Wednesday, January 23, 2008

City Lights from Around the World



တော်တော်များများ ဒီForward Mail ကို ရဖူးကြမယ် ထင်ပါရဲ့။

Copenhagen

Paris
Chicago


Niagara Falls

Las Vegas

Washington

London

Moscow

Petersburg

Cologne Cathedral


Toronto

Denver


Brazil

Oakland

Cleveland

Vienna

Singapore

UNION OF "MYANMAR"

Oops sorry.......power cut.... hahaaa... Believe it Not, that is Gospel truth.



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Sunday, January 20, 2008

GTC ကျောင်းသူဘ၀ အမှတ်တရ



ရှေ့တပတ်ထဲမှာ ကျွန်မ သူငယ်ချင်း တစ်ယောက် စင်္ကာပူကို အလည်လာလိမ့်မယ်။ သူက ကျွန်မ အလုပ်အားရက် စနေနေ့ကို လာမှာဆိုတော့ လေဆိပ်မှာ ကြိုဖို့ ပြောဆို စီစဉ်ကြရင်း ကျွန်မတို့ ကျောင်းအတူ တက်ခဲ့တဲ့အချိန်လေးကို ပြန်လွမ်းမိတယ်။ ကျွန်မတို့က အထက်တန်း ကျောင်းသားဘ၀ထဲက သိခဲ့ကြတာတော့ မဟုတ်ပါဘူး။


လွန်ခဲ့တဲ့ ၇နှစ်၊ ၈နှစ်လောက်က ၁၀တန်းအောင်ပြီးခါစ အင်္ဂလိပ်စာသင်တန်းလေး တက်လိုက်၊ ကွန်ပျူတာသင်တန်းလေး တက်လိုက်နဲ့ တက္ကသိုလ်တက်ရမယ့်အချိန်ကို စောင့်နေခဲ့ပါတယ်။ ၄၊ ၅ လလောက်ကြာတော့ တက္ကသိုလ်ဝင်ခွင့် ဖောင်တွေ ဖြည့်ရပါပြီ။ စိတ်အားထက်သန်စွာနဲ့ အင်ဂျင်နီယာဖြစ်ချင်ပေမဲ့ ကျွန်မတို့နှစ်ကမှ စပြီး YTU ဆိုတာ
မရှိတော့ပါဘူး။ GTI အစား GTC ဆိုတဲ့ နာမည်ပြောင်းလဲခါစ အချိန်လေးပါ။


ကျွန်မနဲ့ ကျွန်မညီမတို့ နှစ်ယောက်က ထူးဆန်းစွာပဲ ဘူမိဗေဒဘာသာရပ်ကို
စိတ်ဝင်စားကြပါတယ်။ ကျွန်မ ညီမကတော့ သူ ၁၀တန်းအောင်လို့ တက္ကသိုလ်တက်တဲ့အခါ ဘူမိဗေဒမေဂျာကိုသာ ရွေးချယ်မယ်လို့ ပြောပေမဲ့ ကျွန်မကတော့ GTC တက်ဖို့ပဲ လျှောက်ခဲ့ပါတယ်။ ကျွန်မ မှော်ဘီ GTC မှာ ကျောင်းတက်နေတာ ၁ နှစ်လောက်အကြာ ကျွန်မညီမလေးလည်း ၁၀တန်းပြီးလို့ ဒဂုံတက္ကသိုလ်မှာ စတက်တော့မှ ဘူမိဗေဒ လိုက်တက်ချင်စိတ် ပေါက်ခဲ့ဖူးပါတယ်။

မှော်ဘီ နည်းပညာကောလိပ် ဆိုတဲ့ နေရာရောက်ဖို့ ကျွန်မတို့ ရန်ကုန်ထဲက ကျောင်းသားတွေဟာ ပါရမီကားနဲ့ ဘောလုံးကားလို့ ခေါ်တဲ့ ကားတွေကို
(ကားနံပါတ်တွေကို ကျွန်မမေ့နေလို့) စီးရပါတယ်။ ကျောင်းကားနဲ့ဆို ၁ နာရီ၊ လိုင်းကားနဲ့ဆို ၂ နာရီစီးရတဲ့ မှော်ဘီမြို့အထွက် မြို့ပြင်နားမှာရှိတဲ့ (မှော်ဘီမြို့ထဲမှာတောင် မဟုတ်) ကျိုးတိုးကျဲတဲ အဆောက်အဦးပုပုလေးတွေမှာ စာသင်ရပါတယ်။ အဲဒီမှာ ကျွန်မ ကျောင်းတက်ခဲ့တဲ့ ၁နှစ်ခွဲအတွင်း ကျွန်မ တတ်ခဲ့တာဆိုလို့ ဖဲရိုက်နည်းတွေပဲ ဖြစ်ပါတယ်။ ဖဲရိုက်တာကို အလွန်မုန်းပြီး လာဘ်ပိတ်တယ်လို့ အယူရှိသလို အိမ်မှာ ဖဲထုပ်တောင် ထားခွင့်မပေးတဲ့ ကျွန်မအမေသာ ဖဲရိုက်နည်း တော်တော်စုံစုံ ကျွန်မ ကစားတတ်တယ်ဆိုတာများ သိရင် ဘာပြောမလဲဘဲ။

အစပိုင်းက ရှမ်းကိုးမီး၊ ကိုးမီး၊ 21၊ ဘူကြီး ကစားပါတယ်။ နောက်ပိုင်း ပိုကာတွေ၊ ရှိုးတွေ ပါလာပါပြီ။ နောက်တော့ ဖဲချပ်တွေ အများကြီးကိုင်ရတဲ့၊ ကျွန်မလက်နဲ့တောင် ကိုင်ရတာ မဆန့်တဲ့၊ လူတိုင်း မကစားတတ်တဲ့ ဟောလိဝုဒ်ဆိုတဲ့ ကစားနည်းပါ တတ်လာပါတယ်။ ဒါပေမဲ့ သင်ခါစဆိုတော့ သိပ်မကျွမ်းသလို ခုဆို မေ့တောင်သွားပါပြီ။ ဖဲ ဘယ်လောက်တောင် ကစားသလဲဆိုရင် ခုချိန်ထိ အပြင်သွားတဲ့အခါ မြင်မြင်သမျှ ကားနံပါတ်တွေကို ပေါင်းပြီး တစ်ယောက်ထဲ ဘူကြီး ကစားနေတတ်ပါတယ်။:P ဘူကြီးကစားရင် (ဖဲကတ် ၅ ချပ်) နံပါတ် ၅ ခု လိုတဲ့အတွက် တချို့ကားနံပါတ်တွေမှာ ဂဏန်း ၄ လုံး၊ ၃ လုံးပဲ ပါတဲ့အခါ အဲဒီ လိုနေတဲ့ ဂဏန်းတွေနေရာမှာ 0 ကိုအစားထိုးလို့ ကိုယ့်ဟာကိုယ် ဥပဒေသ သတ်မှတ်ပြီး တွက်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်နဲ့ကိုယ် "ဘူကြီးရတယ်ဟ"၊ "ကိုး ရလည်း မဆိုးပါဘူး"၊ "ဟာ ပျက်တယ်" စသဖြင့် တစ်ယောက်ထဲ အားပေးနေကျပေါ့။;))


ကျောင်းသားအများစုဟာ ကျောင်းအနောက်ဘက်က သီဟိုဠ်တောထဲမှာ ဖဲကစားလေ့ရှိကြပါတယ်။ စာသင်ခန်းထဲမှာ ဖဲရိုက်ကြရင်တော့ ကျောင်းသူတွေက အစောင့်တာဝန်ယူကြပါတယ်။ လိုက်ဖမ်းတဲ့ ဆရာတွေလာတဲ့အခါ သတင်းပေးရအောင်ပါ။ ကျောင်းသူအများစုကတော့ ဖဲရိုက်တာထက် Calculator နဲ့ Ran နှိပ်ပြီး ကစားကြပါတယ်။ သူ့ဟာနဲ့သူတော့ အားလုံးအဆင်ပြေနေကြတာပါပဲ။ သစ်ပင်ကြီးကြီးမားမားမရှိတဲ့ လယ်ကွင်းတွေကြားထဲက ကျောင်းထဲမှာ ၁ နှစ်ကျော်လောက် ကျောင်းတက်ပြီး သကာလ နောက်ထပ် ထူးခြားမှုကတော့ အသားခပ်လတ်လတ်ရှိတဲ့ ကျွန်မအသားတွေ မီးသွေးက အဘွားခေါ်ရလောက်အောင် မည်းခြိမ့်သွားတာပါ။ ကိုယ့်အသားကိုယ်တောင် မမှတ်မိနိုင်လောက်အောင်ပါပဲ။ လူတကိုယ်ထဲ အသားအရောင် နှစ်မျိုးဖြစ်နေတာကို အံ့ဩစွာ တွေ့ရနိုင်ပါတယ်။ သိသိသာသာကြီး အသားမညိုသွားတာဆိုလို့ အသားအရမ်းဖြူသူတွေနဲ့ တရုတ်သွေးပါသူတချို့လောက်ပဲ ရှိပါမယ်။

နွေရာသီဆို လေပူတွေ မတရား တိုက်တတ်ပြီး ဆောင်းရာသီဆိုရင်တော့ လေအေးတွေ တစိမ့်စိမ့် တိုက်တတ်ပါတယ်။ မိုးရာသီမှာ လေတိုက်ရင် လူပါ လွင့်ပါသွားမတတ် ဖြစ်တတ်ပါတယ်။ အဲဒီလို လေထန်နေချိန် ဘုမသိ၊ ဘမသိနဲ့ ထီးဆောင်းထားလို့ လူလည်း လေနဲ့အတူ မြောက်ကြွ မြောက်ကြွဖြစ်ဖူးတာ ကိုယ်တွေ့ပါ။ အဲဒီအတွေ့အကြုံရပြီးနောက်ပိုင်း နေရိပ်ချိန်ကလွဲလို့ နေပူပူ၊ မိုးရွာရွာ ထီးမလွတ်တမ်း ဆောင်းတတ်တဲ့ ကျွန်မလည်း မှော်ဘီမှာ ကျောင်းတက်စဉ်တလျှောက် အခြေအနေကြည့်ပြီးမှ ထီးဆောင်းရဲပါတော့တယ်။ ဆောင်းတွင်း မနက်ပိုင်းဆိုရင် ကိုယ့်ရှေ့ တကိုက်လောက်ကို သဲသဲကွဲကွဲ မမြင်နိုင်လောက်အောင် မြူတွေဆိုင်းနေတတ်ပါတယ်။ ဒီလောက်ဆိုရင် ကျွန်မတို့ ကျောင်းတော်သာကြီးရှိတဲ့အရပ်ရဲ့ ရာသီဥတုအခြေအနေကို သဘောပေါက်ကြမယ် ထင်ပါရဲ့။

ကျွန်မတို့ ကျောင်းက မြောင်းတကာနဲ့လည်း နီးတော့ ပျင်းရင် မြောင်းတကာထိ လိုင်းကား စီးသွားတတ်ပါသေးတယ်။ တခါတခါ တိုက်ကြီးဘက်ထိ ရောက်ပါတယ်။ တိုက်ကြီးကနေမှ ကျောင်းကို ကားပြန်စီးလာကြတယ်လေ။ တချို့ရက်တွေမှာတော့ မှော်ဘီမြို့ထဲက ရုပ်ရှင်ရုံလေးမှာ အုပ်စုလိုက် ရုပ်ရှင် သွားကြည့်တတ်ပြီး များသောအားဖြင့် ရုပ်ရှင်ကြည့်ရင် ရန်ကုန်မြို့ထဲဘက်မှာ ပြန်ကြည့်တတ်ပါတယ်။ တခါတလေလည်း မင်္ဂလာဒုံက စစ်သင်္ချိုင်းသွားပြီး အလှ ဓာတ်ပုံရိုက်ကြတယ်။ အလုပ်မရှိ၊ အလုပ်ရှာပြီး သေသူတွေရဲ့ အသက်တွေ၊ နာမည်တွေကို လိုက်ဖတ်တတ်ကြပါတယ်။ ပြီးရင် အသက် ၁၉၊ ၂၁ လောက်နဲ့ စစ်အတွင်းမှာ သေသွားကြတာကို စိတ်မကောင်းဖြစ်နေတတ်ပါသေးတယ်။

ကျွန်မတို့ သူငယ်ချင်းအုပ်စုမှာ မိန်းကလေး ၅ ယောက်နဲ့ ယောက်ျားလေး ၆ ယောက်ပါပါတယ်။ Civil က ကျွန်မ တစ်ယောက်ထဲဖြစ်ပြီး
MT က နှစ်ယောက်ပါတယ်။ ကျန်တဲ့သူတွေက MP(Mechnical Power) နဲ့ EP(Electrical Power) က အများစုပါ။ အဲဒီထဲမှာ ကျွန်မနဲ့ အထက်တန်းထဲက တွဲခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ပါတယ်။ ဒါက အမြဲတွဲဖြစ်တဲ့ အမာခံ သူငယ်ချင်းတွေပါ။ ကျွန်မတို့အုပ်စုနဲ့ နောက်ထပ် သူငယ်ချင်း ၃၊ ၄ ယောက်လောက်ကတော့ အမြဲလို ပါလာတတ်တယ်။ တကယ်ကတော့ တစ်ကျောင်းလုံးနဲ့ ကျွန်မတို့အုပ်စုနဲ့ မပေါင်းဖြစ်တဲ့သူ မရှိသလောက် ရှားပါတယ်။

မနက် စောစောထ၊ ထမင်းချိုင့်ဆွဲလို့
ကျောင်းကားနဲ့ ကျောင်းကို အရမ်းလာချင်သလို ကျောင်းရောက်ရင်လည်း အိမ်ကိုပဲ ပြန်ချင်နေမိတတ်ကြတာ ကုရခက်တဲ့ ရောဂါတမျိုးပါပဲ။ အဲဒီအခါ ၂ နာရီ လောက်ကြာအောင် စီးရတဲ့ လိုင်းကားကို တပျော်တပါး လိုက်စီးပြီး အိမ်ပြန်တတ်ကြတယ်။ တခါတလေ ကျောင်းထိ မရောက်ကြဘဲ သူငယ်ချင်းတွေစုပေါင်းလို့ မြို့ထဲက သမ္မတ၊ နေပြည်တော် ရုပ်ရှင်ရုံတွေမှာ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီထိ တရုံပြီး တရုံကူးလို့ ရုပ်ရှင် ဆက်တိုက် ကြည့်တတ်ကြပါသေးတယ်။ တနေကုန် ကျောင်းမှာ ရှိတဲ့နေ့တွေဆိုရင်လည်း ညနေ ကျောင်းကားတွေ မထွက်ခင် ၂ နာရီလောက် အလိုထဲက မိနစ် ၂၀ ကျော်ဝေးတဲ့ ကားဂိတ်ကို လမ်းလျှောက်သွားကြပြီး နေရာဦးကြပါတယ်။ နေရာမဦးဖြစ်တဲ့နေ့တွေဆို ကားမောင်းသမား၊ ကားစပါယ်ယာတွေက ကျွန်မတို့အုပ်စုအတွက် နေရာဦးပေးထားတတ်ပါတယ်။

ကျောင်းကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် အနီးဆုံး ထန်းတောကို ရောက်ပါတယ်။ နည်းနည်း ဝေးဝေးကို သွားချင်ရင် လိုင်းကားနဲ့ ၃ မှတ်တိုင်လောက် စီးသွားရင် ရောက်ပါပြီ။ အဲဒီအခါ ထန်းတောများဟာလည်း ကျွန်မတို့ ကျက်စားရာ နေရာဖြစ်ခဲ့ပါတယ်။ အခါးဆို အလွန်မုန်းပြီး ဘယ်လို အခါးမျိုးမှ မကြိုက်တဲ့ ကျွန်မက ဘုရားမကြိုက်တဲ့ အရက်၊ ဘီယာကို မသောက်ဖူးပါဘူး။:P ဒါပေမဲ့ ခေါင်ရည်(တောင်ပေါ်ဒေသတွေမှာသာ ရတတ်ပါလိမ့်မယ်)နဲ့ ထန်းရည်ကိုတော့ သဘောကျမိပါတယ်။

ထန်းရည်အခါးဆိုတာကို ကျွန်မ တခါမှ မသောက်ဖူးပါဘူး။ ကျွန်မသောက်ဖူးတာတွေကတော့ မခါးဘဲ ချိုတိုတိုလေးတွေပါ။ အဲဒါကြောင့်လည်း ကျွန်မ သောက်ဖြစ်တာ ဖြစ်ပါလိမ့်မယ်။ ကျောင်းနားက ထန်းရည်ဆိုင်မှာ ထန်းရည်နဲ့ လယ်ကြွက်ကြော်ကိုစားရတာ တော်တော် အရသာရှိပါတယ်။ ကိုယ်တစ်ယောက်ထဲ သောက်ရတာ မကျေနပ်နိုင်ဘဲ အိမ်က မောင်လေးကိုတောင် ကျောင်းကို အလည်ခေါ်ပြီး ထန်းရည်နဲ့ ကြွက်ကြော် ခေါ်တိုက်တတ်တဲ့ အစ်မပါ။:D

ကျွန်မ မိန်းကလေးဖြစ်လျက်နဲ့ လယ်ကြွက်ကြော်စားလို့တော့ မအံ့ဩစေချင်ပါဘူး။ ကျွန်မတို့မောင်နှမတွေက အသားမှန်ရင် စားမရတဲ့အသားကလွဲလို့ ကျန်တာအကုန် ကြိုက်ပါတယ်။ ပုရစ်ကြော်၊ ခါချဉ်ကြော်(လောပိတမှာ စားလေ့ရှိကြ)၊ တောကြောင်၊ လယ်ကြွက်၊ စားဖား၊ မြွေသား၊ ယုန်သား၊ ဂျေသား၊ ဆတ်သား၊ တောဝက်၊ တောကြောင် စသဖြင့် မစားဖူးတာ မရှိသလောက် စားပါတယ်။ အသီးအရွက်တော့ ဘယ်လိုမှ မကြိုက်တဲ့အတွက်ကြောင့် အဖေ ဆူတာကို ခဏခဏခံကြရတတ်တယ်။

ထားပါတော့လေ။ အဲဒီလိုနဲ့ ကျွန်မ ထန်းရည်ကို ၃၊ ၄ ခါလောက် သောက်ဖူးပါတယ်။ တခါတော့ ထန်းရည် သောက်တာ နည်းနည်းများသွားတယ်။ ထန်းရည်သောက်တာများရင် မူးတတ်တယ်ဆိုပေမဲ့ ကျွန်မကတော့ ဘယ်လိုမှ မနေပါဘူး။ ကျွန်မသောက်တာက အခါးမဟုတ်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ ကျွန်မမူးနေပြီလို့ ထင်ကြတယ်။ ဒါနဲ့ ကျွန်မလည်း ချော်လဲရောထိုင် သူငယ်ချင်းတွေကို စရစ်ပါတော့တယ်။ အဲဒီတော့မှ ထန်းရည်သောက်ပြီး ရစ်ရတာ တော်တော်ပျော်ဖို့ ကောင်းမှန်း သိတယ်။ ကျွန်မသူငယ်ချင်းတွေကလည်း ကျွန်မပြောသမျှ စိတ်ရှည်ရှည်နဲ့ မညည်းမညူ လိုက်လုပ်ပေးကြတာကို ချစ်စဖွယ်တွေ့ရပါတယ်။ အဲဒီသူငယ်ချင်းတွေထဲမှာ အခု စင်္ကာပူကို လာလည်မယ့် သူငယ်ချင်းလည်း အပါအ၀င်ပေါ့။ ၆နှစ်နီးပါး သူငယ်ချင်းတွေနဲ့ မပျော်ဖြစ်ခဲ့တာ ခုတော့ သူလာတဲ့အချိန်လေး အဲဒီကာလတွေကို အနည်းနဲ့အများ အလွမ်းပြေစေနိုင်တဲ့အတွက် နောက်တပတ် စနေ မြန်မြန်ရောက်ဖို့ စိတ်စောနေမိတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1
(မှော်ဘီ GTC မှ ချစ်သော သူငယ်ချင်းများသို့ အမှတ်တရ)

GTC ကျောင်းသူဘ၀ အမှတ်တရ (၂)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Friday, January 18, 2008

စိတ္တဇအချစ်



စကားအဖြစ် မဟုတ်တဲ့
အချိန်တိုင်း ငါ့ရဲ့ အလွမ်းများ
ရယ်မောနေတိုင်းလည်း
ငါ (တကယ်) မပျော်နိုင်ခဲ့ပါဘူး။
တစ်ယောက်ထဲ နေချိန်မှာဆို
ခံစားချက်က အထွတ်အထိပ်
ကြာရင် ရူးတော့မယ့်
ငါ့ရင်ထဲက အဖြစ်ပျက်တွေ
ဖြေသိမ့်ပေးဖို့ မကြိုးစားရင်လည်း...။

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Thursday, January 17, 2008

မကြားချင်ဘူး



နားကို ပိတ်
မျက်လုံးကို မှိတ်
ပါးစပ်ကို ဖြဲလို့
ကြုံးအော်လိုက်ချင်
ရပ်လိုက်ပါတော့
Mandarin စကား။...။

ဟီဟီ... စင်္ကာပူကို ရောက်ပြီး ၁ နှစ်၊ ၂ နှစ်လောက်အကြာ ပထမနှစ်ကျောင်းသူဘ၀က အခန်းပေါက်ဝမှာ ဆရာအလာကို ထိုင်စောင့်ရင်း ဘေးနားက ကွိစိ၊ ကွစိနဲ့ စကားပြောနေကြတဲ့ Classmate စလုံးတရုတ်တွေအသံကြောင့် နားအူလာတာနဲ့ ကောက်ရေးလိုက်တဲ့ ကဗျာမမြည်၊ စာမမြည်လေးပါ။ အမှတ်တရအနေနဲ့ ကျွန်မဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ အတန်းထဲမှာ မြန်မာတစ်ယောက်မှ မရှိဘဲ (မေဂျာတူ မြန်မာကျောင်းသားတွေ ရှိရက်နဲ့ တမင် အုပ်စု ခွဲထားတာပါ) Lecture ချိန်မှာသာ မြန်မာသူငယ်ချင်း တစ်ယောက်နဲ့ စာအတူသင်ရတဲ့ အဲဒီ ၂၀၀၃ ခုနှစ်ကာလတွေက တရုတ်စကားကို အလွန့်အလွန် မုန်းတီးနေချိန်လည်း ဖြစ်ပါတယ်။;)) အလကားနေရင်း တရုတ်ဆို ဘယ်တရုတ်မှ ကြည့်မရဖြစ်နေချိန်ပေါ့။ (ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး မဟုတ်တဲ့) သူများနိုင်ငံမှာ စနေခါစ လူမျိုးကွဲတိုင်းလိုလို ဖြစ်တတ်တဲ့ အတွေ့အကြုံ တမျိုးပါပဲ။ ခုတော့လည်း ဒါတွေက ရယ်စရာတွေ ဖြစ်ကုန်ပါပြီ။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Wednesday, January 16, 2008

ဆုတောင်း



ဘယ်တုန်းက ရေးထားတာတွေလည်းတော့ မမှတ်မိတော့ပါဘူး။ ဒီလိုပဲ တွေ့ရာစာအုပ်မှာ ကြုံသလို ကောက်ရေးရင်း ပျောက်ကုန်တဲ့စာတွေက များပါတယ်။ ခုလို စာမရေးဖြစ်တဲ့ အချိန်တွေမှာ ရှာလို့ တွေ့တာလေးတွေ ရေးတင်နေဖို့ စိတ်ကူးမိတယ်။

*** ***** ***


ကိုယ်စိတ် နှလုံး
ပြတ်တုန်း ခမန်း
ချစ်ရသော်လည်း
ချစ်ကို မမြင်
ပြစ်သာ မြင်၏။

အာရုံ ငါးပါး
အစုံစုံ၌
မင်းသာ လွှမ်းမိုး
ချစ်ရသော်လည်း
ချစ်ကို မမြင်
ပြစ်သာ မြင်၏။

ပြုပြုသမျှ
မင်းအတွက်သာ
တွေးဆ ရည်ရွယ်
ချစ်ရသော်လည်း
ချစ်ကို မမြင်
ပြစ်သာ မြင်၏။

ရင်မှာ သသ
စိတ်ဝယ် တမ်းတ
စွဲလန်း မှန်းဆ
ချစ်ရသော်လည်း
ချစ်ကို မမြင်
ပြစ်သာ မြင်၏။

တိုင်တည်ပါသည်
ငါ၏ အချစ်
ဖြူစင် သန့်ရှင်း
မြင့်မြတ် ရိုးစင်း
ဤမှန်စကား
ငါ၏ ချစ်သူ
ငါ့အပေါ်၌
မြင်တွေ ပြောင်းလဲ
ချစ်သာ မြင်၍
ပြစ်တွေ ပြေပျောက်
သည့်ထက် ဆယ်ဆ
ချစ်ပါစေသား။...။



ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1



ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Tuesday, January 15, 2008

ချစ်လို့



စေတနာကို
စော်ကားလို့
ဝေဒနာတွေ
ပေါ်ပေါက်လာသော်လည်း
ငါကိုယ်တိုင်က
ဒီခံစားချက်ကို
မက်မက်မောမော
ခုံမင်နေတော့
ကဲ... ငါ့ကို
လူမိုက်လို့ ဆိုဆို
လူညံ့လို့ ပြောပြော
ပြုံးပြုံးလေးပါပဲ။...။

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Monday, January 14, 2008

ညီမျှခြင်း



ပေးဆပ်မှုတွေနဲ့သာ
စတင်ခဲ့ရတဲ့
ငါ့ရဲ့ အချစ်ဇာတ်လမ်းမှာ
ရယူခြင်းတွေလည်း
ပါဝင်သင့်ပါတယ်။
ဒါပေမဲ့
ပေးဆပ်မယောင်နဲ့
ရယူဖို့သာ ကြိုးစားနေတဲ့မင်း၊
ရယူမယောင်နဲ့
ပေးဆပ်ခဲ့တဲ့ ငါ
နှစ်ဦးအကြားမှာ
တူညီမှုကတော့
မစွန့်လွှတ်နိုင်ခြင်းပေါ့။ ။

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*