Thursday, September 29, 2011

နောက်တိုး ပုံပြင်



တကယ်တော့ ဧရာဝတီနဲ့ ပတ်သက်ပြီး ပြောကြ၊ ရေးကြတာ ခုမှ မဟုတ်။ အရင်တည်းက မြစ်မှာ ရေနည်းလာတာ၊ သောင်တွေ ထွန်းလာတာ… ဧရာဝတီကို ထိန်းသိမ်းဖို့ ပြောလာ၊ ရေးလာတာတွေ ဆယ်စုနှစ်ကျော်တည်းက ကျွန်မ ဖတ်မှတ်ဖူးတယ်။

တခြားမြစ်တွေ၊ ချောင်းတွေတုန်းက ခုလို ဆည်တွေဆောက်ကြတော့
ဩော်… ငါတို့တွေ လျှပ်စစ်အလင်းရောင်လေးနဲ့ နေရချည်ရဲ့လို့
အားလုံး တိတ်တိတ်ဆိတ်ဆိတ် မျှော်တလင့်လင့်…

အခု ဧရာဝတီကျမှ
(သူတို့ပြောစကားအရ) ဧရာဝတီရောဂါ၊ ဧရာဝတီရာသီစာ ဖြစ်လာရတာတဲ့လဲ။

ဧရာဝတီဆိုတာ တခြားမြစ်တွေနဲ့ မတူဘူး။
စီးဆင်းတာကိုက ညင်သာတယ်၊ သိမ်မွေ့တယ်။
တောင်နဲ့မြောက်စီးနေတဲ့ သူ့ရဲ့ ရေကြောင်းနဲ့ လမ်းပန်းဆက်သွယ်ရေးကို အကူအညီပေးတယ်။

သမိုင်းတွေ၊ ယဉ်ကျေးမှုတွေကို နောက်ထားဦး။
အရိုးရှင်းဆုံးပဲ အရင်စဉ်းစားကြည့်ရအောင်…
ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ မြို့ကြီးပေါင်းများစွာကို ဖြတ်ကျော်စီးဆင်းတဲ့မြစ်
သူ့ပေါ်တည်မှီပြီး ရပ်တည်နေရတဲ့ ဘ၀ပေါင်းများစွာ ရှိတယ်။
မြစ်ဝကျွန်းပေါ်ဒေသဆိုတာ သူ့ကြောင့် ဖြစ်ပေါ်လာရတာ…
အဲဒီဒေသက ဆန်စပါးဆိုတာ မြန်မာပြည်ရဲ့ အားထားရာ။
ဧရာဝတီဆိုတာ တခြားမြစ်တွေနဲ့ မတူဘူးလေ။

ဘယ်လိုဖြစ်ဖြစ်ပါ။
ဒီဧရာဝတီ ပရောဂျက်ကြီး ရပ်တန့်ဖို့ တားမြစ်နိုင်မှာ မဟုတ်မှန်း ကျွန်မသိတယ်။
အဲဒီအခါ စိတ်ကူးထဲမှာ နောက် ဆယ်စုနှစ်မှာ ကြုံရမယ့် မြန်မာပြည်ကြီးကို တွေးမျှော်ရင်း…

ဆည်တွေဆောက်ပြီးလို့ ရေကြီးတဲ့နှစ်တွေ ကြုံရတဲ့အခါ
ဆည်မကျိုးအောင် ရေဖောက်ချရလိမ့်မယ်။
ဆည်တွေနဲ့ နီးစပ်ရာမြို့တွေ၊ ရွာတွေ ရေမြုပ်သလို၊
မြစ်ကြောင်းတလျှောက် ရေလျှံပြီး သူ စီးဆင်းသွားရာ တောက်လျှောက်မြို့တွေကို ရေဘေးဒုက္ခရောက်စေမယ်။
မိုးဗြဲဆည်ကြောင့် ဘီလူးချောင်းဘေးက လွိုင်ကော်မြို့ ရေမြုပ်သလိုမျိုး။

မိုးရာသီမှာ ဧရာဝတီ ရေကြီးမှု သတင်း၊ (သူ့ဘေးမှာ မြို့တွေ၊ ရွာတွေ များလွန်းလို့ အထူးသတင်းအဖြစ်…)
နွေရာသီမှာ ရေခမ်းခြောက်နေတဲ့ ဧရာဝတီနဲ့ ရေငတ်နေတဲ့ မြန်မာတွေ အကြောင်း၊
မြေပြိုမှု သတင်းတွေ…
ဆန်စပါး အထွက်နှုန်းနည်းပြီး စိုက်ပျိုးမရတော့တဲ့ လယ်ယာတွေ ပေါများလာမယ့် မြစ်ဝကျွန်းပေါ်။
ရေအားလျှပ်စစ် စက်ရုံကြီး နှစ် ၅၀ လောက် လည်ပတ်ပြီးလို့ ကိုယ့်လက်ထဲလည်း ရောက်ရော စက်တွေကလည်း အကောင်းမရှိ၊
ကံဆိုးရင် ငလျင်လှုပ်ပြီး ဆည်လည်း ကျိုး၊ နိုင်ငံသား တ၀က်လောက်လည်း ရေမြုပ်ပြီးသားဖြစ်။

စသည်၊ စသည်ဖြင့်...

ဒီလို သတင်း ဝေေ၀ဆာဆာတွေ စောင့်ဖတ်ကြရုံအပြင် ဘာများ တတ်နိုင်ပါ့ဦးမလဲ။။။

ပြီးရင်တော့…

တရုတ်နိုင်ငံရဲ့ လူမျိုးတမျိုးဖြစ်လာမယ့် မြန်မာလူမျိုးများ အကြောင်း…

နှစ်ပေါင်း ၁၀၀ ကြာပြီးနောက် ကျွန်မတို့မျိုးဆက်တွေလို့ ထင်ရတဲ့ နောင်လာနောက်သားများကို
"ဟိုးရှေးရှေးတုန်းက တောင်နဲ့ မြောက်ကို စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးဆိုတာ ရှိသတဲ့။
အဲဒီမြစ်ကြီး တလျှောက် မြန်သရန့်လို့ ခေါ်တဲ့ လူမျိုးတွေ နေခဲ့ကြသတဲ့" အစချီတဲ့ ပုံပြင်လေးတွေ ပြောပြကြတာပေါ့။


s0wha1

Print this post

1 comments:

thatoemaharbandula said...

ဒီလိုအတွေး ဒီလိုအရေးအသားမျိုးကို ကြိုက်တယ်.....

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*