်။

အထက်ဗမာပြည်မှ ကျောင်းသားခေါင်းဆောင်များအဖြစ် ကိုသန့်စင် နှင့် ကိုထွန်းအောင်ကျော် တို့နှစ်ယောက် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဤကားသူနှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သလို သူ့ကိုပထမဆုံး သတိပြုမိခြင်းလည်း ဖြစ်ပါသည်။

(ဂ)

စစ်တပ်မှ အာဏာသိမ်းခံခဲ့ရပြီးနောက် ၁၉၈၈ နှစ်ကုန်ပိုင်းခန့်တွင် ဗဟန်းအုတ်လမ်းရှိ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးကျော်ငြိမ်းအိမ် ကားဂိုဒေါင်ထဲမှ အစည်းအဝေးများတွင် သူ့ကိုပြန်တွေ့ရသည်။ ကျနော်တို့သည် တချိန်က နာမည်ကျော် ပြည်ထဲရေးဝန်ကြီးဟောင်း၏ ကားဂိုဒေါင် မျက်နှာကျက် ထုတ်တန်း သစ်သားတန်းများပေါ်ရှိ ၀ါကြန့်ကြန့် သတင်းစာဖိုင်တွဲများ မှတ်တမ်းမှတ်စုများကို မျက်နှာကျက်မိုးသဖွယ် ပြုလုပ်ထားသောအောက်ရှိ ကြမ်းခင်းပေါ်၌ ၀ိုင်းဖွဲ့စုထိုင်ပြီး ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ ဗကသနှင့် မကသ ပေါင်းစည်းရေး၊ ကျောင်းသားညီညွတ်ရေးနှင့် အထက်ဗမာပြည် အောက်ဗမာပြည် ကျောင်းသာလှုပ်ရှားမှုများ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရေး စသည့် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

တနေ့အစည်းအဝေးတွင် သူ အတန်ငယ်နောက်ကျမှ ရောက်လာပြီး ကျနော့်နံဘေးတွင် ၀င်ထိုင်လိုက်သည်။ ကျနော့်ကိုသူ ပြုံးပြနှုတ်ဆက်ရင်း ကျနော့်ရှေ့ကြမ်းပြင်ပေါ်တွင် ချထားသော သခင်ဗဟိန်း၏ “ဓနရှင်လောက” ဆိုသော စာအုပ်ကို ဖျက်ကနဲကောက်ယူပြီး ချက်ချင်းပင် မှောက်လျှက်အနေထေား ပြန်ချထားလိုက်သည်။ ပြီးတော့ ဘာမှမဖြစ်သလို လက်ကို မေးစေ့ထောက်ကာ ဆွေးနွေးပွဲကို အရှိန်မပျက် ဆက်နားထောင်နေသည်။

တချက်တချက် သူလည်းဝင်ဆွေးနွေးသည်။ အစည်းအဝေးပြီးတော့ ကျနော့်နောက်မှ သူလိုက်လာပြီး ပခုံးကို လက်ဖြင့်ပုတ်ကာ “ဒီလိုအစည်းအဝေးမျိုးတွေကို အဲဒီလို စာအုပ်မျိုးတွေ ယူမလာစေချင်ဘူး ရဲဘော်ရာ” ဟု ကျနော့်အတွက် စိုးရိမ်သောလေသံဖြင့် သတိပေးလိုက်သည်။ ကျနော်ကလည်း ဘာရယ်တော့ မဟုတ်ပါ လက်မှာကိုင်ထားသော သခင်ဗဟိန်း၏ စာအုပ်ထဲတွင် သခင်သန်းထွန်း၏ အင်းမတန် လှပသော အမှာစာပါသည်။ ထိုအမှာရေးဖွဲ့ပုံကို ကျနော်တော်တော် သဘောတွေ့နေမိ၍ ထပ်ကာထက်ကာ ဖတ်မိခြင်းဖြစ်ပြီး အခြားအကြောင်းမရှိပါ။ သို့သော် ထိုစဉ်က သူစိုးရိမ်သလို ဗကသ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုကို ဗကပ ယူဂျီလုပ်ငန်းနှင့် ဆပ်စပ်လျက်ဖြိုခွင်းရန် ကြံစည်နေချိန်၊ သန့်ရှင်းဖြူစင်သော ကျောင်းသားလှုပ်ရှားမှုကို မစင်တပဲသား ခပ်ရန်ကြံစည်နေချိန် မဟုတ်ပါလား။ အတွေးအခေါ်အရ နလပိန်းတုံးများသည် လုပ်ကြံမှုအရာ၌ ပါရဂူမြောက်လှပေသည်။

အဲဒီနောက် သူနှင့်ကျနော် ခင်မင်သွားသည်။ သူ့ရုပ်ရည်က လူတဖက်သားကို ခင်မင်နှစ်လိုဖွယ်ကောင်းအောင် စွမ်းဆောင်နိုင်စွမ်း ရှိသည်ဟုကျနော်ထင်သည်။ တခါတရံ လူ့ဘောင်သစ် ၀ါးရုံပင် စခန်း ရုံးတွင် လည်းကောင်း တခါတရံ ဦးကျော်ငြိမ်း ကားဂိုဒေါင်ထဲမှာလည်းကောင်း သူနှင့် ဖြတ်ကနဲဖြတ်ကနဲ ဆုံဖြစ်ခဲ့ ကြပါသည်။

သူ့ပုံက ဖြူဖြူသန့်သန့်ရုပ်ချောချော ကျနော်တို့ ၈၈ မျိုးဆက် ခေတ်ပြိုင် ကျောင်းသား ခေါင်းဆောင်များထဲတွင် သူ့လို ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ခပ်ရှားရှား ဟု ပြော၍ ရမည်လားမသိ။ သူ့ကို ကျနော်တွေ့တိုင်း နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးခေတ်က ကျနော်တို့ ကြည်ညိုလေးစားခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကို ကျနော့်စိတ်ထဲ သွားသွားသတိရနေမိသည်။ သူကလည်း မန္တလေးသားမဟုတ်လား။

ဒီလိုနဲ့ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ဆုံးတော့ ကျနော်တို့တတွေ အစည်းအဝေးလုပ်ပြီး လူထုဈာပန ကော်မတီ ဖွဲ့ခဲ့ကြသည်။ ထိုကော်မတီဖွဲ့ရန် အကြံပေးသူကား မှိုင်းရာပြည့်အရေးအခင်းကျောင်းသားခေါင်းဆောင် ကိုမြမှိုင်း (ခေါ်) ကိုမြ၀င်း ဖြစ်သည်။ ၎င်းကော်မတီတွင် သူသည် မင်းကိုနိုင်၊ ကိုကိုကြီး၊ စသူတို့နှင့်အတူ အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် အဖြစ် ရှေ့တန်းမှာ ပါဝင်ခဲ့သည်။ ဗိုလ်ချုပ်ကတော်

ဒေါ်ခင်ကြည့်ဈာပန တင်ဆောင်ထားသော ယာဉ်တန်းရှေ့တွင် သူသည် မင်းကိုနိုင် အပါအ၀င် အခြားကျောင်းသားခေါင်းဆောင်များနှင့် လက်ချင်းတွဲချိတ်ကာ အံကိုကြိတ်လျက် ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင် သီဆိုရင်း ဈာပန လိုက်ပါ ပို့ဆောင်ခဲ့ကြပုံကို ခုအချိန်အထိ ကျနော့်မျက်စိထဲကမထွက်။ ထိုစဉ်ကကျောင်းသားခေါင်းဆောင် အားလုံးလိုလို မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ကြရသည်။ ကန်တော်မင် ပန်းခြံသို့ ဈာပနယာဉ်ရောက်သောအခါ စစ်ရုံးချုပ်ဘက်ကုန်းမြင့်ပေါ်မှ မောင်းပြန်သေနတ်များဖြင့် ချိန်ရွယ်ထားသော စစ်သားများရှေ့တွင် မင်းကိုနိုင်နှင့် မင်းဇေယျာတို့ အပြိုင်တရားဟောလျက် ဒေါ်ခင်ကြည့်ဈာပနကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

ဈာပနပြီး နောက်နေ့တွင် ဖြစ်မည်ထင်သည် သူနှင့်ကျနော် ရန်ကင်း စာတိုက်မှတ်တိုင်နားက ဂန္ဓမာ လ္ဘက်ရည်ဆိုင်လေးမှာ တွေ့ဖြစ်ခဲ့ကြသည်။ ဗကသ ဒုဥကဋ္ဌ ကိုကိုကြီး (ကေကျု့) နှင့် ကိုမြ၀င်းတို့လည်း ပါသည်။ ထို့နောက်ကျနော်တို့ကို သူ မန္တလေးပြန်တော့မည်ဟု ပြောပြီး နှုတ်ဆက်ရင်း လူစုခွဲကြသည်။ သူ့ကို ကားမှတ်တိုင်အထိ ကျနော်လိုက်ပို့ခဲ့သည်။ ကားလမ်းဖြတ်အကူး သူက ဘေးဘီကိုကြည့်ကာ လေသံဖြင့် “ကျနော် တောထဲကိုသွားတော့မယ်”ဟု ပြောခဲ့သည်။

ဘယ်ဘက်လည်း ဟု ကျနော်မေးတော့ “မြောက်ပိုင်း ကချင်ဘက်လေ၊ မန္တလေးက ကျနော်တို့လူတွေ ရောက်နှင့်နေပြီ” ဟုသူပြောခဲ့သည်။ မကြာခင် ၃၆ ဘတ်စကားဆိုက်လာ၍ ကားပေါ်သို့ သူတိုးဝှေ့တက်သွားသည်။ သူလိုက်ပါသွားသော ဒုတိယကမ္ဘာစစ်လက်ကျန် ဘတ်စကားအိုကြီးကိုငေးကြည့်ရင်း ကျနော်ကျန်ရစ်ခဲ့ပါသည်။

ဤကား သူနှင့် နောက်ဆုံး တွေ့ဆုံခြင်း ဖြစ်ပါသည်။ ထို့နောက် သူနှင့်မတွေ့ဖြစ်တော့ပါ၊ သူ့အသံဘာမှ မကြားရတော့ ... ။

…………

…………

…………

(ဃ)

ကျနော် အဖမ်းမခံရခင် တလလောက်အလို မေလထဲတွင် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၏ သတင်းစာ ရှင်းလင်းပွဲ ထွက်လာသည်။ အေဘီမြောက်ပိုင်း အချုပ်ခန်းထဲမှ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသား အချို့၏ သတင်းစာရှင်းလင်းပွဲ၊ ကျနော် သတင်းစာလည်း ဖတ်ဖြစ်သည်။ တီဗွီဖန်သားပြင်၌လည်း ကြည့်ဖြစ်သည်။ ထိုကျောင်းသားတွေ မျက်နှာပေါ်တွင် မလွှဲမရှာင်သာ လုပ်ခဲ့ရသောသူများ၏ မျက်နှာအသွင်အပြင်ကို အထင်းသားတွေ့မြင်နေရသည်။

ထိုသူတို့၏ပြောဆိုချက်အရ ကိုထွန်းအောင်ကျော်ကို လပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်အစိုးရ သူလျှိုဟု စွပ်စွဲလျက် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံခဲ့ရသည်။

ကျနော့်နားနှင့် မျက်စိကိုပင် ကျနော်မယုံနိုင်စရာ အဖြစ်။ ဟုတ်ပါသည် သူသည် သာမန်ညောင်ည ကျောင်းသားခေါင်းဆောင် မဟုတ်ပါ။ တခေတ်မှာ တခါ၊ တခါမှာတယောက်ဆိုသလို ကျောင်းသားခေါင်းဆောင် စစ်စစ်၊ အင်မတန်တော်သော ထက်မြက်သော ကျောင်းသား ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သူ့ကိုမြင်တွေ့ဖူး ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူမှန်သမျှ သူ့မှာရှိသော အရည်အချင်းများကို သိကြရပါသည်။ ဤကဲ့သို့လူမျိုးကို တောထဲ၌ စစ်ထောက်လှမ်းရေးသူလျှိုဟု စွပ်စွဲ သတ်ဖြတ်ခံခဲ့ရသည်။ လုံးဝမယုံကြည်နိုင်စရာ၊ ကျနော်တို့ခေတ် ကျောင်းသား လှုပ်ရှားမှု သမိုင်းတွင် လုံးဝလက်မခံနိုင်စရာ အဖြစ်ပျက်ဆိုးကြီး ဖြစ်ပါသည်။

ဤအဖြစ်အပျက်ဆိုးကြီးကို ကျနော်တို့အားလုံး ဘယ်လို ဖျောက်ဖျက်ပစ်နိုင်မည်နည်း။ ဘယ်လို မေ့ပျောက်ပစ်နိုင်မည်နည်း။ ကျနော့်အတွေးထဲ၌ သူ့ကိုသတ်ပစ်တာ ဘယ်သူတွေလဲ။ အဲဒီသူတွေနဲ့ တစ်ဂိုဏ်းတည်း ပူးပေါင်းပါဝင်ပက်သက်နေတာ ဘယ်သူတွေလဲ ဆိုတာ သမိုင်းသက်သေအဖြစ် သိချင်သည်။ သူသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စစ်စစ်ဖြစ်သည်။ အကယ်၍ ခုချိန်ထိ သူသာ အသက်ရှင်လျက် ရှိနေဦးမည်ဆိုလျှင် သူသည် ကျနော်တို့၏ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ဋ္ဌေးကြွယ် စသူတို့နှင့်အတူ တတန်းတည်း ရှိနေမည့် ကျောင်းသားခေါင်းဆောင်ဟု ကျနော်ယုံကြည်ပါသည်။

ခုတော့သူမရှိတော့ပြီ ... တောထဲ၌ တရားလက်လွတ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် အသတ်ခံခဲ့ရသည်။ သေချာတာတစ်ခုတော့ရှိပါသည်။ သူ့ကိုအခုလို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူများသည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် စစ်စစ်တဦးကို ကျောင်းသားခေါင်းဆောင်ဟု မသိ၍သော်လည်းကောင်း၊ ဂိုဏ်းဂဏစိတ်ထားနှင့် အာဏာလုပွဲကြောင့်သော်လည်းကောင်း၊ မည်သိုပင်ဖြစ်စေ ဤလူသတ်သမားတစုနှင့် အပေါင်းအပါများသည် ကျနော်တို့အားလုံး ဘ၀ပေါင်းများစွာ အထွဋ်အမြတ်ထား စတေးပူဇော်ခဲ့ရသော ရှစ်လေးလုံး (၈၈၈၈) ဒီမို့ရေစီ တော်လှန်ရေး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့် နဲနဲမှ မအပ်စပ် မပက်သပ်သော၊ ဤအရေးတော်ပုံကြီး၌ ထဲထဲဝင်ဝင် မပါဝင်ခဲ့ဘူးသော၊ ဤအရေးတော်ပုံကြီးကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုသော၊ ရန်သူစစ်အာဏာရှင်တို့နှင့် အတွေးအခေါ် နှင့်လုပ်ဟန် တထပ်တည်းကျနေသော၊ ဖောက်ပြန်ရေးသမား၊ လူယုတ်မာ အချောင်သမား၊ သူလျှို ဒလံ ကြေးစား လူသတ်သမားများသာ ဖြစ်ပေလိမ့်မည်။

(င)

ကျနော်သည် စာဖတ်ခန်းထဲမှ စားပွဲပေါ်ရှိ ကွန်ပျူတာ မှန်သားမျက်နှာပြင်ရှေ့ အမှောင်ထဲတွင် တယောက်တည်းထိုင်ရင်း အင်တာနက်စာမျက်နှာပေါ်မှ သူ့ပုံကိုငေးမောကြည့်နေမိသည်။ ဓါတ်ပုံထဲမှ သူ့အပြုံးက တောက်ပ၀င်းပြက်ဆဲ။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ကလည်း ဒီအပြုံးမျိုးပင်၊ နောက်လဲ ဆက်လက်တောက်ပ ၀င်းပြက်နေဦးမည်ဟု ကျနော်ယုံကြည်သည်။

ကျနော့်မျက်ဝန်းအစုံတို့ ရီဝေလာသည်။ မျက်တောင်ကို ပုတ်ခတ်၍ ထိန်းလိုက် သော်လည်း မရတော့ ...။

သူ့ပုံကိုငေးစိုက်ကြည့်နေရင်း တစ်ခါတုန်းက သူနဲ့တွေ့တိုင်း ကျနော့်စိတ်ထဲ၌ ဖြစ်ပေါ်သော အတွေးမျိုးကို ပြန်ခံစားမိသည်။ သူပြောပုံဆိုပုံ ကိုယ်ဟန်အနေအထားနှင့် အပြုံးတို့သည် တခါက ကျနော်တို့ ကြည်ညိုလေးစားခဲ့ရသော လွတ်လပ်းရေးတိုက်ပွဲခေတ် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် တော်တ်ာတူသည်ဟု ခံစားမိသည်။ ကိုဗဟိန်းကလည်း မန္တလေးသား၊ သူကလည်း မန္တလေးသား။ ကိုဗဟိန်းက ထောင့်သုံးရာပြည့် အရေးတော်ပုံကြီးတွင် ဗကသ ခေါင်းဆောင်အနေဖြင့် “မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်” ဟုရဲရဲတောက် မိန့်ခွန်းခြွေခဲ့သည် ...။ သူကလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဗကသ ကျောင်းသားခေါင်းဆောင်တဦး အနေဖြင့် သမိုင်းဝင် ကြားဖြတ်အစိုးရဖွဲ့စည်းရေး အဆိုကို ရဲရဲရင့်ရင့် တင်ပြခဲ့သည်။

ကိုဗဟိန်းက ဖြူဖြူနုနု ကျောင်းသားခေါင်းဆောင် ဘ၀မှ ဖက်ဆစ်တော်လှန်ရေး၌ ဖြူးချောင်းဖျား ပဲခူးရိုးမ တောထဲတွင် ကာဘိုင်သေနတ်လွယ်လျက် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။ သူကလည်း ဖြူဖြူသန့်သန့် ကျောင်းသားခေါင်းဆောင်ဘ၀မှ တရုပ်မြန်မာနယ်စပ် ပါချောင်ဒေသ၌ ကျောင်းသားတပ်မတော်မြောက်ပိုင်း၏ ဥက္ကဋ္ဌ အဖြစ်စစ်အာဏာရှင်တို့ကို ဆန့်ကျင်တော်လှန်ရန် ကြိုးစားခဲ့သူ..။

ကိုထွန်းအောင်ကျော်က စာပေလေ့လာမှုအခံ အားကောင်းသည်ကိုတော့ ကျနော်သိခဲ့သည်။ သို့သော် သူဂီတ၀ါသနာပါခဲ့မှန်း မသိခဲ့။ နော်ဆုံး ကိုထိန်လင်းရေးသောစာကိုဖတ်ပြီး ကိုထွန်းအောင်ကျော်သည် ခေတ်ပေါ် ဂီတအနုပညာကိုလည်း ဂီတသင်္ကေတနုတ်ဖြင့် စနစ်တကျ လေ့လာတတ်မြောက် တီးခတ်တတ်သူတဦး ဖြစ်ကြောင်းသိခဲ့ ရပြီး ကိုဗဟိန်းနှင့် တော်တော်တူတဲ့သူဘဲ ဟု အတည်ပြုခဲ့ မိသည်။ ကိုဗဟိန်းကလည်း ဂီတ၀ါသနာထုံသူ မဟုတ်ပါလား။

ထို့ကြောင့်လည်း ကိုဗဟိန်းသည် ထိုစဉ်က ကိုဋ္ဌေးမြိုင် (ဆရာကြီးဒဂုံတာရာ) နှင့်အရင်းနှီးဆုံးသူ ဖြစ်ခဲ့သည်။ ဆရာတာရာက သူ့ကို့ကဗျာနှင့် တင်စား၍ ရုပ်ပုံလွှာဖွဲ့ခဲ့ဖူးသည်။ အခု ကိုထွန်းအောင်ကျော်ကလည်း ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ဂီက ၀ါသနာပါသူ၊ သို့သော် သူတို့နှစ်ဦး သေဆုံးပုံချင်းတော့ ကွာခြားနေသည်။ ကိုဗဟိန်း ကနှလုံးရောဂါဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသခံနေရင်း ဖဆပလနှင့် ကွန်မြူနစ်ပါတီအကွဲ၌ စိတ်ထိခိုက်ပြီး ဆုံးပါးသွားခဲ့ရသည်။

ကိုဗဟိန်း၏ ဈာပနကို တူတံဇဉ် အလံအုပ်လျက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သွားရောက်ဂါရ၀ပြုခဲ့သည်။ သူကတော့ တရုပ်ပြည်နယ်စပ်တောထဲမှာ သူလျှိုဟု မတရားစွပ်စွဲ ညှဉ်းပန်းနှိပ်စက်ခံရသည်။ ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။ သူသေဆုံးပုံကို မင်းကိုနိုင်အပါအ၀င် သူ့ရဲဘော် ကျောင်းသားခေါင်းဆောင်များ သိရှိနိုင်ခွင့်ပင် မရခဲ့ပါ။

ကိုဗဟိန်းက ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင်၊ ဖက်ဆစ်တော်လှန်ရေးသမား၊ စာပေဂီတမြတ်နိုးသူ ... ၊ ကိုထွန်းအောင်ကျော်ကလည်း ရုပ်ချောချော ကျောင်းသားခေါင်းဆောင်၊ တော်လှန်ရေးသမား၊ စာပေဂီတ မြတ်နိုးသူ ...၊ ကျနော့်အတွေး စိတ်အာရုံထဲမှာ ကိုထွန်းအောင်ကျော် အသတ်မခံရမီ နောက်ဆုံးသီဆိုသွားခဲ့သော ယုဇနပင် နဲ့  ဖဲကြိုးဝါ သီချင်းလေးကို မှန်းဆ ခံစားကြည့်နေရင်း ... တနေ့နေ့ တချိန်ချိန်၌ ရတနာ ဘုံမ္မိ နယ်မြေ မန်းတက္ကသိုလ်ကြီး၏ သမဂ္ဂမြက်ခင်းပြင်ရှေ့တွင် ... ကျဆုံးသွားလေသူ ကိုထွန်းအောင်ကျော်၏ ပုံတူ ကြေးရုပ်သွန်းထုလျက် ကိုထွန်းအောင်ကျော်ကို ချစ်ခင်လေးစားကြသော ကျနော်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသား ရဲဘော်အားလုံး၏ နှလုံးသားများကို ဖဲကြိုးဝါများသဖွယ် ချည်နှောင် ဂုဏ်ပြုကြရမည့်နေ့ကို ရောက်ရမည်မလွဲဟု ကျနော် ယုံကြည်နေမိပါသည်။

(စ)

ကိုထွန်းအောင်ကျော် ...

ရဲဘော်ရေ

မြေနဲ့ကောင်းကင် မြင်နေသမျှ

ရင်ခုန်နုသစ် သမုဒယမြစ်တစင်း

လှပစွာ စီးဆင်းရစ်နေဦးမယ် ... ယုံတယ် ... ။


လေးစားလျှက် ...

ဇာနည် (၈၈,ဗကသ)

ဇန်န၀ါရီ ၁၂၊ ၂၀၁၂

(ကြာသပတေးနေ့)

ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှအရိုးတွန်သံများ ( ကဗျာ )


သင်တို့၏ မင်းမဲ့စရိုက်ဆန်စွာ အမိန့်အာဏာတို့ဖြင့်

ပါးကွက်သားဆန်ဆန် သတ်ဖြတ်ခဲ့သော

AB မြောက်ပိုင်းမှ တော်လှန်သူတို့၏ အရိုးတွန်သံများသည်

ငရဲပွက်ကဲ့ပမာ ပဲ့တင်ရိုက်ခပ်

ညပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး

သင်တို့အား ညစဉ်လိုလို ခြောက်လှန့်နေစေမည်ဖြစ်သည်။

ပြေးလို့လွတ်မည် မဟုတ်သည့် ထိုရာဇဝင်သွေးကြွေးတို့ကို

သင်နှင့် ပြုသူအပေါင်းတို့က

ပြန်လည် လည်စဉ်းခံ၍ ပေးဆပ်ကြရမည်ဖြစ်သည်။

သင်တို့၏ အာဏာရမက်ဇောတွေကြောင့်

အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ်ဆိုးအောက်

များစွာသော AB ရဲဘော်အပေါင်းတို့သည်

ဒုက္ခမျိုးစုံတို့ကို ကြုံဆုံစေခဲ့ပြီး

ဌက်ဖျားမိလို့အခြေမလှ ပြန်ကြသူလည်းရှိ ၊

တနေ့ဆေးမကူ သေသူလည်းရှိ ၊

ခေါင်ဆောင်ပိုင်းတချို့ ရွှေရ- ငွေရ

ဟန်ကျနေသူလည်းရှိ ၊

အဲဒီ- ခေါင်းဆောင်တွေပဲ

ရေငတ်လျှင်ဘီယာသောက် သရဲကြောက်လို့အဖေါ်ခေါ်အိပ့်

နောင်ရေးစိတ်အေးဖို့ အိမ်မြေ- ခြံ- ကားတွေလည်း

တိတ်တစိတ် ဝယ်ယူထားကြလေရဲ့ ။

မြောက်ပိုင်း အေဘီမှ ငရဲပွက်ပမာ

သေဆုံးသွားသူတို့၏ တောက်ခေါက်သံပြင်းပြင်းတို့သည်

နေ့ပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး

နေ့စဉ်လိုလို သင်တို့အား

အရိပ့်မဲ့တစ္ဆေကဲ့သို့ ခြောက်လှန့်နေဦးမည်ဖြစ်သည်။

ထိုသူတို့၏ ရာဇဝင်သွေးကြွေးတို့ကို ငါတို့ဆပ်အံ့

ငါတို့၏ ချွန်မြသော ကလောင်သွားဖြင့်

ရာဇဝင်သမိုင်းမှန်များကို ရေးဖော်ကြ ၊

ငါတို့၏ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှအားတို့ဖြင့်

အမှန်တရားကို တူးဖော်ကြ ၊

ကမ္ဘာကုန်တည်သ၍ ငါတို့၏ စိတ်အစဉ်ထဲဝယ်

ရက်စက်သူတို့အပေါ်

ဖြေသော် မပြေ- ချေသော်မကြေ ကမ္ဘာမကြေပဲ....ဟေ့းးးးးးးးးးး။။

ABSDF တွင် ဥပဒေမဲ့ လူမဆန်စွာ ရက်ရက်စက်စက် အမိန့်ပေး

သတ်ဖြတ်ခဲ့ကြသည့် လူသတ်တရာခံများကို ဤ- ကဗျာဖြင့်

ပြင်းပြင်း- ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်..။

( ဖြေသော်- မပြေ.....ချေသော်- မကြေ.....ကမ္ဘာမကြေ )



Loss Of Innocence at the ABSDF (North) or အပစ်မဲ့ကျောင်းသားတွေဟာ သူလျိုတွေလား?



ကချင်ပြည်နယ်မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်လိုက်တဲ့ ကိစ္စတွေနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ.ကာ ဖြစ်ရပ်မှန်ပေါ်ပေါက်အောင် ABSDF ကျောင်းသားတပ်မ တော်က ဆောင်ရွက်မည်ဆိုတဲ့အကြောင်း ကြေညာချက်တစ်စောင် ထွက်ပေါ်လာပါသည်။ ဒီအကြောင်းကို DVB နော်ဝေးအသံက လွဲပြီး ကျန်တဲ့ BBC, VOA, RFA, Mizzima & Irrawady သတင်းဌာနတွေမှာ ရေးသားဖော်ပြခြင်း ထုတ်လွင့်ခြင်းမရှိပါ။
  • ကျောင်းသား ၃၀ ကျော် အသတ်ခံရပြီး လူပေါင်း ၈၀လောက် မတရားဖမ်းဆီချုပ်နှောင် နှိပ် စက်ခံရတဲ့ကိစ္စနဲ. ပတ်သက်တဲ့သတင်းကိုတော့ ထုတ်လွှင့်ခြင်းမရှိပဲ တစ်ကိုယ်တော် ဆန္ဒပြ လို. ရဲက ခေါ်စစ်တဲ့ကိစ္စကိုတော့ သတင်းဌာနတွေကို ဟိုလေးတကြော် ရေးသားထုတ်ခဲ့ကြပါ သည်။

    ဒီကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စကို သတင်းလွှင့်တဲ့ DVB သတင်းကို ပြန်ကြည့်တော့လဲ သတင်းမိတ်ဆက် intro မှာတင် တလွဲတခြော်ဖြစ်နေတာ တွေ.ရပြန်ပါသည်။ “သူလျိုတွေကို ဖော်ထုတ်စစ်ဆေးတဲ့ကိစ္စ” ဆိုပြီး မတရား စွပ်စွဲခံရပြီး အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ ကို ထပ်ပြီး စော်ကားသလို ဖြစ်နေပါသည်။ သူလျိုတွေမဟုတ်ပဲ အသတ်ခံရတာ ဖမ်းဆီ နှီပ် စက်တာတွေ ဖြစ်ခဲ့လို. ကျန်ရစ်သူတွေက အနှစ် ၂၀ ကြာမှ အမှုမှန်ဖော်ထုတ်ဖို. ကြိုးစားလာမှ ဒီကိစ္စကို ငြိမ်နေလို.မရတဲ့အဆုံး ကျောင်းသားတပ်မတော် ABSDF အနေဖြင့် ကြေညာချက် ထုတ်ရတာကို သိပါလျက်နဲ. DVB သတင်းထောက်တွေက ဆက်ပြီး စစ်ထောက်လှမ်းရေးသူ လျိုတွေကို ဖော်ထုတ်ခဲ့သည့်ကိစ္စဆိုပြီး ရေးသားပြောဆိုခြင်းကိုက သေးဆုံးသွားတဲ့ ကျောင်း သားတွေအပေါ် ထပ်ပြီး မလေးမစားနဲ. စော်ကားနေသလိုပါ။

    အဲဒီသတင်းထောက်ကို ပြန်လေ့လာလက်တော့လဲ သူလဲ လူသတ်တရားခံတွေ၏ အောက်မှာ အလုပ်လုပ်ခဲ့သည့် ABSDF အဖွဲ.၀င်ဟောင်း တဦးဖြစ်နေပြန်ပါသည်။ ဒါအပြင် ဒီသတင်းနှင့် ပတ်သက်ပြီး ထိုင်းအခြေစိုက် DVB သတင်းထောက်ကလဲ သတင်းထဲမှာ ဟိုဖက်ဒီဖက် မျှမျှတတရှိအောင် မေးမြန်တာ မဟုတ်ပဲ ABSDF အဖွဲ.က ခေါင်းဆောင်ရဲ့ အသံကိုပဲ အကြိမ် ကြိမ် ထပ်သုံးပြီး ဖြေရှင်းခွင့်ပေးထားပေမယ့် ခံလိုက်ရတဲ့သူတွေ၏ အသံ ခံလိုက်ရသူတွေဖက် က အမြင်ကိုတော့ ထည့်သွင်းထုတ်လွှင့်တာ မကြားလိုက်ရပါ။ သတင်းတပုဒ်ရေးတဲ့အခါ ၂ ဖက်အမြင်ကို တင်ပြခွင့် ပြောခွင့်ပေးမှ Balance ဖြစ်ပြီး အခုတော့ တဖက်တည်းကိုပဲ အကြိမ် ကြိမ် အသံဖိုင်တွေနဲ. သတင်းရေးထားတော့ တခုခုကို ကာကွယ်ပေးဖို. တဖက်သတ် ဖြေရှင်း ချက်တွေ လုပ်နေသလို ဖြစ်ပါသည်။ ဘာကြောင့် ခံရတဲ့သူတွေ၏ အသံ ခံရတဲ့သူတွေ၏ အမြင်နဲ. ပြောဆိုချက်တွေ အဲဒီသတင်းထဲမှာ ပါမလာခြင်းကို မေးခွန်းထုတ်ရမလိုပါ။ သတင်း ရေးရင် Objective ဖြစ်ဖို. Balance ဖြစ်ဖို. Impartiality ဖြစ်ဖို. Facts ပြည်စုံဖို. လိုပါသည်။ အဲလိုမဟုတ်ရင်တော့ ခပ်ညံ့ညံ့ ၀ါဒဖြန်.တာထက် မပိုပါ။

    ဒါကြောင့် ကချင်ပြည်မှာ ကျောင်းသားတွေ ခေါင်းဖြတ် အသတ်ခံရတဲ့ကိစ္စတွေဟာ ပြည်ပ သတင်းဌာနတွေကြောင့်ဆိုရင် လူတွေ ဘာမှတောင် အမှန်တိုင်း သိခွင့်ရရှိလိုက်မှာ မဟုတ်ပါ။ အခုတော့ ဆိုရှယ်မီဒီယာခေါ်တဲ့ Facebook, Blogs and Internet Technology တွေ တိုး တက်လာလို.သာ ဒီလူသတ်မှု ရက်စက်ယုတ်မာမှုတွေကို အခုလောက်အထိ လူတွေ အများ အပြား ဖြစ်ရပ်မှန်တွေ သိခွင့်ရရှိလိုက်တာမို. သူတို.ကိုပဲ ကျေးဇူးတင်ရမလိုပါ။ ပြည်ပ သတင်းဌာနတွေကတော့ အများစုက နှာစေးနေပြီး Self-Censor လုပ်ကာ မသိချင်ယောင် ဆောင်နေပြီး ရေးတဲ့ပြောတဲ့သူကျတော့လဲ သာသာထိုးထိုးနဲ. ကာပေးဖုံးပေးခြင်တာကို တွေ.နေရပါသည်။


Thanks for everyone who offers nothing but truth and courage.

by Aye Aye Soe Win on Thursday, January 12, 2012 at 6:31am


×××××××××××××××××××××

မအေးအေးစိုးဝင်းလို ပို့စ်တခု မရေးတော့ဘဲ ပြည်ပမီဒီယာတွေရဲ့ ဖုံးကွယ်ပေးထားမှုကို သိစေချင်လို့ ကော်ပီလုပ်ပြီး တင်ထားတာပါ... အခုချိန်မှာတော့ ဒီဗွီဘီက သူတို့သတင်းခေါင်းစဉ်အတွက် တောင်းပန်ပြီးပါပြီ။ ဒါပေမယ့် ဘယ်လိုမှ မဖြစ်သင့်တဲ့၊ သူတို့ကိုယ်တိုင်လည်း အခြေအနေမှန်ကို သိနေသည့်တိုင် ဒီလို သတင်းခေါင်းစဉ်မျိုးနဲ့ သတင်းရေးခဲ့ပါတယ်။ ကျွန်မကတော့ အရမ်းကို ရွံရှာ စက်ဆုပ်သွားမိတာ အမှန်ပါပဲ။


s0wha1


မြောက်ပိုင်းမြေမှ ပုံရိပ်များ ( အပိုင်း - ၁)


မြောက်ပိုင်းဒေသပုံရိပ်များ

နိဒါန်း

မြောက်ပိုင်းကိစ္စအဖြစ်မှန်တွေပြောကြဘို့ကျွန်တော်တို့အနှစ်(၂၀)စောင့်ခဲ့ကြပါတယ်။ကွယ်လွန်သွားခဲ့ကြ သူတွေကသူတို့ရဲ့အဖြစ်မှန်တွေတွေကို ဖေါ်ထုတ်ပေးဘို့ မသေခင် မှာသွားခဲ့ကြပါတယ်။ ကျွန်တော်တို့မှာ လည်း မလွဲမသွေ ဖေါ်ထုတ်ပေးဘို့ တာဝန်ရှိပါတယ်။ အချိန်အခါသင့်ပြီလို့လည်း ထင်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတဲ့ ပန်းချီကိုထိန်လင်း၊ မနန်းအောင်ထွေးကြည် တို့ရဲ့ ပြောကြားချက်တွေ online မှာဖတ်ကြရမှာပါ။အားလုံးအဖြစ်မှန်တွေပါ။ဘယ်သူတစ်ဦးတစ်ယောက်ကမှစေ့ဆော်လို့ပြောနေတာမဟုတ်ပါဘူး။ဒီနေရာမှာပြောချင်တာက ဘာကြောင့်ဒီလိုအခြေအနေ ဖြစ်ခဲ့ရတယ် ဘယ်သူတွေဘယ်လိုဖန်တီးခဲ့ကြသလဲ ဘယ်သူတွေမှာတာဝန်ရှိခဲ့ကြသလဲဆိုတာတွေပါ။

ကျွန်တော်အနေနဲ့ဗဟိုကော်မတီဝင်(ခရိုင်မှူး)တာဝန်ယူခဲ့ရသလိုစစ်ထောက်လှမ်းရေးလို့စွပ်စွဲဖမ်းဆီးတာကိုကိုထွန်းအောင်ကျော်တို့နဲ့အတူခံခဲ့ရပါတယ်။ဗဟိုကော်မတီတွေထဲကကိုညီညီကျော်(မန္တလေး)၊ဦးစိန်(ရန်ကုန်)၊ကိုတင်မောင်အေး(ကသာ)၊ကိုစိုလင်း(မန္တလေး)တို့လည်းဖမ်းခံရတဲ့အထဲမှာပါပါတယ်။ဗဟိုကော်မတီဝင်ဦးကျော်

ကျော်အုန်းနဲ့ဦးရန်နောင်စိုးတို့လည်းဖါးကန့်ဘက်မှာကိုမျိုးဝင်းလူတွေရဲ့လိုက်လံသတ်ဖြတ်တာခံခဲ့ရပါတယ်။ ကိုစိုလင်းကတောင်ပိုင်းမှာဖမ်းခံရပါတယ်။

တကယ်တော့ထောက်လှမ်းသံသယနဲ့သတ်ဖြတ်တာဟာမကဒတ(ကချင်)လက်ထက်ကတည်းကရှိနေခဲ့ပါတယ်။ကိုမြတ်ကိုကို(ရေဆင်းတက္ကသိုလ်ကျောင်းသား)(မြင်းခြံ)ဟာ၁၉၈၉နှစ်ကုန်လောက်မှာသံသယနဲ့အသတ်ခံခဲ့ရတာပါ။ကိုမျိုးဝင်းပြောဘူးတာကတော့မြတ်ကိုကမသွားနဲ့လို့ပြောထားတဲ့နေရာတွေကိုသွားတယ်တဲ့။ဘယ်နေရာလဲမေးတော့ ရဲမေဆောင်တို့ဆေးခန်းတို့ကိုတဲ့….အံ့သြစရာပါဘဲ။

ကိုမြတ်ကိုကိစ္စနဲ့မယုံလို့သိချင်လို့မြင်းခြံကနေလိုက်လာတဲ့ကိုရန်ရှင်းလည်းနောက်ပိုင်းမှာစွပ်စွဲခံရပြီးအ

သတ်ခံခဲ့ရ ပါတယ်။စစ်ထောက်လှမ်းရေးသံသယနဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရလို့သေဆုံးရသူပေါင်း(၃၅) ဦးနဲ့

နှိပ်စက်ခံရပြီးထွက်ပြေးလွတ်မြောက်လာသူပေါင်း( ၇၀ )ဦး ရှိပါတယ်။ စာရင်းအသေးစိတ်ကိုလည်းတင်ပြသွားမှာပါ။

ကျွန်တော့်အနေနဲ့မကဒတ(မပ)မှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို မကဒတ(ကချင်)ကို ရောက်ခဲ့တဲ့အချိန်ကစပြီး သိခဲ့မြင်ခဲ့ကြုံခဲ့ရတာတွေကို ပြောပြသွားချင်ပါတယ်။ အခြေအနေအားလုံးကို ခြုံငုံမိနိုင်မလားလို့ပါ။

အဓိကရည်ရွယ်ချက်ကတော့အမှန်တရားတစ်ခုကိုဖေါ်ထုတ်ဘို့နဲ့သေဆုံးခဲ့ကြတဲ့သူတွေရဲ့သမိုင်းတန်ဘိုး

ဆုံးရှုံးမှုမဖြစ်ရအောင်ပါ။အာဃာတတွေအမုန်းတရားတွေကတော့သိပ်မရှိပါဘူး။အန္တိမရည်ရွယ်ချက်ကတော့အားလုံးကိုသမိုင်းကဘဲအဆုံးအဖြတ်ပေးသွားမယ်လို့ယုံကြည်ပါတယ်။

“ကျွန်တော်သိသောကိုအောင်နိုင်”

ကျွန်တော်မကဒတ(ကချင်)ကိုမရောက်ခင်ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးမှာဒုဥက္ကဋ္ဌ(၁)တာဝန်ယူခဲ့ပါ

တယ်…..၁၉၈၈-၈၉မှာ တရားဝင် ရပ်တည်တဲ့နိုင်ငံရေးပါတီပေါ့…. ဥက္ကဋ္ဌက ကိုအောင်ဇော်မင်း( ချိုတူးဇော်)ပါ...

(၈.၄.၈၉) မှာ ရှစ်လေးလုံး ရှစ်လပြည့်ကို မြိတ်မြို့မှာလုပ်လို့ထောင်(၃)နှစ် ကျသွားပါတယ်…

အဲဒီမှာ…. လူငယ်ကျောင်းသားပါတီတွေ စုပေါင်းအလုပ်လုပ်ရအောင်ဆိုပြီး အဖွဲ့တွေ ပေါင်းခဲ့ကြပါတယ်…

လူငယ်ကျောင်းသားများ ဒီမိုကရေစီအင်အားစုနာမည်နဲ့ပါ….ကိုအောင်နိုင်ကို အဲဒီမှာ စသိခဲ့ရင်းနှီးခဲ့ပါတယ်…

အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့(အနကလ)ကပါ…ဥက္ကဋ္ဌတာဝန်ယူပါတယ…ဆေးတက္ကသိုလ်ကျောင်းသားပါ်…ကိုစိုးလင်းကဗဟိုကော်မတီဝင်ပါ…သူတိုနဲ့အလုပ်တွေအတူလုပ်ခဲ့ပါတယ်…အလွန်ရင်းနှီးခဲ့ပါတယ်…ကိုစိုးလင်းကတည်တည်နေသလောက်ကိုအောင်နိုင်ကခပ်ရွှင်ရွှင်နေတတ်တယ်…အင်္ဂလိပ်စကားပြောအသင့်အတင့်

ကောင်းတယ်…အခြေအနေမကောင်းလို့မကဒတ(ကချင်)ကိုထွက်ကြတော့…..

“ ဇင်မာဦးလေးယောင်္ကျားရသွားလို့…မြို့မှာမနေချင်တော့လို့ ”ထွက်လာတာဆိုပဲ…..ရီစရာကောင်းအောင်ပြော

တတ်တယ်…

ကျွန်တော်မကဒတ(ကချင်)ကိုမသွားခင်၁၉၈၉ဂျူလိုင်လဆန်းလောက်မှာကိုအောင်နိုင်တယောက်ဘောင်ဒရီလမ်းကကျွန်တော်တို့ရုံးကိုရောက်လာတယ်…..သူနဲ့အတူပါလာတာကကိုထွန်းအောင်ကျော်တဲ့…အထက်မြန်မာပြည(်ဗကသ)ကတဲ့…အခြေအနေမကောင်းလို့ရန်ကုန်ကိုခဏလာနေတာတဲ့…ခင်စရာကောင်းပြီး..အရာရာကို

လေးလေးနက်နက်တွေးတတ်တဲ့မျက်နှာမျိုးပါ….ပထမဆုံးဆုံဖူးးတာပါ…..မန္တလေးကျောင်းသားညီလာခံမှာတော့မတွေ့ခဲ့ပါဘူး…..ဆေးရုံတက်နေရတယ်လို့တော့ပြောတာကြားခဲ့ရတယ်။

ဒီလိုနဲ့ကျွန်တော်၁၉၈၉ဇူလိုင်တတိယပတ်မှာမကဒတ(ကချင်)ကိုထွက်ခဲ့တယ်…အတူပါတာကစမ်း

ချောင်း(အခသ)ကကိုမိုးကျော်သူ(ခ)ကိုဘိုဘိုပါ…သူ့အသက်က၁၆နှစ်ကျော်ရုံဘဲရှိပါသေးတယ်…ကျွန်တော်က

တော့၂၁နှစ်ကျော်ကျော်ပေါ့...ဒီလိုနဲ့မန္တ လေးရောက်…ကိုစိုးလင်းတို့ကိုအောင်နိုင်တို့နဲ့တွေးပြီး….လားရှိုး-မူဆယ်ကတဆင့်ရွှေလီမြစ်ကိုကူးပြီး…တရုပ်ပြည်ရွှေလီနယ်စပ်မြို့လေးကိုရောက်ခဲ့ပါတယ်…မိသားစုတည်းခိုခန်းသေးသေးလေးမှာတည်းတယ်…ညနေလောက်ကျတော့မိုးညှင်းကကိုမြင့်ကျော်နဲ့ကိုကျော်ခိုင်ဝင်းတို့ရောက်လာ

ကြပါတယ်…သူတို့က(မိုးညှင်းအနကလ)ကပါ…နောက်တော့မင်္ဂလာတောင်ညွန့်ကကိုကျော်စွာဝင်းမောင်နဲ့

နောက်တစ်ယောက်ပါရောက်လာတယ်... လူတွေများလာတော့ပျော်ပါတယ်…

နောက်နေ့မကဒတ(ကချင်)ကကိုရာကေး(ခ)ကိုကျော်မြင့်ရောက်လာပြီးခရီးဆက်ထွက်ဘို့တာဝန်ယူပြင်ဆင်ပါတယ်…ရွှေလီကနေနာရီဝက်လောက်ကားစီးပြီးဝမ်တိန်နယ်စပ်မြို့လေးကတရုပ်ရဲစခန်းမှာလက်မှတ်လုပ်ရပါတယ်...နေခွင့်လက်မှတ်ပေါ့…(၁၀)ပေလောက်ချောင်းလေးဘဲခြားတဲ့မြန်မာပြည်ဘက်ကမ်းကတောင်ကုန်းလေး

တွေပေါ်မှာတော့ သွတ်မိုးအဆောက်အဦးလေးတွေနဲ့….ကြူကုတ်(ပန်ဆိုင်း) တဲ့…

အဲဒီကမှရွှေလီကိုပြန်ပြီးနောက်နေ့မြောက်ဖက်ယင်ကျန်းမြို့လေးဆီကိုကားနဲ့ထွက်ပါတယ်…ကိုမြင့်ကျော်

နဲ့ကိုကျော်ခိုင်ကနောက်အခေါက်မှလိုက်မှာမို့ကျန်ခဲ့ပါတယ်….ကိုကျော်စွာဝင်းမောင်နဲ့နောက်တယောက်ကရှမ်း

ပြည်ကျောင်းသားတပ်ရင်း(၄၀၁)ကိုဆက်သွားမှာမို့ခွဲခဲ့ရပါတယ်….

ယင်ကျန်းမြို့လေးကိုနေ့ဝက်ခရီးကြာပါတယ်…တောင်တက်တောင်ဆင်းတွေမို့ရင်တမမပါပဲ…ဒါပေမဲ့

ကားတွေကကောင်းပါတယ်…တောင်ပေါ်လမ်းပေမဲ့ကျောက်ခင်းလမ်းတွေမို့အသင့်အတင့်ကောင်းပါတယ်….

ယင်ကျန်းကိုနေ့ခင်းဖက်ရောက်ပြီးတစ်ညနားပါတယ်….တရုပ်မွတ်ဆလင်(ပန်းသေးလို့ထင်ပါတယ်)ထမင်းဆိုင်

လေးမှာအမဲသားနှပ်ဟင်းနဲ့စားခဲ့ရတာအနှစ်(၂၀)ကျော်ကြာတဲ့အထိအရသာကိုမှတ်မိနေပါသေးတယ်….

နောက်နေ့မနက်စောစာကားနဲ့အနောက်မြောက်ဘက်ကဆမား(စီမား)မြို့လေးဆီကိုဆက်ထွက်ခဲ့ပါတယ်

နေ့ခင်းလောက်မှာတောင်ပတ်လည်ဝိုင်းနေတဲ့ဆမားမြို့လေးကိုရောက်ပါပြီ…ကားကြုံမရှိတော့ခြေကျင်ဆက်ထွက်ရတယ်…လက်မှတ်ကိုရဲစခန်းမှာအပ်ထားခဲ့ရတယ်…မြေပြန့်အတိုင်းနာရီဝက်လောက်တရုပ်ရွာနှစ်ရွာလောက်ဖြတ်

ပြီးတော့အတက်ခရီးပေါ့…ထရော်လာဂျီနဲ့ကုန်ကားတွေသွားလို့ရတဲ့ကျောက်ကြမ်းလမ်းမျိုးပေါ့…

ကျော်မြင့်(ခ)ရာကေးကမိုးကောင်းကတဲ့…မကဒတ(ကချင်)ရဲ့ကိစ္စတွေကိုတရုပ်ပြည်ထဲမှာနေပြီးလုပ်ပေး

နေတာ…အရပ်က၆ပေကျော်မယ်…ပိန်ပိန်ပါးပါးနဲ့…မွတ်ဆလင်တဦးပေါ့။တရုပ်စကားတော့အစဉ်ပြေအောင်

ပြောနိုင်တယ်… သူကရှေ့ကသွား…ကိုယ်တို့ကနောက်ကလိုက်ပေါ့…၄၀ဒီဂရီလောက်ပဲမတ်တယ်…တစ်နာရီ

လောက်သွားပြီးတော့ရှားဟော့ပါဆိုတဲ့ရွာလေးကိုရောက်တယ်… KIAမိသားစုတွေနေကြတယ်…တဲအိမ်လေးတွေ

၅၀လောက်ရှိမယ်…တရုပ်ပြည်အပိုင်ထဲမှာပါ…

ကားလမ်းကနေဖယ်ပြီးတောင်စောင်းအတိုင်း၁၅မိနစ်လောက်ဆက်တက်တော့KIAအောက်ဆေးရုံကို

ရောက်တယ်.... တဲတစ်လုံးထဲမှာကျောင်းသားအဖွဲ့ကသင်တန်းဆရာကိုခိုင်ဆေးရုံတက်နေတာ…အခြေအနေမ

ကောင်းဘူးလို့ကိုကျော်မြင့်ကပြောတယ်….ဆေးထိုးတာဆေးခဲသွားလို့ပေါင်မှာပြည်တည်ပြီးလှိုက်စားကုန်တာတဲ့စားစရာတချို့ပေးပြီးဆက်ထွက်ခဲ့ကြတယ်….နောက် ၄ရက်နေတော့ဆုံးသွားတာသိရတယ်…..

“မကဒတ(ကချင်)နှင့်လိုင်စင်စခန်း”

အောက်ဆေးရုံကနေလမ်းပေါ်ပြန်တက်ပြီး ၁၅မိနစ်လောက်ကားလမ်းအတိုင်းဆက်တက်သွားရတယ်….

အကွေ့တစ်ခုကိုကျော်လိုက်တော့ဂိတ်တစ်ခုကိုဘွားကနဲတွေ့လိုက်ရတယ်…ကားလမ်းကိုကန့်တားထားတဲ့ဂိတ်

မောင်းတံလဲတွေရတယ်…မလှမ်းမကမ်းဘယ်ဘက်ကကုန်းလေးပေါ်မှာကနယ်ခြားကျောက်တိုင်လေးတစ်ခု…

KIA ရဲမေ၂ယောက်ဂိတ်မှာစောင့်နေတာတွေ့တယ်…ညာဘက်ကိုကွေ့ပြီးကားလမ်းအတိုင်း၁၀မိနစ်လောက်သွား

ရင်KIAရုံးတွေနဲ့သူတို့လူကြီးတွေနေတဲ့အိမ်တွေကိုရောက်တယ်တဲ့…

ကျွန်တော်တို့လဲဂိတ်တဲကိုကျော်ပြီး၅မိနစ်လောက်ဆက်လျှောက်လိုက်တော့ညာဘက်ကတောင်ကုန်းပေါ်မှာကျောင်းသားခွပ်ဒေါင်းအလံနဲ့KIAအလံယှဉ်လျှက်တွေ့လိုက်ရတော့စိတ်ထဲမှာကြေနပ်မိပါတယ်…

ဘယ်ဘက်ခပ်ပြေပြေတောင်ကုန်းပေါ်မှာတော့ကော်မတီရုံးနဲ့အတွင်းရေးမှူးတဲ၊အနောက်ဘက်နားကရေချောင်း

ဘေးမှာတော့ဘဏ္ဏာရေးမှူးတဲအစီအရီတွေ့ရပါတယ်….

ကျွန်တော်နဲ့ကိုမိုးကျော်သူတို့ကိုကော်မတီရုံးမှာခေတ္တနေရာချပေးထားပါတယ်…ခဏနေတော့အတွင်းရေး

မှူးကိုမျိုးဝင်း၊ဘဏ္ဏာရေးမှူးကိုအောင်ကြီးတို့နဲ့တွေ့ရပါတယ်…မြို့ပေါ်အခြေအနေလေးတွေပြောဖြစ်တယ်…

ထမင်းစားတော့ကော်မတီရုံးဘေးကမီးဖိုနဲ့တွဲလျှက်ထမင်းစားဆောင်မှာစားတယ်…ဟင်းကတော့ဝက်သားနဲ့အာလူးပေါ့…ရဲဘော်ရဲမေတွေဝိုင်းမျက်စောင်းထိုးတဲ့ဟင်းဆိုတာနောက်မှသိရပါတယ်…

အဲဒီမှာရှိတဲ့သူတွေကကိုစိန်သန်းသူကကော်မတီရုံးတာဝန်ခံပါ…သဘောကောင်းပြီးခင်စရာကောင်းပါတယ်..နောက်ကိုစောမြအောင်…ကိုမျိုးဝင်းနဲ့အနီးကပ်နေရသူပါ…နောက်တော့ဝါဒဖြန့်ချီးရေးအဖွဲ့(pro-team)အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်…..နောက်တစ်ဦးကဦးသောင်းမြင့်ပါ…တန့်ဆည်ကပါ…ထမင်းချက်တဲ့အ

ဆောင်မှာဘဲနေတယ်…အသက်က၆၀နီးပါးလောက်…သူမကြာမကြာဆိုပြတတ်တဲ.သီချင်းက…..

“လေတံခွန်ဆိုတာ…စက္ကူလေးကဖြစ်လာတာမို့…..ဘ၀ဟောင်းကိုတော့မမေ့သင့်ပါတယ်…ဆိုတဲ့သီချင်း

ကိုဖျက်ဆိုထားတဲ့…..

“ကော်မတီဆိုတာ…ရဲဘော်လေးကဖြစ်လာတာမို့….ဘ၀ဟောင်းကိုတော့မမေ့သင့်ပါတယ်”...တဲ.

ဒါကြောင့်လည်းကိုမျိုးဝင်းကအညှိုးထားခဲ့လေသလားတွေးမိပါတယ်…စစ်ကိုင်းတိုင်းကော်မီတီဖွဲ့ဘို့လုပ်နေတဲ့ဦးကျော်ကျော်အုန်း၊ဦးရန်နောင်စိုးတို့နဲ့တသွေးတသားတည်းဖြစ်တာလည်းပါမှာပေါ့…(၁၅)ယောက်စာရင်းထဲမှာပါ

သွားခဲ့တယ်…..

ကိုမျိုးဝင်းတဲနဲ့ခဲတပစ်လောက်အကွာမှာစစ်ကိုင်းတိုင်းရုံးဆိုပြီးတဲလေးတစ်ခုရှိပါတယ်…အဲဒီမှာဘဲ

ကိုတင်မောင်အေး(ခ)ကိုအားဆိုက်ကသတင်းပြန်ကြားအလုပ်လုပ်တာတွေ့ပါတယ်…ကာတွန်းဆွဲ…ကဗျာရေး..

စာအုပ်ထုတ်နဲ့အမြဲအလုပ်ရူပ်နေတတ်တယ်…တေးရေးဆရာအရိုးနဲ့ခပ်ဆင်ဆင်တူတယ်…

ရဲဘော်ရဲမေနဲနဲဘဲတွေ့ရတယ်….ခရိုင်တွေကိုဆင်းသွားကြတယ်လို့သိရပါတယ်၊စစ်သင်တန်းအပတ်စဉ်

(၄) ထိရှိသွားပါပြီ။အနိမ့်ပိုင်းလမ်းရဲ့တဖက်မှာတော့ရဲမေဆောင်ကိုတွေ့ရတယ်…၁၀ယောက်လောက်တော့ရှိမယ်

ထင်တယ်... နေက်တစ်ရက်ရဲမေဆောင်ဘေးမှာဆေးခန်းဆောက်တော့မလုပ်တတ်လုပ်တတ်နဲ့ဝိုင်းကူကြပါတယ်. (၅)ရက်လောက်နေတော့အောက်ဖက် စခန်းမှူးတဲဘေးကဘားတိုက်အရှည်လေးမှာပြောင်းနေရပါတယ်..

ကာဘိုးကကျော်ကျော်နိုင်ဆိုတာရှိပါတယ်…အပတ်စဉ်(၄)မှာဗိုက်ခွဲရလို့နောက်တပတ်စဉ်ပြန်စောင့်နေရတာပါ…

နောက်ကိုမြင့်ကျော်၊ကိုကျော်ခိုင်၊ကိုသန်းထွန်းစိုး၊ကိုအောင်ကျော်၊ကိုတင်ဋ္ဌေး၊ကိုညီညီအောင်(ပဲခူး)၊ကိုညီညီကျော်

ရွှေဘိုကကိုအုန်းကြိုင်(ok) ၊ ကိုရန်ရှင်း(မြင်းခြံ)၊တဖွဲဖွဲရောက်လာကြပါတယ်…ကိုရန်ရှင်းကသူ့သူငယ်ချင်းမြတ်ကို

အသတ်ခံရတာနဲ့ပတ်သက်ပြီးသိချင်လို့လာတာလဲပါတယ်…

ကိုမျိုးဝင်းနဲ့(၂)ခါလောက်သူနဲ့စကားပြောတာကိုသိပေမဲ့ဘာတွေပြောသလဲဆိုတာမသိဘူး.ဒီလိုနဲ့သင်တန်းတက်ဘို့လူပြည့်အောင်စောင့်ရင်းတပ်ကပေးတဲ့ရိက္ခာစားရင်းနေရတယ်…သင်တန်းဆရာတွေကတစ်ချို့စခန်းးမှူးတဲမှာနေကြတယ်…ဆရာဝင်းနောင်(လူ့ဘောင်သစ်-ဗဟန်း)၊ဆရာရွှေမျှင်၊ဆရာယောရှူ၊နဲ့သင်တန်းမှူးဒုဗိုလ်လှဆိုင်းတို့

ပေါ့…ဆရာမင်းဋ္ဌေးနဲ့တချို့ကနောင်ရာပါစခန်းမှာရှိတုန်းလို့ထင်ပါတယ်…

အလုပ်ကတခါတရံလုပ်လုပ်ရတယ်…ထင်းဖြတ်ထင်းခွဲပေါ့…စားရတာကမျှင်ငပိအရည်ကျိုထားတာနဲ့စွန်

တန်ဟင်းပေါ့…ငရုပ်သီးလှော်ကတခါတရံပါတတ်တယ်…ကိုကျော်ကျော်နိုင်ညဘက်ဖမ်းတဲ့ကြွက်ကိုမီးကင်စားရ

တာလဲမှတ်မိသေးတယ်…ရာသီဥတုကအရမ်းအေးတယ်…jan,feb ဆိုအအေးဆုံးလို့ပြောတယ်..လေကလဲတဟူး

ဟူးနဲ့အမြဲတိုက်နေတာ…အနွေးထည်အမြဲဝတ်ထားပြီးအလုပ်မရှိရင်မီးလှုံနေရတယ်…ညဘက်ဂွမ်းစောင်အထူနှစ်

ထပ်လောက်ခြုံမှနဲနဲနွေးလို့အိပ်ရတာ…ဆေးလိပ်သောက်ချင်ရင်kia မိသားစုတွေရောင်းတဲ့ဆိုင်မှာပါလာတဲ့အင်္ကျီ

လေးတွေရောင်းပြီးမှဝယ်သောက်ရတယ်…စတိုကထုတ်ပေးတာကတခါတရံမှဆိုတော့မလောက်ကြဘူး…သတင်း

စာစက္ကူနဲ့လိပ်သောက်ရတဲ့ဆေးမှုံ့နဲ့ခါချင်ပေါင်လို့ခေါ်တဲ့ဆေးရွက်မျှင်တွေပါ…

အဲဒီလိုနဲ့မန္တလေးက၊စစ်ကိုင်းက၊ရန်ကုန်က၊ကန့်ဘလူဘက်က၊မိုးညှင်းကလူငယ်ကျောင်းသားတွေ(၄၀)

လောက်ရှိလာပါတယ်…ရန်ကုန်မှာအတူနေခဲ့ကြတဲ့စမ်းချောင်းအခသကကျော်ဝဏ္ဏ(မြေနုစခန်းတွင်တိုက်ပွဲကျ)

ကိုကျော်ဝင်းဆွေ(ဖိုးကျော်)၊ကိုမိုးဟိန်း(နောင်ရာပါစခန်းရေကြီးစဉ်ရေထဲမျောပါကွယ်လွန်)၊ကိုပေါက်(ဇော်ခင်ဦး)

(မြစ်ကြီးနားခရိုင်တွင်ငှက်ဖျားရောဂါဖြင့်သေဆုံး)တို့လည်းရောက်လာကြပါတယ်…

လူ(၄၀)ကျော်လောက်ဆိုတော့သင်တန်းစဘို့အတွက်အလံတိုင်ကုန်းနောက်ကကွက်လပ်မှာသင်တန်း

သားတွေနေဘို့ဘားတိုက်ဆောက်ကြရပါတယ်… 1989,oct လလယ်လောက်ထင်ပါတယ်…၁၉၉၁-၉၂မှာအချုပ်

ထောင်(ငရဲခန်း)ဖြစ်သွားတယ်…ကိုထိန်လင်းရဲ့လူကက်ဆက်တွေနေခဲ့တဲ့ဗိမ္မာန်ကြီးပေါ့…

၁၉၈၉-နိုဝင်ဘာလဆန်းလောက်မှာသင်တန်းစပေးတယ်…အခြေခံစစ်သင်တန်း(၂)လပါ...တစ်ဦးတည်း

သောသင်တန်းသူကမသင်းသင်းညီ(ရန်ကုန်)ပါ…၁၆နှစ်မပြည့်သေးဘူးထင်ပါတယ်…သူလည်းနောက်ပိုင်းမှာစစ်

ထောက်လှမ်းရေးဆိုပြီးဖမ်းဆီးခံခဲ့ရသူပါ…

ဆိုင်းရာကုန်း(သို့)အာဆံကုန်း

ကျွန်တော်တို့နေတဲ့ဘားတိုက်ကနေကိုက်(၁၀၀၀)လောက်မှာတောင်ကုန်းလေးတစ်ခုရှိတယ်…ဘယ်ဘက်

အနိမ့်ကို(၅)မိနစ်လောက်သွားရင်ပါဂျောင်ချောင်းထဲစီးတဲ့ချောင်းသေးလေးရှိတယ်…(၆)ပေလောက်ကျယ်တယ်…

ချောင်ကူးတံတားသေးလေးကျော်ရင်ကုန်းပေါ်ကိုပြေပြေလေးတက်သွားတဲ့လမ်းလေးရှိတယ်…ကုန်းပေါ်မှာသစ်ပင်

စုစုလေးတစ်စုရှိတယ်….ရှေ့ကစီနီယာရဲဘော်ရဲမေတွေကမြတ်ကိုကုန်းလို့တိုးတိုးပြောကြတယ်….ကုန်းရဲ့အပေါ်

နောက်ဘက်ကလျှိုထဲမှာသတ်ပစ်ခဲ့တာတဲ့…ထောက်လှမ်းရေးလို့လဲပြောကြတယ်တဲ့…

ဒီမတိုင်ခင်ကဆိုင်းရာဆိုတဲ့KIAရဲမေတယောက်ကိုKIAကအဲဒီနေရာမှာဘဲသတ်ပစ်ခဲ့တယ်လို့ပြောကြ

တယ်…ဘာအပြစ်ရှိလဲမသိခဲ့ပါဘူး…ဆိုင်းရာကအင်မတန်ချောမောလှပပါသတဲ့…သီချင်းဆိုလဲအလွန်ကောင်း

တယ်ဆိုပဲ...လသာတဲ့ညတွေဆိုရင်ဆိုင်းရာရဲ့သီချင်းသံကိုပိုပြီးကြားကြရတယ်တဲ့…ဒါကြောင့်ဆိုင်းရာကုန်းလို့အစ

ပိုင်းမှာခေါ်ကြတယ်တဲ့…

နောက်တော့အာသံပြည်လွတ်မြောက်ရေးတပ်မတော်( ULFA )ကရဲဘော်တစ်ဦးကိုလည်းသူတိုရဲ့ခေါင်း

ဆောင်ကိုယ်တိုင်ကဒီနေရာမှာဘဲပြန်တမ်းထုတ်ပြီးသတ်ပစ်ခဲ့ပါတယ်တဲ့…တပ်ကချထားတဲ့စည်းကမ်းတွေမလိုက်

နာလို့-ဆိုပါတယ်…KIA ဗဟိုမှာအိန္တိယနယ်စပ်ကနေသင်တန်းလာတက်ကြတာပါ…ဒီအဖွဲ့မှာအာသံ၊မဏိပူရ်၊

နာဂ၊မီဇိုရမ်၊(၄)ခုပေါင်းထားတာပါ…

အဲဒီကစပြီးကျောင်းသားတွေကအာဆံကုန်းလို့ယ္ခုထိခေါ်နေကြဆဲပါ…

နောက်ပိုင်း၁၉၉၂ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာဥက္ကဋ္ဌကိုထွန်းအောင်ကျော်အပါအ၀င်ကျောင်းသားလူငယ်(၁၅)ဦး

ကိုစစ်ထောက်လှမ်းရေးလို့မတရားစွပ်စွဲပြီးကိုမျိုးဝင်း၊ကိုအောင်နိုင်၊ကိုလှဆိုင်း၊ကိုသံချောင်း+………..တို့ရဲ့စုပေါင်း

ဆုံးဖြတ်ချက်နဲ့ဒီတောင်ကုန်းပေါ်မှာပဲသတ်ဖြတ်ခဲ့တာပါ…ကိုကျော်ဝေကတစ်ပတ်လောက်စောပါတယ်…

ကိုစိုးဝင်းသန်းက(၁၉.၀၂.၁၉၉၂)မှာပါ….အဲဒီတောင်ကုန်းလေးမှာပါဘဲ…

ကိုစိုးဝင်းသန်းသေဆုံးရတာစိတ်ဝင်စားစရာမို့ကြားဖြတ်ပြီးပြောပါရစေ….အဲဒီနေ့ညနေစောင်းမှာကျွန်

တော်တို့(၇)ဦးကိုမျိုးဝင်းတဲမှာရှိနေကြပါတယ်…မိဘတွေလာပြီးအာမခံရင်ပြန်လွှတ်ပေးမယ်လို့သူတို့ရွေးထား

တဲ့သူတွေပါ…အိမ်တွေကိုစာရေးဖို့ခေါ်ထားတာပါ…ကိုညီညီ၊ကိုကျော်နိုင်ဦး၊မနန်းအောင်ထွေးကြည်၊ကိုဝဏ္ဏဇော်

ကိုမိုးကျော်သူ(ကိုဘိုဘို)၊ကိုညီညီအောင်(ပဲခူး)၊နဲ့ကိုရဲလင်းတို့ပါ…

ခဏနေတော့ဘဏ္ဏာရေးမှူးတဲကတရုပ်ကြီး(ကို )ကသတင်းပို့လာတယ်….KIAဆေးရုံကဖုန်း

ဆက်တယ်တဲ့...စိုးဝင်းသန်းပျောက်သွားပြီလို့ပြောတယ်တဲ့…စိုးဝင်းသန်းကဆေးရုံတက်နေတာပါ…

ကိုမျိုးဝင်းကသူ့အနီးကပ်လက်ရုံးဖြစ်တဲ့(ဦးနင်ဂျာ(ခ)ဦးကျော်ရွှေ) ကိုခေါ်ပြီး…လိုက်ရှာပြီးဖမ်း…မိရင်တခါ

တည်းရှင်းပစ်လိုက်ဆိုပြီးမှာလိုက်တယ်…နာရီဝက်လောက်နေတော့ဦနင်ဂျာနဲ့အဖွဲ့ပြန်ရောက်လာပြီးကိုမျိုးဝင်းကို

ပြောတယ်…ဆေးရုံကရောဂါပျောက်သွားပြီမို့လို့လာခေါ်ဘို.ဖုန်းဆက်တာတဲ့….ပြန်ခေါ်လာပါပြီလို့သတင်းပို့

တယ်….ကိုမျိုးဝင်းက“ ထွက်ပြီးတဲ့ဆင်စွယ်ပြန်ဝင်ရိုးထုံးစံမရှိဘူး” လို့ပြောပြီး(၁၂.၀၂.၁၉၉၂)နေ့ကသုံးခဲ့တဲ့

ငွေရောင်ဓားရှည် (ဓားအိမ်ပါ) ကိုအခန်းထဲကနေယူပြီးဦးနင်ဂျာလက်ထဲထည့်ပေးလိုက်ပါတယ်...

“ ရှင်းပစ်လိုက်တော့တဲ့ ”

အဲ့ ဒီနောက်အိမ်တွေကိုကျွန်တော်တို့ စာရေးပြီတော့ ကိုကျော်ကျော်ရောက်လာပါတယ် မျက်ရည်တွေကျပြီး

တော့ အားလုံးကိုလက်ဆွဲနှုတ်ဆက်ပါတယ်၊ ဒေါက်တာနိုင်အောင်လည်းအတူပါလာတယ်ဆိုတာသိရတယ်

12 .2.1992 မတိုင်ခင်ကတည်းကရောက်နေတယ်ဆိုတာသိရတယ်။

ဦးနင်ဂျာဆိုတဲ့သူကကိုမျိုးဝင်းတို့နမ္မား(နန့်စလော်ရွာ)ကပါ…ကိုမျိုးဝင်းခိုင်းရင်အကုန်လုပ်တယ်…သတ္တိရှိတယ်…အမိန့်နာခံတယ်…ရိုးသားတဲ့လယ်သမားဘ၀ကလာတာပါ…ကိုမျိုးဝင်းရဲ့အသုံးချခံဖြစ်သွားခဲ့ပါတယ်…

( ၁၂.၀၂.၁၉၉၂)နေ့ကိစ္စမှာလည်းဦးနင်ဂျာကတော်တော်များများတာဝန်ယူခဲ့တာလို့သိရတယ်…အသေးစိတ်က

တော့တစ်ဦးတည်းသောသက်သေမခင်ရွှေလှိုင်(ကိုသံခဲကတော်) ကအသေးစိတ်ပြောနိုင်ပါတယ်…သူအဲဒီနေ့

(၁၂.၀၂.၁၉၉၂)က အစအဆုံးမြင်တွေ့ခဲ့သူပါ…သတ္တိရှိရှိလိုက်ကြည့်ခဲ့တာပါ…

မြို့မှာတုံးကအစ်ကိုတွေနဲ့ဘဲအနေများလို့ယောင်္ကျားဆန်ဆန်နေခဲ့တယ်…တောထဲကိုမဖြစ်မနေသွားချင်

တယ်ဆိုတော့ကိုအောင်နိုင်(အနကလ)ကဘဲစီစဉ်ပြီးရှမ်းပြည်နယ်ကွတ်ခိုင်အနီးကကျောင်းသားတပ်ရင်း(၄၀၁)

ကိုပို့ပေးခဲ့တာပါ…တပ်ရင်း(၄၀၁)ရဲ့တဦးတည်းသောရဲမေပါ…နောက်ပိုင်းကိုသံလွင်၊ကိုဇော်နော်တို့ရင်း(၄၀၁)

စစ်ရေးအခြေအနေအရမြောက်ပိုင်းရင်း(၇၀၁)ကိုရဲဘော်တချို့ပို့တော့အတူပါလာတာပါ…အမှန်တရားကိုလိုလား

သူတစ်ဦးလို့ယုံကြည်ပါတယ်…


Ko Lin Wai Aung


မြောက်ပိုင်းမြေမှ ပုံရိပ်များ ( အပိုင်း - ၂)


စစ်သင်တန်းအပတ်စဉ်( ၅ )နှင့်တပ်တွင်းဆန္ဒပြပွဲ

နိုဝင်ဘာလဆန်းမှာ သင်တန်းစပေးပါတယ်…ဆရာမင်းဌေး၊ဆရာရန်နိုင်၊ဆရာနိုင်ဦးတို့လည်းပြန်ရာက်

နေပါပြီ…သင်တန်းမှူးကဒုဗိုလ်လှဆိုင်း…မြစ်ကြီးနားကောလိပ်မှာE-MAJOUR တက်ခဲ့သူပါ…ကချင်လူမျိုးပါ…

သူကစာတွေ့နဲ့-စစ်စည်းကမ်းတွေအဓိကပို့ချတယ်…သင်တန်းသားတွေချစ်ခင်လေးစားခံရပါတယ်…

မနက်(၅)နာရီထ၊ PTပြေးရတယ်…(၆)နာရီမှာအလံတင်အလေးပြုပြီး(၈)နာရီထိစစ်သင်တန်းတစ်ချိန်တက်

ရတယ်…ပြီးတော့ထမင်းစားနားတယ်…(၉)နာရီကနေ(၁၂)နာရီထိသင်တန်း၃ကြိမ်တက်ရတယ်…ညနေပိုင်းသင်

တန်း(၂)ချိန်ပြီးတော့(၅)နာရီလောက်မှာထမင်းစားပြီးသင်တန်းချိန်နားပါတယ်…စားရတာတွေက…

စွန်တန်ဟင်းရည်နဲ့ငရုပ်သီးကြော်…မုန်ညှင်းဟင်းရည်နဲ့ငရုပ်သီးကြော်…တပတ်တခါအသားဟင်းကျွေးတယ်…

သင်တန်းသားတွေကလည်းသူတို့အတွက်ရိက္ခာအပြည့်မစားရဘူး…ဆိုတဲ့စကားတွေပြောကြတယ်…

တချိန်တည်းမှာဘဲရဲဘော်၊ရဲမေတွေကြားမှာရော။သင်တန်းသားတွေထဲမှာရောကော်မတီကိုမကြေနပ်ကြ

တဲ့အသံတွေကြားလာရတယ်…အဓိကကတော့ကော်မတီကိုအခွင့်ထူးခံနေသူတွေလို့မြင်ကြတယ်…သူတို့နဲ့နီး

စပ်သူတွေတရုပ်ပြည်အလည်သွားတာတွေ၊ကျော်မြင့်(ခ)ရာကေးတရုပ်ပြည်ထဲမှာငွေကိုသုံးချင်သလိုသုံးတာတွေ

မိန်းမကိစ္စအရှုပ်တွေလုပ်တာကိုဘာမှမပြောဘဲနေတာတွေ….ကိုမကြိုက်ကြဘူး….ရဲဘော်ရဲမေတွေကအနေအစား

ဆင်းရဲချိန်မှာကော်မတီဝင်တွေ၊ခရိုင်မှူးတွေကအဖွဲ့ပိုင်ငွေတွေကိုပိုသုံးနေကြတယ်လို့မြင်ကြတယ်…

လမ်းရဲ့အပေါ်ပိုင်းမှာကော်မတီဝင်တွေနဲ့ရုံးတွေရှိပြီးလမ်းရဲ့အောက်ပိုင်းမှာတော့ရဲဘော်ရဲမေတွေနေကြ

တယ်…လမ်းပေါ်လူတန်းစားနဲ့…လမ်းအောက်လူတန်းစားဆိုပြီးပြောနေကြတယ်…KIAကရတဲ့ထောက်ပံ့ငွေကို

စနစ်တကျခွဲဝေမသုံးဘူးလို့မြင်ကြတယ်…

ဆိုးတာတစ်ခုကဘဏ္ဏာရေးမှူးကိုအောင်ကြီးပြောတဲ့There is no democracy in the army.ဆိုတာရယ်

ဆီရောင်းတဲ့သူကလက်မှာတော့ဆီပေမှာပေါ့ဆိုတဲ့စကားတွေကိုသင်တန်းသားတွေကမကြိုက်ခဲ့ကြပါဘူး…

သင်တန်းဆရာတချို့လည်းအထက်ကိုမကြိုက်တာတွေရှိခဲ့ပါတယ်…လက်တလောဖြစ်ရတဲ့ကိစ္စကတော့…

ဆရာမင်းဌေးနဲ့၊စခန်းမှူးဒုအရာခံဗိုလ်အောင်ရဲစိုးတို့ကိုဖမ်းလိုက်တဲ့ကိစ္စပါ…ဆမားကိုခွင့်ပြုချက်မရဘဲသွာလည်

ကြလို့တဲ့….သူတို့နှစ်ယောက်ကသင်တန်းသားတွေချစ်ခင်လေးစားတဲ့သူတွေပါ…သင်တန်းသားတွေမကြေနပ်

ဖြစ်ကြပါပြီ….တချို့တိုင်ပင်ကြပြီးဆန္ဒပြကြဘို့ဆုံးဖြတ်ကြတယ်…အားလုံးလူစုတန်းစီပြီးဘားတိုက်ကနေ…

TRAINING GROUND ဆီသီချင်းတွေသံပြိုင်ဆိုပြီးဆင်းခဲ့ကြတယ်…TRAINING GROUND မှာတန်းစီနေရာ

ယူလိုက်ကြပါတယ်…ခဏနေတော့သင်တန်းမှူးကိုလှဆိုင်းရောက်လာပါတယ်…

ကိုရန်ရှင်းကရှေ့ထွက်သတိဆွဲအလေးပြုပြီး…ဆရာမင်းဌေးနဲ့စခန်းမှူးကိုရဲစိုးတို့ကိုအမြန်လွှတ်ပေးဘို့နဲ့

မကြေနပ်ချက်တွေကိုတင်ပြနိုင်အောင်ဒါဘာပွဲခေါ်ပေးဘို့ပြောပါတယ်…ဒီလိုမှမလုပ်ရင်ကျွန်တော်တို့သင်တန်း

လုံးဝပြန်မတက်နိုင်တော့ဘူးလို့ပြောတယ်…ကိုလှဆိုင်းကသူအတွင်းရေးမှူးကိုတင်ပြလိုက်မယ်ပြောတဲ့အတွက်

အားလုံးဘားတိုက်ပေါ်ကိုစစ်သီချင်းတွေဆိုပြီးပြန်တက်ခဲ့ကြတယ်…

နောက်နေ့စခန်းမှူးရုံးရှေ့က lecture hall မှာတွေ့ဆုံပွဲလုပ်တယ်…KIA ကဗိုလ်မှူးပန်းအောင်ကပွဲထိမ်း

သဘောမျိုးတက်တယ်…ကိုမျိုးဝင်းနဲ့ကိုအောင်ကြီးတက်တယ်၊ဦးစီးလွှမ်းမိုးလည်းရှိပါတယ်…အဲဒီအချိန်

ကိုသံချောင်းကရှေ့တန်းမှာပါ…ရဲဘော်တွေနဲ့သင်တန်းသားတွေကမေးခွန်းတွေမေးကြပါတယ်…ရဲဘော်တွေထဲက

ရန်ကုန်ကမောင်မောင်ကြွယ်၊ကိုသက်နိုင်၊တပ်ကြပ်ဌေးမြင့်ဝင်းနဲ့သင်တန်းသားတွေထဲကကိုရန်ရှင်းတို့ကမေးခွန်း

တော်တော်များများမေးခဲ့ကြပါတယ်…ကိုရန်ရှင်းကဗဟိုကော်မတီကိုပြန်လည်ဖွဲ့စည်းဘို့လည်းတင်ပြခဲ့ပါတယ်…

နောက်နေ့မှာသင်တန်းသားတွေသင်တန်းပြန်တက်ကြပါတယ်…၁၉၈၉ဒီဇင်္ဘာလဆန်းလို့ထင်ပါတယ်…

(နောက်ပိုင်းမြောက်ပိုင်းမှာသတ်ဖြတ်မှုတွေဖြစ်ပြီးတော့ရဲဘော်တစ်ဦးပြောပြတာက…သူ့ကိုအဲဒီတုံးက

အတွင်းရေးမှူးကိုမျိုးဝင်းကပြောဘူးတယ်တဲ့…အဲဒီဒါဘာပွဲနေ့ဟာသူ့ဘ၀မှာဘယ်တော့မှမမေ့နိုင်တဲ့နေ့တနေ့

ဘဲတဲ့….အဲဒီညကသူ့ဘ၀မှာပထမဆုံးမျက်ရည်ကျငိုခဲ့ရတဲ့နေ့ပါတဲ့…)

(ဒီအညှိုးတွေကြောင့်(၁၂.၀၂.၁၉၉၂)နေ့မှာကိုထွန်းအောင်ကျော်တို့နဲ့အတူကိုမောင်မောင်ကြွယ်၊

ကိုသက်နိုင်၊တပ်ကြပ်ဌေးမြင့်ဝင်းတို့ကိုသတ်ဖြတ်ခဲ့ပြီးကိုရန်ရှင်းကိုဖားကန့်ဘက်မှာရက်ရက်စက်စက်လိုက်လံ

သတ်ဖြတ်ခဲ့လေသလား….ဒါမှမဟုတ်အဖွဲ့အစည်းအတွင်းမှာဝင်ရောက်သပ်လျှိုပြီးအဖွဲ့အစည်းကိုပြိုကွဲအောင်

လုပ်ခဲ့ကြတဲ့ရန်သူ့သူလျှိုတွေလို့အမှန်တကယ်ယုံကြည်ပြီးသတ်ဖြတ်ခဲ့လေသလား…)

ဒီလိုနဲ့ဒီဇင်္ဘာတတိယပတ်လောက်ထိသင်တန်းကိုပုံမှန်ပြန်တက်ခဲ့ကြပါတယ်…အဲဒီတုံးကသန်းဇော်က

ထောက်လှမ်းရေးတာဝန်ခံမဟုတ်သေးပါဘူး….အပတ်စဉ်(၅)သင်တန်းသားသားဘဲရှိပါသေးတယ်…ကိုဖေ၀င်း(ခ)

ကိုဖေကထောက်လှမ်းရေးတာဝန်ပါ…ရှေ့တန်းမှာရှိနေပါတယ်…

ကိုမျိုးဝင်းကကိုသန်းဇော်ကိုမကြာမကြာခေါ်ပြီးသင်တန်းသားတွေအကြောင်းမေးလေ့ရှိတယ်…သင်တန်း

သားတွေကသူ့ရှေ့မှာအပြောအဆိုသတိထားကြတယ်….ကွယ်ရာမှာတစ္ဆေကြီးလို့ခေါ်ကြတယ်…ဇန္န၀ါရီလလည်မှာသင်တန်းဆင်းပွဲလုပ်ကြတယ်…LECTURE HALL အဟောင်းမှာပါ…ညနေလောက်မှာကိုအောင်နိုင်နဲ့

ကိုထွန်းအောင်ကျော်တို့ရောက်လာတယ်…ကိုအောင်နိုင်ကLECTURE HALL ထဲဝင်လာပြီးခင်ဗျားတယောက်လုံး

ရှိရဲ့သားနဲ့ဗျာလို့ပြောတယ်…အပတ်စဉ်(၅)ဖြစ်တဲ့ကိစ္စကိုပြောတာပါ…ကျွန်တော်ကအေးအေးဆေးဆေးနေပြီး

ဒီကအခြေအနေကိုစောင့်ကြည့်ပါဦး…နဲနဲကြာလာရင်ဒီကအခြေအနေတွေကိုပိုသိလာမှာပါလို့ပြောခဲ့တယ်…

ကိုထွန်းအောင်ကျော်ကတော့ပြုံးပြီးခင်ဗျားကျုပ်ကိုတောင်မစောင့်ဘဲလစ်ထွက်သွားတယ်လို့ပြောတယ်…အပတ်

စဉ်(၅)ကိစ္စမှာဦးဆောင်သူတွေကအများကြီးပါ…ကျွန်တော်လည်းလုပ်သင့်တယ်ထင်လို့သဘောတူပါဝင်ခဲ့တာပါ…

တားချင်ရင်တောင်တားလို့မရပါဘူး…ကျွန်တော်လည်းသင်တန်းသားတယောက်ပါ…သိပ်မကြာခင်မှာကိုစိုးလင်းတို့လည်းရောက်လာကြတယ်…

မြောက်ပိုင်းဗဟိုကော်မတီဖြစ်မြောက်ရေးကော်မရှင်

သင်တန်းဆင်းပြီးမကြာခင်မှာဘဲမြောက်ပိုင်းဗဟိုကော်မတီဖြစ်မြောက်ရေးကော်မရှင်ဆိုတာကိုဖွဲ့ပေးခဲ့တယ်…ဗိုလ်မှူးပန်းအောင်ရဲ့အကြံပြုချက်ပါမပါ….ကိုထွန်းအောင်ကျော်၊ကိုအောင်နိုင်၊ကိုစိုးလင်းတို့ရဲ့ညှိနှိုင်းအကြံပြုချက်ပါမပါသေချာမသိပါ… သူတို့လည်းအပတ်စဉ်(၆)တက်ဖို့စောင့်ရင်းကိုမျိုးဝင်းတို့နဲ့အတူနေနေကြပါတယ်…

ကော်မရှင်ကိုဆရာတော်ဦးဥတ္တမ၊ဦးကျော်ကျော်အုန်း၊(စစ်ကိုင်း)၊ဦးရန်နောင်စိုး(စစ်ကိုင်း)၊ကိုမြင့်ကျော်(မိုး

ညှင်း)၊ဦးစိန်(ရန်ကုန်)၊ကိုရဲလင်း(ရန်ကုန်)၊ကိုညီညီကျော်(မန္တလေး)၊ဦးသောင်းမြင့်(စစ်ကိုင်း)၊တို့နဲ့ဖွဲ့ပေးပါတယ်…

ပထမဖွဲ့စည်းပုံဆွဲပြီးဒုတိယရွေးကောက်ပွဲလုပ်ဖို့ပါ…ဒေသစွဲလေးတွေရှိနေသေးတော့ဒေသကိုယ်စားလှယ်တွေပါ

အောင်စဉ်းစားကြပြီးဖွဲ့စည်းပုံကိုအမြန်ပြီးအောင်ဆွဲကြတယ်…ဦးကျော်ကျော်အုန်းနဲ့ဦးရန်နောင်စိုးတို့ကလူကြီး

တွေလည်းဖြစ်တယ်…အတွေ့အကြုံလည်းများတော့ဦးဆောင်ပြီးအချက်အလက်တွေချပြ….ကျန်သူတွေကအဲဒီ

ပေါ်မှာဆွေးနွေးညှိနှိုင်းပြီးအတည်ပြုကြပါတယ်…(၃)ပတ်လောက်ကြာပါတယ်…ပြီးတော့LECTURE HALL မှာရှင်း

ပြ၊ကြေငြာပြီးဆွေးနွးအကြံပြုဘို့-တောင်းခံပါတယ်…

နောက်ဗဟိုမှာရောရှေ့တန်းစခန်းတွေမှာပါမဲတွေရယူဘို့လုပ်ကြပါတယ်…စစ်ကိုင်း၊မန္တလေး၊ရန်ကုန်၊

ကချင်၊ဒေသ(၄)ခုကသူတွေကကိုယ့်ဒေသအတွက်(၂)ဦးစီရွေးပေးရပါတယ်…အားလုံး(၈)ဦးပါ…ဖွဲ့စည်းပုံအရလို

အပ်တဲ့နောက်ထပ်(၇)ယောက်ကိုတော့ရဲဘော်ရဲမေ၊သင်တန်းသားအားလုံးကကြိုက်တဲ့သူကိုဒေသမရွေးထည့်ရ

တယ်…တစ်ယောက်ကိုမဲလက်မှတ်(၂)မျိုးထည့်ရတာပါ…ဗဟိုမှာပြီးတော့ရှေ့တန်းကိုလူခွဲပြီးမဲလိုက်ယူကြပါတယ်.

ချုပ်စက်နဲ့ပိတ်ပြီးဗဟိုကျမှပြန်ပေါင်းရေတွက်တာပါ…မိုးညှင်းခရိုင်၊မိုးကောင်းခရိုင်၊ဗန်းမော်ခရိုင်၊မြစ်ကြီး

နားခရိုင်၊နောင်ရာပါစခန်း(သင်တန်းသား+ရဲဘော်ရဲမေ)အားလုံးမဲယူပါတယ်… အားလုံးတစ်လနီးပါးကြာပြီးကျွန်

တော်၊ကိုမြင့်ကျော်၊ကိုညီညီကျော်တို့နောင်ရာပါစခန်းကိုပြန်ရောက်တယ်…လိုင်စင်(ဗဟို)ကိုပြန်တက်ဘို့ပြင်ကြတယ်…အဲဒီမှာသတင်းကြားတာကဗဟိုမှာCS သံချောင်းပြန်ရောက်နေတယ်…ကိုသန်းထွန်းစိုးနဲ့ဦးစီးလွှမ်းမိုးကို

ဖမ်းပြီးဦးစီးလွှမ်းမိုးကိုအဖွဲ့အစည်းပြိုကွဲအောင်လုပ်တယ်…အပတ်စဉ်(၅)သင်တန်းသားတွေကိုမြှောက်ပေးတယ်..

စွပ်စွဲပြီးစခန်းအလယ်ခေါင်မှာနားထင်ကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်ဆိုတာသိရတယ်…အပတ်စဉ်(၅)သင်တန်းသားတွေထဲကဦးစီးလွှမ်းမိုးတဲကိုမကြာခဏသွားလည်တာတွေရှိတယ်…သင်တန်းဘားတိုက်နဲ့ဦးစီးလွှမ်းမိုးတဲက

သိပ်မဝေးဘူး…ဆေးလိပ်တို့စားစရာတခုခုရတတ်လို့သွားတာတွေလည်းရှိတယ်…

ဗဟိုမှာအဲဒီလိုဖြစ်တယ်ဆိုတော့စိတ်ထဲမှာလေးမိပါတယ်…ညနေကျတော့မိုးလဲချောင်းဘေးမှာကိုအောင်

ကျော်ကိုတွေ့လိုက်ရတော့အံ့သြသွားတယ်…မိုးညှင်းခရိုင်(မြေနီတောင်)ဘက်မှာတွေ့ခဲ့တာ…ဘယ်လိုရောက်လာ

တာလဲမေးတော့နောက်ကအဖွဲ့နဲ့ပါလာတာတဲ့…ဗဟိုကသူ့ကိုလှမ်းခေါ်လို့တဲ့…ကိုသန်းထွန်းစိုး၊ဦးစီးလွှမ်းမိုးတို့

ကိစ္စနဲ့ဆက်နွယ်ပြီးခေါ်တယ်ဆိုတာသူကောကျွန်တော်ကောရိပ်မိလိုက်ပါတယ်…ကိုအောင်ကျော်သွားလို့ဖြစ်ပါ့မ

လားလို့ပြောတော့…ရတယ်…ကျွန်တော်သွားမယ်တဲ့…အနဲဆုံးတော့စစ်ဆေးမေးမြန်းခံရနိုင်တယ်…အခန့်မသင့်

ရင် (…………….)လည်းဖြစ်သွားနိုင်တယ်ဆိုတာသူသိတယ်…ကျွန်တော်လည်းသိတယ်…သူအဝေးကိုငေးကြည့်

နေတယ်…

နောက်နေ့ကိုမြင့်ကျော်၊ကိုညီညီကျော်၊တို့နဲ့အတူဗဟိုကိုဆက်တက်ခဲ့တယ်…ရင်း(၅)ဘက်မှာထဲကငှက်

ဖျားဝင်ထားတော့ကျွန်တော်ကျန်းမာရေးကသိပ်မကောင်းတော့ဘူး…အောက်ဆေးရုံမှာကျန်နေခဲ့ရတယ်…ဆေး

(၂)ရက်လောက်သွင်းပြီးတော့သက်သာလာတယ်… နောက်နေ့ကိုတင်ဌေး(ပဲခူး)ရောက်လာတယ်... ကိုအောင်

ကျော်၊ကိုသန်းထွန်းစိုးနဲ့အတူတူတောထဲလာခဲ့သူပါ…မျက်နှာမကောင်းဘဲကိုအောင်ကျော်ဆေးရုံရောက်နေပြီ

တဲ့…KIA မြေတိုက်မှာချုပ်ထားတာတဲ့…အခြေအနေမကောင်းလို့ဆေးရုံပို့လိုက်ကြတာတဲ့…သူလာစောင့်ပေးနေ

တာတဲ့…ကျွန်တော်ဟိုဘက်အဆောင်ကိုချက်ချင်းလိုက်သွားပါတယ်…ဖြူဖတ်ဖြူရော်နဲ့ရဲ့ရဲ့လေးပြုံးပြပါတယ်…

နာရီဝက်လောက်နေတော့စိမ်းဝါ၀ါတွေအန်တယ်…ထမင်းလည်းမစားဘူးတဲ့…စိတ်ခံစားချက်တခုခုဖြစ်နေ

တဲ့ပုံမျိုးပါ….ဒဏ်ရာအနာတရတော့မတွေ့မိဘူး…နောက်တော့သူကျွန်တော့်ကိုအားတင်းပြီးပြောတယ်…ကိုရဲတဲ့…

သူတို့သန်းထွန်းစိုးကိုလက္ခံမှာမဟုတ်ဘူးတဲ့…ကိုရဲတာဝန်ယူလိုက်ပါတဲ့….သူ့ကိုဘယ်သူတွေဘယ်လိုစစ်ပြီးဘာ

တွေပြောလိုက်ကြလဲမသိဘူး…သူ့ကိုဘာမှပြန်မပြောမိခဲ့ပါဘူး…

နောက်နေ့ကျွန်တော်ဆေးရုံကဆင်းရတယ်…ဗဟိုကအခြေအနေသိချင်တာရယ်…အလုပ်ကိစ္စရှိနေတာ

ရယ်ကြောင့်စိတ်မဖြောင့်ဘဲထွက်ခဲ့ရပါတယ်…ဗဟိုရောက်တော့ကော်မရှင်ကလူတွေစုံနေကြပါပြီ…မဲစာရင်းတွေ

ပေါင်းဘို့ပြင်နေကြပါပြီ…ဒီရက်ပိုင်းမှာကော်မရှင်ရုံးကိုကိုမျိုးဝင်းလာတာမှတ်မိတယ်…အတူပါသူတွေကိုမမှတ်မိ

တော့ဘူး…သူပြောတဲ့ထဲကသေသေချာချာမှတ်မိတာတခုကသူ့စိတ်တိုင်းကျမဟုတ်ရင်အဖွဲ့အစည်းကိုတပ်ပုံစံနဲ့

ဘဲအုပ်ချုပ်သွားမယ်တဲ့…အတော်တာသွားတဲ့စကားပါ…

နောက်ရက်ညနေပိုင်းလို့မှတ်မိပါတယ်…ကျော်ဝဏ္ဏ(မြေနုစခန်းတွင်တိုက်ပွဲကျ-စမ်းချောင်းအခသ)ကပြေး

လာပြီးကိုအောင်ကျော်ဆုံးပြီတဲ့…ဆေးရုံကနေသယ်လာပြီးLECTURE HALL မှာခဏထားပြီးအဲဒီနေ့ညနေပိုင်း

င်္သချိုင်းမှာမြေမြှုတ်သင်္ဂြိုလ်ခဲ့ပါတယ်…သံသယတွေကြောင့်ရဲဘော်တယောက်ဆုံးရှုံးခဲ့ရပြန်ပါပြီ…အဖွဲ့အစည်း

ကောင်းစေချင်တဲ့စေတနာနဲ့ပြောခဲ့ဆိုခဲ့ကြသူတွေပါ…

မဲစာရင်းတွေပေါင်းကြပြီ

ရှေ့တန်းမှာသွားမကောက်ခင်ဗဟိုမှာလုပ်တဲ့စာရင်းအရမန္တလေးဒေသအတွက်ကိုညီညီကျော်၊ကိုစိုးလင်း၊

စစ်ကိုင်းဒေသအတွက်ဦးကျော်ကျော်အုန်း၊ဦးရန်နောင်စိုး၊ကချင်ဒေသအတွက်ကိုမြင့်ကျော်၊ကိုစိန်အေး၊ရန်ကုန်ဒေသအတွက်ကိုသန်းထွန်းစိုး၊ဦးစိန်တို့ရွေးခံရပါတယ်…ကိုသန်းထွန်းစိုးအဖမ်းခံစစ်ဆေးခံရပြီးဖိအားတွေပေးခံခဲ့ရ

တာကြောင့်ကိုယ်စားလှယ်အဖြစ်ကနှုတ်ထွက်ပါတယ်…ကိုစိုးလင်းရဲ့တိုက်တွန်းချက်အရကိုသန်းထွန်းစိုးနေရာမှာ

ကိုရဲလင်းကတာဝန်ယူခဲ့ပါတယ်…(အားလုံး၈ဦး)

ဖွဲ့စည်းပုံအရလိုအပ်တဲ့နောက်(၇)ဦးကိုမဲအနဲအများအလိုက်စီပါတယ်…

ကိုသံချောင်း၊ကိုလှဆိုင်း၊ကိုထွန်းအောင်ကျော်၊ကိုအောင်နိုင်၊ကိုတင်မောင်အေး(ခ)ကိုအားဆိုက်၊ကိုအောင်

ကြီး၊ကိုနေဒွန်း၊၊ဒုအရာခံဗိုလ်အောင်သန်း၊ဒုအရာခံဗိုလ်အောင်ရဲစိုး၊ဦးသောင်းမြင့်(စစ်ကိုင်း)နဲ့သူတို့နောက်က

ကိုမျိုးဝင်းတို့ဖြစ်ပါတယ်… ဖွဲ့စည်းပုံအရစစ်ရေးတာဝန်ခံသည်ဒုဥက္ကဋ္ဌ(၁)ဖြစ်ရမည်ဆိုတဲ့အတွက်ကိုသံချောင်းကို

မဲစာရင်းကပယ်ပါတယ်…ဒုအရာခံဗိုလ်အောင်သန်း၊ဒုအရာခံဗိုလ်အောင်ရဲစိုးတို့ကတပ်ဘက်မှာဘဲလုပ်မယ်လို့ပြော

ကြတဲ့အတွက်…မဲစာရင်းကပယ်ပါတယ်…(၈)ယောက်ကျန်ပါတယ်…ကိုမျိုးဝင်းကနောက်ဆုံးကဖြစ်နေတယ်…

နောက်တော့ဦးသောင်းမြင့်ကသူမလုပ်နိုင်တော့ဘူး…မလုပ်ချင်ဘူးလို့ပြောပြီးထွက်တဲ့အတွက်(၇)ဦးစာ

ရင်းမှာကိုမျိုးဝင်းပါလာပါတယ်…မြောက်ပိုင်းဗဟိုကော်မတီဝင်ကကိုသံချောင်းနဲ့ဆို(၁၆)ဦးပါ…နောက်ပိုင်းဗဟို

ကော်မတီအစည်းအဝေးမှာတောင်ပိုင်းကိုရောက်နေတဲ့ကိုကျော်ကျော်(မကဒတကချင်ဥက္ကဌဟောင်း)ကိုဒုဥက္ကဌ-၂

ကိုလှဌေးကိုဗဟိုကော်မတီဝင်…ရှမ်းပြည်(၄၀၁)ကကိုသံလွင်ကိုဒုဥက္ကဋ္ဌ(၃)…(၄၀၁)ကကိုဝင်းသိန်းကိုဗဟိုကော်မတီဝင်အဖြစ်တာဝန်ပေးခဲ့ပါတယ်…ဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူးများ၊နဲ့ဋ္ဌာနတာဝန်ခံ၊ဒေသတာဝန်ခံတွေကို

(၁၆)ဦးပါဝင်တဲ့ကော်မတီဝင်တွေကဘဲအစည်းဝေးမှာသတ်မှတ်ခဲ့ပါတယ်…လုပ်ပိုင်ခွင့်နဲ့တာဝန်တွေကိုတိတိကျ

ကျသတ်မှတ်ပေးထားတာမျိုးဖွဲ့စည်းပုံမှာပါဝင်ခြင်းမရှိခဲ့ဘူးလို့ထင်ပါတယ်…

ထူးခြားတာကကော်မရှင်အဖွဲ့ဝင်တွေထဲကဆရာတော်ဦးဥတ္တမကလွဲရင်ကျန်သူတွေအားလုံးကော်မတီမှာ

ပြန်ပါလာတာပါ…ဦးသောင်းမြင့်ကနှုတ်ထွက်သွားလို့မပါတော့တာပါ…ကော်မရှင်အဖွဲ့ဝင်တွေအရွေးခံပိုင်ခွင့်မရှိ

လို့သတ်မှတ်ထားတာတော့မရှိခဲ့ပါ…ကော်မရှင်အနေနဲ့မဲစာရင်းတွေမှာတရားမျှတမှုရှိခဲ့ပါတယ်…

ဒီလိုနဲ့ကိုထွန်းအောင်ကျော်(ဥက္ကဋ္ဌ)ဦးဆောင်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်

တပ်ဦး(မြောက်ပိုင်း)ရယ်လို့ပေါ်ထွန်းလာပါတယ်…မြောက်ပိုင်းကတောင်ပိုင်းရဲ့ဦးဆောင်မှုအောက်မှာရှိတယ်လို့

ဖွဲ့စည်းပုံမှာရေးဆွဲထားတယ်လို့ထင်ပါတယ်…(မှားတာရှိရင်ပြင်ပေးကြပါ)အချက်အလက်အထောက်အထားနဲ့ပြ

နိုင်ရင်ပြန်ပြင်ပေးဘို့တာဝန်ယူပါတယ်…


Ko Lin Wai Aung

(အပိုင်း-၃)ကိုဆက်ရေးပါဦးမယ်….

မအေးခဲသွားနိုင်တဲ့ မြောက်ပိုင်းရဲ့ နောက်ဆက်တွဲ ဝေဒနာ


မြောက်ပိုင်းဒေသမှ အရိုးတွန်သံများဆောင်းပါးကြောင့်နိုးထလာသော နှလုံးသားပုံရိပ်တစ်ခု

(၁)

ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင်ဖတ်ရသည့် မြောက်ပိုင်းအကြောင်းအရာများကို လွန်ခဲ့သည့် အနှစ် ၂၀ ခန့်ကတည်းက ကျမ သိရှိခဲ့ပြီးဖြစ်ပါတယ်။ လူစာရင်း အတိအကျကိုတော့ ဒီဆောင်းပါးဖတ်မှ သိရပါတယ်။ ဒီဆောင်းပါးမှာပါတဲ့အတိုင်းပါပဲ အခုအချိန်မှ ဖွင့်ပြောခဲ့ကြရတာကတော့ အချိန်မကျသေးတာရယ်၊ ကျောင်းသားအချင်းချင်း ဖြစ်ပျက်ခဲ့တာကို စစ်အစိုးရ ဖက်က သိရှိခဲ့ရင် လက်ညှိုးထိုး ပြောစရာဖြစ်လာမှာရယ်ကို မလိုလားတာရယ် စတာတွေကြောင့်ပါ။

ကျမလို ကာယကံရှင်တစ်ယောက် မဟုတ်တဲ့သူအနေနဲ့ ပြောရရင် အစွပ်စွဲ-အနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ကျောင်းသားစိတ်အပြည့်ရှိပြီး မိမိတို့ အသက်အန္တရာယ် ထိခိုက်သည်အထိ ကြုံခဲ့ရပေမဲ့ အဖွဲ့အစည်းဂုဏ်သိက္ခာအတွက် ရေငုံနေခဲ့ကြပါတယ်။ ကျောင်းသားသိက္ခာ ထိန်းခဲ့ကြတာပါ။

ဒါပေမယ့် ဒီမိုကရေစီဖော်ဆောင်နိုင်တဲ့တစ်နေ့၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့ တစ်နေ့ကျရင် ဒီကိစ္စတွေ၊ ဒီလူတွေဟာ စစ်အစိုးရကလွှတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေ မဟုတ်ဘူးဆိုတာရယ်၊ မတရားညှင်းဆဲ သတ်ဖြတ်ခဲ့တယ် ဆိုတာတွေရယ်ကို ဖော်ထုတ်ကြလိမ့်မယ်လို့ ရည်ရွယ်ထားပြီးသားဆိုတာ အဲဒီအနှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ကျမ သိရှိပြီးသားပါ။ ဒီတော့ ကျမအနေနဲ့ သိပြီးသားတွေ မထူးဘဲနဲ့ ဘာလို့ရေးလာသလဲလို့ဆိုတာ ပြောပါရစေ။

ဒီအကြောင်းအရာတွေ ဖတ်လိုက်ရတဲ့အခါ အစွပ်စွဲခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကျောင်းသားမိဘ၊ ညီအစ်ကိုမောင်နှမတတွေ ရင်ထဲကို ကိုယ်ချင်းစာစိတ်နဲ့ ခံစားမိရပါတယ်။ ကိုယ့်ရဲ့သွေးသားကို နှိပ်စက်တာတွေကို ရင်နှင့်အမျှ၊ ကာယကံရှင်ခံစားရသည့်နည်းတူ ရင်ပွင့်မတတ် ခံစားခဲ့ရတာတွေက အသစ်တစ်ဖန် ခံစားလာရပြန်ပါတယ်။

အဲဒီအခါမှာ ကျမအမေလို ရင်းနှီးခင်မင် ချစ်ခင်လေးစားခဲ့ရတဲ့ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ရဲ့ လွန်ခဲ့တဲ့အနှစ် ၂၀ က ပေါက်ကွဲလုမတတ် ခံစားခဲ့ရတဲ့ နှလုံးသားပုံရိပ်ကို ပြန်ပြီး မြင်ယောင်လာခဲ့ပါတယ်။ ကြာတော့ကြာခဲ့ပါပြီ.....

(၂)

ဆရာမကြီးဆိုပေမယ့် ကျမတို့ငယ်စဉ်က မူလန်းပြဆရာမအဖြစ် ဆုံခဲ့ရပါတယ်။ ကျမလေးတန်းမှာ ကျမရဲ့ အတန်းပိုင်ဖြစ်ခဲ့ပြီး၊ ကျမမိဘများနဲ့ ဆရာမကြီးခင်ပွန်းက ဌာနတစ်ခုမှာ အတူတာဝန် ထမ်းဆောင်တဲ့အတွက် ခင်မင်ရင်းနှီးကြပါတယ်။ လေးတန်းမှာ အတန်းပိုင်ဆရာမဖြစ်ခဲ့တဲ့အတွက် ဆရာမလို့ ခေါ်တာနှုတ်ကျိုးနေပေမယ့် ကျမနဲ့ သားသမီးဖွယ် နှစ်ပေါင်း များစွာ ခင်မင်ရင်းနှီးခဲ့ပါတယ်။

နောက်ဆုံး ကျမ ကျောင်းဆရာမ လုပ်နေတဲ့အထိ ဆရာမဟာနှစ်ပေါင်းများစွာ ဆရာမကြီးဘဝနဲ့ အငြိမ်းစားယူသည်အထိ နှစ် ၄၀ ဝန်ထမ်းဘဝ တာဝန်ထမ်းခဲ့သူပါ။ စာအသင်အပြ အလွန်ကောင်းပြီး၊ ကျောင်းသားများ ချစ်ကြောက် ရိုသေရုံမက မိဘများကပါ လေးစားကြပါတယ်။

ဆရာမ စာသင်သံကြားရတဲ့ ရပ်ကွက်ထဲက မိဘတချို့က သူ့ကလေးတွေစာကျက်ရင် “ဒါကဒီလိုပါ“ ဟု ပြန်ရှင်းပြတတ်ရာ၊ ကလေးတွေက “အမေတို့တောင် စာတွေရနေပါလား” လို့ ပြန်ပြောမိကြပါတယ်။ ကလေးမိဘတွေကလည်း “ အေး မင်းတို့ ကံကောင်းတယ် ဒီလို ရှင်းကနဲ နားထဲဝင်အောင် သင်နိုင်တဲ့ ဆရာမမျိုးနဲ့ တို့တွေ့ခဲ့လို့ကတော့ ခုလို ကျောင်းတဝက်တပျက်နဲ့ ထွက်ခဲ့မှာ မဟုတ်ဘူး” “မင်းတို့ သေချာသင်ယူကြ” လို့ ပြောယူကြရပါတယ်။

ဆရာဆရာမ အချင်းချင်းမှာတင် လူမှုရေး၊ စီးပွားရေး၊ ကုန်ကုန်ပြောရရင် ဆရာမပေါက်စလေးတွေရဲ့ အချစ်ရေးကအစ ဆရာမကိုပဲ တိုင်ပင်ကြတာတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး အင်မတန်ကောင်းပြီး စိတ်နှလုံး အင်မတန်နူးညံ့ပါတယ်။ ဆရာမရော၊ ဆရာမ ခင်ပွန်းပါ ရုပ်ရည်ချောမောကြပါတယ်။

ဆရာမဟာ ရုပ်ရည်ချောမော၊ ကျက်သရေရှိပြီး မျက်နှာအမူအရာအေးချမ်းတည်ကြည်သလောက် ဆရာမဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်၊ လောကဓံရဲ့ ရိုက်ပုတ်တဲ့ဒဏ်ကို ဘဝတလျှောက်လုံး ခါးစည်းခံခဲ့ရပါတယ်။ ဒါပေမယ့် နင်လားဟဲ့လောကဓံလို့တောင် ကြုံးဝါးမနေတော့ဘဲ အဲဒီလောကဓံနဲ့အတူ လမ်းလျှေက်ရင်း ဘဝကို ဖြတ်သန်းခဲ့သူပါ။

ကျမဟာလည်း ဆရာမရဲ့ သမီးတစ်ယောက်သဖွယ် ချစ်ခင်ခဲ့ရသူဖြစ်တဲ့အတွက် ဆရာမ လောကဓံနဲ့အတူ လမ်းလျှောက်ချိန်မှာ၊ တခါတရံ အဖော်အဖြစ်ပါခဲ့ပြီး အတူလျှောက်ဖြစ်ခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မေ့မရနိုင်တဲ့ နှလုံးသားပုံရိပ်တွေကို ထပ်တူခံစား သိရှိခဲ့ရခြင်းပါ။

ဆရာမဟာ အဆင်ပြေတဲ့ ဆီစက်ပိုင်ရှင် စက်သူဌေးသမီးဘဝကနေပြီးတော့ ရုန်းကန်လှုပ်ရှား စိုးရိမ်မကင်းစွာ ရပ်တည်နေ ရမယ့်ဘဝကို သူ့ဘာသာ ရွေးချယ်ခဲ့တာပါ။ ၁၉၆၂ ခုနှစ် ကျောင်းသားအရေးအခင်းကြောင့် ဆရာမတို့ရွာကို တက္ကသိုလ် ကျောင်းသားတယောက် တိမ်းရှောင်လာရာက ဆရာမဘဝ ပြောင်းလဲခဲ့ပါတယ်။ အဲဒီကျောင်းသားဟာ အခုလက်ရှိ ဆရာမရဲ့ ခင်ပွန်းပါပဲ။

ဆရာမက အဲဒီအချိန်က High School Final အောင်ထားပါတယ်၊ နိုင်ငံရေးသမားကိုယူရင် စိတ်ရှုပ်စရာတွေ၊ စိတ်ပင်ပန်းစရာ တွေ ကြုံရလိမ့်မယ်လို့ ပြောကြဆိုကြပေမယ့် အသက် ၁၈ နှစ်မှာပဲ အိမ်ထောင်ပြုခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မှာ အခြေချ နေပြီး အသက် ၁၉ နှစ်၊ သားတစ်ယောက် မွေးအပြီးမှာ မူလတန်းဆရာမ စလုပ်ပါတယ်။

အဲဒီအချိန်မှာ နယ်က ဆရာမရဲ့ဖခင် ရုတ်တရက်ဆုံးခြင်း၊ ဆီစက်ကို ပြည်သူပိုင်သိမ်းခြင်း၊ အိမ်မီးလောင်ခြင်း စတာတွေ ဆက်တိုက်ကြုံခဲ့ရပါတယ်၊ ဒါတွေဟာ လူတိုင်းကြုံရတတ်တဲ့ လောကဓမ္မတာပဲလို့ ဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာမဟာ သူ့ဘဝမှာ ဘယ်လိုမှ မေ့မရနိုင်မယ့် အခြားသော အဖြစ်အပျက်တွေ ရှိလာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။

(၃)

ဆရာမရဲ့သားအကြီးဆုံးက ကျမနဲ့ အသက်အရွယ် အတန်းအတူတူပါ။ ဒုတိယသမီး သမီးကြီးကတော့ ကျမထက် ငယ်ပါ တယ်။ အဲဒီသမီးကြီးဟာ အဖေတူသမီးပါ၊ ဒါကြောင့် အဖေဖြစ်သူက တော်တော်ချစ်ပါတယ်၊ အဖေချစ်သမီးပီပီ အမေကို အဖေလောက်တော်တယ်လို့ ဘယ်တော့မှ မမြင်ပါ။ ဒါကြောင့်လည်း ကျမနှင့်ဆရာမ ဒီလောက်နီးနီးစပ်စပ် တွယ်တာမိတာ ဖြစ်နိုင်ပါသည်။

နောက်တခုက ဆရာမက နိုင်ငံရေးအကြောင်းမပြော၊ နိုင်ငံရေးအကြောင်းလည်းမဖတ်။ ကျောင်းစာသာ သင်ပါတယ်။ စာသင်ခြင်းသည်သာ သူ့အလုပ်။ ဆရာမရဲ့ သမီးကြီးက စာအုပ်တွေ စဖတ်ကတည်းက နိုင်ငံရေးစာအုပ်တွေကို ဖတ်ပါတယ်။ သူ့အဖေက လေ့ကျင့်ပေးထားခြင်းပင်။

၁၉၈၈ ခုနှစ်၊ မတ်လ၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးပြီးနောက် တက္ကသိုလ်ဝန်းကျင်က မငြိမ်သက်နိုင်တော့။ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဇွန်လမှာ ပိုမိုကျယ်ပြန့်လာမယ့် ကျောင်းသားအရေးအခင်း စတင်ပါတယ်။ ဆရာမက သူ့သမီးကြီးအတွက် ပူပန်နေရှာခဲ့ပါတယ်။

အဲဒီ သမီးကြီးအောက်မှ သားအငယ်က ဖြူဖြူနွဲ့နွဲ့၊ အသားဖြူဖြူ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ မျက်ခုံးကောင်းကောင်းနဲ့ လူချော တစ်ယောက်ပါ။ သူက ဒုတိယနှစ် သင်္ချာအထူးပြုဖြင့် (လုပ်သားကောလိပ်) တက်ရောက်နေသူ။ ဒုတိယနှစ်ရောက်တော့ သူ့ဖခင်၏ရုံးမှာ အလုပ်ရလို့ လုပ်သားကောလိပ် ပြောင်းတက်ခဲ့တာပါ။

ဆရာမက စိတ်ပူလို့ ”မင်းအစ်မက ကျောင်းမှာ စာမသင်တော့ဘူးဆိုလည်း မသွားနဲ့တော့ ပြောတာမရဘူး၊ ဘာကြောင့် သွားနေမှန်း မသိဘူး” ဟု ပြောရာ၊ အဲဒီသားအငယ်က “ကျောင်းသားတွေ တရားဟောတာ၊ ပြောတာ သိပ်ကောင်းတယ်၊ အဲဒါသွားပြီး နားထောင်တာနေမှာပေါ့။ ဒီနေ့ခေတ် ဖြစ်ပျက်နေတာတွေ အမှန်အတိုင်း ပြောရဲတာ၊ သိပ်ကောင်းတာပဲ၊ မဆလ အစိုးရတော့ ဒီတချီ သေဖို့သာပြင်၊ ကျောင်းသားတွေက နောက်မဆုတ်တော့ဘူး၊ ကျောင်းသားတွေ သွေးမြေကျခဲ့ရတာတွေ အတွက် ပေးဆပ်ရလိမ့်မယ်၊ ဒီအစိုးရကို အပြုတ်တိုက်ဖို့ စီစဉ်နေကြပြီ” လို့ ပြောပါတယ်။

အဲဒီလို သားငယ်က ပြောတာကို အမှတ်တမဲ့သာ နေခဲ့ပြီး၊ သမီးကြီးကို စိတ်ပူပြီး အာရုံစိုက်နေလို့ သားအငယ်ကို လုံးလုံး မေ့လျော့နေခဲ့ပါတယ်။ အဲဒီ သားအငယ်က အဲဒီအချိန် အသက် ၂၀ အရွယ်ပါ။ အဲဒီအရွယ်ကစပြီး သူ့ဘဝတစ်ခုလုံး နိုင်ငံရေး နယ်ထဲ၊ ကျောင်းသားတော်လှန်ရေးနယ်ထဲ ရောက်သွားလိမ့်မယ်လို့ သူ့အမေက မထင်ခဲ့ရိုးပါ။

အဲဒီအချိန်မှာ အစိုးရက တိုင်းပြည်အခြေအနေကို ရိပ်မိ၍ပဲလား၊ အစိုးရဝန်ထမ်းတွေကို စည်းရုံးတာပဲလား မသိ။ ဝန်ထမ်းဆန် တစ်ယောက် ၃ လစာ ထုတ်ပေးခဲ့ပါတယ်။ ဆရာမ သားအငယ်က အဖေ၊ အမေ၊ သူ့ကိုယ်တာများကို ကားတစ်စီးဖြင့် ထုတ်၊ အိမ်သို့ပို့ခဲ့ပြီး ချက်ခြင်းပဲ အိမ်ကနေ ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။

အချစ်ဆုံးသားအတွက် ဆရာမဟာ ရတက်မအေး ပူဆွေးခံစားမှုတွေရဲ့ အစပါပဲ...။

သမီးကြီးက ပြောလာတယ်၊ သားငယ်က ကျောင်းမှာ တရားတက်ဟောတယ်၊ မျက်နှာစည်းရန် လက်ကိုင်ပဝါ တောင်းလို့ တောင် ပေးလိုက်ရသေးတယ်တဲ့။ ဆန်တွေလာပို့တော့ “ အစ်မ ဒီဆန်တွေ တို့မိသားစု ၃ လ စားလို့ လောက်ရဲ့လား” လို့ မေးသွားတယ်။ “ငါမရှိရင် အဖေနဲ့အမေကို ဂရုစိုက်ပါ” လို့ ပြောသွားတယ်။ “သူကတော့ တိုင်းပြည်အတွက် လုပ်စရာတွေရှိလို့ သွားပြီ” လို့ ပြောသွားတယ် ဆိုပြီး သမီးကြီးက ပြန်ပြောတော့ ဆရာမဟာ မယုံကြည်နိုင်စွာ အံ့သြမင်တက်နေလေရဲ့။

သမီးကြီးက ဆက်ပြောနေပါသေးသည်။

“မေမေစိတ်မပူနဲ့၊ မေမေ့သားတစ်ယောက်ထဲ မဟုတ်ဘူး၊ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ ပြောလို့မရပေမယ့် သူတို့ဟာ ကျောင်းသားလှုပ်ရှားမှုတွေ ဆက်လုပ်ဘို့ သွားကြတာပါ။ မေမေ့သားအတွက် အစစ အဆင်ပြေအောင်သာ ဆုတောင်းပေးပါ။ မေမေ ခွဲရတယ်ဆိုတာ သေသွားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေလောက် မဆိုးသေးပါဘူး”။

(၄)

၈-၈-၈၈ တွင် ကျောင်းသားများဦးဆောင်သော ရှစ်လေးလုံး အရေးတော်ပုံကြီး စတင်ပါတော့တယ်။ ပြည်သူတစ်ရပ်လုံး အုံးအုံးကျွက်ကျွက် တောင်းဆိုသံများကြောင့် အာဏာရှင်မဆလ အစိုးရ ပြုတ်ကျခဲ့ပါတယ်။ ဆရာမရဲ့ သမီးကြီးနဲ့တကွ ဆရာမခင်ပွန်းပါ သားပျောက်၊ မောင်ပျောက် ရှာပုံတော်ဖွင့်ကြပါတယ်။ တရားဟောတဲ့နေရာမှာလည်း စောင့်ကြည့်ကြ၊ ချီတက်ရင်းနဲ့လည်း ရှာဖွေကြပါတယ်။ သမီးကြီးက ကျောင်းသားသမဂ္ဂအဖွဲ့တွေမှတဆင့် စုံစမ်းပါတယ်။

အချို့ကျောင်းသားတွေက ဇွန်အရေးအခင်းပြီးကတည်းက ရှစ်လေးလုံးအရေးတော်ပုံအတွက် တစ်နိုင်ငံလုံးအနှံ့ တာဝန်ကျရာ နယ်တွေကို ရောက်နေကြောင်းတော့ သိရပါတယ်။ ကနဦးအစ ပစ်ခတ်မှုများကလည်း ရှိနေခဲ့တော့ အသက်ရှင်ရက်မှ ရှိပါ့မလားလို့ သံသယဝင်လာပါတယ်။ ဒီသံသယကို ဆရာမက မိခင်တို့ သိစိတ်နဲ့ ချေဖျက်ပါတယ်။ ကိုယ့်သွေးသားဖြင့် ဖြစ်တည်ပြီး မိမိဝမ်းကြာတိုက်မှာ ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ သားကို မသေသေးပါဟု အလိုလိုသိနေပါတယ်တဲ့၊ တွေ့အောင် ရှာကြပါပြောရင်း အိပ်ရာထဲ လဲပါတော့တယ်။ မိခင်တစ်ယောက်ရဲ့ သားပျောက်ဝေဒနာကို မှန်းဆနိုင်ပါမလား...။

သမီးကြီးက ဗကသသမဂ္ဂရှိရာ ရန်ကုန်ဆေးရုံကြီးကို သူတို့နေထိုင်ရာ မြို့စွန်ကနေ နေ့တိုင်း လမ်းလျှောက်သွားပါတယ်။ သူ့မအလုပ် သူမလုပ်ရင်း မောင်ကို စုံစမ်းပါတယ်။ သူမလည်း စိတ်ပူနေပြီ၊ တစ်နေ့ပြန်လာမယ် ပြောသွားတာ ဒီအချိန် ပြန်လာသင့်ပြီပေါ့ဟု ဆိုကာမျှော်ရချေပြီ။ မိသားစုရဲ့ အပူမီးဟာ အရှိန်ရ လောင်ကျွမ်းနေပါပြီ။

ကျမက ဆရာမကို စောင့်ရှောက်ပေးရင်း သားသမီးအပူများကို မျှဝေခံစားခဲ့ရပါတယ်။ စက်တင်ဘာ ၁၈ ရက်တွင်တော့ စစ်တပ်မှ အာဏာသိမ်းပါတယ်။ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြည်သူတွေ အထောင်အသောင်း တောခိုကြလေပြီ။ ဆရာမက သားအငယ်အတွက် ပူပင်သောကများ မငြိမ်းနိုင်တဲ့အတွက် ကျန်သမီးများအား အတင်းအကျပ် တားမြစ်ပါတယ်။ ဆရာမလည်း အိပ်ရာမှာ ဘုံးဘုံးလဲကာ လူထူမှသာ ထနိုင်ပါတော့တယ်၊ မျှော်လင့်ချက်တွေ ပြိုလဲလု မဟုတ်လား။

လုံးဝ မထင်ထားတဲ့ အချိန်မှာမှ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ သားငယ်ဟာ သန်လျင်က သူငယ်ချင်းအိမ်ကို ရောက်နေတဲ့အကြောင်းနဲ့ သူမဟာ သူငယ်ချင်းရဲ့ အမေ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ခုလိုအချိန်မှာ သားကို လက်ခံမထားရဲတဲ့ အတွက် ပြန်လာခေါ်ဖို့ ပြောလာပါတယ်။

ဆရာမဟာ သားအသက်ရှင်လျက် ရှိနေတာကို သိသိခြင်း ဝမ်းသာအားရဖြစ်သွားပြီး ထထိုင်ပါတော့တယ်။ လမ်းတော့ဖြင့် မလျှောက်နိုင်သေးပါဘူး။ ဆရာမခင်ပွန်းကတော့ အိမ်ရောက်ရင် အဖမ်းခံရမှာပေါ့၊ ဘယ်လိုလုပ်ကြမလဲ စဉ်းစားနေတုန်းမှာပဲ၊ သမီးကြီးက “သမီးလိုက်သွားမယ်၊ သမီးပဲ ကြည့်စီစဉ်ခဲ့ပါမယ်၊ မေမေ နေကောင်းအောင်နေပါ၊ ဖေဖေက ဝန်ထမ်းဖြစ်တဲ့ အတွက် ဖေဖေက ဆက်သွယ်တယ်ဆို မကောင်းပါဘူး“ ဆိုကာ တခါမှ မမြင်ဘူးသည့် အမျိုးသမီးကြီးတစ်ယောက်နောက်ကို လိုက်သွားခဲ့ပါတယ်။ ဆရာမမှာတော့ ဝမ်းသာစရာနှင့်အတူ စိတ်ပူပင်စွာ စောင့်မျှော် ကျန်ရစ်ခဲ့ပါတယ်။

သားငယ်က အရေးအခင်းကာလမှာ မြိတ်ကိုရောက်နေပြီး အဲဒီမှာ ကျောင်းသားအရေးတော်ပုံကို စတင်နိုင်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်မှာရှိတဲ့ ကျောင်းသားတွေ နယ်စပ်ကို ရှောင်တိမ်းကြတော့ အရေးအခင်းမတိုင်ခင်ထွက်သွားတဲ့ သူတို့က ပြန်ဝင်လာကြတာပါ။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင် နေရတာမဟုတ်ပဲ လုံခြုံတဲ့နေရာမှာ တိမ်းရှောင် ပုန်းနေကြတာ။

သန်လျင်ကို ကျောင်းသားတချို့နဲ့တွေ့ဖို့အလာ၊ သူငယ်ချင်းဖြစ်သူအိမ်ကို ဝင်ခိုနေတာဖြစ်ပါတယ်။ အိမ်ကို ပြန်မလိုက်နိုင်ပါ၊ ကျောင်းသားအရေးကိစ္စများ လုပ်စရာများစွာ ရှိနေသေးတဲ့အတွက် သူ့ကို မေ့ထားလိုက်ပါ။ ဘာအကြောင်းမှ မကြားရရင် အသက်ရှင်လျက် ရှိနေသေးတယ်မှတ်ပါလို့ ပြောပါတယ်။

သမီးကြီးက ”အမေက တခါလောက်တော့ တွေ့ချင်ရှာမယ်၊ နင်က ဘာမပြောညာမပြော ရုတ်တရက်ပျောက်သွားလို့ ခံစားနေရတာ။ ဒီတကြိမ်တော့မောင်လေး တွေ့လိုက်ပါနော်၊ အတင်းပြန်ခေါ် မထားပါဘူး၊ လုပ်စရာရှိတာ ဆက်လုပ်ပါ၊ လာတွေ့လိုက်ပါဟာ” ပြောတဲ့ အချိန်မှာ ရန်ကုန်ဘက်က ညောင်တမ်းဆိပ်ကမ်းကို အမေလာမှ တွေ့မယ်လို့ အဖြေရပါတယ်။

ဒါပေမယ့် ညမထွက်ရ အမိန့်ကရှိနေတော့ အချိန်က နာရီဝက်ပဲ ရပါတော့တယ်။ သမီးကြီး စီစဉ်ပေးလိုက်တဲ့ အိမ်ကို သားငယ်က သွားနှင့်ပြီး ဆရာမနဲ့ အန်ကယ် (ဆရာမ ခင်ပွန်း) တို့ကို သမီးကြီးက အပြေးအလွှား လာပြန်ခေါ်ပါတယ်၊ အံ့သြစရာပါပဲ၊ သမီးကြီးက “ မေမေ ဒီတခါမှ မတွေ့ရရင် နောင်တွေ့ဖို့ မလွယ်ဘူး။ သူလုပ်စရာတွေ ဆက်လုပ်မှာမို့၊ မေမေအားတင်းပြီး လိုက်လာပါ“ လို့ပြောတယ်ဆိုရင်ပဲ ဆရာမဟာ အနွေးထည်လေး ထပ်ဝတ်ပြီး လမ်းထလျှောက်ပါ တော့တယ်။

ကျမက ကျန်တဲ့ ဆရာမသမီးအငယ်တွေနဲ့အတူ အိမ်စောင့်ကျန်ခဲ့ရပါတယ်။ ညမထွက်ရ အမိန့်ကြောင့် ဘယ်လိုမှ ပြန်မလာ နိုင်ဘူးဆိုတာ သိလို့ပါ။

(၅)

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြဌာန်းပါတယ်။ နိုင်ငံရေးပါတီစာရင်းတွေကို သတင်းစာမှာ ထုတ်ပြန်တဲ့အခါ “ဗမာ့မျိုးချစ် လူငယ်အစည်းအရုံး” ဆိုတဲ့ ကျောင်းသားနိုင်ငံရေးပါတီတစ်ခုမှာ သားငယ်နာမည်ကို တွေ့လိုက်ရပါတယ်။ မြေပေါ်မှာရှိနေတယ်ဆိုတာ သိထားလို့ လည်း သူလို့ အတပ်သိလိုက်တာပါ။

နောက်တော့ အဲဒီပါတီရဲ့ ဥက္ကဌဖြစ်သူက စိတ်အေးအေးနေဖို့ ဆရာမကို ကိုယ်တိုင်ပဲ အိမ်ကိုလာပြောပါတယ်။ နောက်ပိုင်းမှာ ဆရာမက ဘယ်လိုနေကြသလဲ၊ စားစရာရှိကြရဲ့လား စိုးရိမ်နေတာ။ အဲဒီတုန်းက ဝန်ထမ်းများဟာ ပါတီနိုင်ငံရေး ကင်းရမယ် ဆိုပြီး လက်မှတ်ထိုးထားရတဲ့အတွက် ထုံးစံအတိုင်း သမီးကြီးကိုပဲ ပါတီလိပ်စာအတိုင်း သွားခိုင်းပါတယ်။ စားစရာတွေ အပို့ ခိုင်းပါတယ်၊ ဆန်ပြုတ်သောက်လိုက်၊ မရှိ ရှိတာ စားပြီး နေနေကြတာသိရတော့ ပို့ပေးနေရင်းက နောက်ဆုံး ဆရာမကိုယ်တိုင် သွားကြည့်ခဲ့တယ်။

သားငယ်က “အမေမလာပါနဲ့၊ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်တာမဟုတ်ဘူး၊ ကျောင်းသားအရေးကိစ္စတွေ လုပ်လို့ရအောင် မှတ်ပုံတင်ထားတာ၊ ထောက်လှမ်းရေးက ရိပ်မိရင်လည်း ရိပ်မိနေလောက်ပြီ၊ အမေ ဒုက္ခရောက်မယ်" လို့ နောက်ထပ်မလာဖို့ တားပါတယ်။

နောက်ဆုံးမှာတော့ ဆရာမက "ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် တနေရာရောက်ပြီဆိုရင် ဘယ်မှာရှိနေတယ်ဆိုတာ သိရရင် အမေကျေနပ်ပြီ၊ သားတို့ကျောင်းသားတွေကို မေမေ အမြဲမေတ္တာပို့နေတယ်၊ ဘယ်မှာရှိတယ်ဆိုတာသာပြောသွားပါ” လို့ မှာရှာပါတယ်၊ ဆရာမရဲ့ မသိစိတ်ထဲမှာ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်နေ့ သူ့သား ထွက်ခွါသွားရမယ်ဆိုတာ အတပ် သိနေခဲ့ပါတယ်။

တကယ်တန်းကျတော့ သော့ခတ်ထားတဲ့ ပါတီရုံးခန်းသာကျန်ခဲ့ပီး၊ အားလုံးဟာ မြေလျှိုးသွားကြပါတော့တယ်။ အခြေခံပညာ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေပါ ပါသွားကြပါတယ်။ အငယ်ဆုံးကျောင်းသားက ၁၆ နှစ် ၁၇ နှစ် အရွယ်တွေပါ။ နောက်ကြောင်းပြန် မစဉ်းစားနိုင်အောင်တော့ပါ။ သူတို့ တကယ်ပဲ ထွက်ခွါ သွားခဲ့ကြပါပြီ...။

ဆရာမက အင်မတန်ရိုးတဲ့အတွက် ကျောင်းသားတပ်မတော်ဆိုတာတောင်ကိ

ု သေသေချာချာ မသိပါဘူး။ နောက်ပိုင်း သားပျောက်မိဘအချင်းချင်း မေးရာကနေ ABSDF(NB) ကိုရောက်သွားမှန်း သိရပါတယ်၊ ဆရာမလည်း AB မြောက်ပိုင်း၊ တောင်ပိုင်းက ကျောင်းသားတွေကို ဘုရားရှိခိုးတိုင်း မေတ္တာပို့သပါတယ်၊ တော်ရုံပို့တာ မဟုတ်ပါဘူး၊ အရှည်ကြီးကို ရွတ်ပြီး ပို့ပါတယ်။ ဆရာမရဲ့ မေတ္တာပို့မှာ ဒီမိုကရေစီလည်း ပါပါတယ်၊ ဒီမိုကရေစီရမှ ကျောင်းသားတွေ ပြန်လာကြမှာကိုး။ အမေတစ်ယောက်ရဲ့ ရိုးစင်းလှတဲ့ မျှော်လင့်ချက်နဲ့ ဝေဒနာကို ကုစားချက်ပါ။

၁၉၉၂ ခုနှစ်ခန့်က စစ်အစိုးရက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရပါတယ်။ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) မှာ ကျောင်းသားအချင်းချင်း စစ်ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်နေကြတာတွေကို ထွက်ပြေး လွတ်မြောက်လာတဲ့သူတွေက သတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာတွေ ပြပြီး ရှင်းကြပါတယ်။

ကျမမှတ်မိသလောက် ပြောရရင် အူတွေတောင် ထွက်ကျလာလို့ ပြန်ထည့်ပြီး အစိမ်းချုပ်ချုပ်တာလည်းပါရဲ့။ ကျမတို့ တစ်အိမ်လုံး စစ်အစိုးရကို ဆဲကြပါတော့တယ်။ ကျောင်းသားတွေကို သက်သက်မဲ့ သိက္ခာချတယ်ဆိုကာ လုံးဝမယုံခဲ့ပါ။ သားငယ် မြောက်ပိုင်းမှာရှိတယ်ဆိုတာ သိထားတဲ့ ကျမဟာ ဆရာမကို အဲဒီသတင်းကြည့်ရလား၊ ဖြစ်နိုင်ပါ့မလားလို့ သွားပြီး မေးခဲ့ပါတယ်။

ဆရာမဟာ စိတ်လှုပ်ရှားရင် နှလုံးခုန်မြန်ပီး၊ ခြေဖျားလက်ဖျား အေးစက်တောင့်တင်းတဲ့ နှလုံးရောဂါတစ်မျိုး ရနေပြီဖြစ်တဲ့ အတွက်၊ သေချာဆုံးအောင် မကြည့်နိုင်ခဲ့ပါ။ အတွေ့အကြုံတွေ များလှပြီဖြစ်တဲ့ ဆရာမဟာ တခုခုကို တွေးဆနေပါတယ်။ ဖြစ်နိုင်-မဖြစ်နိုင် လုံးဝမပြောပါ၊ တခုတော့ ပြောလာပါတယ်။

"အန်ကယ်ကတော့ အစိုးရဟာ NLD ပြီးတော့ ကျောင်းသားတွေကို သိက္ခာချနေပြီဆိုပြီး ဆဲနေလေရဲ့" ကျမလည်း ကျမနဲ့ အန်ကယ် အမြင်ချင်းတူတယ်ဆိုပြီး အန်ကယ်နဲ့သာ စကားပြောဖြစ်ခဲ့ပါတယ်။

(၆)

"သို့

အဖေနှင့် အမေခင်ဗျား

ကျနော့်ကို စစ်ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ကျောင်းသားခေါင်းဆောင်များက ဖမ်းဆီး ထားပါတယ်။ မိဘများက တောင်းပန်ပြီး လာရောက်ခေါ်ဆောင်ပါမှ အသက်ချမ်းသာရာ ပေးမယ်လို့ ပြောတယ်။ ဒါကြောင့် အမေ (သို့မဟုတ်) အဖေ အမြန်ဆုံးလိုက်လာခဲ့ပါ“

သားငယ် ABSDF (NB)

************************

ကျမဟာ “စာကိုဖတ်ပြီးတာနဲ့ ဒီလောက် ကျောင်းသားအရေးတွေလုပ်နေတာ။ မိသားစုနဲ့ခွဲ၊ ကျောင်းပညာ တဝက်တပျက်နဲ့ စွန့်ပြီး လုပ်လာတာ။ ဘာထောက်လှမ်းရေးလဲ။ ဘယ်သူတွေက စွပ်စွဲတာလဲ။ လိုက်သွားခေါ်ရင် ထောက်လှမ်းရေးဆိုတာ ဝန်ခံရမှာလား“ ဆိုပြီး ဒေါသတကြီး ပေါက်ကွဲပါတော့တယ်။ မျက်ရည်များလည်း ရေသွန်သလို ဝေါကနည်းကို ကျလာပါတော့တယ်။

သမီးကြီးက ကျမပခုံးကို လာကိုင်ပြီး ”စာကို မိသားစုအားလုံး ဆယ်ခေါက်ထက်မနည်း ဖတ်ပြီးကြပါပြီ။ သားငယ် အသက်ရှင်ဖို့ အရေးကြီးတယ်၊ သွားခေါ်ပြီး ဟိုရောက်မှ အခြေအနေကြည့်ရမှာ။ ကိုယ်လည်းမြင်ရတာ မဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲက အဖြစ်အပျက်တွေသာာ အမှန်တွေဆို ကျောင်းသားအချင်းချင်း ပြဿနာတက်ကြတာဖြစ်မယ်၊ မိဘတွေလိုက်သွားရင် ကလေး တွေပဲ မရိုင်းလောက်ပါဘူး။ ခုက သွားဖို့လည်း ပြင်ပြီးနေပြီ။ အမက အိမ်မှာ ညီမလေးတွေနဲ့ လာနေပေးရင် ဖြစ်မလား။ အဲဒါပြောမလို့၊ ညီမလည်း ရှိနေမှာပါ။”

ဖြစ်ပုံက ဆရာမ သမီးအငယ်တယောက်က ခွဲစိတ်ခန်း ဝင်စရာရှိပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းပြီးသား၊ ဆရာမ နောက်ဆံ မတင်းရအောင် အိမ်မှာ လူအင်အားဖြည့်တာပါ။ သမီးကြီးကလည်း သူ့အိမ်ထောင်နှင့်တခြားမှာ နေနေပေမယ့် ဒီရက်ပိုင်းမှာ သူရော သူ့အမျိုးသားပါ လာနေပါတယ်။

“အန်ကယ်က ဘာလို့လိုက်မသွားတာလဲ” ဆရာမ လိုက်သွားမှာကို သိလိုက်ရသည့်အတွက် ကျမ မေးလိုက်မိပါတယ်။

“သမီးရယ်.. အန်ကယ်နဲ့ လုံးဝမဖြစ်နိုင်ဘူး၊ သူက ဘုန်းကြီးစာချ သွားလုပ်နေရင် သူ့ပါ ဖမ်းချုပ်ထားလိမ့်မယ်” ဟု ဆရာမက ပြောရာ အန်ကယ်က “ အန်ကယ်က စကားများများ မပြောပါဘူး။ တခွန်းပဲပြောမှာ၊" “ဘာပြောမှာလဲ” လို့ မေးတော့ “ ဟ အန်ကယ့်ကို သွားခိုင်းလေ။ အဲဒီတော့ ဘာပြောမလဲ သိရမှာပေါ့” တဲ့၊

အမှန်ကတော့ သွားခေါ်မယ့် ကျောင်းသားမိဘအချင်းချင်း ချိတ်ဆက်မိကြပြီးပြီ။ အလားတူစာမျိုး ရန်ကုန်ရှိ ကျောင်းသား မိဘ တချို့နဲ့ မန္တလေး၊ သာယာဝတီ စသဖြင့် စာများရောက်လာကြပြီးပြီ။ အများအားဖြင့် အမေများသာ လိုက်သွားကြပါတယ်။ တချို့လည်းအဖေတွေ လိုက်ကြပါတယ်။ ကျမထင်တာက ယောက်ျားချင်းဆိုတော့ တောထဲမှာ ပြောမှား ဆိုမှား စကားများကြ ရင် အသက် အန္တရာယ်ရှိလို့ ထင်ပါတယ်။

တစ်ခုပဲရှိတယ်။ ကျမ အမှတ်မမှားပါက ဝန်ထမ်းဆို၍ ဆရာမတစ်ယောက်သာ ပါပါတယ်။။ ကျန်သူများက အငြိမ်းစားနှင့် ကုန်သည်များသာ၊ ဆရာမသည် မြို့နယ်၊ တိုင်း အဆင့်ဆင့်မှသည် ပညာရေးဝန်ကြီးဌာနအထိ စာတင်ရပါတော့တယ်။ သားအသက်ရှင်ရေးအတွက် သွားရောက် ခေါ်ခွင့်ပြုပါရန် အသနားခံစာ တင်ရပါတယ်။

သွားရောက်မယ့် အဖွဲ့က ဆရာမသွားခွင့်ကျအောင် စောင့်ပေးကြပါတယ်။ တကယ့်ကို မိသားစုစိတ်ဓါတ် အပြည့်ရှိသူများပင်။ နောင်တချိန်တွင် ထိုမိသားစုများသည် ယခုနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် ချစ်ခင်စည်းလုံးလျက်နေကြပါတယ်၊ သာရေးနာရေး ဖိတ်စရာမလို အလိုလိုသွေးစည်းကြတဲ့ သွေးသောက်မိသားစုများ ဖြစ်လာခဲ့ပါတယ်။

ဆရာမကို တစ်လအတွင်း ပြန်လာရန် ခံဝန်ချက်ပေးပြီး လိုက်ခေါ်ဖို့ ခွင့်ပြုလိုက်ပါတယ်၊ ကျမ ဆရာမအတွက် တော်တော် စိတ်ပူနေမိပါတယ်။ ဒါပေမယ့် စိတ်ဆောင်လို့လား မပြောတတ်ပါဘူး။ ဆရာမဟာ သွက်လက်နေပြီး သူ့ကိုယ်သူ ကျန်းမာ အောင် ဂရုစိုက်နေထိုင်ပါတယ်။ သားအသက်ရှင်ဖို့ ငါအသက်ရှင်မှ ဖြစ်မယ်လို့ တွေးကောင်းတွေးနေလိမ့်မယ် ထင်ပါတယ်။

တကယ်တန်းမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ ဆရာမဟာ တစ်လကျော်ကျော်လောက်နေမှ ပြန်ရောက်လာပေမယ့်လည်း သားငယ်ကတော့ ပါမလာခဲ့ပါ။ ဒါပေမယ့် ဆရာမဟာ သားကို မျက်မြင် အသက်ရှင်ရက် တွေ့ခဲ့ရလို့ထင်ပါတယ်၊ သိပ်စိတ်မလှုပ်ရှားတော့ပဲ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြခဲ့တယ်။

ရောက်ရောက်ချင်း ချက်ချင်းပေးမတွေ့ပါဘူးတဲ့၊ တော်တော်ကြာမှ တွေ့ရတဲ့အပြင် တွေ့တဲ့အခါ အပြောအဆို ဆင်ခြင်ရပါတယ် တဲ့၊ သူတို့ကို အချုပ်ခန်းက ခေါ်ထုတ်ပြီး ပေးတွေ့ပါတယ်။

အားလုံးက သတိနဲ့ နေနေရတာပါတဲ့၊ ကျောင်းသားအချို့ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရတာတွေ မိဘတွေကို ပြောပြပါ သတဲ့။ ဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေပါပဲ။ အဲဒီအတိုင်းပါပဲ၊ မိဘတွေနဲ့ ပြန်ထည့်ပေးမယ် ပြောပြီး ဘယ်လိုက ဘယ်လို စိတ်ပြောင်းသွားကြလည်း မသိပါတဲ့။ ပြန်လွှတ်ပေးဖို့ ဘာတစ်ခုမှ မပြောတော့ပါဘူးတဲ့။ အဲဒီမှာ စောင့်ရင်းစောင့်ရင်း ခွင့်ရက်တွေသာ ကုန်ဆုံးလာခဲ့ရတယ်။

နောက်ဆုံးတော့ မိဘတွေရဲ့ တောင်းပန်မှုကြောင့် မသတ်ပါဘူးဆိုတဲ့ ကတိရလို့ ပြန်လာခဲ့ကြတာပါတဲ့။ ဆရာမအတွက်တော့ ပိုဆိုးတာက တလအတွင်းပြန်လာရမယ့် ခံဝန်ချက်ကလည်းရှိနေတော့ နောက်ကြောင်းမအေးပဲ ဖြစ်နေခဲ့ရတာ။

ဆရာမလို ဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ သားဇောကြောင့် ဝေးလံသီခေါင်တဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ကို ဖြတ်ပြီး ကျောင်းသားတပ်မတော်စခန်းကို ဆိုးဝါးလှတဲ့ ရာသီဥတုနဲ့ လမ်းပန်းအခက်အခဲတွေကြားက ရောက်အောင် သွားခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ဖြစ်ခဲ့ရပါတယ်။ ဘ၀မှာ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့တဲ့ ခရီးမို့လား။

ဆရာမဟာ မိသားစုကိုရော သမီးတမျှရင်းနှီးတဲ့ ကျမကိုရော ခုချိန်ထိ လျှို့ဝှက်ထားတယ်လို့ ကျမ ထင်ထားတာ တခုရှိပါ တယ်။ ကျမဘယ်တော့မှ မေးမှာမဟုတ်သလို သမီးကြီးကလည်း သူလည်းဘယ်တော့မှ မမေးပါဘူးတဲ့။ အဲဒါကတော့ အချုပ်ခန်းကနေ ထွက်ပြေးမှ လွတ်တော့မယ်ဆိုတာကိုပါ။

(၇)

ကျောင်းသားတွေကို ထောက်လှမ်းရေးတွေပါလို့ စပြီးဖမ်းစဉ်က စစ်ဆေးရေးအဖွဲ့မှာ တောခိုကျောင်းသားအစစ်အနေနဲ့ သားငယ်ပါပါတယ်။ သားငယ်ဟာ ဒီကျောင်းသားတွေက သူနဲ့အတူတွဲပြီး လုပ်လာတာ သူသိပါတယ်။ ဘယ်လိုမှ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ သိနေတော့ မေးတာမြန်းတာ ပျော့ပြောင်းညင်သာပါတယ်။ နဂိုကတည်းကလည်း စိတ်သဘောထား ပျော့ပြောင်းတဲ့အတွက်ကတကြောင်း၊ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာ သိနေတာတွေကလည်း တကြောင်း၊ ကျောင်းသားစိတ်ဓါတ်ရှိနေတော့ မရက်စက်ရက်တာကတကြောင်းကြောင့် သူ့ရဲ့ ညှာတာပြီး မေးထားတဲ့ အချက်တွေကို သဘောမကျရာက သားငယ်ကို စစ်ထောက်လှမ်းရေးပဲ။ မင်းလည်း သူတို့နဲ့ တစ်ဖွဲ့ထဲပဲ စွပ်စွဲပြီး နောက်ပိုင်းမှ ဖမ်းချုပ်တာ ခံရတာပါပဲ။။

သားငယ်ကို ဖမ်းပြီးလို့ စစ်တဲ့အခါမှာ တစ်ရက်မှာတော့ ခေါင်းကို ဒုတ်ကနဲ ရိုက်ခွဲလိုက်တာ သွေးအိုင်ထဲ ပုံရက်သား ကျသွားပါ သတဲ့။ သေပြီလို့ အားလုံးက ထင်လိုက်ကြပေမယ့် မသေခဲ့ပါဘူး။ ဒဏ်ရာကို ပက်သဒင်းတွေ အတိုင်းအဆမရှိပေးပြီး ချုပ်ပါ သတဲ့။

****************

သားငယ်နာမည်ကို အော်ခေါ်ပြီး ခြံထဲကို ဝင်လာတဲ့ ချာတိတ်ကို တွေ့လိုက်ရတော့ အိမ်ထဲမှာရှိတဲ့ မိသားစုတွေ ကြောင်ငေးပြီး ကြည့်နေမိပါတယ်။ သူ့ကို သားငယ်တို့နဲ့အတူ မြောက်ပိုင်းမှာ စွပ်စွဲဖမ်းခံထားရတယ်လို့ သိထားတာပါ၊ တိုက်တိုက်ဆိုင်ဆိုင် ကျမကလည်း ဆရာမဆီ ကျောင်းကိစ္စတစ်ခုနဲ့ ရောက်အလာ ဆရာမ စက်ချုပ်ဆိုင်သွားနေတာနဲ့ စောင့်နေခြင်းပါ။ ဆရာမရောက်လာတော့ တောတွင်းကျောင်းသားကို ကြည့်ရင်း တအံ့တသြ။

နောက်မှသိရတာက မိဘတစ်ယောက်က နောက်တခေါက် သူ့အစီအစဉ်နဲ့သူ ပြန်သွားပြီး အဲဒီတုန်းက ငယ်ရွယ်သေးတဲ့ သူ့သားနဲ့အတူ ဒီချာတိတ်အပါအဝင် တချို့ကို အာမခံ ခေါ်ထုတ်လာတာပါ။ တဆက်ထဲ သားငယ်တို့က မကြာခင် အချုပ်ကနေ ထွက်ပြေးလာမှာ သိထားတဲ့အတွက် လမ်းခရီးမှာ ချိတ်ဆက်တွေ ထားပေးခဲ့ပါတယ်တဲ့။ အစိုးရဖက်ရောက်ရင် မဖမ်းမဆီးရအောင်၊ ဒုက္ခတွေ့နေတဲ့ ကျောင်းသားတွေ ရောက်လာရင် ကူညီနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်တဲ့၊ ခုဆို သားငယ်တို့ လည်း ရောက်လောက်ပြီဆိုပြီး လာခဲ့တာလို့ ရှင်းပြပါတယ်။

ဆရာမလည်း တော်တော်စိတ်ပူသွားတော့တယ်။ ပြန်အဖမ်းခံရရင်တော့ သတ်မှာ ကျိန်းသေနေလေပြီ၊ ထိုချာတိတ်က အာမခံပါတယ်။ သားငယ်တို့က ဒီတောလမ်းခရီးကို ကောင်းကောင်းကျွမ်းတယ်။ မျက်စေ့မလည်နိုင်၊ ဖြစ်နိုင်တာက မြို့ပေါ်ရောက်မှ မျက်စေ့လည်ပြီး တနေရာရောက်တာဖြစ်မယ်။ တောထဲကတော့ ကျိန်းသေလမ်းမပျောက်ပါဟု ဆိုပါတယ်။

ထိုအချိန် အန်ကယ်က နယ်ရောက်နေသည့်အတွက် ဖုန်းဆက်ခေါ်ရတယ်။ အန်ကယ့်မှာ နယ်မိတ်ဆွေများစွာရှိပါတယ်။ နယ်လှည့်စာရင်းစစ်နေရသဖြင့် မရောက်ဘူးသည့်နယ်မရှိ အဆင်ပြေပါတယ်။ ကချင်ပြည်နယ်ရှိ နယ်ရုံးခွဲများကို သံကြိုးရိုက်၍ တဖုံ၊ ဖုန်းဆက်၍တနည်း အကြောင်းကြားထားရာ မကြာမီမှာပဲ သားငယ်ဟာ ဗန်းမော်မှာ အဖမ်းခံထားရတယ်လို့ မိတ်ဆွေ တစ်ယောက်က သံကြိုးရိုက်ပါတယ်။

ကံတရားကား ဆန်းကျယ်လှပါတယ်။ အန်ကယ့်ထံမှ သိရတဲ့အချိန်မှာ ထိုမိတ်ဆွေနဲ့ သားငယ်တို့ ရုံးထုတ်စစ်တာနဲ့ ကြုံရခြင်း ပါ။ တောခိုကျောင်းသားများ ဖမ်းမိတယ်လို့ သိရလို့ အန်ကယ့်သားလား မေးရာမှ “ မင်းအဖေ စိတ်ပူနေတယ်။ ဦးလေး လှမ်း အကြောင်းကြားပေးမယ်” ဆိုကာ ဝမ်းသာအားရ သံကြိုးရိုက် လှမ်းအကြောင်းကြားခြင်းပါ။

အထက်အဆင့်ဆင့် စာတင်ရင်း မိဘများ၏ ကြိုးစားတင်ပြမှုများကြောင့် နောက်ဆုံးတွင်တော့ မိဘရပ်ထံ ပြန်ရောက်ခဲ့ရချေပြီ။ ဆရာမ၏ နှလုံးသားတို့သည်လည်း ငြိမ်းချမ်းရချေပြီ။ သို့သော် စစ်အစိုးရလက်အောက်တွင် ယုံကြည်ချက်ပြင်းထန်သော ကျောင်းသားသည် အဘယ်မှာ အေးအေးနေရပါမည်နည်း။

**************

၁၉၉၈ ခုနှစ်၊ မရောရာ မသေချာသေးသောကာလ။ တခုသောရက်မှာ မေးစရာရှိ၍ ခဏဆိုကာ သားငယ်ကိုခေါ်သွားရာ ဘယ်မှာမှ မေးမရတော့။ လအတော်ကြာမှ ထောင်ဝင်စာတွေ့သည့် လူတယောက်ကို အကူအညီတောင်းပြီး ပြောခိုင်းလိုက် သဖြင့် မန္တလေးထောင်တွင် ရောက်နေတာ သိရတော့ပါတယ်။ နိုင်ငံရေးအမှုတွဲ တစ်ခုဖြင့် ထောင် ၇ နှစ် ကျခံရပါတော့တယ်။ ဆရာမလည်း တောတွင်းအချုပ်ထောင်ဇာတ်လမ်းပြီးလို့ မနားရသေး၊ မန္တလေးထောင်ကို သွားရပြန်ပါတယ်။

တလတခါသွားတွေ့ရင်း ၂ နှစ်အကြာ ပခုက္ကူထောင် ပြောင်းလိုက်တဲ့အတွက် ပိုပြီးဝေးလံစွာ သွားတွေ့ရပြန်ပါတယ်။ ၂၀၀၄ မှာ တော့ သားငယ်ထောင်က လွတ်မြောက်လာခဲ့ပါပြီ၊ သားငယ်အသက်လည်း အသက် ၄၀ နား နီးလာချေပြီ။ ၂ နှစ်ခန့် အကြာမှာ တော့ ကျောင်းသားတော်လှန်ရေး ခရီးကာလအတွင်း ၁၈ နှစ်နီးပါး ပျောက်သွားခဲ့တဲ့ သူ့အပေါ် သစ္စာရှိစွာ စောင့်လာတဲ့ မိန်းကလေး (အဲဒီအချိန်မှာတော့ အမျိုးသမီးကြီး) နဲ့ လက်ထပ်လိုက်ပါတယ်။ မုန်တိုင်းထန်ကာလများရဲ့ သန်းခေါင်ချိန်ကို လွန်မြောက်စမှာ တူတူတန်တန် ဘ၀တစ်ခုကို တည်ထောင်ခွင့်ရှိသည်ပဲ မဟုတ်ပါလား...။

ဆရာမတစ်ယောက် အဖေတူသားလို့ မကြာခဏပြောတတ်တဲ့ သားငယ်အတွက် စိတ်အေးချမ်းနေတာကို ဆက်တိုက် ကြားသိနေရပါတယ်။ ကျမတို့ မုဒိတာပွားကြရပါတယ်။ ကျမနဲ့ ဆရာမတို့လည်း လုပ်ငန်းတာဝန် မိသားစုတာဝန်တွေကြောင့် တနယ်ကျေးစီ ကွဲကွာနေခဲ့ကြရပါတယ်။

******************

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ နည်းပညာခေတ်ရဲ့ အလျင်မှာ မမီမကမ်း ကျမလိုက်နေတုန်း...။

ပြန့်နှံ့မှုနှုန်းထား အင်မတန်မြန်ဆန်တဲ့ အင်တာနက်ခေတ်ရေစီးမှာ မြောက်ပိုင်းက မအေးခဲနိုင်တဲ့ သွေးစွန်းနေဆဲ စာမျက်နှာတွေ ပေါ်ထွက်လာတာကို ဆက်တိုက်ဆိုသလို ဖတ်ရှုရပါတယ်။ ကျမတစ်စိတ်တစ်ဒေသ နာကျင်ခဲ့ဖူးတဲ့ ဝေဒနာဟာ မနေ့တနေ့ကလို ပြန်လည်ပေါ်ထွက်လာပါတယ်။ အချိန်တွေ ကြာခဲ့ပေမယ့်လည်း...။

ကျမရင်ထဲက ကျမချစ်တဲ့ဆရာမရဲ့ သားငယ်အပေါ်ထားတဲ့ နှလုံးသားခံစားချက်ကို ပြင်းပြင်းထန်ထန် သတိရနေမိပါတယ်။

အင်တာနက်စာမျက်နှာက အကြောင်းအရာတွေဟာ ကိုယ်သိပြီးသားတွေ၊ ကိုယ်တွေ့တွေဖြစ်ပါလျက်နဲ့ နှလုံးသား တဆတ်ဆတ် တုန်အောင် ခံစားနေရဆဲပါ..။ ဆရာမရော ဘယ်လိုနေရှာပါလိမ့်...။ မိသားစုဘ၀ကို တည်ဆောက် ရုန်းကန်နေတဲ့ သားငယ်နဲ့အတူ မခွဲမခွာရှိနေပြီဖြစ်တဲ့အတွက် နှလုံးသားတွေငြိမ်သက်နေပြီလား၊ အသက်အရွယ်၊အတွေ့အကြုံတွေကြောင့် ခံနိုင်ရည်ရှိပြီး အကြောင်းအရာတွေကို ဆုံးခန်းတိုင်အောင် ဖတ်နိုင်ပြီလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်(၂၀)။ အေးခဲနေတဲ့ ကချင်ပြည်နယ်ရဲ့ အအေးဒဏ်ကို အံတုရင်း ကျောင်းသားတပ်မတော်စခန်းဆီက ငရဲခန်းအဖြစ်အပျက်တွေကို သတိရနေလေမလား၊ ခေါင်မိုးပေါ်က တစက်စက်စီးလာတဲ့ နှင်းရည်တွေဟာ မြေပေါ်မကျခင် တံစက်မြိတ်မှာ ခဲသွားပြီး အချောင်းလိုက်လေး တွဲကျနေတဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရနေလေမလား၊ ညဘက် အပေါ့အပါးထသွားချင်တဲ့အခါ ခေါင်းဖြတ်ခံထားရတဲ့ ကျောင်းသူလေးက ခေါင်းပြတ်ကြီးနဲ့ ချောက်တတ်တယ်ပြောကြလို့ ဟိုလူ့လိုက်နှိုး ဒီလူ့လိုက်နှိုဲးပြီး သွားခဲ့ရတာတွေ သတိရနေလေမလား။ ရက်စက်လှတဲ့ လူမဆန်လှတဲ့ အဖြစ်တွေကို နှလုံးပျက်လုမတတ် ကြားခဲ့ရလို့ သိခဲ့ရလို့ ပြန်တောင်မတွေးချင်တော့ပါဘူး ဆိုတာတွေကို အဟောင်းတွေ အသစ်ဖြစ်ပြီး ဆရာမနှလုံးသားတွေ နာကျင်စွာခံစားနေလေမလား။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတစ်ပတ်လည်ပြီး ဖျောက်မရစွာ အမှန်တရားတွေ ဖော်ထုတ်နေပါပြီ။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ဆောင်းပါးလေးက သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ စာအုပ်လိုပဲ သမိုင်းတွင်ပြီး၊ သင်ခန်းစာယူစရာ အဖြစ်အပျက်တွေဆိုတာကိုတော့ ဆရာမသိပြီး ကျေနပ်နေမယ်ဆိုတာ ဆရာမနှလုံးသားကို မှန်းဆအဖြေရှာ သိနေပါတယ်။

ရွှေစင်ဦး

ကျွန်တော် လူကက်ဆက် - ဇာတ်သိမ်း (by ပန်းချီ ထိန်လင်း )


၁၉၉၂ ဖေဖဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့် ဓါတ်ပုံ (ဝဲ မှ ယာ: ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)

“ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”

“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”

“တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟား)”

“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”

ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။

ဒီပြက်လုံးတွေကို ရွေးချယ် တင်ဆက်ရတာက ကျွန်တော်တို့ ရဲဘော် အကျဉ်းစံတွေ အားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေ စည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။

ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျွန်တော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က ရီကြတယ် ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊ ပရိတ်သက်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိတ်သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။ တခါတလေဆို မရီရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။

ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှုးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ် လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင် ရီရမယ် ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး “ဂွမ်း” ကနဲ့ ခေါင်းကို တချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့ “၀ါးကနဲ၊ ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျွန်တော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။

ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘ၀၊ အနောက် ခွန်နစ်ဘ၀ အနုပညာ မရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် အနေနဲ့ သူတို့ နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့ တ၀ါးတဟားဟား အော်ရီ ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန် လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။

တခါတခါကျတော့လည်း ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။

အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ ရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျွန်တော်တို့လူတန်း တဖက်ထိပ်ကနေ တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက် ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီးခေါင်းကွဲသွားပြီ” လို့ နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျွန်တော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲ သွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှု အပေါ် တော်တော်ဂုဏ်ယူသွားသဗျ။

ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျွန်တော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှုး၊ ထောက်လှမ်းရေးမှုး၊ တခါတလေ အထူးဧည့်သည်တွေရော ပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။

ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။

“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငှဲ့ကွက်ပဲ ပေးလှူထားသော တော်လှန်ရေး ခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှါ အရက်သေစာတို့ကို သောက်ကြ စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါ နေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင် နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” ….. လို့လေ။

အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ။” လို့ ကျွန်တော်ရှေ့က ပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်းချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။

ဒါကြောင့်ဘာပဲ ဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျွန်တော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။

ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင် ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျွန်တော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံ လိုက်ရဘူး ပေါ့ဗျာ။ ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျွန်တော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျွန်တော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။

သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေ ကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျွန်တ်ာနဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။

သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက် လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။

… "မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ တောင်ပြန်လေ” ........

သီချင်းစာသားတွေ အတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျွန်တော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။

ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြ မလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့ သဘောနဲ့သူကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။

တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။

ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။

ကျွန်တော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီး ဆိုတဲ့ လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီး အတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။

နောက်ပိုင်း ကျွန်တော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာ အိမ်မှာ အပျော်တမ်း တီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။

ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံ ရမှီ ရက်ပိုင်း အလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာ လက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ် တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။

…….. “အိုး......ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …………

ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျွန်တော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ် က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။ မငယ်တယောက် NIP က လွတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ အဆက်အသွယ် မလုပ်ဘဲ နှစ်ပေါင်း (၂၀) နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲသီချင်း အမြဲဆိုလေ့ ရှိသဗျ။

မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီး တခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တ တွေပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ် ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။

ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့ အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ် စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။

မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျွန်တော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီး ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။

မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။

သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက် ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျွန်တော့် အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။

အထူးသဖြင့် ……. “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလားငှက်ငယ်၊” ဆိုတဲနေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊” …… ဆိုတဲ့ နေရာ ရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။

ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေ လို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေး ဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့သိရပါတယ်။ ကိုကျော်ဝေ နဲ့ကျွန်တ်ာတို့ အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျွန်တ်ာတို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့

… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” …

လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။

ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျွန်တော်ထပ် မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။ ကျွန်တော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသား အားလုံး အတွက် ထမင်းချက်ကျွေးရပါတယ်။ ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွါပြီး ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်း ဆိုဘူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသောပန်းချီကား” သီချင်းပါ။

နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့ အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစောဘယ်မှာ လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။

မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ ရသဗျ။ တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ (၂) ပတ်လောက် ဘာမှ မေးလို့ မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့် ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့ မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။

ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့ ဓါတ်ရှင်မင်းသား ဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။ သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါးမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။ ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏ သူငယ်ချင်းပါ။ တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ။” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။

ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။ အေဘီ အတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးလဲလ်ရဲ့ “ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘို သီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက ကိုညီညီ ဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ် ပန်းချီကျော် ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ မြှားဘုရင် သီချင်း တပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။

သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦး လို လူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ အလုပ်ကို ကိုယ့် အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦးကျားကြီးလို လူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို

ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။

“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” ...ပါ။

ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ် ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ် လို့ ပြောတဲ့အခါ ကျွန်တော်တို့ ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့ အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ် ထပ်မလည်ကြဘို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။

ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံ့တေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊ အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသား အတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျွန်တော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။

တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ် ယူနေရာ မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်း က တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့ မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။

…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ ယောက်တုဖက်ပြောရင်၊ အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” …………..

သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။

“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။ မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။

ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာ မတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်း ငရဲညပါပဲ။

တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက် တန်းမစီ နိုင်တော့ ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။

၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သား တဦး ရှိခဲ့ဘူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။

ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံ ဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ် ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင် မြုပ်တဲ့ အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ် တစည်းရပါတယ်။

ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေ အတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သားရဲ့ဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျှာ တပ်ဖွဲ့ ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။

ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ ပါတယ်။ ဆိုးဝါးလှတဲ့ အဖြစ်တွေ ကျွန်တော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှယ တာဝန် မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ် နေခဲ့ရတာ လောက် ပြန်တွေးတိုင်း ရှက်စရာ ကောင်းတာ မရှိတော့ပါဘူး။ စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။

တခါတခါကျတော့လည်း ဘ၀မှာ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ် နိုင်ဘို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။



ပန်းချီထိန်လင်း


ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*