Monday, September 22, 2008

မြန်မာစာ၊ မြန်မာစကား (၃)



ပဲနှင့်ဘဲ ခွဲခြား သတ်မှတ် ရေးသားတာကိုတော့ တက္ကသိုလ်နည်းပြဖြစ်တဲ့ ကျွန်မရဲ့ ၉တန်း၊ ၁၀တန်း မြန်မာစာဆရာ ဦးဥာဏ်ထွန်း ကျေးဇူးကြောင့် သိခဲ့ရတယ်။ ဒါပေမဲ့ တချို့တလေက မှားရေးထားတာ တွေ့မိတာနဲ့...

******* ***** ***

ပဲ နှင့် ဘဲ

ပဲ နှင့် ဘဲ ကို ကွဲကွဲပြားပြား ခွဲခြား သတ်မှတ် ရေးတတ်ကြဖို့ လိုသည်။ ပဲ ကား အနက်စွဲအရေး ဘဲ ကား ဖဲ ၏ အသံစွဲအရေး ဖြစ်သည်။ ပဲ နှင့် ဘဲ(ဖဲ)တို့ အနက်လည်း မတူ၊ အရေးလည်း မတူ။ ထို့ကြောင့် အသုံးအနှုန်း ရေးထုံး မတူနိုင်ပေ။ ပဲ ကို ပက် ဟုလည်း ရှေးက သုံးစွဲရိုးရှိသည်။ ပင် နှင့်လည်း အနက်တူပင်ဖြစ်သည်။ ပဲ၊ ပက်၊ ပင် သည် အနက်တူဖြစ်သည်။ သို့ရာတွင် ပဲ ကို အောက်ပါအတိုင်း သုံးကြရသည်။

၁။ လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ၊ သူပဲ၊ ငါပဲ၊ ဆရာပဲ၊ ကျောင်းသားပဲ၊ စာအုပ်ပဲ၊ အိမ်ပဲ၊ ကျောင်းပဲ၊ မြစ်ပဲ၊ ချောင်းပဲ စသည်...

ဤတွင် ပဲ ကို ပင် နှင့် ဖလှယ်လျှင် လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်၊ သူပင်၊ ငါပင်၊ ... စသည်အတိုင်း ဖြစ်လာမည်။ ပဲ၊ ပင် ၏အနက်မှာ ပေါင်းစည်းနက်ဖြစ်သည်။ စင်စစ် ဟု အနက်ဖွင့်လျှင် ရနိုင်သည်။
သာဓက။ ။လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲ။
လူပင်၊ နတ်ပင်၊ ဗြဟ္မာပင်။
လူစင်စစ်၊ နတ်စင်စစ်၊ ဗြဟ္မာစင်စစ်။

၂။ စားပဲစားနိုင်လွန်း၊ တတ်ပဲတတ်နိုင်လွန်း၊ ပြောပဲပြောနိုင်လွန်း၊ သောက်ပဲသောက်နိုင်လွန်း စသည်...
ဤ၌လည်း ပဲ ကို ပင်၊ ပင်လျှင် တို့နှင့် ဖလှယ်နိုင်သည်။
ဥပဒေသ။ ။ပင်၊ ပင်လျှင် တို့နှင့် ဖလှယ်နိုင်ပြီး စင်စစ် ဟု အနက် ပေး၍ရလျှင် ပဲ ကို သုံးရန်။

ဘဲ ကား ဖဲ ၏ အသံစွဲအရေးဖြစ်သည်။ ဖဲ ကား ဖဲကြဉ်ခြင်းအနက်၊ ဖဲခွာခြင်း အနက်ရှိသည်။ ရှောင်ကြဉ်ခြင်း၊ တားမြစ်ခြင်း၊ ငြင်းပယ်ခြင်း အနက်ရှိသည်။

သို့ဖြစ်ရာ ဘဲ ကို တားမြစ်ခြင်း၊ ငြင်းပယ်ခြင်းအနက်ရှိသည့် မ နှင့် တွဲ၍ သုံးကြရသည်။
မသိဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မလာဘဲ၊ မကျက်ဘဲ၊ မဖတ်ဘဲ စသည်...
ဆိုလိုသည်မှာ မ နှင့် ဘဲ အကြားတွင် ကြိယာကို ထား၍ သုံးခြင်းမျိုးဖြစ်သည်။ အနက်အဓိပ္ပါယ်အားဖြင့် ဤသို့ မှတ်ယူနိုင်သည်။

မသိဘဲ မသိမူ၍၊ သိခြင်းကို ဖဲကြဉ်၍
မစားဘဲ မစားမူ၍၊ စားခြင်းကို ဖဲကြဉ်၍
မဖတ်ဘဲ မဖတ်မူ၍၊ ဖတ်ခြင်းကို ဖဲကြဉ်၍
ဥပဒေသ။ ။မ နှင့် တွဲ၍ ဖဲကြဉ်သောအနက်ကို သုံးလိုသော် ဘဲ ကို သုံးရန် (မ_ဘဲ)

အောက်ပါ ဆောင်ပုဒ်ဖြင့် မှတ်နိုင်သည်---
ပင်နှင့် လှယ်လျက်၊ ပေါင်းစည်းနက်၊ ဆက်ဆက် မလွဲ ပစောက်ပဲ။
မနှင့် ယှဉ်လျက်၊ ဖဲကြဉ်နက် မယွက်စေဘဲ ဘကုန်းပဲ။

******* ***** ***

ကျွန်မ ရောထွေးတတ်တဲ့ ကာ နှင့် ခါ ကိုတော့ နောက်တပတ်မှပဲ ကူးပြီး တင်တော့မယ်။

မြန်မာစာ၊ မြန်မာစကား နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Print this post

3 comments:

Black Dream said...

တစ်ကယ်မှတ်သားဖို့ကောင်းတယ်ဗျာ..။ အခုလို အသိပညာဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။ ကျွန်တော်တို့ လဲ တစ်ခါတစ်လေ ပဲ တစ်ခါတစ်လေ ကန်စွန်းရွက် (အဲမှားလို့) ဖဲ ဖြစ်နေတာ...။ ၀ိုးတ၀ါးနဲ့..။ အခုမှပဲ သေသေချာချာသိတော့တယ်..။ အားပေးလျှက်ပါ :)

s0wha1 said...

25 Sep 08, 03:20
mg mag: ဘဲကို ဘယ်နေရာမှာ သုံးတယ်ဆိုတာ သိရင် ပဲ-လဲ သိပြီပေါ့ဗျာ။
25 Sep 08, 03:19
mg mag: မ.နောက် ဘဲ. လိုက်ဆိုတဲ့ ဆောင်ပုဒ်းလေးက မှတ်ရတာ သိပ်လွယ်တယ်။ မသိဘဲ၊ မစားဘဲ၊ မလုပ်ဘဲ .....စသည်ပေါ့။

s0wha1 said...

မောင်လေး black dream ရေ... ကျွန်တော်တို့လည်း ဖြစ်ရမှာနော်... :)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*