Wednesday, September 19, 2007

ကျွန်မနှင့် ဘောလုံးပွဲ



ခုတလော မြန်မာအမျိုးသမီးဘောလုံးအသင်းအကြောင်း ဟိုက ဒီက ပြောကြတာ ကြားနေရတယ်။ ကျွန်မကတော့ ဘောလုံးဆို စိတ်မ၀င်စားတော့တာ တော်တော်ကြာပြီ။ တိတိကျကျ ပြောရရင်တော့ ၂၀၀၄ ခုနှစ် ၁ လပိုင်းက စင်္ကာပူအသင်းနဲ့ မြန်မာအသင်း ကန်ကြတဲ့ တိုက်ဂါးဖလား ကွာတားဖိုင်နယ် ပြီးထဲကပဲ ဆိုပါတော့။

ငယ်ငယ်တုန်းကလည်း ဘောလုံးပွဲကို သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ၇ တန်းနှစ်လောက်မှာ 555 စီးကရက် ကုမ္ပဏီကျေးဇူးကြောင့် အရှေ့တောင်အာရှဘောလုံးပွဲစဉ်က မြန်မာအသင်းနဲ့ ကန်တဲ့ပွဲတွေ ကြည့်လိုက်ရတဲ့ချိန်မှာပဲ ဘောလုံးပွဲကို ကြည့်တတ်
လာပါတယ်။ (အရှေ့တောင်အာရှနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေလောက်ပဲ စိတ်ဝင်တစားကြည့်ဖြစ်တာပါ။) အဲလိုနဲ့ ပြည်ပမှာကန်တဲ့ မြန်မာဘောလုံးအသင်းကို တီဗွီမှာကြည့်ပြီး အားပါးတရ အားပေးလာရာကနေ ၂၀၀၄ခုနှစ်မှာတော့ ဘောလုံးကွင်းထဲထိ သွားအားပေးဖို့ အခွင့်အရေးကြုံခဲ့တယ်။ အဲဒီတုန်းက ကျောင်းတွေရဲ့ Yahoo Group တွေမှာလည်း မြန်မာအသင်းကို သွားအားပေးကြဖို့ လှုံ့ဆော်ကြတာလည်း စုံလို့ပဲ။ မြန်မာဆိုင်တွေကလည်း တီရှပ်တွေ၊ မြန်မာအလံလေးတွေ၊ ခေါင်းစည်းအနီတွေ ရောင်းပေးတယ်လေ။ ကျွန်မတို့ မောင်နှမသုံးယောက်လည်း ထုံးစံအတိုင်း တက်ကြွစွာနဲ့ သွားကြည့်ဖို့ ပြင်ကြပါတယ်။

မြန်မာနိုင်ရမည် ဆိုတဲ့ စာတန်းအနီပါတဲ့ တီရှပ်အဖြူကိုဝတ်၊ အောက်ခံအနီမှာ MYANMAR ဆိုတဲ့ စာတန်းအဖြူပါတဲ့ နဖူးစည်းကို စည်းထားပြီး မြန်မာအလံအနီ သေးသေးလေးကို ကိုင်လိုက်တဲ့အချိန်မှာပဲ ဘောလုံးပွဲသွားကြည့်ဖို့ အဆင်သင့်ဖြစ်သွားခဲ့ပါပြီ။ ဒီနိုင်ငံမှာ နေပြီး ဒီနိုင်ငံ ဘောလုံးအသင်းရဲ့ ဆန့်ကျင်ဘက်ကို အားပေးမဲ့သူတွေအဖြစ်
ဝတ်စားပြင်ဆင်ထားတဲ့ ကျွန်မတို့ကို အဖေက စိတ်မချပါဘူး။ ဘောလုံးကွင်းထဲရောက်မှ ခုလိုဝတ်ဖို့ ဒါမှမဟုတ် အပေါ်အင်္ကျီတွေ ထပ်ဝတ်သွားကြဖို့ အဖေက ပြောတာကိုလည်း ကျွန်မတို့က ခေါင်းခါကြပါတယ်။ ဒါနဲ့ပဲ အဖေက ရထားတော့ စီးမသွားကြပါနဲ့ဆိုပြီး ကိုယ်တိုင် ကားငှားပေးပြီး လွှတ်လိုက်တယ်။

ဒီလိုနဲ့ ကျွန်မတို့ ဘောလုံးကွင်းထဲ ရောက်လာတယ်ပေါ့။ ကျွန်မတို့အုပ်စုမှာ ဗုံတွေ၊ လင်းကွင်းတွေ၊ အော်လံတွေ စုံအောင် ပါပါတယ်။ မိုးဖွဲထဲမှာ အသံပြာအောင် အော်ဟစ်အားပေးကြရင်း ပထမပိုင်းမှာတင် ၂ ဂိုး ဂိုးမရှိနဲ့ ကျွန်မတို့ မြန်မာအသင်းက အပြတ်အသတ်နိုင်နေတယ်ဆိုတော့လည်း အားပေးရကျိုးနပ်တာပေါ့လေ။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ သီချင်းစာသားကိုလည်း လက်ရေးမူနဲ့ ကော်ပီပြီး အော်ဆိုကြပါသေးတယ်။ ကမ္ဘာမကျေသီချင်းကိုတော့ ဘယ်သူမှ မဆိုဖို့ အချင်းချင်း တားမြစ်ထားကြတယ်။ အဲဒီသီချင်းဆိုရင် ရှုံးတတ်လို့ပါတဲ့။ ရှုံးတဲ့အခါမှ ကမ္ဘာမကျေသီချင်းကို ဆိုရတယ်လို့လည်း သူငယ်ချင်းတစ်ယောက်ပြောတာကို မှတ်သားစဖွယ် ကြားနာလိုက်ရပါတယ်။ ပထမပိုင်း အားလပ်ချိန်မှာ ကျွန်မတို့ မြန်မာတွေရဲ့ မျက်နှာတွေက ပြုံးစိပြုံးစိနဲ့ လမ်းသလားနေမိကြတယ်။ တွေ့သမျှ စလုံးတွေကိုလည်း ငါတို့နိုင်ပြီကွဆိုတဲ့ မျက်နှာပေးတွေနဲ့ပေါ့။
ဘောလုံးပွဲဆိုတာမျိုးက စစ်အေးတိုက်ပွဲတမျိုးပဲလို့ လူတွေက လက်ခံထားကြတဲ့အလျောက် နှစ်ဘက်သောအသင်းနဲ့ အားပေးသူတွေက စိတ်တက်ကြွကြ၊ မခံချင်စိတ် ပိုများကြတာ တခြားအားကစားထက် ပိုဆိုးမယ်ထင်ပါတယ်။ ဘောလုံးပွဲနိုင်ပြီဆိုတာနဲ့ တဘက်အသင်းနဲ့ အားပေးသူတွေကို အနိုင်ရခြင်းတမျိုးပဲ မဟုတ်လား။

ဒုတိယပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်း အခြေအနေက မကောင်းလှပါဘူး။ အဲဒီတုန်းကတော့ ကြည့်နေတဲ့ကိုယ်တွေလည်း သွေးပူနေတော့ မြန်မာအသင်းလုပ်သမျှ အကုန်အမှန်လို့ပဲ ယူဆမိတယ်။ ကွင်းထဲမှာ ကစားသမားတွေ ပြဿနာမျိုးစုံဖြစ်နေသလို၊ ကွင်းပြင်က အားပေးနေတဲ့ ပရိသတ်တွေလည်း ပြဿနာတွေ ဖြစ်နေကြပါတော့တယ်။ ကျွန်မတသက်နဲ့တကိုယ် လူအုပ်စုလိုက် ရန်ဖြစ်တာ မမြင်ဖူးပေမဲ့ အဲဒီနေ့ကတော့ ပထမဆုံးအကြိမ် လူတွေ ချကြတာ မြင်ဖူးတာပါပဲ။ ကျွန်မတို့အုပ်စုက ရှေ့ဆုံးတန်းဘက်မှာ ဆိုတော့ အပေါ်ဘက် နောက်ဆုံးကနေ လူတွေ ၀ုန်းဝုန်းနဲ့ ပြိုဆင်းလာကြတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတယ်။ နောက်တော့ ရဲတွေ ရောက်လာပြီး ဖြေရှင်းပေးတော့ ပြန်ငြိမ်သွားပြန်ရော။ ကျွန်မတို့ညီအစ်မမှာ လူအုပ်ကြီးပိကျလာမှာစိုးရ၊ မောင်လေးကိုလည်း လိုက်ဆွဲရနဲ့ပါပဲ။ ပွဲကြည့်ပရိသတ်တွေကို မြန်မာသပ်သပ်၊ သူတို့နိုင်ငံသားသပ်သပ် နေရာချထားပေးပြီး ကြားမှာ သံတိုင်တွေခြားထားတာတောင် ဟိုဘက်နဲ့ ဒီဘက်ဖြစ်ကြတာပါ။ နောက်ပိုင်း လူတွေ ငြိမ်သွားပေမဲ့ ကွင်းထဲမှာ မြန်မာဘက်က အထုတ်ခံရတာ နှစ်ယောက် ဖြစ်လာတော့ ပွဲက တော်တော်ကြမ်းလာတယ်။ ဒိုင်လူကြီးကို ၀ိုင်းဆဲကြရင်း ကျွန်မတို့ ခေါင်းပေါ်ကနေလည်း တ၀ှီးဝှီးနဲ့ ဖြတ်ပျံသွားတဲ့ ထီးတွေ၊ ဖိနပ်တွေကလည်း မနည်းပါဘူး။ ပွဲကြည့်စင်နဲ့ ဘောလုံးကွင်းက အလှမ်းဝေးတဲ့အတွက်
အဲဒါတွေက ကွင်းထဲထိ မရောက်ပါဘူး။ ဒါနဲ့ ကျွန်မလည်း စပ်စပ်စုစုနဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့ မြေကြီးကို မမြင်ရလောက်အောင်ဘဲ ထီးတွေ၊ ဖိနပ်တွေက အဖွေးသားပါပဲ။ တော်တော်လည်း စိတ်ကြီးကြတဲ့ လူတွေပဲလို့ တွေးမိတယ်။ တချို့ဆို ကွင်းထဲကို ခုန်ချကြတယ်။ ဒါပေမဲ့ ကွင်းထဲထိ မရောက်ဘဲ အောက်ရောက်တာနဲ့ ရဲက လှမ်းဆွဲသွားပါလေရာ။ ပြီးရင် နီးစပ်ရာ သူငယ်ချင်းတွေက အာမခံနဲ့ ပြန်ခေါ်ထုတ်ပေးရပါတယ်။

ကျွန်မလည်း တတ်သလောက်၊ မှတ်သလောက် ဘုရားစာတွေ ရွတ်နေမိတယ်။ အားပေးတဲ့ မြန်မာပရိသတ်ကတော့ တော်တော် စိတ်ဓာတ်ကျနေပါပြီ။ အသံတောင် မထွက်လာတော့ဘူး။ ၉ယောက်နဲ့ ၁၁ယောက်ပွဲမှာ တဘက်အသင်းက တဒိုင်းဒိုင်းနဲ့ ဘယ်နှစ်ဂိုး ဂိုးနေမှန်းတောင် မသိတော့ပါဘူး။ ပွဲပြီးတဲ့ထိ တစ်ယောက်ထဲ ဒိုင်ခံ အော်ဟစ်အားပေးတာကတော့
ကျွန်မညီမပါပဲ။ အိမ်ပြန်ရောက်တော့ ကျွန်မတို့မောင်နှမတတွေ ဆေးသောက်ပြီး အိပ်ရတယ်။ မနက်ကျတော့ အသံတွေလည်း မထွက်ကြတော့ပါဘူး။ အဲဒီတုန်းက ဒိုင်လူကြီးကို ကြည့်မရ၊ စလုံးအသင်းနဲ့ အားပေးသူတွေကိုလည်း တော်တော် အမြင်ကပ်မိတယ်။ မြန်မာအသင်းဘက်က ကစားသမားတစ်ယောက် စလုံးအသင်းဘက်ကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ပြတာကိုလည်း အားရပါးရ လက်ခုပ်တီးဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကမ္ဘာမကျေ သီချင်းဆိုပြီးပဲ ကျွန်မတို့ ပြန်လာခဲ့ကြရပါတယ်။

ပွဲပြီးတာနဲ့ အိမ်တန်းမပြန်ရသေးပါဘူး။ ကျွန်မတို့အဖွဲ့က လူအုပ်တောင့်လို့ စင်္ကာပူရဲတွေက ၀ိုင်းတားထားပြီး လူရှင်းမှ ကားပေါ်ပေးတက်ပြီး ပြန်ခိုင်းပါတယ်။
ဝိုင်းထားတဲ့ စလုံးရဲတွေကြားမှာ ကျွန်မတို့တတွေကလည်း ငြိမ်ငြိမ်မနေကြပါဘူး။ အချင်းချင်း မြန်မာလိုမပြောဘဲ သူတို့နားလည်အောင် အင်္ဂလိပ်လိုပြောပြီး စလုံးတွေကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောကြပါသေးတယ်။ ကျွန်မတို့ဘေးနားမှာ ရပ်နေတဲ့ ရဲတစ်ယောက်ဆို မျက်နှာကို ဆူပုတ်တင်းမာပြီး မျက်ထောင့်နီကြီးနဲ့ ကျွန်မတို့ကို ကြည့်နေတာပဲ တတ်နိုင်တယ်။ သူ့ခမျာ တာဝန်နဲ့ဆိုတော့ သူ့လူတွေကိုပြောလို့ စိတ်ဆိုးတာတောင် ကျွန်မတို့ကို ပြန်ရန်တွေ့လို့မရတဲ့အဖြစ် မဟုတ်လား။

အဲဒီတုန်းက ဘေးနားကဖြတ်သွားတဲ့ စလုံးတွေကလည်း ပြောင်လှောင်သွား၊ ဒီဘက်က ယောက်ျားလေးတွေကလည်း ပြန်ဆဲပြီး ချမယ်တကဲကဲလုပ်လို့ ၀ိုင်းဆွဲရနဲ့ ဘောလုံးပွဲပြီးသွားပေမဲ့ အပြင်မှာ ပြဿနာက မအေးနိုင်သေးပါဘူး။ ဒီကြားထဲ မောင်လေးကလည်း မြန်မာအလံကြီးကို ကိုယ်ပေါ်မှာ ခြုံထား
ပြီး ဘောင်းဘီမှာ အလှချိတ်လာတဲ့ သံကြိုးကို သူ့လက်သီးမှာ ပတ်လျက်တွေ့ရတော့ မျက်လုံးပြူးသွားတယ်။ ဒါနဲ့ ညီအစ်မနှစ်ယောက် သူ့ဘေးတဘက်တချက်မှာ ၀ိုင်းရပ်နေရပါတယ်။ အဖေကလည်း အိမ်ကနေ တီဗွီနဲ့ တိုက်ရိုက်ပြနေတဲ့ ဘောလုံးပွဲကို ကြည့်ရင်း အားပေးနေတဲ့လူတွေ ရန်ဖြစ်နေကြတာကိုလည်း တချက်တချက် မြင်နေရတော့ ကျွန်မတို့ကို စိတ်ပူလို့ ဖုန်းခဏခဏဆက်ပြီး မပြန်လာသေးဘူးလားပဲ မေးနေပါတော့တယ်။

နောက်တော့ အိမ်ကို ကားငှားပြီး ရှောရှာရှုရှုပဲ ပြန်ရောက်လာကြပါတယ်။ အဲဒီဘောလုံးပွဲအကြောင်းက အဲဒီနေ့မှာတင် မပြီးပါဘူး။ နောက်တနေ့ သတင်းစာထဲမှာလည်း စာလုံးမည်းကြီးနဲ့ ရိုင်းစိုင်းတဲ့မြန်မာအသင်းနဲ့ အားပေးသူများ (ခေါင်းစဉ်ကို ကျွန်မ သေချာမမှတ်မိတော့ပါ) ဆိုပြီး ပါလာတယ်။ မြန်မာဘက်က ဦးလေးကြီးတစ်ယောက်ကလည်း အိတ်ဖွင့်ပေးစာအနေနဲ့ စလုံးသတင်းစာကို ပြန်ချေပရေးသားထားတာလည်း နောက်တရက်မှာ ထပ်ပါလာပြန်ပါတယ်။ မြန်မာကောင်လေးတစ်ယောက်ထဲကို စလုံးဘက်က အုပ်စုလိုက် ချလိုက်လို့ ဆေးရုံတက်နေရတဲ့ပုံတွေရော၊ ဘောလုံးပွဲမှာ မြန်မာဘက်က လှမ်းချနေတဲ့ပုံတွေရော သတင်းစာမှာ ဒီအကြောင်းက ဝေေ၀ဆာဆာပါပဲ။ ကျွန်မတို့ ကျောင်းတွေရဲ့ Yahoo Group မှာလည်း အဲဒီရန်ပွဲက မပြီးပါဘူး။ ကျောင်းမှာတော့ မြန်မာအချင်းချင်း ဖြစ်ကြတာပါ။ မြန်မာအသင်းနဲ့ အားပေးသူတွေကို အပြစ်ပြောတဲ့ လူတစ်ယောက်ကို ၀ိုင်းအုံလို့ ကျွန်မတို့ ပြန်ရန်ဖြစ်ကြတာပါ။ အဲဒီတုန်းကတော့ စိတ်အရမ်းတက်ကြွနေပြီး မျိုးချစ်စိတ်လို့ ခံယူထားတဲ့ ကိုယ့်နိုင်ငံအသင်း နိုင်စေချင်တဲ့ စိတ်တခုပဲ ရှိတာလည်း ပါတာပေါ့။ မှားမှား၊ မှန်မှန် မကောင်းလာပြောတဲ့လူမှန်သမျှကို ၀ိုင်းအုံလို့ ပြန်ကစ်ကြတာပါပဲ။

ခုချိန် ပြန်စဉ်းစားတော့ တချို့လူတွေ ပြောခဲ့တာ မှန်တယ်လို့ တွေးမိတယ်။ တကယ်ဆို မြန်မာအသင်းက ခြေအသာကြီးပါ။ လုံးဝကို နိုင်ရမဲ့ပွဲမှာ သည်းခံစိတ်မရှိ၊ စိတ်ဆတ်ပြီး ရန်လိုစိတ်တွေ များနေလို့ မြန်မာတွေ ရှုံးရတယ်။ ပစ္စည်းမဲ့ဒေါသလို့ ပြောခံရတုန်းက အကြီးအကျယ် စိတ်ဆိုးခဲ့ပေမဲ့ သေချာ စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလို။ နောက်ဆုံးတော့ နိုင်ငံဆင်းရဲတာကိုပဲ အပြစ်ဖို့ရပါတော့မယ်။

ဘာပဲဖြစ်ဖြစ် ဘောလုံးပွဲဆို ဘာဘောလုံးပွဲမှ ကျွန်မ စိတ်မ၀င်စားတော့တာ နှစ်အတော်ကြာခဲ့ပါပြီ။ အထူးသဖြင့် မြန်မာဘောလုံးအသင်းကို ကောင်းသည်၊ ဆိုးသည် ဘာဆိုဘာမှ မသိချင်တော့တာပါ။ ဒါပေမဲ့ တို့မြန်မာနိုင်ပြီဆိုတဲ့ သီချင်းလေးတော့ မသေခင်လေး ဆိုဖူးချင်ပါသေးတယ်။ ဘယ်လိုမှမဖြစ်နိုင်တဲ့ မျှော်လင့်ချက်များ ဖြစ်နေမလားတော့ မပြောတတ်ဘူး။

s0wha1

Tuesday, September 11, 2007

စာမရေးဖြစ်ခြင်း



ကျွန်မရဲ့ ချစ်လှစွာသော အန်တီနှစ်ယောက်နဲ့ သူငယ်ချင်းတွေက စာအသစ်များတင်ထားလေမလားလို့ ကျွန်မဘလော့ဂ်ကို နေ့တိုင်း လာလာကြည့်ရှာတယ်။ ကျွန်မလည်း နေ့တိုင်းနီးပါး မပျက်မကွက် ရေးချင်ပေမဲ့ ခုတလော စာမရေးဖြစ်ဘူး။ မရေးဖြစ်ခြင်းအကြောင်းတွေကို ပြောပြချင်ပါတယ်။

အဓိကကတော့ ကျွန်မ ပျင်းနေတာပါပဲ။ ဘာမှ မလုပ်ချင်အောင် ပျင်းနေမိတယ်။ အရင်တုန်းက အိမ်မှာ စာမရေးဖြစ်ရင်တောင် အလုပ်ထဲရောက်ရင် ထိုင်ရေးတတ်ပါတယ်။ အခုကျတော့ ကျွန်မ Head Office မှာ တလလောက် ပြန်လုပ်နေရတာနဲ့ နေ့ဘက် အလုပ်ထဲမှာလည်း စာမရေးဖြစ်ပြန်ဘူး။
Head Office မှာဆိုတော့ သိတဲ့အတိုင်း အလုပ်ကအရမ်းရှုပ်ပြီး လူတွေကလည်း များတယ်။ ကွန်ပျူတာတွေကို မြင်ရအောင် ထားထားတာဆိုတော့ chatting ၀င်ဖို့၊ ဘလော့ဂ်မှာ စာရေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ အိမ်ပြန်ရောက်တော့လည်း သီချင်းနားထောင်ပြီး တွေးချင်ရာသာ တွေးချင်နေမိတာနဲ့ပဲ စာမရေးဖြစ်ဘူးဆိုပါတော့။ ရေးလက်စတန်းလန်းနဲ့ ပို့စ်တွေကတော့ ၅ ပုဒ်လောက်ရှိပါတယ်။ ဒါပေမဲ့ တပုဒ်မှ ပြီးအောင် လက်စမသပ်နိုင်ဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ ကျွန်မ စာမရေးဖြစ်ခြင်းဆိုတဲ့ပို့စ်နဲ့ ကျွန်မဘလော့ဂ်ကို အလည်လာကြတဲ့ သူငယ်ချင်းမိတ်ဆွေများကို တောင်းပန်လိုက်ပါတယ်။ ကျွန်မ စနေ၊ တနင်္ဂနွေနေ့တွေမှသာ ပို့စ်အသစ်တွေ တင်နိုင်တော့မယ် ထင်ပါတယ်။ Head Office မှာ တလလုပ်ပြီးရင် ကျွန်မ အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်ကြီး စာတွေ ပြန်ရေးဖြစ်မယ် ထင်ပါရဲ့။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေနော်။။။

s0wha1


Sunday, September 9, 2007

သေချာသော



နေ့မှာ လမင်းနဲ့ ကြယ်စုအချို့
ညမှာတော့ နေဆယ်အစင်း
နေ့နဲ့ညတောင် မကွဲပြားဘူးတဲ့။

ဟိုး မိုးကုတ်စက်ဝိုင်းဆီက
မှုန်ပြပြ မျှော်လင့်ချက်လေး
ပင်လယ်ဆီ ငုံ့လျှိုးသွားသတဲ့...

ကြည့်လေရာရာ မင်းအပြုံး
အမြင်အာရုံတွေ ပျက်ဆီးခြင်းအလား
ဒီအရပ်နဲ့ ဒီဇာတ် တိုးဝင်ဖို့ခက်နေသတဲ့။

မချိတရိ ဒီရင်မှာ
ကာရန်မဲ့ ညည်းချင်းတစ်ပုဒ်
မေ့ပျောက်လို့ ရနိုင်ဘူးတဲ့...

အမုန်းမဲ့ တောင်တန်းနဲ့
ပြာလွင့်လွင့် သစ္စာတရားက
ဘယ်ခါမှ မပြောင်းလဲဘူးတဲ့။

သေချာသော သေချာမှုကတော့
ဒီသံသရာအဆုံး
ကောင်းကင်နဲ့ မြေကြီးကလေ
ကွာဟမြဲ ကွာဟလျက်
အနိမ့်၊ အမြင့်မဟုတ်သော
မျဉ်းပြိုင်ချင်း ပေါင်းစည်းမရသလို
ဝေးကွာမြဲ ဝေးကွာလျက်တဲ့။...။

s0wha1
ဇူလိုင် ၃၁၊ ညနေ ၄နာရီ


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Thursday, September 6, 2007

ရန်ကုန်ပြန် မှတ်တမ်း (၃)



ကိုရဲမွန်က ကွန်မန့်ရေးသွားတယ်။
Ye-Mon said...

မတွေ့တာကြာလို့ လှည့်လာတာ လက်စသတ်တော့ ရန်ကုန်ပြန်နေတာကိုး။ ရန်ကုန်ရဲ့ ကောင်းတာလေးတွေလဲ ပြောဦးမှပေါ့ အမရဲ့။ ဆိုးကွက်တွေချည်းပဲ။

September 6, 2007 3:27 AM


ဟီဟီ...ကိုရဲမွန်ပြောလည်းပြောစရာပဲ။ ကျွန်မ ရန်ကုန်ပြန်သွားတာ သဘောကျတာဆိုလို့ ဘာတခုမှ မတွေ့ခဲ့ဘူး။ ကောင်းတာလေးတွေ ရေးချင်ပေမဲ့ ကျွန်မကပဲ အဆိုးမြင်နေလို့လားမသိဘူး ဘာကောင်းတာမှ ပြောစရာမရှိဘူးဖြစ်နေတယ်။:D အဲဒီတော့ ကျွန်မရေးထားတာ ရန်ကုန်ရဲ့ ဆိုးကွက်တွေကြီးပဲ ဆိုရင်လည်း သည်းခံပြီး ဖတ်ကြပါ။ ကိုယ်ကြုံတာ၊ မြင်တာ၊ ခံစားရတာတွေပဲ ရေးထားတာပါ။ အပိုတွေ ပြောထားတာ တခုမှ မပါပါဘူးလို့...

ရန်ကုန်အ၀င် ရွှေတိဂုံဘုရားကို သင်္ဘောပေါ်ကနေ ခုလို ဖူးမြော်ရတယ်

ရန်ကုန်ပြန်ရောက်တဲ့ ပထမဆုံးရက်ပဲ မတွေ့ရတာကြာပြီဖြစ်တဲ့ လူတွေနဲ့ပြန်ဆုံရလို့ နည်းနည်းပျော်သလို ခံစားရတယ်။ နောက်ရက်တွေတော့ ကိုယ့်အိမ်မှာတောင် ကိုယ်နေရတာမပျော်ဘူး။ စထဲက အိမ်ထမင်း၊ အိမ်ဟင်းစားပြီး မိသားစု စုံစုံညီညီနဲ့နေနေရလို့လား မပြောတတ် ရန်ကုန်ပြန်ရောက်လို့ သူများတွေလို မိသားစုနဲ့တွေ့ရတယ်ဆိုတဲ့ feel လည်းမခံစားရ၊ အမေက ချက်ကျွေးတဲ့ ထမင်း၊ ဟင်းကို စားရလို့ အရမ်းစားကောင်းတယ်ဆိုတဲ့ feel လည်းမခံစားရ။ အရာရာ ဟောင်းမြင်းနေတဲ့ထဲ ကျွန်မတို့ အိမ်လည်း အပါအ၀င်။ လူသိပ်မနေတော့တဲ့ ကိုယ်တသက်လုံးနေခဲ့တဲ့ ကိုယ့်အိမ်ကိုယ် ကြည့်ရတာ ပိုဟောင်းနွမ်းသွားပြီး တခြားအိမ်တလုံးလိုမျိုး မြင်နေရတဲ့ feel ကြီးနဲ့။ နေရ၊ ထိုင်ရတာ တော်တော်ကို စိတ်မသက်မသာဖြစ်ရတယ်။

ပိုက်ဆံတွေကို ရေပြီးတော့ လက်ညှိုးနဲ့လက်မမှာ မည်းပြီးကျန်ခဲ့တာကို ကြည့်ရင်း
မြန်မာနိုင်ငံက ပိုက်ဆံလေးတွေ ဘယ်လိုကြောင့် နွမ်းဖတ်နေလည်း မသိဘူးလို့တွေးဖြစ်တယ်။ စက္ကူနဲ့လုပ်တဲ့ ပိုက်ဆံအရွက်တွေကိုတောင် အချိန်မီ အသစ်မလဲနိုင်လောက်အောင် သစ်တွေ၊ ၀ါးတွေပေါများတဲ့ နိုင်ငံမှာ စက္ကူတွေက ရှားပါးနေပြီလား မပြောတတ်ပါဘူး။ ၂၀၀၊ ၁၀၀ နဲ့ ၅၀တန် ပိုက်ဆံအရွက်လေးတွေက ထောင်တန်အရွက်လေးတွေထက် ပိုသနားစရာကောင်းလောက်အောင် စုတ်နွမ်းပြီး ညစ်ပတ်နေတာကို အများဆုံး တွေ့ရတယ်။

မြန်မာနိုင်ငံက မထွက်လာခင် သုံးခဲ့ရတဲ့ ၁၀ တန်၊ ၂၀ တန်တွေက အသုံးမ၀င်တော့တဲ့ ငွေစက္ကူသာသာလောက်ပဲ ရှိတော့တာကိုလည်း မယုံနိုင်အောင်ဖြစ်ရသေးတယ်။ ရန်ကုန်ရောက်ချိန် ပထမဆုံးရက်မှာ ပိုက်ဆွံလွှဲထားတာ မရောက်သေးတာနဲ့ ယောင်းမဆီက ၃၅၀၀ လောက် ခဏယူပြီး အရင်က အမြဲစီးနေကျ သရေစိမ်းဖိနပ်လေးကို သူငယ်ချင်းတွေနဲ့ သွားဝယ်ရင်း စားချင်တဲ့ မုန့်တွေလည်း စားခဲ့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ထွက်ခဲ့တယ်။ စတိုးဆိုင်ကို ရောက်တော့ ဖိနပ်က ၃၇၀၀တဲ့။ လူလည်း ပါးစပ်အဟောင်းသားဖြစ်ရတယ်။ ကျွန်မ မြန်မာမှာရှိနေစဉ် ၀ယ်နေကျဈေးက ၇၀၀ ကျပ်ပါ။ ဈေးတက်ရင်တောင် အဲလောက်တက်မယ် မထင်ထားခဲ့။ ၅ နှစ်အတွင်းမှာ လိုက်မမီနိုင်အောင် ပြောင်းလဲသွားတာ ကုန်ဈေးနှုန်းပါလားလို့တော့ တွေးလိုက်မိတယ်။ ကျွန်မ မသိတော့တဲ့ တခြားတံဆိပ်နဲ့ ဖိနပ်တွေလည်း ရှိပေမဲ့ စီးနေကျ ငွေငန်းမင်းတံဆိပ် လေးညှင်းရောင်ကိုပဲ
အစွဲအလန်းကြီးကြီးနဲ့ ၀ယ်လာလိုက်တယ်။ အိမ်ပြန်ရောက်တော့ ပိုက်ဆံ ၂၀၀ စိုက်ပေးတဲ့ သူငယ်ချင်းကို ပြန်ပေးတာ မယူတဲ့အပြင် ၂၀၀ လေးကိုများ စကားထဲ ထည့်ပြောနေရသေးတယ်ဆိုတဲ့ပုံစံနဲ့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ရယ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေကို ကြည့်ရင်း ဒုတိယမ္ပိ ပါးစပ်ဟောင်းလောင်းဖြစ်ရပြန်တယ်။ အော် ပိုက်ဆံ ၂၀၀ က ဘာမှ မယ်မယ်ရရ ၀ယ်မရဘဲ လမ်းဘေးက ဖုန်း တခါ ဆက်စာပဲ ရှိတော့တယ်ဆိုတာ ကျွန်မမှ မသိသေးဘဲလေ။ ဘာပဲပြောပြော အဲဒီ(ရောက်ရောက်ချင်း)နေ့ကတော့ သရေဖိနပ်တရံကို ၃၇၀၀ ပေးရတယ်ဆိုပြီး ကျွန်မကတော့ ပြောလို့မဆုံးနိုင်ခဲ့။

သင်္ဘောပေါ်မှ ရန်ကုန်အ၀င် မြင်ကွင်း

မြန်မာပြန်ရောက်တုန်း ဧရာဝတီတိုင်းဘက်ကို ကားနဲ့ အလည် သွားဖြစ်တယ်။ အဲဒီဘက်မှာက မြို့တိုင်းလိုလိုမှာ အမျိုးတွေရှိတယ်လေ။ ကားက လူ ၈ ယောက်စီးရတဲ့ တက္ကစီကားလေးတွေကို စီးသွားရတာ။ လမ်းခရီးမှာ ကားပေါ်ကလူတွေ ပြောကြတဲ့စကားကို နားထောင်ရင်း မမြင်ရတာကြာပြီဖြစ်တဲ့ လယ်ကွင်းတွေ၊ တဲပုတ်လေးတွေ၊ မြင်းလှည်းတွေကို ကြည့်ရင်းနဲ့ပေါ့။ ပြောသာပြောတယ်။ အဲဒီဘက်မှာ မြင်းလှည်းတွေက ရှားပါးပစ္စည်းတွေပဲ။ များသောအားဖြင့် ဆိုင်ကယ်နဲ့ ဆိုက်ကားတွေပဲ တွေ့ရတယ်။

ကမ်းနဖူးက ဆန်စက်တွေ

တချို့လယ်ကွင်းတွေက ရေမြုပ်နေတယ်။ ကားပေါ်ပါလာတဲ့ အဲဒီဒေသခံ ဦးလေးကြီးနဲ့ အဒေါ်ကြီးတွေက မေးသမျှ ရှင်းပြပေးကြတယ်။ အရင် အဲဒီဒေသက မိုးစပါးအရမ်းအောင်တဲ့ လယ်တွေဖြစ်တဲ့အကြောင်း၊ နောက်တော့ နှစ်သီးစားဆိုပြီး လုပ်လိုက်တာ လယ်တွေ ပျက်ကုန်ကြောင်းတွေ ပြောပြတယ်။ ကျွန်မ သိပ်နားမလည်တဲ့ကြားက နားလည်သလောက်ပြောရရင် နှစ်သီးစားဆိုတာ မိုးရော၊ နွေရောမှာ စပါးတွေစိုက်တာပေါ့။ နွေမှာကျတော့ လယ်ထဲ ရေသွင်းပြီး စိုက်ကြတာ
တဲ့။ အဲဒီလိုလည်း လုပ်လိုက်ရော၊ မိုးရာသီရောက်တဲ့အခါ လယ်ထဲက ရေတွေကပြန်မထွက်၊ မိုးကလည်းရွာနဲ့ လယ်တွေက ရေလျှံပြီး စပါးစိုက်မရဖြစ်သွားတာ။ နွေရာသီကျမှ စိုက်လို့ရတော့တယ်တဲ့။ ပြောင်းပြန်ဖြစ်သွားတာပေါ့။ တချို့လယ်တွေကတော့ လုံးဝပျက်သွားတယ်တဲ့။ နောက် သူတို့အချင်းချင်း ပြောနေကြတဲ့ လယ်ယာနဲ့ ပတ်သက်တာတွေ ကျွန်မလည်း သိပ်တော့နားမလည်ဘူး။ အဲဒီတုန်းက ပထမဆုံးလုပ်ရတဲ့ လယ်သမားတွေ တော်တော်ဒုက္ခရောက်သွားတယ်လို့ ပြောတယ်။ အကြွေးပတ်လည်ဝိုင်းပြီး လယ်တွေ ထိုးဆပ်ရတယ်တဲ့။ စီးပွားရေးလုပ်ငန်းရှင်တွေလည်း တော်တော် ထိသွားတယ်လို့ပြောတယ်။ သူတို့က နှစ်သီးစားစိုက်ဖို့ အဲဒီမြို့နား ပတ်ဝန်းကျင်က စပါးဆိုရင် ကြိတ်ပြီး ဆန်ဖြစ်အောင် လုပ်ရမယ်ဆိုတာလောက်ပဲ သိတဲ့ ဆန်စက်၊ ဆီစက်ပိုင်ရှင်နဲ့ သူဌေးတွေကို ဦးစီးလုပ်ခိုင်းတာတဲ့။

မြစ်ဝကျွန်းပေါ်က လူနေတဲလေး

ကားလမ်းဘေး လယ်ကွင်းတွေမှာရှိတဲ့ တဲလေးတွေက လူတွေခမျာ လယ်ကွင်းတွေ ရေမြုပ်နေလို့ လှေလေးတွေနဲ့ သွားလာနေကြတာကို မြင်ရတာလည်း တမျိုးလေးပဲ။ ကားပေါ်မှာပါလာတဲ့ ရန်ကုန်သားဦးလေးကြီးက ခုလို မှတ်ချက် ပြုတယ်။ "ဩော်...ဒီလိုမျိုးဘ၀တွေလည်း ရှိသေးတယ်။ သူတို့ဟာနဲ့ သူတို့တော့ ပျော်နေကြတာပဲနော်"တဲ့။ နောက် လယ်သမားတွေနဲ့ လယ်ယာတွေအကြောင်း ပြောပြီးတော့ ခုတလောဖြစ်နေတဲ့ ရုန်းစုရုန်းစုအကြောင်းနဲ့ ကုန်ဈေးနှုန်းတွေအကြောင်း ပြောကြပြန်ရော။ လက်ရှိ တာဝန်ရှိသူတွေရဲ့ အကြောင်းကို ကားမောင်းတဲ့ ဦးလေးကြီးက ဆက်ပြောတယ်။ "သမီးတို့ရယ် ပြည်သူတွေ၊ ပြည်သားတွေအတွက် သူတို့ ဘာတွေများ အကျိုးရှိအောင် လုပ်ပေးဖူးလို့လဲ"တဲ့။ "သူတို့ဘက်ကနေ လိုက်ကူပြောပေးတဲ့ တချို့လူတွေ ရှိတယ်"တဲ့။ "အဲလိုလူမျိုးတွေနဲ့တွေ့ရင် အဘက တခွန်းပဲ ပြန်မေးလိုက်တယ်... ၇ရက်သားသမီးတွေကို စိတ်ချမ်းသာစေတဲ့ ကောင်းကွက်လေး၊ လုပ်ဆောင်ချက်လေး တစ်ခုလောက်ပဲ ပြောပြပေးပါလားလို့။ အဲဒီလိုပြောလိုက်ရင် ဟိုဘက်က ပါးစပ်ပိတ်သွားရော"တဲ့။ "ဟုတ်တယ်လေ... သူတို့ကြောင့် ပြည်သူတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်ရတဲ့ကိစ္စ ဘာများရှိလို့လဲ"တဲ့။ ဒါက ပြည်သူစစ်စစ် တက္ကစီမောင်းတဲ့ အဘကြီးရဲ့ တကယ့်ရင်ထဲက စကားပါပဲ။ ကျွန်မတို့လည်း အဘကြီးစကား နားထောင်ရင်း ငြိမ်ကျသွားမိတယ်။

ကိုယ်သွားလိုရာရောက်တော့ ပဲ့ထောင်လေးနဲ့ဘုရားပတ်ဖူးရင်း ဘေးမြင်ကွင်းအချို့ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ကားနဲ့လာတုန်းကတော့ ကားလမ်းတွေက ကြမ်းတာကြောင့် လူတောင် အနိုင်နိုင် ထိုင်စီးနေရတာနဲ့ မရိုက်ဖြစ်ခဲ့ဘူး။ အပြန်မှာတော့ ကားနဲ့ မပြန်ဘဲ သင်္ဘောစီးလို့ ပြန်လာခဲ့ပါတယ်။

s0wha1

ရန်ကုန်ပြန် မှတ်တမ်း (၁)
ရန်ကုန်ပြန် မှတ်တမ်း (၂)

Wednesday, September 5, 2007

အကြိုက်ဆုံး ပို့စ် (၅) ပုဒ်



အန်တီခင်နဲ့ ညီမလေး ညလေးတို့က ကိုယ်ရေးထားတဲ့ထဲက အကြိုက်ဆုံးပို့စ် (၅)ခုကို ရွေးပေးဖို့ တက်ဂ်ထားတာနဲ့ ရွေးလိုက်ပါပြီ... တကယ့်တကယ် ရွေးရမယ်ဆိုတော့ ၅ ပုဒ်ထက် ကျော်နေသလားပဲ။ :P

၁။ ကျွန်မ ချစ်သောအဖေ
အဖေနဲ့ ကျွန်မတို့ရဲ့ အမှတ်တရတွေကို ရေးထားတာပါ။ ရေးနေစဉ်မှာလည်း စိတ်ထဲ တော်တော်ခံစားရပါတယ်။ ရေးချင်တာတွေ အများကြီးထဲက အချို့ကို ရေးထားတာပေါ့။

၂။ လောပိတမှာ နေစဉ်က အကြောင်းတွေနဲ့ ငယ်ငယ်ကအကြောင်းတွေကို ရေးထားတဲ့ ပို့စ်တိုင်းကို ကြိုက်ပါတယ်။ အဲဒီဒေသလေးနဲ့ အချိန်တွေကို လွမ်းဆွတ်စွာနဲ့ တကယ်ကို စိတ်ထဲမှာ နှစ်ပြီး ရေးထားတာကြောင့်ပါ။ လင့်ခ်တော့ ထပ်မထည့်တော့ပါဘူး။

၃။ ကျွန်မရေးတဲ့ ကဗျာတိုင်းကို ကြိုက်ပါတယ်။:D အဲဒီထဲက အကြိုက်ဆုံး ခေါင်းစဉ်လေးတွေကို ထပ်လင့်ခ်လိုက်မယ်နော်...
ခံစားချက်အမှန်တွေမို့လား မသိဘူး။ တခါတခါ ကို ကျွန်မ တော်တော် နှစ်သက်မိပါတယ်။

၎။ မိန်းကလေးများနှင့် ရွေးချယ်ခွင့်
ဒီပို့စ်က ကျွန်မရဲ့ အယူအဆစစ်စစ်တွေပါပဲ။ ဘယ်သူတွေ ဘာပြောပြော ကျွန်မရေးထားတာ ကျွန်မကြိုက်ပါတယ်။

၅။ တကယ်တော့
မြန်မာသံရုံးက တကယ့်အဖြစ်အပျက်ကို ပြန်ရေးထားတာပါ။

ပို့စ် (၅)ခုရွေးခိုင်းတာ ဘယ်နှစ်ခုတောင် ဖြစ်သွားပြီလည်း မသိပါဘူး။ ဒီတက်ဂ်ပွဲကြီးမှာ ကျွန်မ ပါဝင်တာ နောက်ကျနေပြီဆိုတော့ တော်တော်များများ ဘလော့ဂါတွေလည်း ရေးပြီးလောက်ပြီ ထင်ပါတယ်။ ဒါပေမဲ့ ခုတက်ဂ်ပွဲမှာ မရေးကြသေးတဲ့လူတွေလည်း ရှိသေးတယ်။ ထပ် တက်ဂ်လိုက်ပါပြီ...

ကိုမောင်ရင်
ကိုရွက်ဝါ
မောင်လေးမင်းမင်း
မောင်လေး ဘလင့်ခ်
မချစ်လေပြေ

s0wha1

Tuesday, September 4, 2007

ရန်ကုန်ပြန် မှတ်တမ်း (၂)



ကျွန်မ ရန်ကုန် ရောက်ရောက်ချင်း သူငယ်ချင်းတွေက မေးကြတယ်။ "မြန်မာပြည်ကြီး ဘာပြောင်းလဲသွားလဲ"တဲ့။ အမှန်အတိုင်းပဲ ပြန်ဖြေလိုက်ပါတယ်။ "ဘာမှ မပြောင်းလဲဘူး။ အရာရာက ပိုပြီး ဟောင်းနွမ်းလာတာပဲ ရှိတယ်"လို့။ သူတို့ကလည်း "အေးဟာ... အားရှိစရာပဲ"လို့ ပြောပြီး ရယ်ကြတယ်။ ရန်ကုန်မြို့ကြီးက မြို့ဟောင်းမြို့ပျက်ကြီးနဲ့ တူနေတယ်။ နောက်ပြီး ဘတ်စ်ကားတွေကလည်း အရင်လို မကြပ်တော့ဘူး။ စီးမဲ့လူမရှိသလိုမျိုး ချောင်ချိနေတာပဲ။ နေရာတိုင်းကလည်း အရင်လို လူတွေနဲ့ ကြိတ်ကြိတ်တိုး ဖြစ်မနေဘူး။ ကျွန်မသွားတဲ့ ရက်ကပဲ အခြေအနေတွေ ရှုပ်နေလို့လား မပြောတတ်ပါဘူး။ သေချာတာကတော့ မြန်မာပြည်ပြန်ရတာ မျှော်မှန်းထားသလောက် ပျော်ဖို့မကောင်းတာပဲ။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ရွှေတိဂုံဘုရားကို နှစ်ကြိမ်သွားဖူးတာ သွားမိတဲ့ နေ့တိုင်းက အင်္ဂါနေ့တွေ ဖြစ်နေတယ်။ ပထမအပတ် အင်္ဂါနေ့ကတော့ အင်္ဂါထောင့်မှာ မစုစုနွေးကို တွေ့လိုက်တယ်။ အဲဒီနေ့က ဘုရားပေါ်ရောက်မှ အင်္ဂါနေ့မှန်း သိလိုက်တယ်။ အဲဒီတော့ အဖြူရောင်မ၀တ်သွားမိဘူး။ ဒုတိယအပတ်လည်း အဲလိုပါပဲ။ ဘုရားပေါ်ရောက်မှ ဘုရားကို တပတ် ပတ်ပြီး သူငယ်ချင်းတွေနဲ့ အင်္ဂါထောင့်မှာ သွားထိုင်နေဖြစ်တယ်။ ကျွန်မစိတ်ထင်လို့လားတော့မသိ။ အင်္ဂါထောင့်မှာ ဘုရားဝတ်ပြုနေတဲ့သူ ပိုများသလိုပဲ။ အဲဒီနားက ဇရပ်ကိုတော့ ပိတ်ထားတယ်။ အထဲမှာ ဘုရားလုံခြုံရေးဝတ်စုံနဲ့ မိန်းမတွေကို ဧရာမတာဝန်ကြီးတွေ ထမ်းဆောင်နေရတဲ့ မျက်နှာပေးတွေနဲ့ တွေ့လိုက်ရတယ်။

ကျွန်မ ထိုင်နေရာကနေ ခဏထပြီး အင်္ဂါထောင့်မှာ ဘုရားကို ရေသပ္ပါယ်နေတုန်း ပါးစပ်ကနေ အသံထွက်ပြီး အန်တီစုနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆုတောင်းနေသံကြားလို့ လှည့်ကြည့်လိုက်တော့ မစုစုနွေးဖြစ်နေတယ်။ သူက နေပူထဲမှာ ထိုင်ပြီး ဘုရားရှိခိုးနေတာ။ ကျွန်မတို့ကတော့ နေပူထဲမှာ ကြာကြာမနေနိုင်လို့ အနောက်ဘက် အရိပ်ထဲမှာ (ဇရပ်ပေါ်မတက်ရတော့ ဇရပ်အောက်မှာပေါ့) ပြန်ထိုင်ပြီး ကြည့်နေလိုက်တယ်။ အဲဒီချိန် ကျွန်မတို့နောက် တိုင်ကွယ်ကနေ အဖြူရောင်လည်ကတုံးအင်္ကျီနဲ့ ကချင်ပုဆိုးနဲ့လူတစ်ယောက်က မစုစုနွေးကို ဓာတ်ပုံခိုးရိုက်နေတာ တွေ့လိုက်သေးတယ်။ သိပ်မကြာပါဘူး သူငယ်ချင်းတစ်ယောက် ထပ်ရောက်လာတာနဲ့ ကျွန်မတို့လည်း ဘုရားပေါ်ကနေ ပြန်ဆင်းလာခဲ့တယ်။

မစုစုနွေးကိုတော့ သူဘုရားရှိခိုးနေတာနဲ့ ကွက်ကြည့်ကွက်ကြည့်လုပ်ပြီးပဲ ပြန်လာဖြစ်ကြတယ်။ သူငယ်ချင်းမိန်းကလေးတစ်ယောက်ကတော့ မစုစုနွေးကို သွားနှုတ်ဆက်မယ် တကဲကဲလုပ်နေလို့ တခြားသူငယ်ချင်းတွေက အတင်းတားပြီး ခေါ်လာကြတယ်။ သူကတော့ ပြည်တွင်းမှာနေပြီး သိပ်မကြောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ ကိုမင်းကိုနိုင်တို့နဲ့တောင် ဓာတ်ပုံတွဲရိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှာ သိမ်းထားလိုက်သေး။ ကျွန်မတို့သူငယ်ချင်းကြားမှာတော့ သူက သူရဲကောင်းမကြီး။ ကျန်တဲ့ သူငယ်ချင်းမတွေကတော့ ကန်တော်ကြီးက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ
ကျွန်မ ဓာတ်ပုံရိုက်မယ်ဆိုတာကိုတောင် ကြောက်လန့်တကြားနဲ့ ကန့်ကွက်ကြတယ်။ "နင့်မှာလည်း ဗိုလ်ချုပ်ပုံတွေအများကြီးရှိတာကို"တဲ့။ "မလုပ်ပါနဲ့" ဘာညာနဲ့။ အဲဒီနေ့က ခုနက သတ္တိခဲသူငယ်ချင်းမ မပါလာတော့ သုံးယောက်နဲ့ တစ်ယောက် ကျွန်မကသာ အလျှော့ပေးလိုက်ရတယ်။ ကျွန်မမှာ ဗိုလ်ချုပ်ကြေးရုပ်ကြီးကို လှည့်ကြည့်လှည့်ကြည့်နဲ့ပဲ။ လမ်းမှာ ကျွန်မ သူငယ်ချင်းတွေက "ဗိုလ်ချုပ်ကြေးရုပ်ကို ပစ်ထားကြတယ်... အရမ်းယုတ်မာတာပဲ..." ဘာညာနဲ့ ပွစိပွစိတော့ သူတို့က ပြောလာကြသား။ ဓာတ်ပုံရိုက်မယ်ဆိုတော့သာ ကြောက်ကြတာ။

ဒုတိယပတ် ဘုရားပေါ်တက်တော့လည်း ပထမအပတ်တုန်းကလိုပဲ။ ဒါပေမဲ့ မစုစုနွေးကိုတော့ မတွေ့ခဲ့ပါဘူး။ ကျွန်မရန်ကုန်ကို ရောက်နေတဲ့ချိန် ဘာသတင်းမှလည်း မကြားရဘူး။ အခြေအနေဆိုးရွားတဲ့ပုံစံမျိုးလည်း မဟုတ်တော့ ဘာမှကို သိပ်မသိဘူး။ ဒုတိယအပတ်အင်္ဂါနေ့က မိသားစုနဲ့ ဘုရားပေါ်တက်တာ။ ပထမအပတ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ပေါ့။ အဲဒီနေ့က ဘုရားပေါ်ကဆင်းတော့ ဓာတ်လှေကားနားက ဖိနပ်သိမ်းကောင်တာမှာ အကျီင်္လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့လူ တစ်ယောက်က ထိုင်ပြီး ကောင်တာက ကောင်လေးတွေကို ဟိုဖိနပ် ဟိုသိမ်း၊ ဒီဖိနပ် ဒီသိမ်းနဲ့ ပြောနေတယ်။ ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်ဝယ်တဲ့လူတွေကိုလည်း အလကားပေးလို့ပေါ့။ စကားပြောကလည်း တော်တော်ယဉ်ကျေးသား။ ဒါနဲ့ ဓာတ်ပေါက်လိုက်ပါတယ်။ ပုံမှန် ဖိနပ်သိမ်းကောင်တာကလူ မဟုတ်ဘူးဆိုတာကိုလေ။ တက္ကစီပေါ်ရောက်တော့ အဲဒီအကြောင်းပြောဖြစ်ကြတယ်။ အရပ်ဝတ်တွေနဲ့ဖြစ်ပေမဲ့ လမ်းလျှောက်စကားပြောစက်တွေတကားကားနဲ့ အလုပ်ရှုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေအကြောင်းပြောရင်း တက္ကစီဦးလေးကြီးကလည်း ၀င်ပြောတယ်။ အာဂမသူငယ်ချင်းက အဲဒီဦးလေးကို ပြန်မေးတယ်။ "ဒါနဲ့ ဦးလေးကရော ဘာလဲ"တဲ့။ ဦးလေးကြီးလည်း ကြောင်သွားမှာပေါ့။ "ပြည်သူလား၊ ဒါမှမဟုတ် ဘာလဲ"ဆိုပြီး ထပ်မေးတော့မှ "ပြည်သူပေါ့"တဲ့။ သူငယ်ချင်းတယောက်က ၀င်နောက်တယ် "ပြည်သူဟုတ်ပါဘူး... ပြည်သားပါ"တဲ့။ နောက်တော့ ဦးလေးကြီးက ဆက်ပြောတယ်။ "မနက်ဖြန် ၂၂ ရက်နေ့ကို သူ တက္ကစီမဆွဲဘူး"ပေါ့။ "ကိုမင်းကိုနိုင်တို့ကို ထောက်ခံတဲ့အနေနဲ့"လို့ပြောတယ်။ "ဒီနေ့ အင်္ဂါနေ့ကိုလည်း မစုစုနွေးတို့က အဖြူရောင်ဝတ်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံထားလို့ သူ အပတ်တိုင်း အဖြူရောင် ၀တ်တယ်"ပေါ့။ ဒီနေရာမှာ ကျွန်မသူငယ်ချင်းမကလည်း ကိုယ့်ထက်ဆိုးတယ်။ "ဟာ...လေးစားသွားပြီ ဦးလေးကြီးရာ၊ ဒါမျိုးဖြစ်နေရမယ်" ဘာညာနဲ့။ ကျန်တဲ့ကောင်တွေက မျက်ခုံးလှုပ်နေကြပြီ။ ဘာပဲပြောပြော အဲဒီဦးလေးလို ရေဒီယိုတွေ နားထောင်ပြီး သိတဲ့လူက ရှားပါတယ်။

ကားမရှိလေတော့ သွားလေရာ တက္ကစီငှားစီးရတာနဲ့ ရန်ကုန်ပြန်တာ တက္ကစီဖိုးနဲ့တင် တော်တော်ကုန်သွားတယ်။ တက္ကစီခတွေကလည်း ဟိုနားဒီနားကို ၂၀၀၀ ပေးရတယ်။ ငှားစီးသမျှ ၃၀၀၀နဲ့ အထက်ကြီးပဲ ပေးရတယ်။ အစကတော့ သိပ်မဆစ်ဘဲ စီးတယ်။ နောက်ပိုင်းတော့ နည်းနည်း ဆစ်ကြည့်တယ်။ စီးမဲ့ခရီးသည်မရှိလို့ တက္ကစီမောင်းတဲ့ ဦးကြီးတွေလည်း အရင်လို ဈေးဆစ်ရင် မတင်ဘူးဆိုပြီး မပြောနိုင်တော့ဘူး။ ကိုယ်က ဈေးနည်းနည်းဆစ်ပြီး စီးပြန်ရင်လည်း ကားပေါ်ထိုင်လိုက်တာနဲ့ ညည်းလိုက်တဲ့ ညည်းချင်းဆိုတာ နောက်ဆုံးတော့ ဈေးမဆစ်ခင်က ဈေးနှုန်းအတိုင်းပဲ ပေးလိုက်မိတော့တာပဲ။ ရန်ကုန်တမြို့လုံးက လူတွေ ခိုတွေများဖြစ်သွားပြီလား မှတ်ရအောင် လူတိုင်းလိုလို ညည်းကြတယ်။ တက္ကစီပဲစီးနေတော့ တက္ကစီမောင်း ဦးကြီးတွေရဲ့ ညည်းချင်းကို ပိုနားထောင်ရတယ်။ အုံနာကြေးတောင် မနည်းရှာနေရတယ်ဆိုတဲ့အကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ နောက် ထုံးစံအတိုင်း အစိမ်းရောင်ဝတ်ပုဂ္ဂိုလ်တွေရဲ့အကြောင်း၊ လတ်တလော ဖြစ်နေတဲ့ ရုန်းရုန်းအကြောင်း။

တော်တော်များများ ပြောကြတဲ့ထဲမှာ တူညီတာ တခုကတော့ လူတွေ မကျေနပ်ကြဘူးဆိုတာပါပဲ။ ဒါပေမဲ့ လူတွေက ဘာမှလည်း သိပ်မသိကြဘူး။ ခုလက်ရှိ လှုပ်ရှားနေကြတာကိုလည်း ၈၈မျိုးဆက်ကျောင်းသားတွေဆိုတာ သိပုံမပေါ်ဘူး။
(ပြည်သူ)လူအများစု ပြောကြတာက ဒီလို အစစ ကြပ်တည်းနေချိန်မှာ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေး၊ ဂတ်စ်ဈေးတွေ တိုးမြှင့်လိုက်တာက တမင်သက်သက်လူ(ပြည်သူ)တွေ ဆူအောင် ဖန်တီးတာပဲပေါ့။ သူတို့ရဲ့ ခရီးကလည်း အဆုံးသတ်နေပြီ။ ၈၈တုန်းကလိုဖြစ်ပြီး နောက်တခါ ပြန်စချင်နေတဲ့ သဘောပဲလို့ (ပြည်သူ)လူတော်တော်များများက ယူဆကြတယ်။ ဒီတော့ (ပြည်သူ)လူတွေက သူတို့မျှော်မှန်းသလို၊ သူတို့ဆင်တဲ့ ထောင်ချောက်ထဲ မ၀င်ဘဲ စောင့်ကြည့်မယ်လို့ ပြောကြတယ်။ ခုဆန္ဒပြနေတယ်ဆိုတာလည်း သူတို့က အလံရှူးလုပ်နေတာပေါ့လေ။ သူတို့လူတွေကပဲ လူဝတ်လဲပြီး ဆန္ဒပြချင်ယောင်ဆောင်နေကြတာလို့ (ပြည်သူ)လူအများစုက ယူဆကြတယ်။ အဲဒါကြောင့်လည်း ခုလှုပ်ရှားမှုမှာ (ပြည်သူ)လူတွေအားလုံး မပါဝင်လာတာလို့ပြောရမယ်။ (ပြည်သူ)လူတွေက ကြောက်လို့၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ ဆိုတာထက် တမင်မဆူဆူအောင် လုပ်နေတယ်လို့ ယူဆပြီး ၀င်မပါကြတာများတယ်။ အဲလို ပြောဆိုယူဆနေကြတာက တယောက်လည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ်ဘူး။ တက္ကစီမောင်းသူတွေ၊ ဈေးတွေ၊ လက်ဘက်ရည်ဆိုင်တွေမှာ အဲလိုပဲ ပြောနေကြတာ။ ဒီတော့ သူတို့ ပြောတာကို နည်းနည်းတော့ စဉ်းစားသင့်တာပေါ့နော်။

မိုးတွေရွာ၊ ရေတွေကြီးပြီး ဘယ်လိုတွေဖြစ်ကုန်လဲတော့ မသိဘူး။ ချိုးရတဲ့ရေတွေက ဂျိုးဖြူပိုက်ကဆိုပေမဲ့ ၀ါကျင်ကျင်နဲ့ မြောင်းထဲက ရေတွေ ခပ်ချိုးနေရသလိုပဲ။ သောက်ရေကိုတောင် အရင်လို ဂျိုးဖြူကလာတဲ့ရေကို ရေစစ်နဲ့ စစ်ပြီး မသောက်ကြတော့ဘူး။ ရေတွေကလည်း မြောင်းရေလို ၀ါနေမှတော့ ဘယ်လိုလုပ်သောက်လို့ ရတော့မှာလဲလေ။ ရေသန့်ဗူး ဗူးကြီးတွေမှာပြီး သောက်ကြတာ အိမ်တိုင်းလိုလိုပဲ။ အဲဒီရေသန့်တွေကရော တကယ်သန့်ရဲ့လား မသိပါဘူး။ နောက်တော့ ကျွန်မလည်း ဘယ်လိုဖြစ်လဲမသိ။ ရန်ကုန်ရောက်ပြီး နှစ်ရက်ပဲကြာတယ်။ နေမကောင်းဖြစ်ပြီး ဆေးခန်းသွားရတယ်။ ဒီမှာနေရင် တခါမှ ဆေးမထိုးရပေမဲ့ ရန်ကုန်မှာတော့ တခုခုဖြစ်တာနဲ့ အကြောဆေးဆိုပြီး ဆေးထိုးခံရတော့တာပဲ။

ဝက်သားတုတ်ထိုးစားပြီး ၀မ်းကိုက်လို့ ပြန်ခါနီး တရက်က ဘာမှမလုပ်နိုင်။ ဗိုက်ထဲကနေ အောင့်လိုက်၊ နာလိုက်တာဆိုတာ မပြောပါနဲ့တော့။ စကားတောင် ဟဟ မပြောနိုင်အောင် ဝေဒနာကဆိုးလှတယ်။ ဒီကြားထဲ အစ်မ၀မ်းကွဲတွေ၊ ညီမ၀မ်းကွဲတွေနဲ့ သူငယ်ချင်းအချို့က သူတို့အတွက် အချိန်အများကြီး မပေးလို့ဆိုပြီး စိတ်ကောက်ကြသေးတယ်။ ဗိုက်နာနာနဲ့ပဲ စမ်းချောင်းဘက်က အသီးအရွက်စုံသုပ် အသုပ်ဆိုင်တစ်ဆိုင်မှာ လိုက်ထိုင်ပြီး စကားပြောပေးရသေးတယ်။ ကိုယ်တိုင်တော့ ဘာမှမစားနိုင်တော့ဘူး။ ဒါတောင် ချင်း၁၆က ၀က်သားတုတ်ထိုးကောင်းတယ်ဆိုပြီး လုပ်ကြသေးတယ်။
လူလည်း ၀ဋ္ဋ်လည်တာလား မပြောတတ်ဘူး။ ရန်ကုန်စရောက်ထဲက အဆက်အသွယ်မလုပ်လို့ မျက်စောင်းတွေ တဒိုင်းဒိုင်း ထိုးတဲ့သူနဲ့။ ပါးစပ်ကနေ ပွစိပွစိနဲ့ နားညည်းလောက်အောင် ပူညံပူညံလုပ်တဲ့သူနဲ့။ ၀မ်းကိုက်တဲ့ ဝေဒနာက တော်တော်ဆိုးရတဲ့ကြားထဲ ဟိုစိတ်ကောက်ကြတဲ့ အစ်မတွေ၊ ညီမတွေကြောင့် ဆေးခန်းကို စောစောစီးစီးမသွားရလို့ ဝေဒနာက ပိုခံစားလိုက်ရတယ်။ ဒီလိုနဲ့ ရန်ကုန်မှာ နှစ်ပတ်နေတာ ဆေးခန်း နှစ်ခါ သွားရတယ်။ အကြောဆေးဆိုတာလည်း နှစ်ခါထိုးလိုက်ရတယ်။ ဒီကိုပြန်ရောက်တော့ ကျွန်မညီမက ဆီးပြောတယ်။ တခါသုံးအပ်ဆိုတာ သေချာရဲ့လားတဲ့။ မြန်မာပြည်က သူနာပြုဆရာမတွေပြောတော့ ကုလားတွေက သုံးပြီးသား တခါသုံးအပ်တွေ ပြန်လာဝယ်ပြီး အဲဒါကို ပြုပြင်ပြီး ပြန်ရောင်းတတ်တယ်တဲ့။ သူပြောတာနဲ့ လူလည်း လက်မောင်းက အပ်ပေါက်နှစ်ပေါက်ကိုကြည့်ပြီး ဒိန်းကနဲ ဖြစ်သွားသေးတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဆေး နှစ်ခါတောင် ထိုးလာပြီးမှတော့ ဘာတတ်နိုင်မှာလဲ ကံပေါ့လို့ပဲ ပြောရတော့မှာပေါ့။

s0wha1

ရန်ကုန်ပြန် မှတ်တမ်း (၁)
ရန်ကုန်ပြန် မှတ်တမ်း (၃)

Sunday, September 2, 2007

ရန်ကုန်ပြန် မှတ်တမ်း (၁)



ကျွန်မ ရန်ကုန်ကို ၁၉ရက် တနင်္ဂနွေနေ့က ပြန်သွားတယ်လေ။ ဘယ်သူ့ကိုမှတောင် နှုတ်မဆက်သွားဖြစ်ဘူး။ နှစ်ပတ်ပဲ ပြန်တာဆိုတော့ အလုပ်တွေ ရှုပ်နေလို့လည်း ပါတာပေါ့။ မြန်မာကနေ ၃ ခါလောက်တော့ ကျွန်မဘလော့ဂ်လေးကို လာလာကြည့်ဖြစ်ပါတယ်။ ဒီကို စရောက်ထဲက ၅နှစ်ကျော် မပြန်ဖြစ်ခဲ့တဲ့ ပြည်တော်ကို ပထမဆုံး အလည်ပြန်တဲ့ ခရီးစဉ်ပါပဲ။

ရန်ကုန်လေဆိပ်က အသစ်ပြင်လိုက်တယ်တဲ့။ အရင်လို ကားစီးပြီး လမ်းလျှောက်ရတာတွေတော့ မလုပ်ရတော့ပါဘူး။ လူဝင်မှုကြီးကြပ်ရေးရောက်တော့ ကျွန်မအခွန်ဆောင်ထားတဲ့ပြေစာကို မိတ္တူတောင်းတယ်။ တခါမှ မပြန်ဖူးတော့ မိတ္တူတွေလည်း မကူးလာမိဘူးပေါ့။ ဒါနဲ့ ကျွန်မကို လာကြိုနေတဲ့
အပြင်ကသူတွေကို မိတ္တူကူးခိုင်းရတယ်။ မိတ္တူကူးစက်က အနီးအနားမှာမရှိလို့ လေဆိပ်ပြင်ထွက်မရဘဲ နာရီဝက်၊ ၁ နာရီနီးပါး စောင့်လိုက်ရတယ်။ မြို့တော်ရန်ကုန်ကနေ ပထမဆုံး ကြိုဆိုလိုက်တဲ့ ပုံစံလေးကတော့ တော်တော်သင်းတယ်နော်။

ဒီလိုနဲ့ အိမ်ရောက်တယ်။ သူငယ်ချင်းတွေက ဆီးကြိုနေကြတယ်။ ရောက်ရောက်ချင်းတော့ ပျော်သလိုလိုပါပဲ။ နောက်တော့ စလုံးက အိမ်ကိုပဲ ပြန်လာချင်နေမိတယ်။ ကုန်လိုက်တဲ့ ပိုက်ဆံဆိုတာလည်း မပြောပါနဲ့တော့။ ၁၀၀တန်က အကြွေသဘောမျိုးဖြစ်နေတာကို အံ့ဩစွာတွေ့လိုက်ရတယ်။ သူများတွေပြောတာ ကြားဖူးနေပေမဲ့ အဲလောက်လို့ မထင်ထားဘူးလေ။ နောက်ပြီး ဈေးတွေကသာကြီးပြီး ဘာမှ စားလို့မကောင်းဘူး။ အရင်တုန်းက သူများတွေ ရန်ကုန်ကို အလည်သွားပြီး ပြန်လာရင် ၀တုတ်တိုလာကြပေမဲ့ ကျွန်မတို့ညီအစ်မကတော့ မည်းခြောက်ပိန်ညှောင်ပြီး ပြန်ရောက်လာကြတယ်ဆိုတော့ စဉ်းစားသာကြည့်ကြပါကုန်။

ရန်ကုန်ရောက်ရင် စားပစ်လိုက်မယ်လို့ တွေးထားတာတွေလည်း တကယ့်တကယ်ကျ မစားနိုင်၊ စားမကောင်း။ မနက်ပိုင်း ပဲပြုတ်နဲ့နံပြား စားချင်လို့ အိမ်ကလူတွေကို ၀ယ်ခိုင်းတော့ ပဲပြုတ်က ဆီမပါဘာမပါနဲ့။ ဒါနဲ့ အိမ်ကလူတွေကို ဆီချက်ချက်ပြီး ပဲပြုတ်ပေါ်ကနေ ထပ်လောင်းခိုင်းရတယ်။ မြန်မာနိုင်ငံက စားစရာတွေက အရင်လို အရသာမရှိတော့ဘူး။ အိမ်ကလူတွေကအစ ဟင်းချက်ရင် ဆီများများ ထည့်ဖို့ကို နှမြောနေကြတာကို ထူးထူးဆန်းဆန်းတွေ့ရသေးတယ်။ ကျွန်မတို့ကို ချက်ကျွေးဖို့ လိုသမျှပိုက်ဆံကို အစ်မက ထုတ်ပေးနေတာတောင် သူတို့က ဘာတွေကပ်စေးနဲနေပါလိမ့်လို့ တွေးမိတယ်။ သူငယ်ချင်းတွေ ခေါ်သွားတဲ့ အကောင်းဆုံးဆိုင်တွေဆိုတာကလည်း ဈေးသာကောင်းတာ စားလို့ လုံးဝမကောင်း။ မြန်မာပြည်ပြန်သွားတဲ့ နှစ်ပတ်အတွင်း ကျွန်မစိတ်ထဲ စားကောင်းတာဆိုလို့ ယူနန်အသားကင်ဆိုင်က အသားကင်တချို့ပဲ ရှိတယ်။ အရင်က ကျွန်မအရမ်းကြိုက်ခဲ့တဲ့ ခေါက်ဆွဲကြော်ဆိုတာကလည်း စလုံးက တရုတ်ခေါက်ဆွဲကြော်တွေနဲ့ ဘာမှမထူး။ ဘာလို့ မြန်မာပြည်က အစားအစာတွေ ဒီလောက်တောင် အရသာတွေ ပျက်ကုန်လဲ မသိတော့ဘူး။

နောက်ထပ် ထပ်တွေ့တာကတော့ လူတန်းစားကွာဟမှုပါပဲ။ ကျွန်မသူငယ်ချင်းတွေကြားထဲမှာကို ပိုက်ဆံရှိသူနဲ့ မရှိသူက တော်တော်သိသာသွားတယ်။ ရှိတဲ့လူကျ လက်ကိုင်ဖုန်းကိုယ်စီနဲ့ ပိုက်ဆံ အစီးလိုက်၊ အထပ်လိုက်နဲ့ ကုန်ကျသမျှပိုက်ဆံ ဒိုင်ခံရှင်းကြတယ်။ ကျွန်မ ပိုက်ဆံတပြားမှ မရှင်းရ။ ငွေရေးကြေးရေးအကြောင်း လုံးဝမပြော။ ကျွန်မမှာ ပိုက်ဆံ လုရှင်းလို့တောင်မရ။ မရှိတဲ့သူငယ်ချင်းတွေကျ ကျွန်မပဲ အကုန်ရှင်းပေတော့ပေါ့။ သူတို့က လုရှင်းရင်လည်း ကျွန်မက လက်မခံခဲ့ပါဘူး။ ဒါက အရမ်းခင်တဲ့ သူငယ်ချင်းတွေကြားမှာကို မရှိအတူ၊ ရှိအတူ ကျောင်းတက်ခဲ့ရာကနေ ကျောင်းပြီးလို့ အလုပ်အကိုင်တွေ မတူညီတော့တာနဲ့အမျှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ။ ပြေလည်တဲ့ သူငယ်ချင်းအများစုက စီးပွားရေးသမားတွေဖြစ်ပြီး တချို့က သူတို့ကိုယ်တိုင်က ဘာမှမလုပ်သော်လည်း မိဘတွေကအဆင်ပြေသူတွေ။ မပြေလည်တဲ့ သူငယ်ချင်းတွေကျ အလုပ်မရှိ၊ အလုပ်မလုပ်ကြဘဲ ထိုင်စားနေသူတွေ။ ဘာအလုပ်မှမလုပ်လို့လည်း သူတို့ကို အပြစ်ပြောလို့ မရ။ သူတို့လည်း လုပ်ကြည့်ကြသေးတာပဲ။ ဘာလုပ်လုပ်အဆင်မပြေတာနဲ့ ဘာလုပ်လို့လုပ်ရမှန်း မသိတာနဲ့ တချို့ကလည်း အရင်းအနှီးကောင်းကောင်းမရှိတာနဲ့ပဲ ကွာခြားချင်တိုင်း ကွာခြားသွားကြတယ်။

သေချာတာက ကျွန်မသူငယ်ချင်းတွေက အလုပ်လေးတွေတော့ လုပ်ကြပါရဲ့။ ညနေဆိုရင်တော့ စည်ဘီယာဆိုင်ဆိုတာကို ရောက်နေပြီ။ ကျွန်မ ရန်ကုန်မှာ ရှိစဉ်က စည်ဘီယာဆိုင်တွေက မှိုလို မပေါက်သေး။ ကျွန်မသူငယ်ချင်းတွေလည်း လက်ဘက်ရည်ဆိုင်နဲ့ ဂိမ်းဆိုင်တွေမှာသာ အချိန်ကုန်နေတတ်တာ။ ခုတော့ ဒီလိုမဟုတ်။ ရန်ကုန် ပြန်ရောက်ရောက်ချင်း ပထမဆုံးညမှာတင် သူငယ်ချင်းတွေနဲ့အတူ စည်ဘီယာဆိုင်ဆိုတာကို ရောက်သွားတယ်။ ခုံပုလေးတွေနဲ့ လက်ဘက်ရည်ဆိုင်လေးအတိုင်းပဲ။ ကျွန်မကတော့ တောသူမြို့ရောက်စတိုင်နဲ့ တအံ့တဩ လိုက်ကြည့်မိတယ်။ ပါးစပ်ကလည်း "ဟဲ့ လက်ဘက်ရည်ဆိုင် အတိုင်းပဲနော်"လို့ ထပ်ခါထပ်ခါ ရေရွတ်မိတယ်။ ဆိုင်ထဲမှာကတော့ တမြို့နယ်လုံးက ယောက်ျားလေးတွေ စည်ဘီယာဆိုင်ထဲ ရောက်နေသလား မှတ်ရအောင် ဆိုင်လုံးပြည့်ပဲ။ ကျွန်မတို့ ကျောင်းတက်ခဲ့စဉ်က ထိုင်ခဲ့ဖူးတဲ့ လက်ဘက်ရည်ဆိုင်တွေမှာ ဒီလောက် လူပြည့်တာ ကျွန်မ တသက်နဲ့တကိုယ် မမြင်ဖူးခဲ့။ အိမ်မှာ ကြည့်စရာတီဗွီမရှိကြတဲ့အတိုင်း စည်ဘီယာဆိုင်ထဲက တီဗွီမှာပြထားတဲ့ ဘောလုံးပွဲကို အော်ဟစ်အားပေးပြီး ကြည့်နေကြတာကိုလည်း ပါးစပ်အဟောင်းသားဖြစ်ရတယ်။

သူငယ်ချင်းတွေက ဘီယာသောက်မလားလို့ မေးကြတာကိုလည်း မျက်စောင်းထိုးရသေးတယ်။ နိုင်ငံခြားက ပြန်ရောက်လာတာနဲ့ ဘီယာ၊ အရက်၊ ဆေးလိပ်သောက်တတ်မယ်လို့ ထင်နေတတ်ကြတာကတော့ တော်တော်ရယ်စရာကောင်းတာပဲလို့ ထင်မိတယ်။ နောက်တော့ သူတို့က ကျွန်မအတွက် coke တဗူး မှာပေးတယ်။ မြန်မာမှာ coke ရတယ်ဆိုလို့ အံ့ဩရတာလည်း အမှန်ပါပဲ။ သံဗူးပတ်လည်မှာ ယိုးဒယားစာတွေနဲ့ coke ကို သောက်ကြည့်တော့ စိတ်ထဲမှာ ပုံမှန် သောက်နေကျထက် ပိုခါးသက်သက် ဖြစ်နေသလိုပဲ။ ပြီးတာနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အားရပါးရ
စကားပြောကြတယ်။ ဒါပေမဲ့ ဆေးလိပ်နံ့မခံရတာကြာပြီဆိုတော့ တဆိုင်လုံး ဆေးလိပ်ငွေ့ မွှန်ထူနေတဲ့၊ တနေ့ကို ဆေးလိပ် အလိပ် ၃၀လောက် သောက်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေရဲ့ ဆေးလိပ်ငွေ့တွေကြားမှာ ကြာကြာတော့ မနေနိုင်။ သူတို့ကလည်း အနှိပ်ခန်းသွားမလို့ဆိုလား။ ကျွန်မတို့ မိန်းကလေးသူငယ်ချင်းတွေကိုတောင် လိုက်ခဲ့ဖို့ ခေါ်လိုက်သေးတယ်။ "တကယ်နှိပ်ပေးတာဟ"တဲ့။ "နေပါစေတော့ ကိုယ့်ဖာသာပဲသွားကြပါဟာ"လို့ ပြောရတယ်။ အဲဒီရက်ပိုင်းက ရန်ကုန်မှာ လှုပ်လှုပ်၊ လှုပ်လှုပ်နဲ့ဆိုတော့ သူတို့အိမ်တွေက ညဥ့်နက်တဲ့ထိ မနေခိုင်း။ ဒါနဲ့ ကျွန်မကို အိမ်အရင် ပြန်မပို့ခင် သူတို့အိမ်တွေကို အရင်လိုက်နှုတ်ဆက်ပေးရတယ်။ ကျွန်မ ပြန်ရောက်နေတုန်းမို့ ညဥ့်နက်တဲ့ထိ နေမယ်ဆိုတဲ့ သဘောပေါ့လေ။ အဲလိုနဲ့ ကျွန်မ နေခဲ့တဲ့ ၂ ပတ်အတွင်းမှာ သူတို့နဲ့ တွေ့ဖြစ်တာ ၂ ရက်မရှိပေမဲ့ သူတို့ကတော့ ၂ ပတ်လုံး သူတို့အိမ်တွေကို ကျွန်မနာမည်အလွဲသုံးစား လုပ်နေကြတယ်။ ပြန်ခါနီး သူတို့ကိုတော့ ပြောခဲ့ပါတယ်။ "နင်တို့မြန်မာပြည်မှာ နေပြီး ဘာတွေလုပ်နေတယ်ဆိုတာ ခုတော့ ငါသိပြီ"လို့။ "စည်ဘီယာဆိုင်လေးထိုင်လိုက်၊ အနှိပ်ခန်းသွားလိုက်၊ ကာရာအိုကေသွားဆိုလိုက်၊ ဆေးလိပ်လေး လက်ကြားညှပ်ပြီး လက်ကိုင်ဖုန်း ကားရားကားရားနဲ့ နေနေကြတာကိုး"လို့။ သူတို့က ရယ်ကျဲကျဲနဲ့ "ဒီမှာ ဘာမှ လုပ်စရာမှ မရှိတာဟ"တဲ့။

သူငယ်ချင်းတွေက ကျွန်မ မပြန်ခင် နင့်ဘလော့ဂ်မှာ ရန်ကုန်မကောင်းကြောင်း အတင်း မတုတ်နဲ့နော်လို့ အတန်တန်မှာလိုက်တဲ့ကြားက
ရန်ကုန်ပြန် မှတ်တမ်း (၂) ကို ဆက်ရေးပါဦးမယ်။

s0wha1

ရန်ကုန်ပြန် မှတ်တမ်း (၂)
ရန်ကုန်ပြန် မှတ်တမ်း (၃)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*