အသက်အရွယ် ရလာတာနှင့်အမျှ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်ဆိုတဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတာမျိုး မရှိတဲ့ ကိုယ့်ဘ၀ကိုယ် စိတ်ပျက်စပြုလာတယ်။ တကယ်တော့ လူတစ်ယောက်မှာ ကိုယ်ကိုယ်တိုင်လောက်နီးနီး ယုံကြည်ရသော သူငယ်ချင်း တစ်ယောက်ရှိရင် သေရကျိုးနပ်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်စကားကို လက်ခံလာမိပြီ။
ကျွန်မဆိုတဲ့ ကျွန်မက အမြဲတမ်း ကိုယ်လုပ်ချင်ရာကိုသာ လုပ်ခဲ့သူ။ စိတ်အလိုလိုက်သူ။ ရှေ့နောက် မကြည့်ဘဲ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာကိုသာ လုပ်နေသူ။ တခုခု လိုချင်ပြီဆို မစဉ်းစား မချင့်ချိန်ဘဲ ချက်ချင်းရအောင် ကြိုးစားတတ်သူ။ ပြီးရင် နောင်တတွေကြားက ရုန်းမထွက်နိုင်သူ ။ တကယ်တော့ မလုပ်သင့်၊ မလုပ်ထိုက်မှန်း သိရက်နဲ့ ကိုယ့်စိတ် ကိုယ်မနိုင်။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို တခေါင်းလုံးက ဆံပင်တွေ ဖွေးဖွေးဖြူအောင် စဉ်းစားနေတတ်ပြီး ကိုယ့်ကိုယ်ကို ထိန်းနေတဲ့ကြားက သတိတချက်အလွတ်မှာ ကိုယ့်ဆန္ဒကိုယ်သာ ရှေ့တန်းတင်ဖြစ်နေတဲ့ တဇွတ်ထိုးဆန်သူ။ အဲဒီတော့ ဘာဖြစ်လဲ။ ပျော်ရွှင်မှု ၁ ပဲသားအတွက် စိတ်ဆင်းရဲမှု ၁ ပိဿာနဲ့ အမြဲလို လဲလှယ်ရတတ်တယ်။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် နောင်တမရဘူးဆိုတာ မရှိ။ အမြဲလိုလည်း နောင်တရတတ်တယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်ရာ လုပ်နေဆဲ။
အဲဒီအခါ အမြဲလို ၀မ်းနည်းရ၊ ငိုရ၊ စိတ်အားငယ်ရ၊ စိတ်ဆင်းရဲရတတ်တာ မဆန်းတော့။ ကျွန်မကိုယ်တိုင်က ဒုက္ခတွေကို ဖိတ်ခေါ်နေသူ မဟုတ်လား။ ကိုယ်တစ်ယောက်တည်းတင်မဟုတ်၊ ကျွန်မပတ်ဝန်ကျင်းကသူတွေကိုပါ အမြဲလို စိတ်ဒုက္ခတွေ ပေးတတ်သူ။ ကျွန်မ လူကောင်းမဟုတ်တာတော့ သေချာပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းမှန်း သိရက်နဲ့၊ ကိုယ့်လုပ်ရပ်တွေ မှားမှန်း သိရက်နဲ့ ကျွန်မ ဘာလို့ ရှေ့ဆက်တိုးနေမိသလဲ ကျွန်မကိုယ်တိုင်လည်း နားမလည်နိုင်တော့။ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့လည်း ခုချိန်ထိ ကျွန်မ မစဉ်းစားမိသေး။
ဒါပေမယ့်လည်း ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မနဲ့ ထပ်တူထပ်မျှ မခံစားပေးနိုင်ရင်တောင် သူတပါးဒုက္ခကို စိတ်တွင်းက ၀မ်းသာမနေသော၊ ကဲ့ရဲ့ရှုံ့ချမနေသော၊ ဝေဖန်ပြစ်တင်မနေသော၊ နောက်ကွယ်မှာ အတင်းပြောမနေသော အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်လောက် ကျွန်မ လိုချင်နေမိတယ်။
s0wha1
(၁၉၊ ၀၃၊ ၂၀၁၀)