Monday, July 21, 2008

အောင်ဆန်း အက်တလီ စာချုပ်



“အောင်ဆန်းအက်တလီစာချုပ်”

ဘုရင်မင်းမြတ်အစိုးရနှင့် ဗမာနိုင်ငံဘုရင်ခံမင်းကြီး၏ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်တော်တို့ ဆွေးနွေးတိုင်ပင်ရာမှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ...။

ကိုယ်စားလှယ်များက အရေးဆိုသော ဂရိတ်ဗြိတိန်နှင့် မြန်မာနိုင်ငံတော်တို့၏ အနာဂါတ်ဆက်ဆံရေးနှင့် သက်ဆိုင်သော ကိစ္စအ၀၀တို့ကို ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံအမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်တော်များ ဆွေးနွေးတိုင်ပင်ပြီးလျင် ကော်မောဝဲလ်သ် အတွင်းတွင်ဖြစ်စေ အပြင်မှဖြစ်စေ ဆောလျင်နိုင်သမျှ ဆောလျင်စွာ မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် မိမိလွတ်လပ်ရေးကို ဆွတ်ခူးနိုင်စေမည်ဖြစ်သော နည်းလမ်းများနှင့်စပ်လျင်း၍ အောက်ပါသဘောတူ အဆုံးသတ်ချက်များကို ရောက်ရှိကြလေသည်။

၁။ တိုင်းပြုပြည်ပြု လွတ်တော်...။

မြန်မာနိုင်ငံတော်သူ၊ နိုင်ငံတော်သားတို့သည် မိမိတို့၏ နိုင်ငံတော် အနာဂါတ်အုပ်ချုပ်ရေးကို ဆောလျင်နိုင်သမျှ ဆောလျင်စွာ ဆုံးဖြတ်နိုင်စိမ့်သောငှာ ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွတ်တော်ကို ရွေးကောက်တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ ခုနှစ်အက်ဥပဒေ ရွေးကောက်နည်းစံနစ်ကို အသုံးပြုလိမ့်မည်...။

၂။ ခေတ်ပြောင်းချိန် အစိုးရ အမျိုးအစား...။

ခေတ်ပြောင်းချိန်ကာလအတွင်း မြန်မာနိုင်ငံတော်အစိုးရသည် ယခုအတိုင်းကဲ့သို့ပင် ၁၉၃၅ အက်ဥပဒေ အပိုဒ် ၁၃၉ အရ အပ်နှင်းထားသော အထူးအာဏာများနှင့် ၁၉၄၅ခုနှစ် ယာယီ စီမံချက် အက်ဥပဒေနှင့်တကွ ယင်းဥပဒေအရ ကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့်ဟူသမျှအတိုင်း ဆောင်ရွက်သွားလိမ့်မည်။ အစိုးရတစ်ဦးတစ်ဖက်၏ သဘောတွင် အထူးဆောင်ရွက်ရန်လိုသည်ဟု ထင်မြင်သော ထူးခြားသည့် အကြောင်းအချက်များ ပေါ်ပေါက်လျှင် ထိုအကြောင်းအချက်များကို လိုက်လျောရန်၊ ပြောင်းလဲနိုင်ချက်ရှိလျှင် မည်သို့ သော ပြောင်းလဲနိုင်ချက် ပြုလုပ်နိုင်သည်ကို ဘုရင်မင်းမြတ် အစိုးရက စဉ်းစားလိမ့်မည်...။

၃။ ကြားဖြတ်ဥပဒေ အဖွဲ့...။

ကြားဖြတ်ကာလအတွင်း ၁၉၄၅ ဥပဒေက ပြဌာန်းထားသည့်အတိုင်းဖြစ်သော ဥပဒေကောင်စီတစ်ခု ရှိလိမ့်မည်။ ခွင့်ပြုထားသော ဦးရေကို ၅၀ မှ ၁၀၀ သို့ တိုးမြှင့်ရန် အာဏာကို ဘုရင်မင်းမြတ်အစိုးရက ကောင်စီတွင် ထုတ်ပြန်သောအမိန့်ဖြင့် ဖွေရှာလိမ့်မည်။ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ထားခြင်းများ ပြီးဆုံးသည်နှင့်တပြိုင်နက် ဘုရင်ခံမင်းကြီးသည် ဦးရေ ၁၀၀ ပါဝင်သော ဥပဒေပြုကောင်စီတစ်ခုကို အမည်တပ် ခန့်အပ်လိမ့်မည်။ ထိုကောင်စီအဖွဲ့တွင် တိုင်းရင်းသားမဟုတ်သော လူမျိုးစုများအတွက် ဆောင်ရွက်ရန် လူဦးရေအနည်းငယ်ကို ပါဝင်စေလျက် တိုင်းပြုပြည်ပြုလွှတ်တော်သို့ ရွေးကောက် တင်မြှောက်လိုက်သော သူများထဲမှ ရွေးချယ်လိမ့်မည်။ ဥပဒေပြုကောင်စီ၏ အာဏာများမှာ မကြာသေးမှီက ဖျက်သိမ်းလိုက်သော၊ ဦးရေ ၅၀ ပါဝင်သော၊ ဥပဒေပြုကောင်စီက ရရှိထားသော အာဏာများနှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်...။

၎။ ကြားဖြတ် အစိုးရ...။

ဘုရင်ခံမင်းကြီး၏ အမှူဆောင်ကောင်စီသည် မြန်မာနိုင်ငံတော်၏ ကြားဖြတ်အစိုးရ ဖြစ်လိမ့်မည်။ အထက်ပါအပိုဒ် ၂ တွင် ဖေါ်ပြခဲ့သော အဖြူထည်ဘောင်အတွင်းတွင် ဆက်လက်တည်ရမည်ဖြစ်သော အမှူဆောင် ကောင်စီ သို့မဟုတ် ဘုရင်ခံမင်းကြီး၏ တရားဝင် အာဏာများကို မပြောင်းလဲစေရန် မဖြစ်နိုင်ငြားသော်လည်း ကြားဖြတ်အစိုးရသည် ယခုအခါ အိန္ဒိယ ကြားဖြတ်အစိုးရ နည်းတူ ယေဘုယျအားဖြင့် ဆောင်ရွက်သွားမည့်အပြင် အထူးသဖြင့် -

(က) အမှူဆောင်ကောင်စီကို ဒိုမီနီယမ်အစိုးရများအား ရင်းနှီးစွာ တိုင်ပင်နှီးနှော အလေးဂရုပြုဘိသကဲ့သို့ ပြုမူလိမ့်မည့်အပြင် အမှူဆောင်ကောင်စီသည် နိုင်ငံအုပ်ချုပ်ရေး ဆောင်ရွက်မြဲတာဝန်များကို ဆောင်ရွက်ရာတွင် အကြီးဆုံးသော လွတ်လပ်ခွင့်ကို ရလိမ့်မည်။ ၀န်ကြီးအဖွဲ့ အစည်းအဝေးပွဲများတွင် ဘုရင်ခံမင်းကြီးက ဥက္ကဌ အဖြစ်ဖြင့် ဆောင်ရွက်ခြင်းနှင့်ပါတ်သက်၍ ၁၉၃၅ ခုနှစ် အက်ဥပဒေ တည်ဆဲ အတောအတွင်း အသုံးပြုသော ဓလေ့ထုံးစံကို အမှူဆောင်ကောင်စီနှင့် သက်ဆိုင်ရာတွင်ပင် ဆက်လက်ကျင့်သုံးလိမ့်မည်။

(ခ) မြန်မာနိုင်ငံတော်အစိုးရသည် ကိုယ်ပိုင် ဘဏ္ဍာရေးအုပ်ချုပ်မှူ (နောက်ဆက်တွဲ “ခ” ကို ကြည့်ပါ) ကို ရရှိစေမည်ဟု လူအားဖြင့် ဘုရင်မင်းမြတ်အစိုးရက သဘောတူသည်။

(ဂ) ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာကိစ္စများကို အမှူဆောင်ကောင်စီတွင် တင်သွင်းလိမ့်မည်။ အမှူဆောင်ကောင်စီသည် ဤအရေးကိစ္စများကို စီမံခန့်ခွဲရာတွင် အပြည့်အစုံ တွဲဖက်ဆောင်ရွက်လိမ့်မည်။

(ဃ) ထိုကိစ္စများ ဆောင်ရွက်မြဲတာဝန်ကို ဘုရင်ခံမင်းကြီးက ကာကွယ်ရေးနှင့် နိုင်ငံခြားရေး တာဝန်ခံဝန်ကြီးအား တာဝန်လွှဲအပ်လိမ့်မည်။ တရားဝန်အခြေအနေတွင် သက်ရောက်သော ကန့်သတ်ချက်များမှအပ အမှူဆောင်ကောင်စီအဖွဲ့သည် စီမံကိန်းနှင့် အုပ်ချုပ်မှူနယ်ပယ်တွင် ပေါ်ပေါက်သော ကိစ္စဟူသမျှကို အရေးဆိုရန်နှင့် စဉ်းစားရန်၎င်း၊ ဆွေးနွေးရန်၎င်း၊ ဆုံးဖြတ်ရန်၎င်း လုံးဝလွတ်လပ်ခွင့် ရှိလိမ့်မည်။

၅။ နိုင်ငံခြားရေးရာ ကိစ္စများ...။

လန်ဒန်မြို့တော်တွင် နိုင်ငံခြားရေးရာကိစ္စများ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်အတွက် မဟာမင်းကြီးတစ်ပါး ခန့်ထားစေလိမ့်မည်။ မြန်မာနိုင်ငံတော်က တိုင်းရေးပြည်မှု စေ့စပ်ပြောဆိုသူ ကိုယ်စားလှယ်ခြင်းကို သဘောတူရန် ဘုရင်မင်းမြတ် အစိုးရက တောင်းဆိုလိမ့်မည်။

၆။ ပြည်ထောင်အချင်းချင်း အဖွဲ့အစည်းများ၏ အဖွဲ့ဝင်အဖြစ်...။

ကုလသမဂ္ဂ အဖွဲ့ဝင်တစ်ဦး အဖြစ်ဖြင့် ပါဝင်ရန် မြန်မာနိုင်ငံတော်၏ လျှောက်ထားချက်ကို မြန်မာနိုင်ငံတော်၏ တိုင်းပြုပြည်ပြုရေး အခြေအနေသည် ထိုလျှောက်ထားချက်မျိုးကို လက်ခံနိုင်လောက်အောင်ဖြစ်သည်နှင့် တပြိုင်နက် ဘုရင်မင်းမြတ်အစိုးရက ထောက်ခံချက်ပေးလိမ့်မည်။ ဤအတောအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကြီးမှူးသော အစည်းအဝေးများတွင် မြန်မာနိုင်ငံတော်က မည်မျှလောက်ပါဝင် ဆောင်ရွက်နိုင်သည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးနှင့် စုံစမ်းညှိနှိုင်းလိမ့်မည်။ မြန်မာနိုင်ငံတော်က ချဉ်းကပ် ဆက်သွယ်လျက်ရှိစေလိုသော အခြားခြားသော ပြည်ထောင်အချင်းချင်း အဖွဲ့အသင်းများသို့လည်း ထိုအဖွဲ့များ၏အလုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ဖြင့် သို့မဟုတ် အခြားနည်းဖြင့် မြန်မာနိုင်ငံတော်က ပါဝင်ဆောင်နိုင်၊ မနိုင်ကို ထောက်လှမ်းစစ်လျှောက်သော သဘောနှင့် ချဉ်းကပ် ဆက်သွယ်လိမ့်မည်။

၇။ ကာကွယ်ရေး...။

(က) တည်မြဲလျက်ရှိသော လုပ်ရိုးလုပ်စဉ်အတိုင်း မြန်မာနိုင်ငံတော်တွင် ချထားသော ဗြိတိသျှ စစ်သည်တော်များ အားလုံးသည် ဘုရင်မင်းမြတ်၏ အဆုံးစွန်သော အုပ်ချုပ်မှုအောက်တွင် နေလိမ့်မည်။

(ခ) မြန်မာစစ်သည်တော် အားလုံးတို့သည် မြန်မာအစိုးရ၏ အုပ်ချုပ်မှု လက်အောက်သို့ ချက်ချင်း ရောက်ရှိစေလိမ့်မည်။

(ဂ) မြန်မာနိုင်ငံတော် စစ်ဗိုလ်ချုပ်ကြီးသည် စောနိုင်သမျှ စောစော ဖြစ်နိုင်သောအချိန်၌ ဘုရင်ခံမင်းကြီးနှင့် မြန်မာနိုင်ငံတော်အစိုးရ လက်အောက်ခံ ဖြစ်စေရမည်ဆိုသည်ကို မူအားဖြင့် ဘုရင်ခံမင်းမြတ်အစိုးရက သဘောတူညီကြောင်း သို့ရာတွင် အခုအခိုက်အတန့်မှာ နိုင်ငံတော်စစ်ဗိုလ်ချုပ်ကြီးသည် အရှေ့အာရှတောင်ပိုင်း ကုန်းတပ်များ၏ လက်အောက်ခံ ဖြစ်နေလိမ့်မည်။ ဤကာလအတွင်း မြန်မာနိုင်ငံအစိုးရနှင့် ဆိုင်ရာအာဏာပိုင်တို့သည် ဓမ္မတာအတိုင်း ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေလိမ့်မည်။ ရေတပ်၊ လေတပ်များနှင့် ပါတ်သက်၍လည်း အလားတူ သင့်တင့်လျောက်ပတ်သော အစီအစဉ်များကို သတ်မှတ်ထားလိမ့်မည်။

(ဃ) မြန်မာနိုင်ငံ ကာကွယ်ရေးတပ်များ ဖွဲ့စည်းခြင်းအတွက် ကူညီထောက်ပံ့ရန် ပြဿနာသည် နှစ်ဦးသော အစိုးရတို့၏ ဆွေးနွေးရန်ကိစ္စ ဖြစ်စေလိမ့်မည်။ ဘုရင်မင်းမြတ်အစိုးရက ဤကိစ္စတွင် မြန်မာနိုင်ငံအစိုးရအား အစွမ်းကုန်ကူညီရန် ဆန္ဒရှိသော်လည်း ကမ္ဘာပေါ်ရှိ အခြားရပ်ကွက် ပြဿနာများတွင် ယူပြီးသော ကြီးလေးသည့် ပြဿနာများကို ဂရုထားရဦးမည်။

(င) အုပ်ချုပ်ရေးသစ် ဖြစ်ထွန်းသက်ရောက်လာသည့်နောက် မြန်မာနိုင်ငံတော်ရှိ ဗြိတိသျှတပ်များကို ဆက်လက်ထားရှိရန် သို့မဟုတ် အသုံးပြုရန် ပြဿနာမှာ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့ သဘောတူရန်ကိစ္စ ဖြစ်ပေလိမ့်မည်။

၈။ နယ်ခြားဒေသများ...။

နယ်ခြားဒေသများနှင့် ၀န်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သော၊ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဖက် သဘောတူပြီးသော ရည်ရွယ်ချက်ဖြစ်သည်။ ဤအတောအတွင်း နယ်ခြားရှိ လူများသည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော ကိစ္စများနှင့် ပါတ်သက်၍ နှစ်ဦးနှစ်ဖက် လက်ခံနိုင်စေသောနည်းဖြင့် မြန်မာနိုင်ငံတော်အစိုးရနှင့် ရင်းနှီးစွာ ပေါင်းသင်းတွဲဖက်ရာသည်။ ဤသည်တို့ကို မျှော်ကိုး၍ သဘောတူကြသည်မှာ-

(က) နယ်ခြားဒေသ လူများနှင့် ၀န်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော် လူများသည် အတားအဆီးမရှိ လွတ်လပ်စွာ ကူးလူးဆက်ဆံခြင်း ရှိစေရမည်။

(ခ) ၁) အခြားကိစ္စများအပေါ်တွင် ဘူရင်မင်းမြတ်ကို အကြံဥာဏ်ပေးရန်နှင့် အမှူဆောင်ကောင်စီတွင် ရင်းနှီးစွာ ဆက်ဆံရန် နယ်ခြားဒေသ ကိုယ်စားလှယ်တော်များ ခန့်ထားခြင်းဖြင့်၎င်း၊ သို့မဟုတ်။

၂) နယ်ခြားတို့အုပ်ချုပ်သော အမှူဆောင် ၀န်ကြီးအဖြစ်ဖြင့် နယ်ခြားဒေသ ကိုယ်စားလှယ်တစ်ဦး ခန့်ထားခြင်းဖြင့်၎င်း၊ သို့မဟုတ်။

၃) အခြားနည်းဖြင့်၎င်း။ ခေတ်ပြောင်း ခေတ်လဲကာလ အတွင်းတွင် လက်ခံနိုင်မည်ဟု မိမိတို့ထင်မြင်သော မြန်မာနိုင်ငံတော်အစိုးရနှင့် ပူးတွဲပေါင်းဖက်ပုံနှင့် ပါတ်သက်၍ မိမိတို့ ထင်မြင်ချက်များကို ထုတ်ဖော် ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည်ဖြစ်သော ၀န်းကြီးကွန်ဖရန့်တွင် ၄င်း။ နယ်ခြားဒေသလူများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကို မေးမြန်းရမည်။

(ဂ) ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရန့်အစည်းအဝေး ပြီးဆုံးသည့်အခါတွင် ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့သည် နယ်ခြားဒေသလူမျိုးများ ထုတ်ဖော်သဘောတူ လိုလားချက်များကို ဖြည့်စွက်ရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူချက် ရယူလိမ့်မည်ဖြစ်ကြောင်း။

(ဃ) မြန်မာနိုင်ငံ အုပ်ချုပ်ရေး ဥပဒေအသစ်အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားသားများပေါင်းစည်း ဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစနစ်ရှာဖွေရေးအတွက် စုံစမ်းရေးကော်မတီတစ်ခုကို ချက်ချင်းတည်ထောင်ရန် ၀န်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံတော် ရပ်ကွက်ဒေသမှ အမှုဆောင်ကောင်စီအဖွဲ့က တင်မြှောက်သော အဖွဲ့ဝင်များနှင့် နယ်ခြားဒေသ ခေါင်းဆောင်များ တိုင်ပင်နှီးနှောလျက် တင်မြှောက်သော အဖွဲ့ဝင်များ ထိုကော်မတီတွင် ဦးရေ အညီအမျှ ပါဝင်လိမ့်မည်အပြင် သဘောတူရွေးချယ်သော မြန်မာနိုင်ငံတော်ပြင်ပမှ ကြားနေပုဂ္ဂိုလ်တစ်ဦးဦးကို ဥက္ကဌ ခန့်ထားမည်ဖြစ်ကြောင်း၊ ဤကော်မတီက တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေး မစမှီ အစီရင်ခံစာ တင်သွင်းတောင်းဆိုရမည်။

၉။ ဘဏ္ဍာရေး။

ဘဏ္ဍာရေးပြဿနာများ အတော်အတန် စဉ်းစားခဲ့ပြီး၍ ဤကိစ္စများကို မည်သို့စီမံခန့်ခွဲနိုင်ရန် သဘောတူညီချက်တစ်ခု ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သဘောတူညီချက်ကို ပူးတွဲပါ နောက်ဆက်တွဲတွင် ဖော်ပြထားသည်။

နောက်ဆက်တွဲ(က) ။ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒပေး ရွေးကောက်ခြင်းခံနိုင်ခွင့်အလို့ငှာ မြန်မာနိုင်ငံတော်တွင် မွေးဖွား၍ ၁၉၄၂ ဇန်န၀ါရီလ ၁ ရက် သို့မဟုတ် ၁၉၄၇ ဇန်န၀ါရီလ ၁ ရက်နေ့မှ မရှေးမနှောင်းဖြစ်သော ၁၀ နှစ်အတွင်းတွင် စုစုပေါင်း ၈ နှစ်ထက်မနည်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော ဗြိတိသျှလက်အောက်ခံ သို့မဟုတ် အိန္ဒိယနယ် လက်အောက်ခံနိုင်ငံသားကို မြန်မာအမျိုးသားဟု အဓိပ္ပါယ်ဖေါ်ပြသည်။

နောက်ဆက်တွဲ(ခ)။ ၁။ မြန်မာနိုင်ငံတော်သည် ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရှိသင့်သည်ကို ဘုရင်မင်းမြတ်အစိုးရက သဘောတူညီပြီးဖြစ်သည်။

၂။ နိုင်ငံအချင်းချင်း ငွေကြေးရံပုံငွေနှင့် နိုင်ငံအချင်းချင်းဘဏ်တွင် ပါဝင်လိုက လျှောက်ထားရန် အခြေအနေရှိသည်နှင့် တပြိုင်နက် ခိုင်လုံသော အဖွဲ့ဝင်တစ်ဦးအဖြစ်ကို ရစိမ့်သောငှာ ဘုရင်မင်းမြတ်အစိုးရတို့က စွမ်းအားရှိသလောက် ဆောင်ရွက်ရန် တာဝန်ယူပြီးဖြစ်သည်။

၃။ ၁၉၄၅ ခုနှစ် အောက်တိုဘာလမှ ၁၉၄၆ စက်တင်ဘာလအထိ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံတော်က အတိုးလွတ် ရွှေဒင်္ဂါးပေါင်း (၈ သန်း ၈၀၀၀၀၀၀) အသားတင် ရရှိခဲ့ပြီ။ ထို့ပြင် ၁၉၄၆ ခုနှစ် အောက်တိုဘာလမှ စ၍ ၁၉၄၇ခုနှစ် စက်တင်ဘာလ အထိ ဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ် ၇၅ သန်း (အသားတင်) ရရှိရန် သဘောတူပြီး ဖြစ်သည်။ နယ်ခြားဒေသများအတွက် ထောက်ပံ့ကြေးများကို ထည့်သွင်းစဉ်းစား၍ ရိုးရိုးဘတ်ဂျက်တွင် ယခုနှစ်လျော့သောငွေအတွက် ထပ်မံထောက်ပံ့မည်ဟု ဘုရင်မင်းမြတ်အစိုးရက သဘောတူပြီးဖြစ်သည်။

၎။ (အစိုးရတို့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် ယေဘုယျအားဖြင့် သက်ဆိုင်သော) ပရိုဘတ်ဂျက် စီမံကိန်းဆိုင်ရာ ဘတ်ဂျက်နှင့်စပ်လျင်း၍ ဘုရင်မင်းမြတ်က ဘိလပ်နိုင်ငံမှ အချုပ်အချယ်မရှိသော်လည်း အပြန်အလှန် အပြည့်အစုံ အကြောင်းကြားနည်းနှင့် သတ်မှတ်ထားသော ငွေချေရေးကိစ္စ ပြုလုပ်နိုင်မည်၊ မလုပ်နိုင်မည်ကို ဘုရင်မင်းမြတ်အစိုးရက စုံစမ်းစစ်ဆေးနိုင်လိမ့်မည်။

၅။ ဘဏ္ဍာရေးအခြေအနေများကို ထပ်မံတွဲဖက်စစ်ဆေး၍ ရသော တွက်ကိန်းများကို သတိမူပြီးလျင် အတိုးလွတ် ချေးငှားထားသော ငွေတစိတ်တဒေသကို အပြီးအငြိမ်း ထောက်ပံ့ငွေအဖြစ်သို့ ပြောင်းလဲနိုင်သည်ကို မူအားဖြင့် သဘောတူရန် ဘုရင်မင်းမြတ်အစိုးရက အဆင်သင့်ရှိသည်။

၆။ တစ်ဦးအပေါ် တစ်ဦး တာဝန်မထားဘဲ ဘဏ္ဍာရေး အခြေအနေမှန်ကို မြန်မာနိုင်ငံတွင် ထပ်မံ စစ်ဆေးရန် သဘောတူညီကြောင်း အပိုဒ်ငယ် ၃ အပိုဒ်ငယ် ၄ တို့တွင် ဖော်ပြထားသော သဘောတူညီချက်ထက် ပိုမို၍ ဘုရင်မင်းမြတ်အစိုးရထံမှ ထပ်မံအကူအညီ အလိုရှိသဖြင့် ထိုသို့သော အကူအညီပေးခဲ့လျင် သဘောတူညီသော စည်းကမ်းချက်များ အတိုင်းဖြစ်လိမ့်မည်။

အခြားကိစ္စများ။ ။ မြန်မာနိုင်ငံ အဆင့်အတန်း ပြောင်းလဲခြင်းနှင့် စပ်လျင်း၍ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာနိုင်ငံတော်အစိုးရတို့ သဘောတူ ဆိုက်ရောက်ရန် အခြားသောပြဿနာတို့ ပေါ်ပေါက်လိမ့်မည်။ ဤပြဿနာများကို ပေါ်ပေါက်သည့်အလျောက် လက်ခံ၍ ယခုဆွေးနွေးပွဲတွင် ထင်ရှားခဲ့သော မိတ်ဆွေရင်းချာ သမ၀ါယမ နှလုံးထားဖြင့် ဆောင်ရွက်လိမ့်မည်။ ဘုရင်မင်းမြတ်အစိုးရနှင့် မြန်မာအမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်များသည် တိုင်ပင်နှီးနှောခြင်းနှင့် ကူညီရိုင်းပင်းခြင်း ယခုနည်းကို ဆက်လက်စေသောအားဖြင့် ဗြိတိသျှ ကော်မော်ဝဲလ်သ် အတွင်းတွင်ဖြစ်စေ၊ အပြင်မှဖြစ်စေ ကိုယ်ပိုင်လွတ်လပ်သော မြန်မာနိုင်ငံတော်အဖြစ်ကို ရောက်ရှိစေလိုသော နှစ်ဦးနှစ်ဖက် ရည်ရွယ်ချက်ကို ချောမောလျင်မြန်စွာ တိုးတက်အောင် ပြုလုပ်နိုင်မည်ဟု တထစ်ချ ယုံကြည်ကြသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေး အသစ်မရောက်မီ ခေတ်ပြောင်းခေတ်လွဲ တလျှောက် ပေါ်ပေါက်လိမ့်မည်ဖြစ်သော အနာဂါတ်ကိစ္စများကို သဘောတူဆိုက်ရောက်ရေးတွင် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကြရန် သဘောတူကြလေသည်။

(ပုံ) စီ ၊ အာ ၊ အက်တလီ (ပုံ) အောင်ဆန်း
၁၀၊ ဒေါင်းနင်းလမ်း
ဇန်န၀ါရီလ ၂၇ ရက်၊ ၁၉၄၇ ခု

Saturday, July 19, 2008

၁၉ ဇူလိုင်



၁၉ ဇူလိုင်



ဇူလိုင် ဆယ့်ကိုး၊ တပ်လှန့် နှိုးသည်၊
ဒို့ မျိုးစဉ်ဆက် တိုင်သတည်း။

ဆယ့်ကိုး ဇူလိုင် မမေ့နိုင်တည့်။

မိုးရက် မိုးခါ၊ ဖြစ်လေပါလည်း၊
ရှုသာ မြင်ကွင်း၊ နံနက်ခင်းနှင့်၊
ယင်းသည့် စနေ၊ ဂြိုဟ်ဆိုးမွှေခဲ့။

တွင်းဝန် ရုံးဆီ၊ ဆယ်နာရီနှင့်၊
စွန်းသည် ဟိုဘက်၊ နာရီဝက်တွင်၊
ပြည်တွက် ရေးရာ၊ များဝန်တာကို၊
ဖြာဖြာ တနည်း၊ ခေါင်းဆောင်ကြီးတို့၊
စုစည်း တထွေ၊ ဆွေးနွေး နေစဉ်...။

ဂျစ်ကား စိမ်းမှ၊ ဆင်းသက်ကြပြီး၊
လက်မှ တော်မီ၊ စတင်း ချီလျက်၊
တပ်မည် နံပါတ်၊ ဆယ့်နှစ်မှတ်တည့်၊
စစ်တပ် ၀တ်စုံ၊ အရေခြုံတို့၊
စုပြုံ တက်သွား၊ မိနစ်ခြားဝယ်...။

နားကွဲ မတတ်၊ ဒလစပ်လျှင်၊
ပစ်ခတ် ဆူညံ၊ သေနတ်သံတို့ ၊
မိုးယံကို ဖောက်၊ လေ၀ယ် နှောက်သည်...။
ထက်အောက်ဝန်းကျင် တုန်သတည်း။

ကျည်ပွင့်သံလည်း...၊
မိုးယံကို ဖောက်၊ လေ၀ယ် လွင့်သည်၊
ယမ်းပွင့် ယမ်းခိုး၊ ဝေသတည်း။

ဗိုလ်ချုပ်အောင်ဆန်း၊ ပြည့်ချစ်ပန်းနှင့်၊
ခေါင်နန်း စာဆို၊ ဦးဘချိုပြင်၊
ကြည်ညို ဆပွား၊ ဒို့ အားထားသည့်၊
စော်ဘွား မိုင်းပွန်၊ လူရည်ချွန်လှ၊
သခင်မြနှင့်...၊
တကွ တူပြိုင်၊ မန်းဘခိုင်...၊
ကြိုင်လှိုင် သတင်း၊ ဦးဘ၀င်း...၊
ပျံသင်း ဂုဏ်ဒြပ်၊ ဦးရာဇာတ်တို့ ၊
ပစ်ခတ်ခံရ၊ ဆောင် ခန်းမ၀ယ်၊
လဲကျ သက်ဆုံး၊ သွေးနီ ဖုံးသည်..၊
ဆုံးရှံးခဲ့ရလေပြီတကား။

ဤသတင်းလျှင်၊
ချက်ချင်းပျံ့သွား၊ ပြည်သူ့ နားသို့၊
သိကြားမကြာ၊ ပြည်လုံးမှာလည်း၊
သည်းညှာ ပျက်ပြုန်း၊ ကြိမ်မီးအုံးသို့၊
ယူကြုံးမရ၊ မျက်ရည်ကျခဲ့...၊
တသ နှမြော၊ အသေစောဟု၊
သောက လှိုက်ဖို၊ ရှိုက်ငင် ငိုမိ၊
ရက်ကို လစား၊ ချိန်နေ့ များသည်၊
ခုကား ဆယ့်ရှစ်နှစ် တိုင်ခဲ့ပြီ။

ပြည့်လွတ်လပ်ရေး၊ အသက်ပေး၍၊
စတေးခံသွား၊ ခေါင်းဆောင်များတွက်၊
ဒို့ ကားတဖန်၊ ဆောင်ရွက်ရန်ကား၊
မိမြန်အတွက်၊ စွမ်းသည့် ဘက်မှ၊
ဆထက် ကြိုးကုတ်၊ အားမာန် ထုတ်၍၊
ဗိုလ်ချုပ် ချမှတ်၊ လမ်းစဉ် မြတ်ကို၊
ကျင့်အပ် လိုက်နာ၊ သွားရန်သာတည်း။

ဆယ့်ကိုးဇူလိုင် မမေ့နိုင်တည့်။

ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့် နှိုးသည်...၊
ဒို့ မျိုးစဉ်ဆက် တိုင်သတည်း။

ထွဏ်းနေနွယ်။


၁၉၆၄ ခုနှစ် အာဇာနည်နေ့  အမှတ်တရထုတ် ကဗျာစာအုပ်ထဲမှ

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၃)

















ဓာတ်ပုံများကို မြန်မာကျူးပစ်မှ ကူးယူသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၈)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၉)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၀)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၁)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၂)

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

Friday, July 18, 2008

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၂)















ဓာတ်ပုံများကို မြန်မာကျူးပစ်မှ ကူးယူသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၈)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၉)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၀)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၁)

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

Thursday, July 17, 2008

ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူ



ဆယ်စုနှစ် တစုကျော်ဆိုတဲ့ သံယောဇဉ်တွေက အချိန်အတိုင်းအတာကိုကြည့်ရုံနဲ့ တန်ဖိုးဖြတ်မရမယ့် အရာတခု ဖြစ်ခဲ့ပြီ မောင်။ HappY Anniversary ဆိုတဲ့ စကားလုံးထက် ပိုလေးနက်တာရှိရင်လည်း ငါပြောချင်ပါရဲ့။ Anniversary တိုင်း ဘယ်တုန်းကမှ အတူတူရှိမနေခဲ့တဲ့ ငါတို့ နှစ်ယောက်။ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ။ ဘာပဲဖြစ်ဖြစ် တွဲလက်တွေကတော့ ခိုင်ခိုင်မြဲလျက်...။


ဝေးတလှည့်၊ နီးတလှည့်နဲ့ ဘ၀တွေအတွက် ကြိုးပမ်းနေရချိန်တွေ ကျော်လွန်တဲ့ထိ ငါ့ ရင်ထဲ အမြဲရှိနေခဲ့တဲ့ မင်း။ တခါတလေ တလွဲလုပ်တတ်တာက လွဲရင် ငါ့ကို အမြဲ ပျော်ရွှင်စေခဲ့တဲ့ မင်း။ ငါက မင်းအတွက် မရှိမဖြစ်လို့ အချိန်တိုင်း ပြောနေတတ်တဲ့ မင်း။ မင်းကို မကျေမနပ်ဖြစ်တိုင်း အရွဲ့တိုက်ပြီး လုပ်ချင်ရာလုပ်တတ်တဲ့ ငါ့ကို ကလေးဆိုးတစ်ယောက်လို အမြဲ ခွင့်လွှတ်ခဲ့တဲ့မင်းက ငါ့အတွက် အနှိုင်းမဲ့အဖြစ် ဘယ်အရာနဲ့မှ မလဲလှယ်နိုင်တာ ငါ မှားသလား မောင်။ ငါ မှားခဲ့တယ်ဆိုရင်တောင် အဖြူရောင်အတ္တကြောင့် ဖြစ်ပါလိမ့်မယ်နော်။


မင်း အိပ်ယာဘေးမှာ ကပ်ထားတဲ့ ငါ့ကဗျာလေးကို အမှတ်တရ ပြန်တင်ပေးမယ်ဟာ။ အဲဒီတုန်းကတော့ ငါ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်ခဲ့ပြီ ထင်မိလို့ ရင်နင့်စွာ ရေးဖြစ်တဲ့ ကဗျာ။ နင်က ရေးကို ရေးတတ်တယ်လို့ မောင်ပြောတဲ့အခါ ရင်မောစွာနဲ့ ငါ ကြည်နူးကျေနပ်ခဲ့ရသေးတာ။


တခါတခါ



တခါတခါ မႈန္ပ်ပ် အနာဂတ္တခုမွာ
သေချာခြင်း ငါ့ဘ၀ကို စတေးဖို့
နှလုံးသားက ခွင့်မပြုခဲ့ဘူး မောင်...

တခါတခါ ငါ့ဦးနှောက်မှာ ဗလာကျင်း
အချစ်တွေနဲ့သာ ပြည့်နေခဲ့ဖို့
ငါ မျှော်လင့်မိတတ်တယ် မောင်...

တခါတခါ ဆန္ဒနဲ့ဘ၀ ထပ်တူကျဖို့
မကြိုးစားရဲခဲ့တဲ့ ငါ
ညံ့ဖျင်းတယ်ဆိုလည်း မငြင်းချင်တော့ဘူး မောင်...

တခါတခါ မိုက်ရူးရဲဆန်တာကို
သတ္တိကောင်းလှချည်ရဲ့လို့
ငါ ခံယူတတ်ခဲ့ချင်တယ် မောင်...

တခါတခါ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်နဲ့
ဘ၀ကို မရှင်သန်ချင်တဲ့ ငါ
ကိုယ့်ကိုယ်ကို မုန်းတီးမိတယ် မောင်...

တခါတခါ ဆန့်ကျင်ဘက် ဘ၀ နှစ်ခု
ခေတ္တ ဆုံစည်းခြင်းကို
တသက်တာအဖြစ် မှတ်ယူလိုက်ချင်တယ် မောင်...

တခါတခါ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ရွေးချယ်ရတာလည်း
ဘ၀ရဲ့ နိယာမ တစ်ခု ဖြစ်နေတတ်တယ် မောင်...

တခါတခါ မျက်ရည်ချောင်းရိုးထဲ
ငါ့နေ့တွေ လှော်ခတ်ဖို့တောင်
အတ္တရဲ့ တားမြစ်ခြင်းကို ခံယူခဲ့ရတယ် မောင်...

တခါတခါ ချစ်လျက်နဲ့ ဝေး
ငါ့ရဲ့ ရွေးချယ်မှုကို ဟားတိုက်လို့ ရယ်မော
အားပေးခဲ့ရတယ် မောင်...

တခါတခါ ပန်းတိုင်တစ်ခုရဲ့ အဆုံးသတ်
ဘ၀နဲ့ ဦးနှောက်သာ ရှိနေခဲ့တာ
ငါ နောင်တ မရချင်ဘူး မောင်...

တခါတခါ ငါ့ရင်တွေ ကြေမွ၊ အပူရုပ်ကို ဟန်လုပ်
အပြုံးတုတွေ ဖန်ဆင်းခဲ့ပေမဲ့
တစစီဖြစ်နေတဲ့ ငါ့နှလုံးသားကိုတော့ ယုံကြည်ပေးပါ မောင်...

တခါတခါ ဖြစ်တည်မှုမဲ့၊
ရပ်တည်ချက်ကြောင့်
ငါ ယုံကြည်ရာပဲ ဆက်လျှောက်ချင်တယ် မောင်...

တခါတခါ အရှုံးအနိုင်မရှိတဲ့ ချစ်ခြင်းတရားမှာ
ကျန်ရစ်ခဲ့သူနဲ့ ထားရစ်ခဲ့သူအစား
နေရစ်ခဲ့သူပဲ ငါ ဖြစ်ချင်ခဲ့တယ် မောင်...

ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲပြောပြော
ငါ မင်းကို အရမ်းချစ်ခဲ့ပါတယ် မောင်ရယ်...

s0wha1
(06/08/07) တနင်္လာနေ့


ဒါပေမဲ့ ခံစားချက်က အနိုင်ရသွားတဲ့အခါ မင်းရော၊ ငါရော နောင်တမရကြေးလို့ တိုင်တည်ခဲ့ကြတယ်။ တနေ့နေ့၊ တချိန်ချိန်၊ တနေရာရာဆိုတဲ့ မျှော်လင့်ချက်နဲ့ တချို့နှစ်တွေကို ဖြတ်သန်းခဲ့ရတုန်းက ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ရင်ထဲ ထောင့်တနေရာမှာ ငြင်းလို့မရတဲ့ အမှန်တရားတခုအဖြစ် တည်ရှိနေခဲ့တာ...။


အရာရာ မင်းသဘောအတိုင်းဖြစ်စေချင်တာ
ငါ့ သဘောထားပါ။
ဝေးနေလည်း နီးနေသလိုပါပဲ
ဘ၀မှာ -
ဆည်းဆာလိုတဲ့ ညနေအို မဖြစ်ပါရစေနဲ့
ထာဝရ သိမ်းဆည်းမှု တွေနဲ့
ရင်ခုန်သံတွေ ရပ်တန့်သွားတဲ့ အထိ
တည်မြဲပါရစေ။

TNH

ကဗျာမဆန်တဲ့မောင်လို့ ငါ စွပ်စွဲတဲ့အခါ လက်တန်းကဗျာစပ်ပြပြီး ငါ့ကို ကြည်ကြည်နူးနူး ရယ်မော ပျော်ရွှင်စေခဲ့တဲ့ မောင်။ ပြီးတော့ တပုဒ်တည်းသော မင်းရဲ့ ကဗျာ...။


ငါတို့နှစ်ယောက် ငယ်ငယ်က အမှတ်တရ ၀တ္ထုတိုလေးကိုလည်း ပြန်ဖတ်ကြည့်ဦး မောင်။ မဖြစ်နိုင်ဘူးလို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ ငါ့ဦးနှောက်စေရာအတိုင်း ရေးဖြစ်ခဲ့တဲ့ ခံစားမှုအပိုင်းအစလေး။ ငါတို့ အချစ်ကို ဘယ်သူမှ နားလည်စရာမလိုဘူး မဟုတ်လား မောင်။ ဒါပေမဲ့ ငါကသာ ကြေကွဲခံစားလို့ မင်းကတော့ ငါတို့အချစ်ကို ယုံတယ်တဲ့လား။


အနာဂတ်မရှိတဲ့ ကောင်းကင်


အဲသည်နေ့က ကောင်းကင်ပြင်သည် ကဗျာဆန်စွာ လှပမနေခဲ့ပါ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော သာမန် ကျောင်းဖွင့်ရက်လေး တစ်ရက်သာဖြစ်ခဲ့ပါသည်။


ထို့ထက်ပို၍ ပြောရလျှင် ၁၀တန်းဆိုတာ ကျောင်းမှာ အချိန်ဖြုန်းနေတာထက် ကိုယ့်အိမ်မှာကိုယ် ဆရာ၊ ဆရာမ၊ Guide တွေနှင့် သင်ယူကျက်မှတ်နေမှ အကျိုးရှိတာဟု ယူဆထားသော အစ်မအကြီးဆုံး၏ အစီအမံဖြင့် စည်းကမ်း အတော်အတန်ကြီးသည့်ကျောင်းမှ တပတ်တွင် ၂ ရက်၊ ၃ရက်မျှ တက်ရုံနှင့် အဆင်ပြေစေနိုင်သော အိမ်နားက ကျောင်းသို့ စာသင်ချိန်နှစ်ဝက်၌ ပြောင်းရွှေ့တက်ရောက်ခဲ့သော ပထမဆုံးနေ့လေး တနေ့သာဖြစ်ခဲ့ပါသည်။

သူ့ကို ယခုတကြိမ်မှ တွေ့မြင်ဖူးခြင်း မဟုတ်တာတော့ သေချာပါသည်။ ညနေတိုင်း ကျွန်မနားထောင်ဖို့ သီချင်းခွေသစ်တစ်ခွေဖြင့် ရောက်လာနေကျ ကျွန်မ၏ ဟိုလိုလို၊ ဒီလိုလို သူငယ်ချင်းနှင့်အတူ သူသည် အမြဲလို လိုက်ပါလာတတ်သည်။ ထိုသူငယ်ချင်းနှင့် သူသည် အလွန်ချစ်ကြသော သူငယ်ချင်းတွေဖြစ်ကြောင်း သိထားရုံက လွဲပြီး ကျွန်မ သူ့ကို သေချာမသိပါ။

အေးအေးသက်သာနေလိုပြီး သူငယ်ချင်းသစ် မလိုအပ်သော ကျွန်မနှင့် သူငယ်ချင်းမလေးတစ်ယောက်တို့သည် အတန်း၏ ပြတင်းပေါက်နားက နောက်ဆုံးခုံကို ရွေးချယ်လိုက်ခြင်းသည် သူနှင့်ကျွန်မ၏ မပြီးပြတ်နိုင်သော ပုံပြင်တစ်ပုဒ်ရဲ့ နိဒါန်းဖြစ်ခဲ့ပါသည်။ စာသင်ခန်း၏ ၀င်ပေါက်ထွက်ပေါက် တံခါးနားရှိ နောက်ဆုံးခုံတွင် ထိုင်နေတတ်သောသူ့ကို ကျွန်မ၏ သူငယ်ချင်းမလေးအား အကာအကွယ်ယူလျက် ငေးမောရခြင်းသည် ကျွန်မဘ၀တွင် ရင်ခုန်စရာအကောင်းဆုံး အချိန်များသာ ဖြစ်ခဲ့သည်။ ကိုယ်ချစ်မြတ်နိုးရသူ တစ်ယောက်ကို ထိုသူမသိအောင် ခိုးကြောင်ခိုးဝှက်ကြည့်၍ ဖြစ်ပေါ်လာသော ခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမှ သိနားလည်နိုင်ပါလိမ့်မည်။

မထူမပါး မျက်ခုံးမွှေးများအောက်မှ မျက်လုံးတောက်တောက်လေးများကို လည်းကောင်း၊ မတိုမရှည် နှာတံပေါ်ပေါ်လေးကိုလည်းကောင်း၊ ကကြီးပုံသဏ္ဍန် နှုတ်ခမ်းလေးကိုလည်းကောင်း သူကိုယ်တိုင် မရိပ်မိအောင် ကြည့်နေရတဲ့ ထိုတဒင်္ဂလေးသည် ကျွန်မအတွက် စိတ်လှုပ်ရှားမှုများစွာနှင့် ပြည့်နေသော စွန့်စားခန်းကြီးတရပ် ဖြစ်ခဲ့သည်။ ထို့ပြင် အဲသည်အချိန်ထဲက သူ့ကို စချစ်သွားခဲ့တယ်ဆိုတာ အံ့ဩစွာနှင့် ကျွန်မ ၀န်ခံပါမည်။

အဲသည်ကာလက (ကျွန်မကို တွေ့မြင်သွားမှာ အလွန် စိုးရိမ်ခဲ့မိသော်လည်း) ထိုကျောင်း၊ ထိုအခန်းထဲ၌ ကျွန်မ ရှိနေခဲ့ကြောင်း သူလုံးဝ မသိရှိခဲ့ပေ။ နောင်တချိန်တွင် ကျွန်မ၏ စွန့်စားခန်းအကြောင်းကို ပြန်လည်ပြောပြသည့်အခါ သူသည် မျက်လုံးအ၀ိုင်းသား၊ ပါးစပ်အဟောင်းသားနှင့် မယုံကြည်သလို နားထောင်နေခဲ့ပါသည်။ သူသိထားခဲ့သည်က ကျွန်မသည် အိမ်နှင့် အနည်းငယ်ကွာဝေးသော ကျောင်းတစ်ကျောင်းတွင် ရှိနေလိမ့်မည်ဟူ၍ ဖြစ်သည်။ တကယ်တော့လည်း ကျွန်မတို့ နှစ်ယောက်သည် တိုက်ဆိုင်စွာ ဆုံစည်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။ သူက မန္တလေး၌ ကျောင်းအိပ်၊ ကျောင်းစားဖြင့် နှစ်လခန့် ကျောင်းသွားနေပြီးနောက် အိမ်ကို လွမ်း၍ဟူသော အကြောင်းပြချက်ဖြင့် နှစ်ဝက်လောက်နေမှ ရန်ကုန်ရှိ သူ့မူရင်း ကျောင်းသို့ ပြန်လာတက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ရပ်ကွက်ထဲရှိ ကျောင်းသို့ သူ ပြန်ရောက်ရောက်ချင်းနေ့ ဖြစ်သကဲ့သို့ ကျွန်မအတွက်လည်း အဲသည်ကျောင်း၌ ပထမဆုံး တက်ရသောနေ့လေး ဖြစ်ခဲ့သည်။ သူ့ရဲ့ခုံမှာ ငြိမ်ငြိမ်ထိုင်မနေတတ်သော၊ မုန့်ဈေးတန်းဘက် မကြာမကြာသွားတတ်သော၊ အခန်းပေါက်ဝတွင် သူငယ်ချင်းများနှင့် မတ်တပ်ရပ်လျက် တွန်းထိုးနောက်ပြောင်နေတတ်သော၊ အတန်းတွင်း၊ အတန်းပြင်က မိန်းကလေးတွေကို စိတ်ဝင်တစား လိုက်မကြည့်တတ်သော သူသည် ထိုစာသင်ခန်းထဲ၌ ကျွန်မရှိနေခဲ့ခြင်းကို မသိခဲ့တာ အံ့ဩစရာတော့ မဟုတ်ခဲ့ပါ။

.....
..... ..... .....
..... ..... ..... ..... .....

ကျွန်မနှင့်သူသည် မျှော်လင့်ချက်မဲ့ ချစ်ခြင်းဖြင့် ချစ်ခဲ့ကြသည်။ ထို့ပြင် ကျွန်မတို့၏ ချစ်ခြင်းတွင် အယူဝါဒ ခြားနားမှုတွေ မပါဝင်ခဲ့ပါ။ ထို့ကြောင့် အပြောနှင့်အလုပ် တူညီဖို့ မလိုအပ်ပါ။ သို့သော် လှပသော ဇာတ်သိမ်းလေးဖြစ်ဖို့တော့ လိုအပ်မည်။ ကျွန်မတို့သည် တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်မထားသော ချစ်ခြင်းသက်သက်ဖြင့်သာ ချစ်ခဲ့ကြတာ သေချာပါသည်။


တခါ တခါ ဘ၀ဆိုတာ စိတ်ကူးယဉ်စရာ မကောင်းပါ။

အဆုံးသတ်ကို ကြိုတင်သိမြင်နေလျက်၊ ရပ်နားသင့်မှန်းသိနေလျက် သူရော၊ ကျွန်မပါ ဒီဇာတ်လမ်းကို ဆက်လက် ဖန်တီးခဲ့ကြသည်။ ထို့နောက် အတွေးအိပ်မက်၌ စိတ်ကူးများစွာဖြင့် ဘ၀ကို ဖြတ်သန်းဖို့ ရည်စူးခဲ့ကြဖူးသည်။ အိပ်မက်ဆိုတာ တချိန်မှာ နိုးထရမည်ဖြစ်ကြောင်း မသိခင်တုန်းက ဖြစ်ပါသည်။ လုပ်သင့်တာနှင့် လုပ်ချင်တာကို အမြဲ ရွေးချယ်နေရခြင်းသည် ဘ၀ဟု နားမလည်ခင်တုန်းက ဖြစ်ပါသည်။

သူသည် ကျွန်မဘ၀ထဲသို့ တိုးဝင်လာဖို့ ဘယ်သောအခါမှ ကြိုးစာမည်မဟုတ်ကြောင်း ကျွန်မ နားလည်လက်ခံထားသည်။ ထို့အတူ ကျွန်မသည်လည်း သူ့ရဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ဖို့ ဘယ်သောအခါမှ အားထုတ်လိမ့်မည် မဟုတ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မနှင့်သူသည် အလွန် ချစ်မြတ်နိုးခဲ့ကြသောကြောင့် ဖြစ်ပါသည်။

သို့သော် သူနှင့်ကျွန်မသည် အနာဂတ်မဲ့သော ကောင်းကင်တွေအဖြစ် အစဉ်အမြဲ တည်ရှိနေပါလိမ့်မည်။

နောက်ပြီး ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။

s0wha1
(၂၁ ရက်၊ ဒီဇင်ဘာ၊ ၂၀၀၇)


ရွေးချယ်ခွင့်နည်းတဲ့ ဘ၀မှာ မင်းကို စွန့်လွှတ်ဖို့ ရွေးချယ်ရမှာကတော့ ရက်စက်လွန်းလှပါတယ်ဟာ။ မိုက်ရူးရဲဆန်တယ်လို့ မသုံးနှုန်းချင်တဲ့ မျက်စိမှိတ်ပြီး ချစ်တဲ့ အချစ်လို့ပဲ ယူဆကြရအောင်။ ဒီလိုနဲ့ ရှေ့ခရီးကို ဆက်...။ မင်း ယုံကြည်ချက်အတိုင်း ဖြစ်ခဲ့ပြီလို့ ခေါင်းမော့ပြီး ရယ်မောနေမှာလား မောင်။ :)


ကျွန်တော့်အမည်မှာ ( ------- )၊ လွန်ခဲ့သော (၂၅)နှစ်ခန့်က ရန်ကုန်မြို့တော်ကြီးမှာ မွေးဖွား ကြီးပြင်းလာခဲ့ပါသည်။ အဲသည် ကာလတုန်းကတော့ အတော်ကို နေလို့ အကောင်းဆုံးချိန်တွေ ဖြစ်ခဲ့သည်။ နိုင်ငံရေးကလွဲပြီး ကျန်တဲ့ အချက်အလက်တွေပြည့်စုံသော မြို့တော်ကြီးလို့ သတ်မှတ်ထားသည့် နေရာတစ်ခုပါ။ ယခုအချိန်အခါမှာတော့ မရောက်မပေါက်ခဲ့တာ ကြာပြီဖြစ်တဲ့ ကျွန်တော်နေခဲ့သော နေရာကြီးအား ပေါစားထုတ်လုပ်၍ ဈေးကြီးပေးဖတ်ရသော သတင်းစာများ၊ အချက်ပေါင်းများစွာကို နည်းမျိုးစုံသော ကန့်သတ်ချက်ပေါင်းများစွာဖြင့် ရေးသားထုတ်လုပ်ထားသည့် စာစောင်များမှတဆင့် ဖတ်ရှုသိရှိခဲ့ရပါသည်။

လွန်ခဲ့သော (၁၀)နှစ် ကျော်ကျော်လောက်က တခုသော နံနက်ခင်းမှာ ကျွန်တော့်ဆီသို့ ချစ်လှစွာသော သူငယ်ချင်းတစ်ယောက် ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက် ပုံမှန် ဆုံတွေ့နေချိန်ကတော့ ညစဉ် (၈း၀၀) မှ (၁၂း၀၀) မိဘများ စောင့်မျှော်နေရင်း အိပ်ပျော်သွားချိန်ထိ လေလွင့်ကြိုးစားနေကြတဲ့ အနာဂတ်ရဲ့ လူငယ်လေးတွေ ဖြစ်ခဲ့ကြပါသည်။ သည်နေရာမှာ ကျွန်တော်၏ အချစ်ဆုံးသူငယ်ချင်းအကြောင်း နည်းနည်းပြောပြလိုသည်။ သူ့နာမည်ကတော့ (----)၊ ကျွန်တော်နှင့်အတူ ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ယခုချိန်ထိ အတူတူရှိနေခဲ့တဲ့ သူငယ်ချင်းပါပဲ။ (သူ့ဘ၀ အကြောင်းအရာအားလုံးကို သိချင်ရင်တော့ (၀၉၅၁-------)ကို ဆက်သွယ် မေးမြန်နိုင်ပါသည်။ စာရေးသူ။)

သူ ကျွန်တော့်ဆီကို ရောက်လာတာဟာ လူငယ်ဘာသာဘာဝ ကောင်မလေးတွေကို လူပျိုလှည့်ဖို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့ လူပျိုလည်မယ့်ထဲမှာ နောင်တချိန် ကျွန်တော်၏ ချစ်ဇနီးဖြစ်မည့်သူလည်း အပါအ၀င်ဖြစ်ခဲ့ပါသည်။ ဒီလိုနဲ့ အချိန်းအချက်တွေ ပြုလုပ်ကြပြီး (ထိပ်သီး အစည်းအဝေးကြီး အောင်မြင်စွာ ပြီးဆုံးသွားတဲ့ ဟန်ပန်မျိုးဖြင့်။ စာရေးသူ။) သူပြန်သွားတော့ ကျွန်တော်လည်း အိပ်လက်စ အခြေအနေကို ဆက်လက်ထိန်းသိမ်းလိုသည့် သဘောဖြင့် ဦးခေါင်းနှင့် ခေါင်းအုံးကို ဆက်လက်နမ်းရှိုက်စေခဲ့ပါသည်။

ညနေစောင်းတော့ ကျွန်တော်၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စားသောက်ပြင်ဆင်ပြီး လမ်းမဘက် ဦးတည်လျက် အချိန်အခါကို စောင့်စားနေခဲ့သည်။ (ပုံစံကတော့ ၁၉၇၄ ခုနှစ်၊ မြန်မာနိုင်ငံ ဥပဒေ ပြဒါန်းချက်မှာ ပါဝင်တဲ့ ၁၀၉/၁၁၀ ပုဒ်မနှင့်အညီ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း စာဖတ်သူများ သိစေလိုပါသည်။ စာရေးသူ။) ကျွန်တော်တို့ ဆုံရပ်ကိုတော့ စက်ဘီးကိုယ်စီဖြင့် ချီတက်ခဲ့ကြပါသည်။

TNH

"ငါလည်း စာရေးတတ်ပါတယ်ကွာ"ဆိုပြီး နောက်ပြောင် စာရေးပြတုန်းက ငါ သဘောတကျ ရယ်တော့ မင်းက ကျေကျေနပ်နပ်ကြီး ပြုံးလို့။ အဲဒီလို နောက်တိနောက်တောက်စာမျိုး မရေးဘဲ သေသေချာချာ ရေးပြပါဆိုတော့ "ဒါဆို နောက်နေ့မှ ရေးနိုင်မယ်။ ခုတော့ မအားသေးဘူး"လို့ ဈေးကိုင်တဲ့ မောင်။


နောင်တချိန်မှာ တစ်ရှူးစလေး တစလောက်တောင် အရေးမပါတော့မယ့် အရာ ဖြစ်စေဦးတော့ ခဏလေးဖြစ်ဖြစ် ငါ ပိုက်ထွေးပါရစေ။ အဲဒီလောက်ထိ ငါ မင်းကို ချစ်တယ်။



ငယ်ကချစ်၊ အနှစ်တရာ မမေ့သာဆိုတဲ့ စကားဟာ ငါတို့ နှစ်ယောက်ကို ရည်ညွှန်းပြောလေသလားလို့။ မင်းကတော့ ငါ့ကို ရယ်နေတော့မယ်။ ငါ ဘာလုပ်လုပ် အမြဲ ပြုံးပြီး လက်ခံတတ်တဲ့ မောင်က ဒီတခါလည်း ပြုံးနေလိုက်ပါဦးဟာ။ မင်း ရယ်နေတာပဲ ငါ မြင်တွေ့ချင်လို့ပါ။

၃ နဲ့ ၄ လို ကျောချင်းကပ်ပြီး နီးလျက်နဲ့ ဝေးနေကြရတဲ့ ဘ၀ကို ငါ ကရုဏာသက်ခဲ့ဖူးတယ်။ ခုတော့လည်း ၄ နဲ့ ၃ လို မျက်နှာချင်းဆိုင်ရတဲ့အခါ ဘ၀ဟာ နေပျော်စရာ ကောင်းသားပဲလို့ ငါ လက်ခံလိုက်ပြီ မောင်။ တန်ဖိုးမနည်းတဲ့ ရင်းနှီးမှုတွေနဲ့ပေါ့ဟာ။ တွေဝေမနေနဲ့ဆိုတဲ့ စကားကို ငါတို့ ထပ်ခါထပ်ခါ ညည်းတွားနေရမလား။


မင်း ဘယ်နေရာရောက်ရောက်၊ ဘာတွေပဲ ဖြစ်နေဖြစ်နေ မင်းဘေးနားမှာ ငါ အမြဲရှိမယ်။ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာချနိုင်တဲ့၊ မဝေးတော့တဲ့ တနေ့မှာ ကြယ်တွေ ထိုင်ရေရင်း ငါတို့ အနာဂတ်ကို ပုံဖော်ကြမယ်လေ။
တနေ့နေ့ပေါ့...။

HappY Anniversary!!! မောင်...။

ချစ်တဲ့
s0wha1
၁၇၊၀၇၊၀၈ (Thursday)

*****

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံများကို အသုံးပြုထားခြင်းဖြစ်သည်။

Wednesday, July 16, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၄)



အင်္ဂလိပ်တို့၏ ဓလေ့ထုံးစံနှင့် အင်္ဂလိပ်တို့၏ စိတ်နေစိတ်ထားတို့ကို စွန့်လွှတ်ကြကုန်လော့

စည်းစိမ် လောဘထွက်လိုသောစိတ်၊ မိမိကိုယ်ကို အများနှင့် သီးသန့်ခြားနားလိုသော စိတ်နှင့် အနေအထိုင် နည်းလမ်း စည်းကမ်းများသည် အသင်တို့ကို ပျက်စီးအောင် ပြုခဲ့သည် မဟုတ်ပါလော။ ထိုအချက်တို့ကို အသင်တို့ကိုယ်တိုင် ပြန်လှန်၍ စဉ်းစားအပ်ပေသည်။ ထိုအချက်တို့မှာ လောက၀တ္တရားနှင့် ကိုယ်ကျင့်တရားကိုသာ အရေးတကြီး ဂရုပြုတတ်သော အရှေ့တိုင်းရင်းသားတို့၏ စိတ်နှင့် ဆန့်ကျင်လျက်ရှိသည်။ သူခပ်သိမ်းတို့ စိတ်ရွှင်လန်းမှု၊ အထူးကြီးပွားချမ်းသာမှုတို့ကိုသာ အရေးပေးတတ်သော အရှေ့တိုင်းသားတို့၏ ၀ါဒနှင့်လည်း ဆန့်ကျင်လျက်ရှိသည်။ အင်္ဂလိပ်တို့၏ စိတ်နေစိတ်ထား၊ နေနည်း ထိုင်နည်းတို့သည် အသင်တို့၌ ကိန်းအောင်းနေသေးသမျှ ကာလပတ်လုံး ဗမာနိုင်ငံ၏ ကြီးပွားတိုးတက်ရေးကို မျှော်မှန်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လိုအပ်သော စိတ်နေစိတ်ထား၊ နေနည်း ထိုင်နည်းတို့ကို မြဲမြံသောသတိဖြင့် ဖယ်ရှားသုတ်သင်ကြလေကုန်။

..................................................

ထကြွလုံ့လရှိသော စိတ်၊ သူရသတ္တိရှိသော စိတ်၊ အလုပ်၌ စိတ်ဝင်စားသော စိတ်၊ အကျိုးဆောင်လိုသော စိတ်တို့ကို ပြုစုပျိုးထောင်၍ အားပေးကြရမည်။

ဗမာတို့သည် ပင်ကိုယ်ကပင် သူရသတ္တိနှင့် ပြည့်စုံသော လူမျိုးဖြစ်သည်။ ထကြွလုံ့လရှိ၍ တိုးတက်ကြီးပွားလိုသော လူမျိုးလည်းဖြစ်သည်။ လူတမျိုးတမျိုး၏ တိုးတက်ခြင်း၊ လျော့ကျခြင်းတို့သည် ထိုလူမျိုး၏ ပစ္စည်းအင်အားအပေါ်မှာသာ တည်ရှိနေသည် မဟုတ်၊ စိတ်ဓာတ် အင်အားအပေါ် တည်ရှိနေသည်။ ဗမာသမိုင်းကို ပြန်လှန်၍ ကြည့်ရှုလျှင် ဗမာတို့၏ စိတ်ဓာတ်အင်အား ကြီးမားကြောင်းကို ထင်ရှားစွာ တွေ့မြင်ရလိမ့်မည်။ အသင်တို့သည် ဗမာတို့သတ္တိကို ပြန်လှန်၍ ခေါ်ပါလော့၊ ပေါ့ပေါ့ဆဆ မနေစေဘဲ၊ ပျင်းရိစွာမနေစေဘဲ အကျိုးဆောင်လိုသော စိတ်ဓာတ်၊ အလုပ်လုပ်လိုသော စိတ်ဓာတ်တို့ကို သွင်းပေးသင့်လေသည်။ ယင်းသို့ စိတ်ဓာတ်သစ်သွင်းပေးနိုင်လျှင် ဗမာနိုင်ငံသည် အမှန်မုချ ကြီးမား တိုးတက်မည်ဖြစ်သည်။

..................................................

စက်မှုလက်မှုမှစ၍ အခြားသက်ဆိုင်ရာ အတတ်တို့ကို တတ်မြောက်သော ဗမာတို့၏ စွမ်းရည်သတ္တိတို့ကို ကြီးထွားအောင်ပြု၍ နိုင်ငံအင်အားကို ဖြည့်ပါလော့။ တိုးပွားအောင် ပြုပါလော့။

ဗမာနိုင်ငံသည် သဘာဝအလျောက် တည်ရှိနေသော ဥစ္စာရတနာ အပေါင်းတို့နှင့် ပြည့်စုံသည့် နိုင်ငံဖြစ်လေသည်။ ရာသီဥတု အခြေအနေကလည်း ထိုဥစ္စာရတနာအပေါင်းတို့ကို တိုးတက်အောင် ဖြည့်စွမ်းနိုင်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အထွေထွေ ပညာရေးနှင့်တကွ စက်မှုလက်မှုပညာတို့ကို အားပေး အရေးယူသင့်လေသည်။ သို့မှသာ ဗမာအပေါင်းတို့သည် ထိုဥစ္စာရတနာအပေါင်းတို့ကို တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့ တတ်သိသော ပညာတို့ကို စူးဆောက်ပမာ အသုံးချနိုင်မည်ဖြစ်သည်။ တဖန် အလုပ်လုပ်လိုသော စိတ်ဓာတ်ကို သွင်းပေးခဲ့သော် ဗမာဥစ္စာရတနာအပေါင်းတို့သည် တိုးတက်မည်အမှန်ဖြစ်သည်။ ထိုသို့ တိုးတက်လျှင် ဗမာတမျိုးလုံး ချမ်းသာ၍ ဗမာတမျိုးလုံး၏ အင်အားလည်း ကြီးမားလာလိမ့်မည်ဖြစ်သည်။

..................................................

ကျန်းမာရေးနှင့် ညီညွတ်အောင် နေလိုသော စိတ်ဓာတ်နှင့် လူအင်အား တိုးပွားအောင် ဆောင်ရွက်ကြလော့

လူဦးရေ များပြားခြင်းသည် နိုင်ငံနှင့်တကွ လူတမျိုးလုံး၏ ကြီးပွားတိုးတက်ရေးတွင် အခြေခံဖြစ်သည်ကို ပြောပြရန် လိုမည်မထင်ပါ။ သို့ရာတွင် ဗမာနိုင်ငံတွင် ယခုထက်တိုင် ကူးစက်တတ်သော ကပ်ရောဂါ ထူပြောနေသေးသဖြင့် များစွာကုန်သော လူ့တန်ဖိုးတို့သည် ထိုကပ်ရောဂါတို့ကြောင့် အသက် ဆုံးရှုံးကြရလေသည်။ မစွမ်းမသန် ဖြစ်ကြရရှာလေသည်။ ဤအချက်ကား ဗမာနိုင်ငံသစ်တွင် ဘေးဆိုးကြီးတရပ် ဖြစ်လေသည်။ ကျန်းမာရေးနှင့် စပ်ဆိုင်သော ပညာရပ်တို့ကို ဗမာနိုင်ငံ၌ နှစ်သက်ဖွယ်ဖြစ်အောင် အနှံ့အပြား ဖြန့်ချီပေးလိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်သည်။ စားသောက်နေထိုင်ပုံတို့ကို ပြုပြင်ပေးလိမ့်မည်ဟုလည်း မျှော်လင့်သည်။ သို့မှသာ ဗမာနိုင်ငံဝယ် လူဦးရေတိုးတက်၍ ဗမာတို့လည်း ကျန်းမာ သန့်ရှင်းသော လူမျိုးဖြစ်လာနိုင်ပေမည်။

ဤနေ့ထူးနေ့မြတ်တွင် ကျွန်ုပ်သည် အထက်ပါ အကြံဉာဏ်များကို ပေးခဲ့ပါ၏။ အဖသည် လူ့လောကသို့ဝင်၍ အလုပ်လုပ်အံ့ဆဲဆဲဖြစ်သော သားချစ်ရတနာကို အကြံဉာဏ်များ ပေးသကဲ့သို့ ဤအကြံဉာဏ်များကို ပေးအပ်ခြင်းဖြစ်ပါသည်။ အသင်တို့သည် ကျွန်ုပ်၏ စေတနာစိတ်ထားကို ယုံကြည်လေးမြတ်၍ ဤစစ်ကြီးကို အောင်မြင်ရေးနှင့် နိုင်ငံကောင်း နိုင်ငံမြတ် ထူထောင်ရေး လမ်းကြောင်းကို လိုက်ပါလျှင် အသင်တို့၏ လိုဘ ဆန္ဒကြီး ပြည့်စုံမည်ဟု ကျွန်ုပ် ယုံကြည်စိတ်ချပါသည်။

နိဂုံးချုပ်လိုသည်မှာ ဗမာတို့သည် နိပွန်လက်နက် နိုင်ငံတော်ကြီးနှင့်တကွ နိပွန်အရှင်ဧကရာဇ် တပ်မတော်ကြီးတို့နှင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသဖြင့် အထူးဝမ်းမြောက်ပါသည်။ နိပွန် လက်နက်နိုင်ငံတော်ကြီးနှင့် နိပွန်အရှင် ဧကရာဇ် တပ်မတော်ကြီး တို့ကလည်း အသင်တို့ကို လုံးဝယုံကြည် ကိုးစားပါသည်။ ထို့ပြင် ဗမာနိုင်ငံသစ်သည် အရှေ့အာရှတိုက်နှင့်အတူ ကြီးပွားရေး နယ်ပယ်ကြီးတွင် အဆက်အသွယ်ကြီးတခု အဖြစ်ဖြင့် ရရှိခဲ့ပြီးဖြစ်သော ဤအဆင့်အတန်းနှင့် လျော်ညီစွာ အလျင်အမြန် ပေါက်မြောက်အောင် ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျွန်ုပ်တို့အဘို့မှာကား ဗမာနိုင်ငံတော်ကို တတ်အားသရွေ့ အကူအညီပေး၍ ပူးပေါင်း ဆောင်ရွက်ရန် လိုလားကြောင်း ကြေညာလိုက်ပါသတည်း။

(ဗမာသစ်စာစောင်မှ)

................................................

ဗမာပြည် ကာကွယ်ရေးသည် အရှေ့အာရှ ကာကွယ်ရေးဖြစ်သည်။

အောက်ပါ မိန့်ခွန်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရေဒီယိုမှနေ၍ ကာကွယ်ရေးဝန်ကြီး မေဂျာဂျင်နရယ် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်၏ ကာကွယ်ရေးဟူသော ခေါင်းစဉ်ဖြင့် ပြောကြားသော မိန့်ခွန်းဖြစ်သည်။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်ဟာ ဗမာနိုင်ငံလွတ်လပ်ရေးကြေညာတဲ့နေ့ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဗမာပြည်ကာကွယ်ရေးနဲ့ ပတ်သတ်လို့ ပြည့်ပြည့်စုံစုံ မပြောရသေးဘူး။ ဒါကြောင့် နှစ်သစ်အစဖြစ်တဲ့ ဒီနေ့မှာ ခင်ဗျားတို့ နားလည်ဖို့လိုမယ်။ ဗမာပြည်ကာကွယ်ရေးနဲ့ ပတ်သက်လို့ နည်းနည်းပြောရမယ်။

ဗမာပြည် ကာကွယ်ရေးအကြောင်း ပြောတဲ့နေရာမှာ ကျွန်တော်တို့တတွေဟာ လက္ခဏာ ၂ ရပ်ကို သတိပြုကြရမယ်။ အဲဒါက အမည်အားဖြင့် အကျယ်နဲ့ အကျဉ်း၊ ပထမဆုံး ကျွန်တော်တို့ ဗမာပြည် ကာကွယ်ရေးလို့ ပြောတဲ့အခါ တချို့ဗမာတွေက ဒီစကားလုံးကို အင်မတန် ပျော့တယ်လို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒီလို မဟုတ်ပါဘူး။ ဗမာပြည်၏ ကာကွယ်ရေးလို့ ကျွန်တော်တို့ ဘာ့ကြောင့်ပြောသလဲ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံကို မချဲ့ချင်ဘူး။ နယ်မြေတွေကိုလည်း တိုက်ပြီးမယူချင်ဘူး။ ကျွန်တော်တို့နိုင်ငံ နယ်မချဲ့ချင်ဘူး။ ကျွန်တော်ဟာ ဗမာပြည်ကို ကာကွယ်ချင်တယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံ အမြဲတမ်း တောင့်တင်းနိုင်သမျှ တောင့်တင်းအောင်လုပ်မယ်။ ဒါကြောင့် ကျွန်တော် လေကြီးမိုးကြီး စကားမပြောဘဲ ဗမာပြည်ရဲ့ ကာကွယ်ရေးဆိုတဲ့ စကားလုံးလောက်ပဲ ပြောတာဖြစ်တယ်။ ဗမာပြည် စကားပုံတခုမှာ လေကြီးမိုးကြီး ပြောဆိုလုပ်ကိုင်တဲ့ စီမံကိန်းတွေဟာ အဲဒီစီမံကိန်းမပြီးခင်ကဘဲ ပျက်စီး ဆုံးရှုံးရတာပဲဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ စကားပုံရှိပါတယ်။ ခြိမ်းသာခြိမ်းပြီး မရွာတဲ့မိုးလိုပေါ့။ ကာကွယ်ရေးအလုပ်ဟာ ကျွန်တော်တို့ရဲ့တာဝန်ပဲ။ အခု ကျွန်တော်အားလုံးကို အသံလွှင့်ပြောကြားနေတဲ့ ရည်ရွယ်ချက်ဟာ ဒီတာဝန်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာနဲ့ တိုင်းပြည်က အကူအညီပေးဘို့ ပြောနေတာဖြစ်တယ်။

..................................................

အရှေ့အာရှ ကာကွယ်ရေး

ဗမာပြည်ရဲ့ ကာကွယ်ရေးအကြောင်းကို မပြောခင် ဗမာပြည်ကာကွယ်ရေးဟာ အရှေ့အာရှကာကွယ်ရေးနဲ့ ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကို ကျွန်တော်တို့ အပြည့်အစုံ နားလည်ကြရမယ်။ ယခုလက်ရှိအချိန်ဟာ အတိတ်ကာလက ရက်တွေနဲ့ မတူဘူး။ နိုင်ငံအားလုံးဟာ ဆက်စပ်နေကြတယ်။ နိုင်ငံတနိုင်ငံဟာ သီးခြားလွတ်ကင်းပြီး မနေနိုင်ဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ တလမ်း မဟုတ်တလမ်း၊ တခု မဟုတ်တခု ဆက်စပ်နေတယ်။ တနိုင်ငံဟာ ဒီအကြောင်းကို နားမလည်ရင် တခြားနိုင်ငံတွေအရင် ပျက်ဆီးမှာပဲ။

ကျွန်တော်တို့ ဘာ့ကြောင့် ဗြိတိသျှအောက်ကို ကျရောက်ခဲ့ရသလဲ။ ကျွန်တော်တို့ဟာ တကိုယ်ထဲ တဦးထဲနေခဲ့တဲ့ အကြောင်းကြောင့်ပဲ။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေဟာ ဒီအကြောင်းကို တွေးလည်း မတွေးခဲ့ဘူး။ လုပ်လည်း မလုပ်ခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံဟာ ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့ရတာပဲ။

အိန္ဒိယနဲ့ အရှေ့အာရှမှာရှိတဲ့ တခြားနိုင်ငံတွေလည်း ဒီလိုပဲ။ ဒီအချက်ကို ရှင်းလင်းပြတ်သားစွာ သိမြင်နားလည်တဲ့ နိုင်ငံကတော့ နိပွန်နိုင်ငံပဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အခုရှိနေတဲ့ နိပွန်နိုင်ငံ အခြေအနေကို တွေ့မြင်နိုင်ကြတယ်။ ဗမာပြည်ကာကွယ်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆွေးနွေးတဲ့အခါ ယခုလို အခြေခံမူတွေကိုလဲ စဉ်းစားကြရလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအချက်တွေရဲ့ ကျယ်ပြန့်တဲ့ သွင်ပြင်လက္ခဏာတွေကို ကြည့်တဲ့အခါ ဗမာပြည်ကာကွယ်ရေးဆိုတာ အရှေ့အာရှကာကွယ်ရေး၊ အရှေ့အာရှကာကွယ်ရေးဆိုတာ ဗမာပြည်ကာကွယ်ရေးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင် နားလည်လာကြလိမ့်မယ်။ ဒီမူအတိုင်း ကျွန်တော်တို့ မလိုက်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ဗမာပြည်ကို တကယ်တမ်း ကာကွယ်နိုင်မယ် မဟုတ်ဘူး။ ပြီးတော့ မဟာအရှေ့အာရှ အတူကြီးပွားရေးနယ်ကိုလည်း ကျွန်တော်တို့ ထူထောင်နိုင်မယ်လည်း မဟုတ်ဘူး။ ကျွန်တော်တို့ ဒီအချက်ကို ပြည့်စုံစွာ နားလည်ရမယ်။ ဒီအချက်ကို ကျွန်တော်ဆက်ပြီး ရှင်းပြဦးမယ်။

..................................................

စစ်တပ်များ လိုတယ်

ဗမာပြည်ကို ကာကွယ်ဖို့ ကျွန်တော်တို့ဟာ ဘာလိုသလဲ။ စစ်တပ်တွေ သေချာပေါက်လိုတယ်။ ဒီတပ်တွေထဲမှာ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေ ပါတယ်။ ကျွန်တော်တို့ စစ်တပ်လိုရင် ကျွန်တော်တို့မှာ လူတွေရှိရမယ်။ အဲဒီနောက် ဒီလူတွေကို ကျွေးဘို့၊ ထောက်ပံ့ဘို့၊ သူတို့အတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ခန့်ခွဲပေးအပ်ဖို့ ကျွန်တော်တို့မှာ ငွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ရှိရမယ်။ ဒီလိုအရာတွေ ကျွန်တော်တို့မှာ အလုံအလောက် ရှိပြီတဲ့လား။ ယခုခေတ် စစ်ပွဲတွေက ရှေးခေတ်က စစ်နဲ့မတူဘူး။ ရှေးခေတ်ကတော့ လူတထောင်လောက် စစ်မြေပြင်ဆင်းပြီး အမိန့်အတိုင်း တိုက်ရုံပဲ။ ဒီခေတ်ကတော့ ရှေ့တန်းစစ်မျက်နှာလွှတ်ဖို့ ကျွန်တော်တို့ လူတွေ အမြောက်အမြားရှိရမယ်။ လက်နက်ပေါင်း များစွာရှိရမယ်။ ပြည်သူလူထုကလည်း နောက်ပိုင်းကနေပြီး စစ်အသိ၊ စစ်သတိနဲ့ စစ်နိုင်ဘို့ ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ကြရမယ်။ ဒီလိုအခြေအနေကို ကျွန်တော်တို့ ကြိုက်တာ၊ မကြိုက်တာက အကြောင်းမဟုတ်ဘူး။ ဒီအခြေအနေကို ကြည့်ပြီး ကျွန်တော်တို့ တွေးရမယ်၊ လုပ်ရမယ်။ ဒါမှ ကျွန်တော်တို့ အသက်ရှင်နေနိုင်မယ်။ ဒါကို ကျွန်တော်တို့ အမြဲသတိရှိ နေရမယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ အခြေခံ အက္ခရာစဉ် စာလုံးတွေကို လေ့ကျက်သင်အံနေတဲ့ ကျောင်းသားဘ၀ ကလေးငယ်တစ်ယောက်နဲ့ တူတယ်။ ဒါကြောင့် ကျွန်တော်တို့ ဗမာပြည် ကာကွယ်ရေးကို စီစဉ်ရင် ကျွန်တော်တို့ဟာ အက္ခရာစဉ်ကို လေ့ကျက်သလို ရှေ့တည့်တည့်ကိုလည်း ကြည့်ရမယ်။ နယ်စပ်ကို ကျော်လွန်ပြီး တရုတ်၊ အန္ဒိယ၊ ရှိုနန်၊ အန်ဒမန်၊ မလေးရှား၊ ယိုးဒယား၊ အင်ဒိုချိုင်းနား၊ အရှေ့အိန္ဒိယ ကျွန်းစု၊ သီဟိုဠ်၊ အာဖရိကတိုက်ရဲ့အရှေ့ကမ်းရိုးတန်း တလျှောက်ဖြစ်တဲ့ မာဒါးကားစကားကိုလည်း ကြည့်ရမယ်။ အဲဒီအခါ ကျွန်တော်တို့ဟာ အရှေ့အာရှအရိပ်ကို ခိုလှုံခြင်းမပြုဘဲ မစီစဉ်နိုင်ဘူးဆိုတာ တွေ့ရမယ်။ ပြီးတော့ ဗမာပြည်ရဲ့ ကာကွယ်ရေးဟာလည်း လုံလောက်တဲ့ ကာကွယ်ရေးလို့ မခေါ်နိုင်ဘူး။ ဒီနောက် တဖန် အရှေ့အာရှ ကာကွယ်ရေးမှာ ဗမာပြည်ရဲ့ ကာကွယ်ရေး၊ (တရုတ်-ဗမာ လမ်းမကြီး၊ ရှိုနန်ရေတပ် အခြေခံစခန်းနဲ့ ရေနံမြေများ အပါအ၀င်) မပါဘဲ ထွက်နေရင် ဒီအတွက် အရှေ့အာရှနဲ့ နိပွန်မှာ ဘယ်လို ထိခိုက်မယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နိုင်ကြမယ်။ ဒါကြောင့် ဗမာပြည်ရဲ့ ကာကွယ်ရေးဟာ အရှေ့အာရှ ကာကွယ်ရေး ဖြစ်တယ်လို့ ကျွန်တော်ပြေခြင်းဖြစ်တယ်။

..................................................

တောင့်တင်းခိုင်မာတဲ့ ဗမာပြည် ဖြစ်ဖို့လိုတယ်

အရှေ့အာရှကာကွယ်ရေးနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ အချက် ၃ ချက် နားလည်ရမယ်။ အဲဒီအချက်တွေက ဘာတွေလဲ။ ပထမအချက်က မဟာအရှေ့အာရှ အတူကြီးပွားရေးနယ်အတွင်းရှိ နိုင်ငံအားလုံး တောင့်တင်းရမယ်။ ဒုတိယအချက်က အရှေ့အာရှထူထောင်ရေးနဲ့ အရှေ့အာရှကာကွယ်ရေးမှာ နိပွန်နိုင်ငံဟာ ခေါင်းဆောင်အနေနဲ့ အရေးကြီးအခန်းကနေ လုပ်ဆောင်နေတယ် ဆိုတာကို ကျွန်တော်တို့ အပြည့်အ၀ နားလည်ရမယ်။ ဒီအချက်ကတော့ အကျယ်ချဲ့ရှင်းပြနေစရာ မလိုဘူး။ အရှေ့အာရှ နင်းချေခံနေရတဲ့အချိန် အရှေ့အာရှဟာ ဥရောပထက် မသာလွန်နိုင်ဘူးလို့ အားလုံးကထင်နေကြတဲ့ အချိန်မှာ နိပွန်နိုင်ငံဟာ ရုရှ-နိပွန် စစ်ပွဲမှာ နိပွန်က အောင်ပွဲဆင်ပြီး ရှေ့တန်းတက်လာတယ်။ အဲဒီအချိန်ကစပြီး အရှေ့အာရှမှာ လျင်မြန်စွာ တိုးတက်လာပြီး ပြည်သူများလည်း နိုးကြားလာတယ်။ အိန္ဒိယနိုင်ငံဟာလည်း ဗမာပြည်လိုပဲ နိုးကြားလာတယ်။ ဒါဟာ ရန်သူများကို မောင်းထုတ်ရာမှာ နိပွန်ဟာ အရှေ့အာရှမှာ ခေါင်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်တချက် မဟုတ်လား။ ဒါ့ကြောင့် နိပွန်ဟာ အနာဂါတ်မှာလည်း ခေါင်းဆောင်ရမယ်။ တဖန် နိပွန်ဟာ အရှေ့အာရှနဲ့ အရှေ့ဘက် တံတိုင်းကြီးဖြစ်တယ်။ အပြောမဟုတ်ဘဲ အင်အားအတောင့်ဆုံး ကာကွယ်ရေးအဆင့်မျိုးဖြစ်ဖို့ အဲဒီလို စစ်ပရိယာယ် သဘောအားဖြင့် တံတိုင်းတစ်ခု ရှိဖို့လိုတယ်။ တတိယအချက်ကတော့ ဗမာပြည်ဟာ ဘာ့ကြောင့် အရှေ့အာရှမှာ အရေးကြီးသလဲ။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်ဟာ အနောက်ဘက် တံတိုင်းဖြစ်လို့ဘဲ။ ဗမာပြည်ဟာ စစ်ပရိယာယ်အားဖြင့် အရေးကြီးတဲ့လမ်းတွေ၊ ရေတပ်အခြေခံစခန်းတွေနဲ့ ဆက်သွယ်နေတယ်။ တကယ်လို့ ဗမာပြည်ကျသွားရင် ကျန်တဲ့ အရှေ့အာရှနိုင်ငံတွေ ထိခိုက်ကုန်လိမ့်မယ်။ ဒါကြောင့် တောင့်တင်းတဲ့ ဗမာပြည် ဖြစ်ဘို့လိုတယ်။ ဗမာပြည်ဟာ မကြာခင် ဒီအဆင့်ကို ရောက်အောင်လုပ်ရမယ်။ ဒီလိုဖြစ်ဖို့ ကျွန်တော်တို့ တခြားနိုင်ငံတွေထက် နှစ်ဆ၊ သုံးဆ ကြိုးစားကြရလိမ့်မယ်။ ကျွန်တော်တို့ ရှူံးရင် ကျွန်တော်တို့ အကုန်လုံး ပျက်သုဉ်းမှာဘဲ။

ဒီခေတ်ကြီးမှာ စစ်ပွဲတွေဟာ ရုတ်တရက် ပေါက်ကွဲလာနိုင်တယ်။ ထုံးစံအတိုင်း စစ်ကြေညာမှုတွေဟာ မရေရာဘူး။ ဒီတော့ လူ၊ လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ အခြား စစ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ အသင့်ရှိကြရမယ်။ ငြိမ်းချမ်းတဲ့ အချိန်မျိုးမှာတောင် ဒါတွေဟာ အသင့်ရှိထားဘို့ လိုတယ်။ စစ်ဖြစ်နေတဲ့ အချိန်မှာဆိုရင် ဘယ်လိုနှုန်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ဖြစ်နိုင်သလောက် ကြိုးပမ်းအားထုတ်ပြီး ဒါတွေလုပ်ကြရမယ်။ ငြိမ်းချမ်းတဲ့ ကျွန်တော်တို့ကာလမှာတောင် အေးအေးဆေးဆေး ချောင်ချောင်ကလေး မနေနိုင်ဘူး။ ဒါ အမှန်ပဲ။ အချမ်းသာဆုံးဖြစ်တဲ့ အမေရိကန်နဲ့ အကြီးဆုံး အင်ပိုင်ယာရှင်ဖြစ်တဲ့ ဗြိတိန်တို့ဟာ အေးအေးဆေးဆေး လွယ်လွယ်ချောင်ချောင်ကလေး နေခဲ့ကြလို့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကျဆုံးခဲ့ကြရတယ်။ လက်တွေ့အားဖြင့် စက်မှုလက်မှုလုပ်ငန်းမရှိ၊ လူဦးရေ နည်းနည်းလေးရှိတဲ့ ဗမာနိုင်ငံလို နိုင်ငံငယ်လေးအဖို့ ကျွန်တော်တို့ အစွမ်းရှိသလောက် ကြိုးပမ်းအားထုတ်ကြရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ကြရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဟာ တနည်းနည်းနဲ့ ကျဆုံးပျက်ဆီးခြင်းနဲ့ ရင်ဆိုင်ကြရမှာပဲ။

..................................................

အဓိက လုပ်ငန်း

ဒါကြောင့် ဗမာပြည်ရဲ့ အဓိကလုပ်ငန်းဟာ ကာကွယ်ရေး ပထမ၊ ကာကွယ်ရေး ဒုတိယနဲ့ ကာကွယ်ရေး နောက်ဆုံးဖြစ်တယ်။ ကာကွယ်ရေးကို အခြေခံပြီး ကျွန်တော်တို့တတွေ ဗမာနိုင်ငံတော်သစ်ကို တည်ဆောက်ကြရမယ်။ အဲဒီ့နောက် ဗမာပြည်ဟာ တောင့်တင်းခိုင်မာတဲ့ ပထမတန်းစား နိုင်ငံတနိုင်ငံ ဖြစ်လာမယ်။ ဒီအကျိုးကျေးဇူးတွေနဲ့ ကျွန်တော်တို့ အမြဲတန်း ပျော်ပျော်ရွှင်ရွှင် ခံစားနေနိုင်ကြမယ်။ ဗမာပြည်ကို တည်ဆောက်နေတာ အုန်းပင်၊ ထန်းပင် စိုက်တာနဲ့ တူတယ်လို့ ကျွန်တော်တို့ နားလည်ကြရမယ်။ အုန်းပင်က အချိန်အကြာကြီး ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့နောက်မှ အကျိုးခံစားရမယ်။ ကျွန်တော်တို့ အလုပ်ဟာ ငှက်ပျော်စိုက်သလို အချိန်တိုတိုလေးနဲ့ အသီးစားရတာ မဟုတ်ဘူး ဆိုတာလည်း ကျွန်တော်တို့ နားလည်ကြရမယ်။ ကျွန်တော်တို့ အလုပ်ဟာ ကျွန်တော်တို့ သက်တမ်းအတွင်း အကျိုးခံစားရမှာ မဟုတ်ဘူးလို့ ထင်ရင်း လွယ်လွယ်ချောင်ချောင်လေး ဆက်နေကြမယ်ဆိုရင် ကျွန်တော်တို့ ရာဇ၀င်ကျွေးမကြေဘဲ ကျန်ရစ်မှာပဲ။ ဒီအတိုင်းလုပ်ရင်တော့ ဒုစရိုက် ၅ ပါး ကျူးလွန်သူများ ကမ္ဘာတည်သရွေ့ နောက်ဆုံးအချိန်အထိ အကုသိုလ်အပြစ်ဒဏ် ခံစားနေကြရသလို ရာဇ၀င်က ကျွန်တော်တို့ကို ဒဏ်ခတ်မှာပဲ။ ကျွန်တော်တို့ ဘယ်လိုလဲ။ ကျွန်တော်တို့လည်း အဂတိမလိုက်စားတဲ့ ရာဇ၀င်တရားခုံရုံးက ပြည်သူတွေကို ကျဆုံးပျက်ဆီးအောင် လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ အကုသိုလ် အပြစ်ဒဏ်ပေးတာ ခံရမှာပဲ။ ဒီတော့ ရာဇ၀င်မှာ ရဲရင့်တဲ့ ဗမာအမျိုးသားကြီးတွေအဖြစ် မခံယူနိုင်တဲ့ ဒီလိုအောက်တန်းကျတဲ့ လူတွေ အဖြစ်ခံမလား။ ရာဇ၀င်ကို အိုးမဲသုတ်တဲ့ အောက်တန်းကျတဲ့ အညံ့စားလူတွေ အဖြစ်ခံမလား။ ဗမာအမျိုးသားများ ဒါကို စဉ်းစားကြပါ။ ကျွန်တော်တို့ အခုလွတ်လပ်ရေး ရခဲ့ကြပြီ။ ရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး တည်တန့်ခိုင်မြဲအောင် လုပ်ခြင်းဖြင့် ပျော်ရွှင်စွာ ခံစားဘို့ ကျွန်တော်တို့ ကြိုးစားကြရပေမယ်။



ဆက်ရန်

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၃)

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၅)

Tuesday, July 15, 2008

အောင်ဆန်းပေးတဲ့မြန်မာပြည်



(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
“ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
““ငါတို့ အားကိုးပါရစေ”” ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
““ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ““ ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
““ငါတို့ စွန့်ပါရစေ”” ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။


အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

““မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။””

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

icy

ကို icy ရဲ့ ကဗျာကို ကူးယူဖော်ပြသည်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*