Saturday, February 14, 2009

Valentine's လက်ဆောင်



ဒီနှစ်တော့ မနှစ်က "ဘာလဲဟဲ့..." လို အဆင်မပြေမဖြစ်တော့ဘူး။ :) စိတ်ဆိုး၊ ဒေါသထွက်ရတာတွေလည်း မရှိ၊ အားလုံး ချောချောမွေ့မွေ့ပဲ။ အသက်အရွယ်ကြောင့်လားမသိ ရန်မဖြစ်တာတောင် အတော်ကြာပြီ။ အလိုမကျစိတ်တွေလည်း သိပ်မရှိတော့။ ဒါပေမဲ့ သူ့ကို ချစ်တဲ့စိတ်ကတော့ မပြောင်းလဲပါဘူး။ :P




ပထမဆုံး ပေးဖြစ်တဲ့ Valentine's လက်ဆောင်ဆို အံ့ဩစရာ ကောင်းနေမလား မသိဘူး။ ချစ်သူများနေ့တိုင်း အတူရှိမနေတတ်တဲ့ ကျွန်မတို့နှစ်ယောက်အတွက်တော့ ဒါတွေက ရိုးနေပါပြီလေ။ Valentine's Card လေးတွေတောင် အကြောင်းအမျိုးမျိုးကြောင့် နှစ်တိုင်း မပို့ဖြစ်တတ်။ သူ့အတွက်ရည်ရွယ်လို့ ၀ယ်ထားပြီး သိမ်းထားလိုက်တာပဲ ရှိတယ်။ ခုချိန်ထိ မပေးဖြစ်တဲ့ ကတ်တွေလည်း ရှိတုန်း။ ဒီနှစ်တော့ ကျွန်မက သူ့ကို အံ့ဩသွားစေချင်ခဲ့တာ။ ဖြစ်နိုင်ရင် သူ့ရှေ့ကို လူကိုယ်တိုင် အရောက်သွားပြီး လက်ဆောင်ပေးချင်မိတယ်။ အဲဒီလိုသာဆို သူ အံ့ဩလွန်ပြီး သတိတောင် လစ်သွားနိုင်မယ် ထင်တယ်။ =)) ကိုယ့်အတွေးထဲတော့ ဟုတ်နေတာပဲ။ :D

ဖေဖော်ဝါရီ ၁၄ရက်နေ့အရောက် သူ့ဆီ လက်ဆောင်ပို့ပေးဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သူမသိအောင် တိတ်တိတ်လေး ကြိတ်ကြံစည်ရတာ ပိုတောင် ခက်သေး။ ဟိုလူ့မေး၊ ဒီလူ့ အကူအညီတောင်းနဲ့ အဲဒီနေ့ မနက်စောစောမှာ သူ့ဆီ လက်ဆောင် ရောက်သွားခဲ့တယ်။ လက်ဆောင်က ဘာမှ မထူးဆန်း၊ အဖိုးအခ သိပ်မရှိတဲ့ ကျွန်မတို့နှစ်ယောက်ပုံပါ မတ်ခွက်လေးသာ ဖြစ်တယ်။ ဒါပေမဲ့ သူ အရမ်းပျော်ခဲ့သလို၊ ကျွန်မလည်း ပျော်တာပါပဲ။ "မင်း အရမ်းချစ်ဖို့ကောင်းတယ်။ Idea လေးကလည်း မိုက်တယ်။" ဆိုတဲ့ စကားတွေနဲ့အတူ ဒီနှစ် ချစ်သူများနေ့က ကျွန်မအတွက် အဓိပ္ပါယ်ပြည့်စုံသွားခဲ့တယ်။


ဓာတ်ပုံတွေ တင်ချင်လွန်းလို့သာ တင်ထားပြီး လူပုံတွေ သိပ်မမြင်ရအောင် Resolution အများကြီးချထားတာကိုတော့ သည်းခံပေးကြပါ။ အရမ်းလှတော့ copy အကူး ခံရမှာစိုးလို့။ ;))


ချစ်ခြင်းများစွာ
s0wha1

Friday, February 13, 2009

အောင်ဆန်းဇာနည်




အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား၊
တထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းဆောင်
ပြည်ချစ် တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရအနေနဲ့ ဒီကဗျာလေး တင်လိုက်ပါတယ်။ အရင်က ကျွန်မ ဘလော့ဂ်မှာ ဒီကဗျာ ရှိတယ် ထင်နေတာ။ cbox မှာ Soe Peaceful က တင်ပေးဖို့ ပြောလို့ လိုက်ရှာကြည့်မှ မတင်ရသေးမှန်း သိတယ်။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိနေသေးရင် ဒီလ ၁၃ရက်နေ့ဟာ ဗိုလ်ချုပ်ရဲ့ ၉၄ နှစ်ပြည့်မွေးနေ့ပေါ့နော်။


ဗိုလ်ချုပ်မွေးနေ့ကဗျာကို သီချင်းလုပ်ထားတာလေး... Forward mail တခုကနေ ရတာပါ။
ဖေဖော်ဝါရီ ၁၃


s0wha1

ဗိုလ်ချုပ်ရဲ့ animation ဓာတ်ပုံက မောင်လေး မင်းမင်း လုပ်ထားတာပါ။

Friday, January 23, 2009

မျက်နှာဖုံး



တိမ်ယောင်ယောင်၊ မြူယောင်ယောင်နဲ့
ငွေ့ရည်တွေ စုရုံး၊
အနားသတ်မှာ
အိုအေစစ် ရှိတယ်။

ဖြူသလိုလို၊ ပြာသလိုလိုနဲ့
တကယ်က အဖြူကို ပျက်စီးစေတဲ့
မည်းပြာ၊ ညိုညစ်၊
အဟုတ်အမှန်။

ကဲ... ဘယ်မှာလဲ
မင်းတို့ ပြောပြောနေတဲ့
အိုအေစစ်...။


s0wha1
(23 Jan 2009)



ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Thursday, January 22, 2009

ဆလိုင်း တင်မောင်ဦး အောက်မေ့ဖွယ်



စင်္ကာပူရှိ လမ်းပြကြယ် မြန်မာစာကြည့်တိုက်ရဲ့ ကော်မတီဝင် တစ်ယောက်က ကျွန်မ ဘလော့ဂ်မှာ တင်ထားပေးဖို့ ပြောတာနဲ့ "လမ်းပြကြယ် စာကြည့်တိုက် (စင်္ကာပူ)" ဆိုတဲ့ Label တခုတိုးပြီး ဒီလိုစာတွေ (တင်ခိုင်း သလောက်) ပုံမှန် တင်သွားဖို့ အစီအစဉ် ရှိပါတယ်။

Salai Tin Maung Oo - Chin Student Leader


ကျွန်မ ဘလော့ဂ်မှာ PDF ဖိုင်ကို တင်လေ့ တင်ထ မရှိပါဘူး။ ဘယ်လို တင်ရမှန်း မသိလို့ပါ။ ခု ဒီ ပီဒီအက်ဖ်ဖိုင် တင်ပုံတင်နည်းကို ပြောပြတဲ့ ကိုနစ်နေမန်းကို ကျေးဇူးတင်ပါတယ်လို့။


ရွှင်လန်းချမ်းမြေ့ကြပါစေ...။
s0wha1

Saturday, December 13, 2008

အသက်လေးရယ်တဲ့ ရှည်စေလို



ဒီဇင်ဘာလ၀က်တောင်ကျိုးပြီ။ ကျွန်မကဖြင့် ပို့စ် ၂ ခုပဲ တင်နိုင်သေးတယ်။ ဒီရက်ပိုင်း ဘာတွေနဲ့ အလုပ်ရှုပ်နေမှန်းကို မသိပါဘူး။ အလုပ်မှာကလည်း ၀က်ဘ်တခုခုဖွင့်ရင် ဆန့်ငင်၊ ဆန့်ငင်နဲ့ ဖြစ်နေတော့ ဘာမှကို မဖွင့်ဖြစ်တာ။ သူ့အင်တာနက်ကလည်း ဒေါင်းလုတ်လုပ်ရင်သာ မြန်တယ်။ ၀က်ဘ်တွေ ဖွင့်ရင်တော့ ကမ္ဘာ့စိတ်အရှည်ဆုံးဆုကို ရနိုင်တယ်ဆိုတော့လည်း စနေ၊ တနင်္ဂနွေမှ အင်တာနက် ကောင်းကောင်း သုံးရတဲ့ဘ၀ ဖြစ်နေပြီ။ အဲဒါကြောင့် ဘယ်ဘလော့ဂ်မှ ကောင်းကောင်း မရောက်သလို၊ (blog တွေက) ဘာစာမှလည်း မဖတ်ဖြစ်ဘူး။ ဒါနဲ့ အလုပ်မှာ ဂိမ်းပဲ ထိုင်ကစားနေတော့တယ်။ အေးရော။ :P

ဂိမ်းက ကလေးဂိမ်းလေးပါ။ အိမ်ကိုလာလည်တဲ့ မလေးတရုတ် ကလေးလေး ကစားတာမြင်မှ လိုက်ကစားကြည့်တာ။ တအိမ်လုံးလည်း အဲဒီဂိမ်းဝက်ဘ်ဆိုဒ်ကို ရောက်ကုန်ကြတာပဲ။ ကလေးဂိမ်း လွယ်လွယ်လေးတွေ ကစားချင်သူများ www.y8.com နဲ့ www.y3.com မှာ သွားကြည့်နိုင်ပါတယ်။

ကျွန်မ ဘလော့ဂ်အသက်လေး ရှည်စေလိုလို့ ဘယ်လို အခက်အခဲရှိရှိ အလုပ်ထဲမှာ စာရအောင်ရေးမယ် ကြံပါသေးတယ်။ ဒါပေမဲ့လည်း မြန်မာဖောင့် မရှိလို့ ဇော်ဂျီကွန်ဗက်တာမှာ သွားရေးရတာနဲ့၊ ၀က်ဘ်ပေ့ခ်ျတခုလောက်ဖွင့်လိုက်ရင် ဟန်းဟန်းသွားတာကို စောင့်နေရတာနဲ့ပဲ စာရေးချင်စိတ်လည်း တော်တော်လေး ကုန်ခမ်းသွားတာ အမှန်။ ရေးချင်တာတွေကတော့ အများကြီး။ စိတ်ကူးထဲမှာပဲ စဉ်းစားပြီးရေးနေလို့၊ တကယ်ရေးပြီးပြီအထင်နဲ့ ရေးလို့မရတော့တာတွေလည်း ပါတယ်။ အဲဒါနဲ့ပဲ ဘလော့ဂ်လေးလည်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေရှာပေါ့။


ဖတ်မိသမျှ စာအချို့ (၃) ဆိုတဲ့ ပို့စ်မှာ ကွန်မန့်တခုက "စာအုပ်တွေကို မြင်သာမြင်ရမယ့်အစား ရေးသူ၊ ဖတ်သူ၊ ၀ယ်သူ အကျိုးရှိအောင် E-library တခုခုမှာ တင်ပေးနိုင်ရင် ကောင်းမယ်"လို့ ဆိုပါတယ်။ တကယ်က ပြောတော့သာ လွယ်တာ။ အဲဒီစာအုပ်တွေအကုန် ဒိုင်ခံ စကန်ဖတ်၊ upload လုပ်ဆိုတာ မလွယ်တဲ့ကိစ္စကြီးပဲ။ ပို့စ်ရိုက်တင်ဖို့ဆို ပိုတောင်ဆိုးသေး။ တပုဒ်ချင်း နည်းနည်းစီရေးတင်ရရင်တော့ တော်သေးတာပေါ့လေ။ ဒါလည်း ရေရှည် အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ အဲလို စာအုပ်တွေ မျှဝေပေးနေတဲ့သူတွေကိုလည်း အများကြီး တွေ့ဖူးပါတယ်။ သူတို့ကို ကျေးဇူးလည်း တင်တယ်၊ လေးလည်း လေးစားတယ်။ တကယ် လုပ်ပေးနိုင်လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မောင်လေးထူးမြတ်ပေးလို့ ကျွန်မသိရတဲ့
အွန်လိုင်းမြန်မာစာအုပ်ဆိုဒ်လေးမှာ ဒေါင်းလုတ်တွေလုပ်ပြီး စာတွေ ဖတ်လို့ရနေတယ်။ ကျွန်မအနေနဲ့ကတော့ ဖတ်ချင်သူများကို တဆင့်လမ်းညွှန်ရုံပဲ တတ်နိုင်ပါတယ်။ အဲဒီဆိုဒ်မှာ စာအုပ်ကောင်းတွေ အများကြီးရှိပါတယ်လို့။ http://shweone.wordpress.com/

ဖတ်မိသမျှ စာအချို့ကို ပို့စ်လုပ်ရေးနေတာက ကျွန်မ ဖတ်ဖြစ်တဲ့ စာအုပ်လေးတွေ အမှတ်တရအဖြစ် ကျွန်မ ဘလော့ဂ်မှာ ရှိချင်လို့ပါ။ နောက်ပြီး ကျွန်မ သဘောကျတဲ့ စာသားလေးတွေ ကူးတင်ထားချင်တာရောပေါ့။ ဘလော့ဂ်မရေးခင်ထဲက ကျွန်မမှာ အဲဒီအကျင့်ရှိတယ်။ ကျွန်မ သဘောကျတဲ့ စာရေးဆရာတွေရဲ့ ဖတ်ပြီးသမျှ စာအုပ်တွေ ချရေးထားတာမျိုး၊ သူတို့ ဘာစာအုပ်တွေထွက်ပြီ ငါ ဘယ်နှစ်အုပ်ဖတ်ပြီးပြီဆိုတာမျိုး အမှတ်တွေ ခြစ်ပြီး မှတ်သားထားတာမျိုး၊ ကိုယ်သဘောကျတဲ့ စာသား၊ စာပိုဒ်တွေ ကူးယူထားတာမျိုး လုပ်လေ့ရှိပါတယ်။ ခုလည်း အဲလို စာအုပ်ထဲမှာ မှတ်သားထားသလို ဘလော့ဂ်မှာ မှတ်ထားတဲ့ ပုံစံပါပဲဆိုတာလေး စကားမစပ် ပြောချင်ပါတယ်။ အားလုံးပဲ ကျေးဇူးပါ။

ကျွန်မ ဘလော့ဂ်လေး နှစ်ပေါင်းများစွာ အသက်ရှည်စေကြောင်း ဒီတနင်္ဂနွေမှာ တပတ်စာ စာတွေ ကြိုရေးထားမယ်လို့တော့ စိတ်ကူးထားတာပဲလေ။ စိတ်ကူးကို ပြောတာပါ။ တကယ်လုပ်ဖြစ်၊ မလုပ်ဖြစ်တော့ မသိသေးဘူး။ :D ဘလော့ဂ်ကို အသက်ဆက်ဖို့ ကြိုးစားလိုက်ပါဦးမယ်။ အကြောင်းမတိုက်ဆိုင်ရင်တော့ နောက်ထပ် ၁၀ရက်၊ တပတ် ပျောက်သွားနိုင်ပါသေးတယ်။ ;))

စာမရေးဘူးလားလို့ မေးနေတဲ့ အန်တီငြိမ်း ဒါက စာတပုဒ်ပဲနော်။ :P


ရွှင်လန်းချမ်းမြေ့ကြပါစေ။
s0wha1

Tuesday, December 9, 2008

IC show



တနင်္ဂနွေညက အိုင်စီရှိုးမှာ ရိုက်ထားတဲ့ပုံတွေ ဘာရယ်မဟုတ်၊ တင်ချင်လို့ တင်ထားတာ။ ဖုန်းနဲ့ရော ကင်မရာနဲ့ရော ရိုက်ထားတာပဲ။ ကင်မရာက မကောင်း၊ ကိုယ်ကလည်း မရိုက်တတ်၊ မှောင်ကလည်း မှောင်ဆိုတော့ ဓာတ်ပုံအရည်အသွေးက မြင်တဲ့အတိုင်းပဲ။ :D ဒီနှစ် အိုင်စီရှိုးကတော့ တရုံလုံးအပြည့်။ သုံးနှစ်ဆက်တိုက်ကြည့်ခဲ့သမျှတော့ ဒီနှစ်လောက် လူများတာ ဘယ်နှစ်မှ မတွေ့ဖူးသေးဘူး။ လက်မှတ်အကုန် ကုန်တယ်လို့လည်း ကြားတယ်။ ပျော်ဖို့လည်း တော်တော်ကောင်းပါတယ်။

























s0wha1

Wednesday, December 3, 2008

ငါ့ညတွေ



"ချစ်ရေ... ငါ ပြန်ဦးမယ်။"

"မောင်... နင့်ကို ငါ အရမ်းအမြင်ကတ်တာပဲ။ ကြည့်လို့ကို မရဘူး။ စကားတောင် အေးဆေး မပြောရသေးဘူး။"

"အေးအေး... မောင်ပြန်ပြီနော်။ အရမ်းချစ်တယ်။"

ဒီညကိုတော့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှ ဖြစ်မယ်။

မနက်မိုးလင်းလို့ အမှတ်တမဲ့လိုလိုနဲ့ ဖုန်းကို လှမ်းကြည့်မိတယ်။ ချော့မော့ တောင်းပန်တဲ့စာများ တွေ့လေမလားလို့ တမ်းတနေမိသား။ အလေးမထားတာ ကြာလာပြီဖြစ်တဲ့နောက် ဘာတွေကို ထပ်မျှော်လင့်နေဦးမှာလဲ။


သူမ တစ်ယောက်ထဲ နေနိုင်အောင် ကြိုးစားရတော့မယ်လို့ နားလည်လာတဲ့ တနေ့...

တိတ်တိတ်လေး သူ့ကို စောင့်မျှော်ကြည့်နေရင်း အချိန်တွေ ကုန်ဆုံးသွားဖို့ လိုအပ်တယ်။ သူ မမြင်၊ မသိနိုင်တဲ့ တနေရာကဖြစ်ဖြစ် စောင့်ကြည့်ချင်သေးတဲ့ စိတ်ကိုတော့ တားမရဘူး။ ဒီလိုနဲ့ အချိန် တစ်ရက်တာက ရှည်လွန်းလှတယ်။ ခုလိုမျိုး ၂၄ နာရီတောင် မကြာလိုက်တဲ့ အသံတိတ် ဆန္ဒပြပွဲတွေနဲ့အတူ သူမ ကျရှုံးခဲ့တဲ့ အရေအတွက်လည်း မနည်းတော့ပြီ။ "အလျှော့ မပေးလိုက်ပါနဲ့ဟာ" သူမကိုယ် သူမ အားပေးရင်း...

ဒီ ၁၀ နာရီအတွင်း ၄၊ ၅ ကြိမ်မက သူ ဆက်သွယ်ဖို့ ကြိုးစားနေတာကို လျစ်လျူရှုနေရတာ သူမအတွက် ပင်ပန်းလှတယ်။ စိတ်ဓာတ် ခိုင်မာ ရင့်သန်သူထဲ သူမ မပါဝင်သေးဘူးလေ။ အခါခါ ကျရှုံးရလွန်းလို့ အနိုင်နိုင် ပြန်ထနေရတာရော ဘယ်သူ အသိအမှတ်ပြုမိလို့လဲ။

နာကျင်တဲ့စိတ်ကြီး သူမ မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ လွှတ်ချဖို့ မတတ်နိုင်လို့ ဆက်ဆုပ်ကိုင်နေခဲ့တာ ခုချိန်ထိ မတင်းမလျှော့ မြဲမြံစွာ ဖမ်းဆုပ်ထားတုန်း။ ပြေလျော့မယ့်နေ့ကိုများ တောင့်တနေသလား သူမ ကိုယ်တိုင်လည်း ဝေခွဲမရဘူး။

"သူ မနေတတ်လို့ စိတ်ဆိုးနေရင်လည်း စိတ်ဆိုးနေတယ်ဆိုတာလေး တစုံတခုလောက်တော့ အကြောင်းပြန်ပေးပါ"လို့ တောင်းဆိုတဲ့အခါ သူမ စိတ်တွေ အနည်းငယ်ယိုင်နဲ့သွားခဲ့တယ်။ ဒီလိုပါပဲ အခါများစွာလို အရှုံးတွေစဖို့ ပျားသကာစကားတခု၊ ဒါမှမဟုတ် ၀တ္တရားကျေ စကားတခွန်းလည်း ဖြစ်နိုင်သေးတယ်။

သူ ရှိနေသလား၊ သူမ တိတ်တခိုး ကြည့်မယ်။ သူ ရှိနေရင် ကျေကျေနပ်နပ်ပြုံးပြီး သူ မလာသေးရင်တော့ အလိုမကျစွာ ဆက်စောင့်နေမယ်။ ဒီလိုနဲ့လည်း သူမ နေ့တွေ ပြီးပြည့်စုံနိုင်ပါတယ်။ သူမအနား သူ ရှိနေဖို့မှ မလိုအပ်လှဘဲ။


"တညထဲမှာ လ နှစ်စင်း မထွက်ဘူးလို့ ဘယ်သူ ငြင်းနိုင်မလဲ??? ငါ့ညတွေမှာ လ အစင်းပေါင်း များစွာ သာနေလိမ့်မယ်... မောင်။"


s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*