Monday, July 7, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၃)



လခကို မမျှော်ရဟုဆိုခြင်း။

စစ်သားလုပ်တဲ့ လူတွေကလည်း လခ နည်းတယ်၊ အစားအသောက်လည်း ဆိုးတယ်၊ အနေကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လည်း ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ၊ မတွေ့ပါရစေနဲ့။ လာတဲ့လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက်၊ ရာထူးမမက်၊ မြန်မာပြည် သက်သက်သမားတွေ လိုချင်တယ်။ ဒီတပ်ဟာ လာဘ်စားမဲ့ လူတွေ၊ ငွေလိုမဲ့ လူတွေ၊ ရာထူးမက်မဲ့ လူတွေ၊ ဆွေမျိုးတွေအတွက် အလုပ်ပေးမဲ့လူတွေ လိုက်ချင်တဲ့တပ် မဟုတ်ဘူး။ မြန်မာ့ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ်။ မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေးအင်္ဂလိပ်စနစ်၊ ဟန်မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး၊ ၀က်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နိပွန်စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နိပွန်စစ်တပ်မှာ စစ်သားတစ်ယောက် ၄ ကျပ်၊ ၄ ကျပ် ၈ ပဲ၊ ခြောက်ကျပ်သာ ရတယ်။ ယိုးဒယား စစ်တပ်မှာ စစ်သားတယောက် ၂ ကျပ်ထဲ ရတယ်။ ဒါပေမဲ့ အားကျကြရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေအပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ။ အဲဒါမှ ကျွန်တော် အစက ပြောခဲ့သလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက်ပြန်ခုတ်နိုင်မှာ၊ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။

အဲဒီ စစ်သားစုဆောင်းရေးနဲ့ ပတ်သက်လို့ စကားအလျဉ်းသင့်လို့ ပြောစရာ တခု ကျန်သေးတယ်။ အဲဒါဟာ အရင်တုန်းက မြန်မာ့လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့၊ လူပိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်။ အဲဒီလူတွေကို ပြန်လွှတ်ရတုန်းကလည်း သူတို့ကို ကောင်းကောင်းမွန်မွန် ပြန်ပြီး မကြည့်နိုင်ခဲ့ဘူး။ သူတို့ နောင်ရေးအတွက်လည်း ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အခုတော့ တတ်အားသမျှ ဒီကိစ္စကို စီမံလျက်ပါပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မ၀င်ချင်ဘူးဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး။ တိုင်းပြည်တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်။ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ်ဆိုတာ ကမ္ဘာ့ရာဇ၀င်သိတဲ့ လူတိုင်းတော့ ဆင်ခြင်နိုင်ကြမှာပဲ။ ဒါကြောင့် အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက်၊ လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။ ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီး ကျုပ်တို့ချစ်ရာ ရောက်ကြမယ်။ ကျုပ်တို့ မြန်မာပြည် ထူထောင်နိုင်မယ်။ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနှင့်။ ဆက်လက် တပ်ထဲဝ င်ကြပါလို့ အထူး တိုက်တွန်းလိုပါတယ်။ နောက်အရေးကြီးတဲ့ အချက်တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့၊ မြန်မာ့လွတ်လပ်ရေးတို့ဟာ အခု အာရှစစ်ကြီးမှာ နိပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ၊ တည်တန့်နိုင်မယ်ဆိုတာ အားလုံးနားလည်ကြရမယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးနှင့် မြန်မာ့ ကာကွယ်ရေးအတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီးဆောင်ရွက်နေတဲ့ နိပွန်တပ်မတော်ကြီးအား စစ်နိုင်ရေးအတွက် မြန်မာ တမျိုးလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့လိုတယ်။

စစ်သားကို နိပွန်တို့ ရိုသေပုံ

နောက်ဆုံး ကျွန်တော်ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ်၊ စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်။ နိပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သားတစ်ယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့အခါ အဲဒီစစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်။ ချီးကျူးကြတယ်။ ဆလံပေးကြတယ်။ စစ်မြေပြင်ထွက်တဲ့ စစ်သားဆိုရင် ဘယ်လောက်ပင် ရာထူးကြီးတဲ့ လူဖြစ်ဖြစ် အလေးပြုကြတယ်။ ဘယ်လောက် အားကျဖို့ ကောင်းသလဲ။ နိပွန် ရှင်ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတွေကို လေးစားတယ်။ နိပွန်ရှင်ဘုရင်ကြီးဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး။ နိပွန်ဘုရား အစစ်ပဲ။ အဲဒီ ဘုရားရှင်ဘုရင်ကြီး ကိုယ်တိုင် ကျဆုံးတဲ့ စစ်သားများအတွက် ရည်စူးပြီး ဋ္ဌာပနာတဲ့ အရိုးအိုးစေတီကို ဦးခိုက်ရတယ်။ ကိုင်းညွှတ်ရတယ်။ မြန်မာပြည်မှာတော့ မဟုတ်ပေါင်။ မြန်မာ့လွတ်လပ်ရေး တပ်သားတွေ အသက်လည်း သေရသေးတယ်၊ အဆင်းရဲလည်း ခံရတယ်။ ဒီအလောင်းကောင်တွေကို နင်းပြီး တက်လည်း သွားကြသေးတယ်။ အကောင်း မပြောချင်ကြဘူး။

ခေတ်ပျက်ကြီးတုန်းက သူခိုးဓားပြတွေထူလို့ လူတွေခိုကိုးရာမဲ့ဖြစ်တုန်း ကာကွယ်ပေးခဲ့တာတွေကိုမေ့၊ ကိုယ့်ပစ္စည်းကလေးတွေ သိမ်းဆည်းထားတာ ဗာရဏသီချဲ့ပြီး မချီးမြှင့်ကြဘူး။ ရှက်ဖွယ်... ရှက်ဖွယ်။ ဒို့မြန်မာတွေ မရှက်ဖူးလား။ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး။ မြန်မာပြည်မှာရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ။ သူတို့ထက် မြတ်တာမရှိဘူး။ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ။ ဆောင်လည်း ဆောင်ရွက်ခဲ့ကြပြီ။ ကျုပ်တို့ စစ်သားတွေကို အားပေးကြ၊ လေးစားကြပါ။ ဒါမှ မြန်မာပြည် ချမ်းသာမယ်။ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်းသွားကြတဲ့အခါ ဆိုင်ရာ ဒေသက မြန်မာတွေအားလုံး တံခွန်ကုက္ကား မုလေးပွားနဲ့ စစ်တံခွန်၊ စစ်သီချင်း၊ စစ်သံတွေပေးပြီး လိုက်ပို့ကြစမ်းပါ။ ကြည့်ရသေးတာပေါ့လေ။ ကိုင်း... အခုညအဘို့ ဒါပါဘဲ။ တော်သေးပြီ။ မြန်မာတွေ အဝေရာဟောန္တု။

ဗမာ့လွတ်လပ်ရေး ကြေညာသော အခမ်းအနား၌ မိန့်ဆိုသော စစ်သေနာပတိမိန့်ခွန်း

ဤနေ့၊ ဤအချိန်၊ ဤအခါတွင် ကျွန်ုပ်တို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင် ချစ်ခင်ဘွယ်ဖြစ်သော ဗမာနိုင်ငံတော်သည် အရှေ့အာရှတိုက်ကြီး လွတ်မြောက်ရေး၏ ရှေ့တော်ပြေးအဖြစ် အငြိုးကြီးစွာ ဖိစီးနှိပ်ကွပ်သော အင်္ဂလိပ်တို့၏ ချုပ်ကိုင်ကြပ်တင်း လက်အတွင်းမှ ဖျက်ခွင်းလွတ်မြောက်အောင်ပြု၍ လွတ်လပ်ရေးတည်းဟူသော အသရေကို ဆောင်ယူခဲ့ပြီးဖြစ်သည်ကို တွေ့မြင်ရသဖြင့် ကျွန်ုပ်မှာ လွန်ကဲသော ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ရပါသည်။ လွတ်လပ်ရေးကို ရရှိအောင်မြင်သဖြင့် ဗမာတမျိုးလုံးသာလျှင် ရွှင်လန်းဝမ်းမြောက်ခြင်းမဟုတ်၊ တကမ္ဘာလုံးရှိ လူအပေါင်းတို့လည်း ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ရပေသည်။

ထိုမျှမကသေး၊ မဟာအရှေ့အာရှတိုက်ရှိ သိန်းသန်းများစွာ ရှိကုန်သော အရှေ့အာရှတိုက်သားများအပြင် ကမ္ဘာ့ခေတ်သစ်ကို ထူထောင်ရန် နေ့စဉ်နှင့်အမျှ ရဲရင့်စွာ စစ်တိုက်ခိုက်နေသော မဟာမိတ်နိုင်ငံများရှိ လူအပေါင်းတို့မှာလည်း ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်မည်ကား မလွဲဧကန်ပင်တည်း။

စစ်မှုအုပ်ချုပ်ရေး အခြေအနေမှတဆင့် တိုးမြင့်သော အခြေအနေသို့ တက်ရောက်လာသော ဤနေ့၊ ဤအချိန်၊ ဤအခါ၊ ဤအခမ်းအနားတွင် ဘ၀သစ်ကို ရရှိလာသော ဗမာနိုင်ငံတော်သစ်ကို စတင် ထူထောင်နိုင်ပါစေသတည်းဟု ကျွန်ုပ်က ကောင်းချီးမင်္ဂလာ သြဘာစကား ပြောကြားလိုသည့်အပြင် ဗမာအပေါင်းတို့အား မေတ္တာလက်ဆောင်အဖြစ်ဖြင့်လည်း မိမိ၏ထင်မြင်ချက် အနည်းငယ်တို့ကို ပြောကြား၍ ဗမာတို့၏ နောင်ရေးအတွက်ကိုလည်း ကောင်းမြတ်သော ဆုတောင်းမင်္ဂလာ သြဘာစကားကို ပြောကြားလိုပါသည်။

ရှေးဦးစွာ အသင်တို့အား ဗမာနိုင်ငံသစ်ကို စစ်ကြီးအတွင်းမှာ တည်ထောင်ထားသည်ဟု သတိထားစေလိုပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ရန်သူလည်းဖြစ်သော၊ ဗမာတို့၏ ရန်သူလည်းဖြစ်သော အင်္ဂလိပ်နှင့် အမေရိကန်တို့ကို အပြီးအပြတ် လက်နက်ချအပ်သည်တိုင်အောင် သာသနာရေးစစ်ပွဲကြီးပမာ တိုက်ခိုက်ရန် အာရုံတခုတည်းကို ထားရှိရန် သတိထားစေလိုပါသည်။

ဤအချိန်အခါတွင် အရှေ့အာရှတိုက်သားတို့သည် မဟာအာရှတိုက်ကြီး လွတ်လပ်အောင် အင်္ဂလိပ်နှင့် အမေရိကန်တို့ကို သုတ်သင်ရန် တရားလမ်းကျသော၊ မြတ်သော ဤစစ်ပွဲကို တိုက်နေသည်ဟု သင်တို့လည်း သိပြီးဖြစ်သည်။ ဤစစ်ပွဲကြီး အပြီးအပြတ်မနိုင်သမျှ ကာလပတ်လုံး မဟာအရှေ့အာရှတိုက်ကြီးသည် မည်သည့်အခါမျှ လွတ်မြောက်နိုင်မည် မဟုတ်။ မဟာအရှေ့အာရှတိုက်ကြီး မလွတ်မြောက်သမျှ ကာလပတ်လုံး ဗမာနိုင်ငံသစ်၏ လွတ်လပ်ရေးလည်း ခိုင်မြဲသေးမည်မဟုတ်။ ဗမာအပေါင်း၏ ရွှင်လန်း ၀မ်းမြောက်ခြင်းသည်လည်း တကယ့် ရွှင်လန်း ၀မ်းမြောက်ခြင်း ဖြစ်နိုင်မည်မဟုတ်သေးချေ။ ထို့ကြောင့် ဤစစ်အောင်မြင်မှုသည် ရှေးဦးစွာ လိုအပ်သော အခြေခံအဓိက အချက်ကြီးဖြစ်လေသည်။

ဤစစ်ကြီးကို အောင်မြင်နိုင်သောအခြေအနေသည် ကျွန်ုပ်တို့၏ လက်ဝယ်ရောက်ရှိနေပြီး အောင်မြင်ရန် အခြေခံ အုတ်မြစ်ကိုလည်း ချပြီးလေပြီ။ ထို့ကြောင့် ဗမာအပေါင်းတို့သည် နိပွန်အရှင် ဧက္ကရာဇ်မင်းမြတ်၏ တပ်မတော်များကို ယုံကြည်ကိုးစား၍ နိပွန်နိုင်ငံတော်ကြီးနှင့် ရင်းနှီးစွာ လုံးဝပူးပေါင်း ဆောင်ရွက်ပြီးလျှင် နိပွန်၊ ဗမာတို့၏ ရန်သူတို့ကို အပြီးအပိုင် ဖျက်ဆီးသုတ်သင် သင့်လေသည်။ များမကြာမှီပင်လျှင် ကျွန်ုပ်တို့သည် အောင်ပန်းကို ဆင်မြန်းရတော့မည် အမှန်ဖြစ်လေသည်။

ကျွန်ုပ် သတိပေးလိုသည်မှာ စစ်ပွဲကြီးကိုလည်း တိုက်ခိုက်နေစဉ် ယင်းသို့ တိုက်ခိုက်နေသောအချိန်တွင် နိုင်ငံသစ်ကိုလည်း ပြန်လည် ထူထောင်နေစဉ် ဤစစ်ပွဲကြီးကို အပြီးအတိုင် အောင်နိုင်သည့်နေ့အထိ အပျော်ကြူးမှု၊ စည်းစိမ်ခံစားမှုတို့ကို လုံးဝမပြုရန် ဖြစ်သည်။ ပေါ့ပေါ့ဆဆ ပျင်းရိ ဖင့်နှဲ့ခြင်းကိုလည်း လုံးဝမပြုရန်ုဖြစ်သည်။ ဗမာနိုင်ငံသားတို့သည် တွေ့ကြုံရမည့် အခက်အခဲတို့ကို ကျော်နင်းနိုင်ရမည်ဟု စိတ်ပိုင်းဖြတ်၍ အသက်စည်းစိမ်တို့ကို ဗမာနိုင်ငံအတွင်း စွန့်လွှတ်ရန် ဖြစ်သည်။ သေးဖွဲသော သဘောကွဲလွဲမှုတို့ကို လုံးဝဥပက္ခာပြု၍ အရေးကြီးသောကိစ္စတို့၌သာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်ရမည်။ ဆောင်ရွက်ရာတွင်လည်း ဆိုင်းတွဖင့်နှေးခြင်းမရှိဘဲ လျှပ်ပြက်သကဲ့သို့ လျင်မြန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ရမည်။

နိုင်ငံထူထောင်သောအရေးမှာ လွယ်ကူသော အရေးမဟုတ်။ အလွန်ခက်ခဲသောအရေးဖြစ်သည်။ အထူးသဖြင့် စစ်အတွင်းမှာ သာ၍ခက်ခဲသည်။ လူ့ပြည်မှာ အကျိုးခံစားရခြင်းသည် နတ်ပြည်မှာ အကျိုးခံစားရခြင်းထက် သာလွန်ကောင်းမွန်သည်။ ထို့ထက် သာလွန် ကောင်းမွန်သည်ကား လူ့ပြည်တွင် လူအပေါင်းတို့ အချင်းချင်း အေးချမ်းသာယာစွာ အညီအညွတ်နေခြင်းပင် ဖြစ်သည်ဟု တရုတ်စကားပုံတခု ရှိလေသည်။ ဤစကားပုံသည် သိအပ်မှတ်အပ်သော စကားပုံခုပင် ဖြစ်သည်။ ဗမာနိုင်ငံဝယ် အထက်ပါ အကျိုးခံစားမှုတရား နှစ်ပါးစလုံးပင် ရှိ၏။ ဗမာအပေါင်းတို့ကလည်း အေးချမ်းသာယာစွာ အညီအညွတ် နေထိုင်ကြလျှင် အထက်ပါ အခက်အခဲတို့သည် များမကြာမှီ ကုန်ဆုံးပပျောက်ရန် အကြောင်းရှိသည်။

ဗမာအပေါင်းတို့သည် မိမိ၏ ရှေးက အဖြစ်သနစ်ကို ပြန်လှန်သတိရပါ။ အင်္ဂလိပ်တို့ ပြုကျင့်ခဲ့သည်များကိုလည်း ပြန်လှန်၍ စဉ်းစားပါ။ လွန်ခဲ့သော အနှစ်တရာလောက်က အင်္ဂလိပ်တို့သည် ဗမာများ တနေ့တခြား ရေနည်းငါးကဲ့သို့ အင်အားချည့်နဲ့ အောင်ဗမာ အမျိုးသားအချင်းချင်း ရန်တိုက်ပေးခဲ့ကြလေသည်။ နိုင်ငံရေး ဂိုဏ်းအချင်းချင်းကိုလည်း ရန်တိုက်ပေးခဲ့ကြလေသည်။ ယင်းသို့ ရန်တိုက်ပေးပြီးလျှင် အလုပ်ကို ထိရောက်အောင် မလုပ်စေဘဲ အကျိုးမဲ့သော အငြင်းစကားဖြင့်သာ အချိန်ကို ကုန်လွန်စေခဲ့ကြသည်။ အသင်တို့သည် ဤကဲ့သို့သော အင်္ဂလိပ်တို့၏ ပရိယာယ်ညွှတ်ကွင်းသို့ ချဉ်းနင်းဝင်ရောက်မိသော သားကောင်ပမာ မသိလိုက်မသိဖာသာ ဖြစ်ခဲ့ရလေသည်။

ယခုအခါတွင် အသင်တို့သည် သတ္တိဗျတ္တိနှင့် ပြည့်စုံသင့်ကြလေပြီ။ အတိတ်ကာလ သဘောကွဲပြားမှုကိုလည်း စွှန့်လွှတ်၍ အသင်တို့သည် ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး မြင့်မြတ်သော ရည်ရွယ်ချက်ကြီးကို အဓိကထားပြီးလျှင် ထိုရည်ရွယ်ချက်ကြီးအတွက် အသက်စည်းစိမ်ကို ပူဇော်သင့်ကြလေပြီ။ ဗမာလူမျိုးအားလုံးသည် တစိတ်တ၀မ်းတည်းဖြစ်၍ ညီညွတ်တောင့်တင်းရမည်။ အကျိုးမဲ့ အငြင်းအခုံ မဖြစ်ပွားစေသင့်ဘဲ အလုပ်ရှိသမျှကို တွင်ကျယ် လျင်မြန်စွာ လုပ်ဆောင်၍ နိုင်ငံ၏ အခြေခံအုတ်မြစ်ကို ခိုင်မြဲစွာ ချသင့်လေပြီ။




ဆက်ရန်


ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၂)

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၄)

Sunday, July 6, 2008

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၀)















ဓာတ်ပုံများကို မြန်မာကျူးပစ်မှ ကူးယူသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၈)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၉)

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

Saturday, July 5, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၂)



(မြန်မာတိုင်း သွေးသတ္တိဇွဲ ပြရန် အချိန်) ဗိုလ်မှူးကြီး ကာနယ်အောင်ဆန်းက မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက်။

အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနှင့် ပြည့်စုံလျှင် လက်ခံရန် ရှိခြင်း။

မှတ်ချက်။ ။ (မြန်မာပြည် ကာကွယ်ရေးတပ်မတော်သို့ ၀င်ရောက် စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သတ်၍ တန်ဆောင်မုန်းလဆုတ် ၂ ရက်နေ့က မြန်မာပြည် အသံလွှင့်ရုံမှနေ၍ မြန်မာ့ကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ်အောင်ဆန်းက အသံလွှင့် ပြောဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း) ။

“ယနေ့ မြန်မာ့ကာကွယ်ရေး တပ်မတော်အကြောင်း ပြောရသည့်အတွက် ကျွန်တော်အထူးပဲ ၀မ်းမြောက်မိပါတယ်။ မြန်မာ့ကာကွယ်ရေးတပ်မတော်နှင့် ပတ်သတ်ပြီး နားမရှင်းတာတွေ၊ သိချင်တာတွေ ရှိပေမဲ့ ပြောဖို့ရှင်းဖို့ အခွင့်အလမ်းရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်။ ယနေ့ ပြောခွင့် ရတဲ့အခါ မြန်မာ့ကာကွယ်ရေးတပ်မတော်အကြောင်း အတော်အတန် ပြောပြရတာပေါ့...။

“နိပွန်ပြည် နန်းရင်းဝန်ကြီးတိုဂျိုက မြန်မာပြည်ဟာ နိပွန်ပြည်၏ စိတ်နေစိတ်ထား၊ ၀ါဒတို့ကို နားလည် သဘောကျပြီး၊ ၄င်းတို့နှင့် အရှေ့အာရှတိုက် ခေတ်သစ်ထူထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေ့မယ်လို့ ကတိပေးထားတယ်။ ဒီကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး။ ဒီကတိဟာ နိပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီးက တကမ္ဘာလုံး ကျေညာထားတဲ့ ကတိဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ရတာ မထင်ကြနဲ့။ ပထမဆုံး ဗြိတိသျှနှင့် နိပွန် စစ်မဖြစ်မီက မြန်မာ့လွတ်လပ်ရေး လုပ်ငန်းကို အသက်နှင့်လဲပြီး ဆောင်ရွက်ခဲကြတဲ့ သာယာဝတီသူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နိပွန်ပြည်က သိလိုတဲ့ မြန်မာပြည်အကြောင်းတွေ အမျိုးမျိုးရှာပေး၊ နောက် စစ်ဖြစ်တဲ့အခါလည်း ဒိုးတူပေါင်ဘက်လျှောက်လုပ်၊ တိုက်ခိုက်၊ အမျိုးမျိုးကူ၊ မြန်မာလူမျိုးတွေကလည်း ၀ိုင်းဝန်းထောက်ပံ့ခဲ့တာတွေကြောင့် ဒီကတိကို ပေးတယ်မှတ်ပါ။ အလကားထိုင်နေရင်း ရတယ်မထင်နဲ့။ လုပ်တဲ့လူတွေရှိလို့ ရတယ်မှတ်ပါ...။”

မငြင်းနိုင်သော အချက်တရပ်

အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည်တော့ လွတ်လပ်တော့မယ်ပဲ ဆိုကြပါစို့ ...။ လွတ်လပ်ပြီ။ ကိုင်း... ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ...။ ဘယ်လို တိုင်းပြည် အသစ် ထောင်မလဲ...။ အခု အစိုးရအဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ်ထူထောင်ရေးအတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့။ ဒါပေမဲ့ အဲဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့။ တနေ့ ဒီဟာတွေကို ကာကွယ်ဘို့ အားမရှိရင် ဘယ်မှာ အသုံးကျတော့မလဲ။ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာကာကွယ်ရေးတွင် တည်၏။ ထို့ကြောင့် မြန်မာ့ကာကွယ်ရေးသည် မြန်မာ့လွတ်လပ်ရေးနှင့် ညီမျှ၏။ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး။ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။

ကိုင်း... မြန်မာ့ကာကွယ်ရေး လုပ်ကြစို့။ ဘယ်လိုလုပ်မလဲ။ မြန်မာ့ကာကွယ်ရေး ဆိုပေမယ်လို့ နားလည်မလွဲကြနဲ့နော်...။ ရှေ့မှာ မြန်မာ့ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။့ မြန်မာ့ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ကာကွယ်ရေးအကြောင်း ပြောပြတုန်းက ရှင်းခဲ့ပြီးပြီ။ ကာကွယ်ရေးဆိုတာမှာလည်း ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက်ပြန်ခုတ်မယ်။ ရန်သူက ကျုပ်တို့ပြည်ကို တိုက်မယ်ဆိုရင် ကျုပ်တို့က သူ့ပြည်အရင် ဦးအောင်တိုက်မယ်။ အဲဒီ ကာကွယ်ရေးမျိုး။ ဒီကာကွယ်မျိုးရေးအတွက်ဆိုရင် လူလည်း များဘို့လိုတယ်၊ လူတွေ စိတ်ဓာတ်လည်း ရင့်ဖို့လိုတယ်၊ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လည်း ပြည့်စုံဘို့လိုတယ်။ မြန်မာပြည်ဟာ လူဦးရေနည်းတော့ မြန်မာ့ကာကွယ်ရေးဟာ မြန်မာတိုင်း၊ မြန်မာတိုင်း ကလေးမှအစ အဖိုးကြီး၊ အမယ်ကြီးထိ အားလုံးပါနိုင်မှ မြန်မာ့ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လိုပါမှလဲဆိုရင် စစ်တိုက်တယ်ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး။ စစ်သားကို ရိက္ခာထောက်ဖို့၊ ရိက္ခာစိုက်ပျိုးစုဆောင်းရေး၊ ရိက္ခာတင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက်မဆိုင်တဲ့ အလုပ်တွေ၊ တိုင်းပြည်ရဲ့ စီးပွားရေးအင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့အတွက် အားလုံး ယောက်ျား၊ မိန်းမမကျန် လုပ်မှ ဖြစ်မယ်။ ဒါက အကြမ်းပြောပြခြင်းပဲ။ တနေ့ကလည်း ကာကွယ်ရေးအကြောင်း အတော်အတန် ပြောခဲ့ပြီ...။”

လွတ်လပ်ရေးလက်တလှမ်း

သို့ပေမဲ့ ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးလုပ်ဖို့ အခု ဘာမှ မရှိသေးဘူး။ အားလုံး စ လုံးရေးက စ ရမယ်။ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင်မြန်မာ့လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ကာကွယ်ရေးတပ်မတော်ဟာ ပထမ စ လုံးရေး စ ရခြင်းပဲ။ အစကရှိတဲ့ မြန်မာ့လွတ်လပ်ရေးတပ်မတော်ဟာ အမှန်ပြောရရင် မြန်မာပြည်အတွင်းလောက်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့။ ဒါပေမဲ့ တခြားသွားတိုက်နိုင်တဲ့ အစွမ်းအရည်မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဘန်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီးတွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီမြန်မာ့လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လည်း ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲရင်လေးနေရတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို အသစ်ပြန်လည် ဖွဲ့စည်းပြီး မြန်မာ့ကာကွယ်ရေး တပ်မတော်လို့ တည်ထောင်ခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးတပ်မတော်လို့ ဘာလို့မခေါ်ဘဲ မြန်မာ့ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာပြည် လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ ယခု ဒီလွတ်လပ်ရေးရဘို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်။ လက်တလှမ်းထဲ လိုတော့တယ်။ ရပြီး ဘယ်လိုကာကွယ်ရမယ်ဆိုတာက ပိုပြီးအရေးကြီးလာပြီ။ အဲဒါကြောင့် ရှေ့အနာဂါတ်ကို မျှော်ကိုးပြီး ရာဇ၀င်အကြောင်းထောက်လို့ မြန်မာ့ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲနေစရာမလိုဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူး၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ၊ အဲဒီ မြန်မာ့ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ စခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလည်း လုပ်ထားပါတယ်။ ပထမ အရေးအကြီးဆုံးက အမြဲတပ်ကြီးပဲ။ လုပ်လျှင်လုပ်ခြင်း အဲဒီတပ်တွေကို ဗိုလ်လုပ်နိုင်တဲ့လူတွေ အလုံအလောက် ရှိဘို့လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်းဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။

ရန်ကုန်မြို့မှာ ဒီမြန်မာ့ကာကွယ်ရေးတပ်မတော်ကြီးအတွက် စည်းကမ်းစနစ်တွေလုပ်၊ ရိက္ခာတွေထောက်၊ ငွေပေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဋ္ဌာနကြီးအဖြစ်နဲ့ (ဟေဘိချိုကု) ခေါ်တဲ့ နောက်ကာကွယ်ရေး ၀န်ကြီးရုံးဖြစ်မဲ့ရုံးကိုလည်း တည်ထောင်ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေချထားပြီး ကျွန်တော်ကိုယ်တိုင်ပဲ အုပ်ချုပ်နေရပါတယ်။ အားလုံး မြန်မာဗိုလ်တွေနဲ့ မြန်မာတပ်တွေကို အုပ်ချုပ်နေကြပါတယ်။ နိပွန်အတိုင်ပင်ခံတွေကလည်း စစ်ရေးနည်းနာတွေကို ကူညီသင်ပြပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စ လုံးရေး စ ခြင်းပဲ၊ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး၊ တပ်တွေ၊ လက်နက်တွေတိုး၊ တင့်ကားတွေ၊ အမြောက်ကြီးတွေ၊ လေယာဉ်ပျံတွေရအောင် တဆင့်တဆင့် ကြိုးစားကြရလိမ့်မယ်။ ယခု လာမဲ့နှစ်အတွက် တပ်ကို ချဲ့ရဦးမယ်။ ဘယ်လောက်အထိ ဆိုတာကတော့ ကျုပ်တို့ ပြောပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ စစ်သားအသစ်တွေ မကြာမှီ ခေါ်တော့မယ်။ ဒါမြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟိုအရင်တုန်းက မြန်မာပြည် ကာကွယ်ရေးအတွက် မြန်မာကာကွယ်ရေးကို မြန်မာ့လက်ထဲအပ်ပါ၊ မြန်မာတွေ ကိုယ့်ပြည်ကိုယ် ကာကွယ်ချင်လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါ့မယ်လို့ မြန်မာတွေက ပြောနေကြတယ်။ (ကိုင်း... ခု လက်တွေ့ စမ်းကြည့်မယ်။ ခု ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ၀င်ကြမလား၊ ပြောကြစမ်း။ ဒို့မြန်မာတို့ စစ်ထဲမ၀င်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလည်း အပိုပဲ။ ရှေးတုန်းက ရာဇ၀င်ကို ပြန်ပြောင်းပြောနေရင်လည်း ယုံတမ်းစကား ဖြစ်နေမှာပဲ...။ ရှေးက မြန်မာ သူရဲကောင်းတွေ မြေကြီးထဲကနေပြီး ရယ်စရာ ဖြစ်နေမှာပဲ။ သတိထားကြနော်။)

ကိုယ်တွေ့ မျက်မြင်တခု

ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ။ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင်။ ယိုးဒယားပြည်နေတုန်းက ရှေးမြန်မာများ စွမ်းပကား သတ္တိလက်ရာတွေ မြင်သိခဲ့ရတယ်။ ယိုးဒယားပြည်မှာ တောတောင်အတန်တန်ကျော်ပြီး ကျုပ်တို့လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့၊ အလောင်ဘုရားတို့နှင့် စစ်သည်တော်သားများ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာ့သွေး၊ မြန်မာ့သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှုစတဲ့ အမှုအခင်းများတဲ့ အမေရိကန်ပြည် ချီကာဂို၊ ပြီး ဒုတိယ စွဲတယ်လို့ ကြားဘူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့သတ္တိအစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုးမရှိဘူး။ သည်လိုလုပ်မဲ့အစား မြန်မာပြည်အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြလိုက်စမ်းပါ။ ဒါမှ ရာဇ၀င်ပြောင်မှာ။ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါရစေနဲ့တော့။ ရွာတွေရွာတွေ ဖြတ်လာခဲ့တယ်။ အို... ဒီရွာတွေက လူတွေရဲ့ သတ္တိတော့ စိတ်ချ၊ ဆယ့်တစ် လူဆိုးချည်းပဲ။ စစ်ထဲလိုက်မဲ့လူ ထွက်စမ်းဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ၊ ဒါတောင် ပြန်ထွက်ပြေးလိုက်သေးတယ်။ တက်လူဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ၊ အင်္ကျီနီတွေနဲ့ တွေ့ပါရဲ့။ စစ်ထဲ လိုက်ရမယ်ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။

ဒါမျိုးဖြစ်ရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလိုပြည်မျိုးလည်း ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ရပါစေနဲ့။ ဒီတခါတော့ ၀င်ကြစမ်းပါ။ များများစားစား ၀င်ချင်တဲ့လူတွေ များလွန်းလို့ ပြန်လွှတ်လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ်ဆိုတာ မကြားချင်ဘူး။

အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် တပ်ချဲ့မယ်။ တပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ် ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ်ဆိုရင် ၀င်နိုင်တယ်။ လက်ခံဘို့ အသင့်ပဲ၊ ၀င်ကြစမ်းပါ။ ထောင်လိုက်၊ ရာလိုက်၊ သောင်းလိုက်။ ဒါပေမဲ့ တခုတော့ နားလည်စေချင်တယ်။ ဒီစစ်တပ်ကို ငွေလိုချင်လို့၊ လခလိုချင်လို့၊ ဘာလိုချင်လို့၊ ရာထူးလိုချင်လို့တော့ အလကားဘဲ။ ရမှာ မဟုတ်ဘူး။ ကျုပ်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာ့ကာကွယ်ရေးအတွက် မည်၍မည်မျှ စိတ်အားထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပေးပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး၊ ဘယ်မှာဘဲဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ်ဖြစ်ချင်လို့လည်း မရဘူး။ တချို့က စစ်ပညာ နည်းနည်းရဘူးပါရဲ့။ ရတာက တပ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက်၊ အဲဒါမျိုးတွေ တွေ့ရတယ်။



ဆက်ရန်


ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၃)

Friday, July 4, 2008

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၉)















ဓာတ်ပုံများကို မြန်မာကျူးပစ်မှ ကူးယူသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၈)

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

Thursday, July 3, 2008

HappY BirthdaY MoM



အမေ...
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုနဲ့အတူ နှစ်ပေါင်းများစွာ မွေးနေ့ပွဲတွေ ကျင်းပနိုင်ပါစေ။




s0wha1

Wednesday, July 2, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ



ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၏ အမှာ ---

တနေ့တွင် ကိုရှိန်သန်းလာ၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ ရေးသားချက်များ၊ သူနှင့် ပတ်သတ်၍ ရေးသားထားသော ဆောင်းပါးများကို စုပေါင်း၍ စာအုပ်အဖြစ် ထုတ်သင့်၊ မထုတ်သင့် မေးပါသည်။

ကျွန်တော်လည်း မဆိုင်းမတွပင် ထုတ်သင့်ကြောင်း၊ ကျွန်တော်ကိုယ်တိုင် သူ့မိန့်ခွန်းများနှင့် ရေးသားချက်များကို စာအုပ်အဖြစ် ထုတ်ဝေရန် ရည်ရွယ်ခဲ့ကြောင်း၊ ထိုရည်ရွယ်ချက်ကို ရဲဘော်တယောက်အား ပြောပြရာ “ဦးအောင်သန်းအနေဖြင့် ဗိုလ်ချုပ် အထ္ထုပတ္တိ" သဘောမျိုးရေးလျှင် ပိုကောင်းမည်ထင်ကြောင်း ထိုရဲဘော်က အကြံပေးသဖြင့် “အောင်သန်း၏ အောင်ဆန်း” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ကြောင်း ပြန်ပြောလိုက်ပါသည်။ (ထိုစာအုပ်ဖတ်လျှင် စာမျက်နှာ တ၀က်ကျော်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများနှင့် သူ့အကြောင်း ရေးသားထားသော ဆောင်းပါးများ ဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ )

ထိုစာအုပ်နိဒါန်းတွင် ရေးခဲ့သကဲ့သို့ လွတ်လပ်ရေးဗိသုကာဖြစ်သော နိုင်ငံရေးခေါင်းဆောင်များ၏ အထ္ထုပတ္တိရေးလျှင် ထိုပုဂ္ဂိုလ်များ၏ နိုင်ငံရေး အရောင်အဆင်း၊ နိုင်ငံရေး ကြိုးပမ်းချက်များ ပေါ်လွင်အောင် ရေးသားသင့်သည်ဟု ယူဆပါသည်။

ထိုရည်ရွယ်ချက်အောင်မြင်စေရန် ထိုခေါင်းဆောင်များ၏ မိန့်ခွန်းများ၊ ရေးသားချက်များကို သုတေသနပြုရန် အရေးကြီးလှပေသည်။ သို့မှသာလျှင် ထိုခေါင်းဆောင်များ၏ နိုင်ငံရေး အရောင်အဆင်းအမှန်ကို သိသာနိုင်ပေမည်။

အထ္ထုပတ္တိရေးသူများသည် တရားသူကြီးနေရာတွင် ရှိရပေမည်။ တရားသူကြီးတယောက်သည် အမှုတစ်ခုကို စစ်ဆေးစီရင်ရာတွင် ဆန္ဒဂတိ၊ ဒေါသဂတိ မလိုက်ဘဲ သက်သေ ထွက်ချက်ပေါ်တွင် အမှီပြု၍ စီရင်ချက် ချရပေသည်။ အလားတူစွာ အထ္ထုပတ္တိရေးသူများသည် အထ္ထုပတ္တိတခု ရေးရာတွင် သုတေသနပြုလျက် တွေ့ရှိသော အချက်များပေါ်တွင် အမှီပြု၍ မိမိတို့၏ “ဇာတ်လိုက်” အကြောင်း ပေါ်လွင်အောင် ရေးရပေမည်။ မိမိတို့ လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို ကောက်ချက်ချရေးလျှင် အဂတိလိုက်စားရာ ရောက်ပေမည်။ ထိုသို့ အဂတိလိုက်စား ရေးသော အထ္ထုပတ္တိများမှာ ကြာရှည်စွာ မခံနိုင်ပေ။ မကြာမှီ တိမ်မြုပ် ပျောက်ကွယ်သွားပေမည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ ဆောင်းပါးများကို စုပေါင်း၍ စာအုပ်ထုတ်ခြင်းဖြင့် သုတေသန ပြုလိုသူများအဖို့ သုတေသနပြုရာတွင် လွယ်ကူပေမည်။ ဤအချက်ဖြင့်ပင် ထိုမိန့်ခွန်းများ၊ ဆောင်းပါးများကို စုပေါင်း၍ စာအုပ်အဖြစ် ရိုက်နှိပ်၊ ထုတ်ဝေသင့်ကြောင်း ထင်ရှားပေသည်။

ထိုအချက်ထက် အရေးကြီးသော အချက်ရှိသေးသည်။ ထိုအချက်မှာ တဆယ့်လေး၊ ငါးနှစ် အာဏာလက်ကိုင်ပြုခဲ့သော ဖ၊ဆ၊ပ၊လ အစိုးရများမှစ၍ ယနေ့အာဏာာလက်ရှိ တော်လှန်ရေးအစိုးရအထိ စစ်ပြီးခေတ် အစိုးရများသည် မိမိတို့ လုပ်ကိုင်နေပုံမှာ “ဗိုလ်ချုပ် လမ်းစဉ်ဖြစ်သည်" ဟုကြွေးကြော်ကြသည်။ သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် “ဗိုလ်ချုပ်လမ်းစဉ် ဆိုတာ၊ ဘာလဲ” ဟု သိလိုကြသည်။ ထိုသို့ သိနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ရေးသားချက်များကို လေ့လာရန် အရေးကြီးပေသည်။

အချို့နိုင်ငံများတွင် အစိုးရကိုယ်တိုင်က မိမိတို့ ခေါင်းဆောင်များ၏ မိန့်ခွန်းများမှ ကောက်နှုတ်ချက်များ ထုတ်လျက် စာအုပ်များအဖြစ် ရိုက်နှိပ်ထုတ်ဝေသည်ကို တွေ့ရသည်။ မြန်မာပြည်တွင်ကား အစိုးရက ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ ရေးသားချက်များကို စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေသည်ကို မတွေ့ရသေးပေ။

သို့ဖြစ်ရာ ကိုရှိန်သန်း၏ ကြိုးပမ်းချက်သည် မွန်မြတ်ရုံမက လိုအပ်သော ကြိုးပမ်းချက် ဖြစ်သည့်အတိုင်း “အောင်မြင်ပါစေ” ဟု ဆုတောင်းရင်း ဤအမှာကို ရေးလိုက်ရပေသည်။

အောင်သန်း
၁၉၆၉ - ခု၊ ဇန်န၀ါရီလ။

*** ***** ***

၁။ ဇာတိမာန်နှင့် သေကြပါ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ်၊ ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ် ဗိုလ်ချုပ်အောင်ဆန်းက ပြောသည်မှာ ---

“ဟေ့... သေလည်း ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ...”

“ရန်သူကို မိမိလက် အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ...။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲ သေပြလိုက်ကြတာပေါ့...။”

------------------------------------------------------------

၂။ ဒီရဲဘော်သုံးကျိပ် ညီညွတ်ဖို့လိုတယ်။

“ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ဘဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လည်း အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်...။"

------------------------------------------------------------

၃။ ရှေးက စစ်ထွက်ကြပုံ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက ပြောသည်မှာ ---

“စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့...။”

------------------------------------------------------------

၎။ ထင်သလောက် မဟုတ်။

ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန် ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက ပြောသည်မှာ ---

“ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလည်း ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ်...။”

------------------------------------------------------------

ယိုးဒယားပြည် ဘန်ကောက်မြို့တွင် သွေးသစ္စာသောက်စဉ်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း။

အမှာ

ကျွန်တော်တို့သည်၊ ယိုးဒယားပြည် ဘန်ကောက်မြို့၌ ၁၃၀၃ ခု၊ ပြာသိုလဆန်း ၁၁ ရက်၊ စနေနေ့ ၂၇၊ ၁၂၊ ၄၂ မှစ၍ ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာ့လွတ်လပ်ရေးတပ်မတော်တွင် ရဲဘော်တယောက် ဖြစ်ပါသည်။ ၁၊ ၁၊ ၄၂ နေ့တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရန်နိုင်၊ ဗိုလ်မှူးမင်းခေါင်၊ ဗိုလ်မှူးတောက်ထိန်တို့ ကြီးမှူးသော ဗမာ့တပ်မတော်နှင့်အတူ ဗမာပြည် တောင်ပိုင်း၊ ကော့သောင်မြို့သို့ ချီတက်၍ စစ်သည်တော်အင်အား ( ၈၀ ) ခန့်မျှနှင့် ၂၆၊ ၂၊ ၄၂ နေ့၊ မြတ်မြို့ကို သိမ်းပိုက် ရရှိပါသည်။ ၄င်းမြိတ်မြို့မှ ၆၊ ၂၊ ၄၂ နေ့ ထွက်၍ ၁၂၊ ၂၊ ၄၂ နေ့ မော်လမြိုင်မြို့သို့ ရောက်ရှိပြီး မုပွန်ရပ်ကွက်၌ အင်္ဂလိပ်လေယာဉ်နှင့် တိုက်ပွဲဖြစ်ပါသည်။ ၁၃၊ ၂၊ ၄၂ နေ့ ဘားအံမြို့သို့ရောက်၍ အင်္ဂလိပ်လေယာဉ်နှင့် တိုက်ပွဲဖြစ်သည်။ ၁၅၊ ၂၊ ၄၂ နေ့ ပီးပုံရွာ၌ အင်္ဂလိပ်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပါသည်။ ၃၊ ၃၊ ၄၂ နေ့၊ ကျိုက္ခမီမြို့မှထွက်၍ ၅၊ ၃၊ ၄၂ နေ့၊ ဒေးဒရဲမြို့သို့ရောက်၍ အင်္ဂလိပ်လေယာဉ်နှင့် တိုက်ပွဲ ဖြစ်ပါသည်။

၁၇၊ ၃၊ ၄၂ နေ့ ဟသာင်္တမြို့သို့ရောက်၍ အင်္ဂလိပ်၊ အမေရိကန် ပူးပေါင်းထားသော စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပါသည်။ ၂၉၊ ၃၊ ၄၂ နေ့၊ ရွှေတောင်မြို့သို့ရောက်၍ ဗမာပြည်တွင် နံမည်ကြီးခဲ့သော ရွှေတောင်တိုက်ပွဲကို ၀င်ရောက်ဆင်နွှဲရပါသည်။ ဤကဲ့သို့ အရိုးကြေကြေ အရေခန်းခန်း ဗမာပြည် လွတ်လပ်ရေးအတွက် အသက်ပေး ဆောင်ရွက်ချက်များကို တင်ဆက်ရခြင်းသည် ဘန်ကောက်မြို့မှ ဗမာ့တပ်မတော် မထွက်မှီ ---

မှတ်ချက်။ ။ ၂၇၊ ၂၊ ၄၁ နေ့တွင် တကြိမ်၊ ၂၉၊ ၁၂၊ ၄၁ နေ့တကြိမ်၊ သွေးသစ္စာရေ နောက်ဆုံးသောက်သုံးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ရည်ရွယ်ချက် မိန့်ခွန်းကို ဗမာပြည် ဗမာ လူထုကြီး တရပ်လုံး သိသာရန် ပဏာမပျိုးခြင်း ဖြစ်ပါသည်။

၅။ မိမိတို့ အသက်အိုးအိမ် စည်းစိမ်စွန့်ခွာနိုင်မှ။

"ရဲဘော်တို့...

ရဲဘော်တို့သည် မိမိ၏ အသက်နှင့် သားမယား စည်းစိမ်ဥစ္စာ ပစ္စည်းတို့ကို စွန့်ခွာနိုင်ပါမှ၊ ဤလွတ်လပ်ရေး တပ်မတော်မှာ အမှုထမ်းကြပါ။ သည်လိုမှ မစွှန့်လွှတ်နိုင်လျှင် ယခုအချိန်ကစ၍ တပ်မတော်မှ ထွက်ခွင့်ပြုပါတယ်။ စစ်ဆိုသည်မှာ နိုင်မည်ရှုံးမည် မပြောနိုင်ပါ။ သေမည်၊ ရှင်မည်မသိ။ ဂျပန်နှင့် အင်္ဂလိပ်တို့သည် စစ်ကြေငြာ၍ တိုက်သောစစ်ဖြစ်သည်။ ဂျပန် ဖြစ်စေ၊ အင်္ဂလိပ် ဖြစ်စေ၊ သုံ့ပန်း အဖြစ် အဖမ်းခံရပါက သတ်ရန် ဥပဒေ မရှိခဲ့ချေ။ ရဲဘော်တို့ ငါတို့ကို ရန်သူ အင်္ဂလိပ်ဖမ်းပါက ပုန်ကန်သူ၊ သူပုန်အဖြစ်နှင့် ကြိုးစင်သော်၎င်း၊ တသက်တကျွန်းသော်၎င်း၊ ထောင်ဒဏ်သော်၎င်း ပေးမည်မှာ သေချာတယ်။ ရဲဘော်တို့ ငါတို့သည် မကြာမီ ဗမာပြည် လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကို တော်လှန်တိုက်ပွဲ ၀င်ရလိမ့်မည်။ ရဲဘော်တို့ ငါတို့သည် စားရန် စားရေရိက္ခာမရှိ၊ ၀တ်ရန် အ၀တ်မရှိ။ သို့အတွက်ကြောင့် ရဲဘော်တို့သည် အိပ်ရန်မြေကြီး၊ စားသောက်ရန် ကျောက်ခဲ၊ ဒါပဲ ငါ တတ်နိုင်တယ်။ ဤစစ်တပ်ထဲသို့ ၀င်ရောက်အမှုထမ်းသောကြောင့် ရာထူး ဋ္ဌာနန္တရ ရလိမ့်မည်။ သူဋ္ဌေးကြီး ဖြစ်လိမ့်မည် မမျှော်လင့်ပါနဲ့။

အေး... ကံအားလျော်စွာ စစ်နိုင်၍ လွတ်လပ်ရေး ရရှိပါက ဗမာပြည်ကို ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်မည်။ ဤကဲ့သို့ တိုင်းပြည်ကို ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်သောအခါ ရဲဘော်တို့သည် ကာယအား၊ ဉာဏအား စွမ်းအားရှိသရွေ့ တတ်နိုင်သည့်ဘက်က လုပ်အားပေးရမယ်။ တိုင်းပြည်က ထိုက်တန်သော အကျိုးခံစားခွင့်ကို ရဲဘော်တို့ကို ပေးမယ်။ အကယ်၍ အလုပ်မလုပ်နိုင်၍ အနားယူသောအခါ စားပြီး အိပ်၊ အိပ်ပြီး စား၊ အိုးပိုင် အိမ်ပိုင်နှင့် စိတ်ချမ်းသာစွာ နေထိုင်စားသောက်နိုင်ရန် ငါကတိပေးပါတယ်...။”



ဆက်ရန်

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၂)


Tuesday, July 1, 2008

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၈)















ဓာတ်ပုံများကို မြန်မာကျူးပစ်မှ ကူးယူသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*