Wednesday, August 8, 2007

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)












ကျွန်မမှာ ရှိသလောက် ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ထပ်တင်လိုက်ပါတယ်။ ဒီရက်ပိုင်း ကျွန်မ ပို့စ်အသစ်တင်ဖြစ်မယ် မထင်ပါဘူး။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံ အချို့

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)



ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

Tuesday, August 7, 2007

ဦးနာအောက်နှင့် ကျွန်မရဲ့ အမြင်



ဒီပို့စ်ဖြစ်ပေါ်လာပုံကို အရင်ရှင်းပြချင်ပါတယ်။ ခုရက်ပိုင်း ကျွန်မနေ့တိုင်းလိုလို သွားဖတ်နေတဲ့ ကိုရွက်ဝါ ဘလော့ဂ်မှာ ဦးနာအောက် ကျရှုံးမှု နှင့် တိုင်ရင်းသားများ၏ မျိုးချစ်စိတ် ဆိုတဲ့ ပို့စ်ကို မနေ့က ဖတ်မိလိုက်ပါတယ်။ ကိုရွက်ဝါက ကိုရဲမွန် ဘလော့ဂ်မှာ တင်ထားတဲ့ ဦးနာအောက်ရဲ့ စဉ့်ကူးမင်း သင်္ဘော ပုံနဲ့ ပို့စ်က ကွန်မန့်တွေကြောင့် ဦးနာအောက်ပို့စ်ကို ရေုးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီပို့စ်ကို ကျွန်မ ဖတ်မိရင်း ကိုရွက်ဝါရဲ့ ရေးသားချက်များမှ တော်တော်များများကို လက်မခံနိုင်တာနဲ့ ကွန်မန့်ရေးဖို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ ကွန်မန့်ကရှည်နေမှာရယ်၊ ပြောချင်တာတွေ များနေတာရယ်နဲ့ ကျွန်မဘလော့ဂ်မှာ ဒီပို့စ်ကိုရေးလိုက်တာပါ။

ကိုရွက်ဝါအနေနဲ့ နယ်ချဲ့ကုမ္ပဏီကို စီးပွားရေး လက်ဝါးကြီးအုပ်လိုမှု လောဘစိတ်နဲ့ အပြုတ်တိုက်တယ်လို့ သုံးနှုန်းပြောဆိုထားတာဟာ မျိုးချစ်စိတ်ပြင်းထန်စွာနဲ့
ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ခဲ့သော ဦးနာအောက်ကို (ဆန္ဒမပါသော်လည်း) တော်တော်လေး စော်ကားသလို ဖြစ်ခဲ့တယ်လို့ မြင်ပါတယ်။ သမိုင်းဆိုတာ အလကားဖြစ်ပေါ်လာတာမှ မဟုတ်ဘဲ။ သူ့ရဲ့လုပ်ဆောင်ချက်၊ စိတ်ဓာတ်တွေကြောင့်သာ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးနာအောက်ရယ်လို့ မြန်မာ့သမိုင်းထဲ ထည့်သွင်း ဂုဏ်ယူရလောက်တဲ့ထိ မှတ်တမ်းတင်ခံရတာနဲ့တင် အနည်းဆုံးတော့ သူက တော်ရုံလူမဟုတ်ကြောင်း အရင်ဆုံး မှတ်ချက်ပြုချင်ပါတယ်။

ကိုရွက်ဝါရေးထားတဲ့ ဦးနာအောက်ရဲ့ ကျရှုံးခြင်းအပေါ် သုံးသပ်ချက်တွေကို ကျွန်မတစ်ခုမှ လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းရင်းသားပြည်သူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ စီးစေချင်ရုံသာ ရည်ရွယ်ခဲ့ရင်တော့ ကိုရွက်ဝါပြောတာ အချို့ကို လက်သင့်ခံစရာ ရှိပါတယ်။ တကယ့် လက်တွေ့မှာတော့ ဒါဟာ စီးပွားရေးလုပ်နေတာမဟုတ်သလို နယ်ချဲ့ကို တဖက်တလမ်းကနေ ကိုယ်တတ်နိုင်သလောက် အနာခံ တော်လှန်နေခဲ့တာသာ ဖြစ်ပါတယ်။ တော်လှန်တယ်ဆိုတာ လက်နက်သမားကို လက်နက်မဲ့က ဘယ်လိုမှမယှဉ်နိုင်သော်လည်း ရရာလက်နက်စွဲကိုင်လို့ တိုက်နေရပါမယ်။ အနည်းဆုံး ကိုယ် အညံ့မခံ၊ အရှုံးမပေးကြောင်း တဖက်ရန်သူ သိအောင်ပြရပါမယ်။ ဒီသဘောပါပဲ။ နယ်ချဲ့နဲ့ ဦးနာအောက်တို့ရဲ့ ပြိုင်ပွဲမှာ စိတ်ဓာတ်တိုက်ပွဲ၊ ခံယူချက်တိုက်ပွဲနဲ့ ရှုံးမယ်မှန်းသိရက် ရနိုင်သမျှ နယ်ချဲ့ကို အန်တုခြင်းတွေနဲ့ တိုက်ပွဲဝင်ထားတာပါ။ သူ့မှာ စီးပွားရေးအမြင်တွေနဲ့ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။

ကိုရဲမွန်ရဲ့ဘလော့ဂ်က ကွန်မန့်မှာ ကိုjoyက "မြန်မာ အများစု မျိုးချစ်စိတ်နဲ့ အမျိုးကိုစောင့်ရှောက်သောစိတ် နည်းပါးကြောင်း" ရေးသားထားတာကို ကိုရွက်ဝါက လက်မခံခဲ့ပေမဲ့ ကျွန်မကတော့ အပြည့်အ၀လက်ခံပါတယ်။ နယ်ချဲ့ခေတ်အခါမှာသာမက ခုခေတ်မှာလည်း အဲဒီစိတ်က နည်းပါးနေတာပါပဲ။ ကိုရဲမွန်ကတော့ "ဆင်းရဲမွဲတေမှုက အိမ်ရှေ့က ၀င်လာတဲ့အခါမှာ မျိုးချစ်စိတ်က အိမ်နောက်က ထွက်သွားတတ်ပါတယ်" လို့
ကိုjoyရဲ့ ကွန်မန့်ကို ရီပလိုင်းပြန်ထားပါတယ်။

ဦးနာအောက်နဲ့ နယ်ချဲ့ကုမ္ပဏီတို့ရဲ့ သင်္ဘောပြိုင်ဆွဲမှုတိုက်ပွဲမှာ မျိုးချစ်မြန်မာပြည်သူတွေကသာ တတပ်တအားနဲ့ ပါဝင်ခဲ့ရင် ကျွန်မတို့ ဒီလို မရှုမလှ အရေးနိမ့်စရာအကြောင်း မရှိပါဘူး။ ဒီနေရာမှာ ခုခေတ်လို ဈေးကွက်စီးပွားရေးအရ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်နေကြတာ မဟုတ်ကြောင်း အရင်ဆုံး သဘောပေါက်ထားရပါမယ်။ ဒါက နယ်ချဲ့အင်္ဂလိပ်တွေကို တော်လှန်နေတာပါ။ နယ်ချဲ့တွေကတော့ ဒီသဘောကို ကောင်းကောင်း နားလည်ထားပါတယ်။ အင်္ဂလိပ်သဘောင်္ကုမ္ပဏီ တစ်ခုဆိုပေမဲ့ အဲဒီကုမ္ပဏီတစ်ခုထဲကပဲ ဒီပြိုင်ပွဲကို ဆင်နွှဲနေတာမဟုတ်ဘဲ လိုအပ်ရင်လိုအပ်သလို သူတို့တနိုင်ငံလုံးရဲ့ ချမ်းသာကြွယ်ဝမှုကိုပါ အသုံးချပြီး အနိုင်ရအောင် လုပ်ဆောင်မယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။ တကယ်တော့ ဒီပွဲမှာ ဦးနာအောက် တစ်ယောက်ထဲ စီးပွားကုန် ကျရှုံးခဲ့တာမဟုတ်ဘဲ မြန်မာတမျိုးသားလုံးရဲ့ အရှုံးဖြစ်ခဲ့တာပါ။


အဲဒီချိန်က မြန်မာပြည်သူတွေအနေနဲ့ ဦးနာအောက်ရဲ့ သင်္ဘောခက ပိုများနေရင်တောင် ကိုယ့်အမျိုးသားပိုင် ဦးနာအောက် သင်္ဘောကိုပဲ စီးသင့်ပါတယ်။ ကျွန်မပြောပြီးတဲ့အတိုင်း ဈေးကွက်အပြိုင်ရှာယူနေတာ မဟုတ်ဘဲ နယ်ချဲ့အစိုးရကို တနည်းနည်းနဲ့ လက်မခံ၊ မကျေနပ်ကြောင်း ပုန်ကန်ပြသနေတာ ဖြစ်တဲ့အတွက် ဒီတိုက်ပွဲမှာ အားလုံးတက်ညီလက်ညီ ပါသင့်တယ်ဆိုတာ နားလည်ရမယ့်ကိစ္စပါ။ ခုတော့ ဒီလိုမဟုတ်ပါဘူး။ နယ်ချဲ့ဘက်က သင်္ဘောခ ဈေးချိုတယ်ဆို နယ်ချဲ့သင်္ဘောဘက်ကို ပြုံတိုး စီးကြပါတယ်။ ဦးနာအောက်က အခမဲ့ စီးခွင့်ပြုတယ်ဆိုမှ ဦးနာအောက်သင်္ဘောဆီ ရောက်လာကြပြန်ပါတယ်။ ဟော...ဟိုဘက်က ထမင်းလည်း ကျွေး၊ ပုဝါတပိုင်းလည်း ပေးမယ်ဆိုတော့ ဟိုဘက်ကို ရောက်သွားကြပြန်ပါတယ်။ ဘယ်မှာလဲ မျိုးချစ်စိတ်။ တနေ့တာ ယာယီ ကိုယ်အလကားစားရ၊ အလကားစီးရဖို့ပဲ ကြည့်တတ်တဲ့ မြန်မာတွေရဲ့ စိတ်ဓာတ်ကိုမှ မကောင်း မပြော၊ ဘယ်သူ့ကို ပြောရမှာပါလိမ့်။ ကျွန်မလည်း ကိုယ့်လူမျိုးကိုယ် ဒီထက်လည်း ပိုမဝေဖန်ချင်တော့ပါဘူး။

နံပါတ်(၁) ဦးနာအောက် တွေးခေါ်မှုမှားတာ မဟုတ်ပါဘူး။ သူက အရိုးကြေကြေ၊ အရည်ခမ်းခမ်း စီးပွားပြုတ် နယ်ချဲ့ကို တော်လှန်သွားတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ့ကို ဝေဖန်ချင်တယ်ဆိုရင်တောင် နယ်ချဲ့စနစ်ရဲ့ သဘာဝကို နားမလည်ခြင်းနဲ့
အဲဒီခေတ်ရဲ့ စီးပွားရေးပြိုင်ဆိုင်မှုသဘောကို နားမလည်ဘဲ မျိုးချစ်စိတ်အပေါ်အခြေခံပြီး လုပ်သွားတယ် ဆိုတာပဲဖြစ်ပါတယ်။

နံပါတ်(၂) စီးပွားရေး လုပ်ငန်း လက်ဝါးကြီးအုပ်လိုမှုဆိုတာကတော့ နံပါတ်(၁)အချက်မှာတင် ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ။ သူ့အနေနဲ့ နယ်ချဲ့နဲ့အပြိုင်ကြဲပြီး စီးပွားလုရှာစရာမလို၊ တခြားစီးပွားရေးတွေလုပ်နိုင်ပါတယ်။
လုပ်နိုင်လို့လည်း တခြားစီးပွားရေးနဲ့ ပိုက်ဆံရှာခဲ့ပြီး အလုံအလောက်ရှိလာတဲ့အခါမှ နယ်ချဲ့ကို အန်တုဖို့ သင်္ဘောထောင်ပြီး ဆန့်ကျင်ခဲ့တာပါ။ ဈေးကွက်လုလို၊ လောဘတကြီး လက်ဝါကြီးအုပ်လိုလို့ဆိုတာကို လုံးဝလက်မခံနိုင်ပါဘူး။

***

ညီမ ရေးသားချက်များအပေါ် ကိုရွက်ဝါ ပြန်လည် ဆွေးနွေးချင်တယ်ဆို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

s0wha1

ဆိုင်ရာ ပို့စ်တွေ - ကိုပီတိရဲ့ ဒီရေး ဟိုရောက်၊ ဟိုရေး ဒီရောက် (၂)

Monday, August 6, 2007

တခါတခါ



တခါတခါ မႈန္ပ်ပ် အနာဂတ္တခုမွာ
သေချာခြင်း ငါ့ဘ၀ကို စတေးဖို့
နှလုံးသားက ခွင့်မပြုခဲ့ဘူး မောင်...

တခါတခါ ငါ့ဦးနှောက်မှာ ဗလာကျင်း
အချစ်တွေနဲ့သာ ပြည့်နေခဲ့ဖို့
ငါ မျှော်လင့်မိတတ်တယ် မောင်...

တခါတခါ ဆန္ဒနဲ့ဘ၀ ထပ်တူကျဖို့
မကြိုးစားရဲခဲ့တဲ့ ငါ
ညံ့ဖျင်းတယ်ဆိုလည်း မငြင်းချင်တော့ဘူး မောင်...

တခါတခါ မိုက်ရူးရဲဆန်တာကို
သတ္တိကောင်းလှချည်ရဲ့လို့
ငါ ခံယူတတ်ခဲ့ချင်တယ် မောင်...

တခါတခါ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်နဲ့
ဘ၀ကို မရှင်သန်ချင်တဲ့ ငါ
ကိုယ့်ကိုယ်ကို မုန်းတီးမိတယ် မောင်...

တခါတခါ ဆန့်ကျင်ဘက် ဘ၀ နှစ်ခု
ခေတ္တ ဆုံစည်းခြင်းကို
တသက်တာအဖြစ် မှတ်ယူလိုက်ချင်တယ် မောင်...

တခါတခါ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ရွေးချယ်ရတာလည်း
ဘ၀ရဲ့ နိယာမ တစ်ခု ဖြစ်နေတတ်တယ် မောင်...

တခါတခါ မျက်ရည်ချောင်းရိုးထဲ
ငါ့နေ့တွေ လှော်ခတ်ဖို့တောင်
အတ္တရဲ့ တားမြစ်ခြင်းကို ခံယူခဲ့ရတယ် မောင်...

တခါတခါ ချစ်လျက်နဲ့ ဝေး
ငါ့ရဲ့ ရွေးချယ်မှုကို ဟားတိုက်လို့ ရယ်မော
အားပေးခဲ့ရတယ် မောင်...

တခါတခါ ပန်းတိုင်တစ်ခုရဲ့ အဆုံးသတ်
ဘ၀နဲ့ ဦးနှောက်သာ ရှိနေခဲ့တာ
ငါ နောင်တ မရချင်ဘူး မောင်...

တခါတခါ ငါ့ရင်တွေ ကြေမွ၊ အပူရုပ်ကို ဟန်လုပ်
အပြုံးတုတွေ ဖန်ဆင်းခဲ့ပေမဲ့
တစစီဖြစ်နေတဲ့ ငါ့နှလုံးသားကိုတော့ ယုံကြည်ပေးပါ မောင်...

တခါတခါ ဖြစ်တည်မှုမဲ့၊
ရပ်တည်ချက်ကြောင့်
ငါ ယုံကြည်ရာပဲ ဆက်လျှောက်ချင်တယ် မောင်...

တခါတခါ အရှုံးအနိုင်မရှိတဲ့ ချစ်ခြင်းတရားမှာ
ကျန်ရစ်ခဲ့သူနဲ့ ထားရစ်ခဲ့သူအစား
နေရစ်ခဲ့သူပဲ ငါ ဖြစ်ချင်ခဲ့တယ် မောင်...

ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲပြောပြော
ငါ မင်းကို အရမ်းချစ်ခဲ့ပါတယ် မောင်ရယ်...

s0wha1
(06/08/07) တနင်္လာနေ့


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, August 5, 2007

မလေးရှားမှ အပြန်(၁)



လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မလေးရှားကိုအလည်သွားဖြစ်ပုံနဲ့ အဲဒီက အပြန် ကျွန်မ ခုလက်ရှိ နေနေတဲ့ ဒီနိုင်ငံအပေါ် ပိုပြီး အမြင်ကြည်လင်လာတဲ့အကြောင်းကို ရေးချင်တာပါ။ ပို့စ်ရှည်နေရင်တော့ နှစ်ပုဒ်ခွဲတင်ပါ့မယ်။

ကျွန်မ ဆယ်တန်း ဖြေပြီးခါစချိန် သူငယ်ချင်းတစ်ယောက်က အပျော်တမ်း လက္ခဏာကြည့်ပေးတယ်။ သူက ကြည့်တတ်လို့ ကြည့်ပေးတာမဟုတ်ပါဘူး။ သူ့ကိုလည်း လက္ခဏာအကြောင်း မတောက်တခေါက်တတ်တဲ့ အသိတစ်ယောက်က ကြည့်ပေးရင်း နိုင်ငံတော်တော်များများ ရောက်ဖူးမယ်လို့ ပြောတယ်တဲ့။ ပြောရရင်တော့ ကမ္ဘာပတ်ရမယ်ပေါ့လေ။ ဒါနဲ့ သူက လက်ရဲ့ ဘယ်အရေးအကြောင်းကို ကြည့်ရတာလဲ မေးခဲ့ပြီး ကျွန်မလက်က လက္ခဏာကို လာကြည့်တာပါ။ သူကပြောတယ် ကျွန်မလက်မှာ သူ့လိုမျိုး မပါဘူးတဲ့။ ဒီတော့ ကျွန်မက ခုနေနေတဲ့ နိုင်ငံကလွဲလို့ ဘယ်မှ ထပ်မရောက်တော့ဘူးဆိုလားပဲ။ သူ့စကားအရ ကျွန်မ တော်တော်လေး မကျေမနပ်ဖြစ်မိတယ်။ ဘာကိစ္စ ကျွန်မက နိုင်ငံတစ်ခုထဲပဲ ရောက်ဖူးရမှာလဲပေါ့။ အဲဒီအကြောင်းအရာက ကျွန်မ မသိစိတ်ထဲမှာ ကိန်းအောင်းနေတာ နှစ်အတော်ကြာခဲ့ပါပြီ။ သူကတော့ သူပြောခဲ့တဲ့စကား ပြန်မှတ်မိမယ်တောင် မထင်ပါဘူး။ သူက သင်္ဘောသားဖြစ်ချင်တဲ့လူဆိုတော့ သူ့ကို ဟောလိုက်တဲ့လူပြောတာ အမှန်လို့ ယူဆခဲ့သလို၊ ကျွန်မကလည်း သူ ကျွန်မကို ပြောတာ မမှန်စေရဘူးလို့ အမြဲ စဉ်းစားနေမိတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ ခုချိန်ထိ မြန်မာနိုင်ငံကနေ တဖ၀ါးမှ မခွါရသေးပါဘူး။ တခြားနိုင်ငံ သွားဖြစ်ဖို့
နောက်ဆို သူ့အတွက် ပိုမလွယ်တော့ပါဘူး။

ဒီလိုနဲ့ ကျွန်မလည်း မသွားရဘူးဆိုရင်တောင် အနည်းဆုံး အိမ်နီးချင်းနိုင်ငံတွေတော့ သွားဖြစ်အောင်သွားမယ်လို့ စိတ်ကူးထားတာ အဲဒီနှစ် တရုတ်နှစ်ကူးချိန်မှာ အကောင်အထည်ဖော်ပါတော့တယ်။ အဲဒီချိန်ဆို ဒီမှာ ၃၊ ၄ ရက်လောက် ရုံးပိတ်တယ်ဆိုတော့ ကျွန်မတို့ ခရီးထွက်ဖို့ အဆင်ပြေပါတယ်။ ဒါနဲ့ အဖေ့ကို
ဒီနှစ်ကူးရင် ကွာလာလမ်ပူကို သွားလည်ဖို့ပြောတယ်။ အိမ်ကလူတွေကလည်း ထုံးစံအတိုင်း သွားကြမယ်ပေါ့။ သူတို့က အနားနီးမှ ကပ်ဖြုတ်တတ်သူတွေပါ။ သူတို့အကြောင်း သိနေတဲ့ ကျွန်မကလည်း သွားမယ် ပြောတိုင်း စိတ်ချ၊ လက်ချ မယုံထားပါဘူး။ ဒါပေမဲ့ မလေးဗီဇာကိုတော့ တမိသားစုလုံး ယူထားပြီးကြပြီ်။ သွားချင်တဲ့ချိန် ထသွားလို့ရတော့ ကျွန်မလည်း သိပ်မပူမိပါဘူး။ နောက် ရုံးပိတ်ရက်တွေ ရောက်လာတယ်။ ကျွန်မက အဖေ့ကို မနက်ကျရင် သွားကြမယ်လေလို့ အဖေကလည်း အိုကေတဲ့။ ဒါနဲ့ အင်တာနက်မှာ ကားလက်မှတ်တွေ၊ ဟော်တယ်တွေ စုံစမ်းတော့ ကားလက်မှတ်တွေက ကုန်နေပြီဆိုတာကြီးပဲ။ အဖေက ပြောတယ် ဒီကနေ လိုင်းကားစီးပြီး Johor (မလေးရှား နယ်စပ်မြို့) ထိသွားမယ်။ အဲဒီမှာ KL ထိသွားတဲ့ ကြားကားတွေ ပေါတယ်ပေါ့။ ဒါပေမဲ့ တကယ်သွားကြတော့မယ်လည်းဆိုရော အစ်မက နေမကောင်းချင်သလိုမို့ မလိုက်တော့ဘူးတဲ့။ အမေက ပင်ပန်းမှာမို့ မလိုက်ဘူးတဲ့။ ညီမကလည်း ခရီးသွားခါနီးဆို ဂဂျီဂဂျောင်ကျတတ်တဲ့အတိုင်း မလိုက်ဘူးပဲ။ မောင်လေးကတော့ စထဲက ဘယ်လိုမှ ခေါ်မရ။ အမှန်ဆို အဖေကလည်း အင်တင်တင်။ ကျွန်မကသာ မလေးရှားကို ရောက်တယ်ဆိုရုံလေးပါ။ twin tower ရှေ့မှာ ဓာတ်ပုံရိုက်ရရင် ပြီးရော ချက်ချင်း ပြန်လာလည်း ကိစ္စမရှိဘူးဆိုပြီး အတင်းပြောနေတော့ အဖေက မငြင်းဘူး။ မနက်ကျရင် သွားမယ်လို့ ပြောတယ်။

ကျွန်မ မနက် နိုးလာတော့ အဖေက ဘာမှ မလုပ်ထားဘူး။ အဲဒီအကြောင်းလည်း မသိသလိုနဲ့ ဈေးသွားဖို့တောင် လုပ်နေသေးတယ်။ ကျွန်မလည်း တအိမ်လုံးကို တော်တော်လေး တင်းသွားတယ်။ ဒါနဲ့ စိတ်တိုတိုနဲ့ မနက်စောစောစီးစီး အိမ်ရှေ့မှာ ငိုပစ်လိုက်တယ်။:P အဲဒီတော့မှပဲ အဖေက သွားမှာပေါ့ ဘာညာနဲ့ ပြောတယ်။ နောက်ဆုံး မကြီးက သူလည်း လိုက်မယ်ပေါ့။ အဲဒီတော့ အမေကလည်း လိုက်ပါ့မယ် မငိုနဲ့ဆိုပြီး ဖြစ်ရော။ အမေနဲ့ မကြီးလိုက်ရင် သူပါလိုက်မယ်ဆိုပြီး ညီမကလည်း သွားဖို့ပြင်တယ်။ ကျွန်မကတော့ မရပါဘူး စိတ်ကကောက်ပြီဆိုတော့ အိပ်ရာပေါ် သွားထိုင်နေတယ်။ အဖေက အ၀တ်အစားတွေထည့်ဆိုလည်း မထည့်ဘူး။ မကြီးက အဖေ စိတ်မကောင်းဖြစ်မယ်၊ ဟဲ့ ထဆိုလည်း ပေကပ်နေလိုက်သေးတယ်။ နောက်တော့လည်း စိတ်မပြေတပြေနဲ့ အ၀တ်အစားတွေ ကမန်းကတန်း တွေ့ရာကောက်ထည့်ပြီး ကားငှားလို့ JB ကိုရောက်တဲ့ ဘတ်စ်ကားဂိတ်ထိ လာခဲ့ကြတယ်။

တကယ်တော့ ကျွန်မက စင်္ကာပူကို ကျော်လို့ မလေးရှားနယ်နိမိတ်ထဲထိ အရင်တခါ ရောက်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားမြို့တော်ထိ ရောက်ခဲ့တာမှ မဟုတ်တာ နိုင်ငံတစ်နိုင်ငံ ရောက်ဖူးတယ်လို့ မသတ်မှတ်ပါဘူး။ အဲဒီတုန်းကလည်း ခုလိုပဲ ရှောရှောရှူရှူ မဟုတ်ခဲ့ဘူး။ အဖေတို့အလုပ်မှာလုပ်ပြီး
JB မှာနေတဲ့ မလေးမလေးက သူတို့ မွတ်စလင်ဘာသာဝင်တွေရဲ့ ပွဲတော်နေ့မှာ သူတို့အိမ်ကို လာလည်ဖို့ဖိတ်တာနဲ့ ကျွန်မတို့ မိသားစုရယ်၊ နောက်အဖေ့အလုပ်က စလုံးလူမျိုး အပျိုကြီး ညီအစ်မရယ် အတူသွားကြဖို့ ပြင်တာပေါ့။ အဲဒီတုန်းက ကျွန်မတို့ဗီဇာယူပြီးချိန် အဖေနဲ့ မောင်လေးက မယူရသေးဘူး။ နောက်အဖေက သူတို့သားအဖ နှစ်ယောက်အတွက် ဗီဇာသွားယူမှ မောင်လေး ပက်စ်ပို့သက်တမ်းကုန်ဖို့ နှစ်ရက်ပဲလိုတော့တယ်ဆိုတာ အလန့်တကြား တွေ့လိုက်ရတယ်။ အမြဲတမ်း စည်းစနစ်ကျတဲ့ ကျွန်မအဖေ မောင်လေးပက်စ်ပို့သက်တမ်း ကုန်ခါနီးကို သတိမရတာ သူ့ကိုယ်သူ တအံ့တဩဖြစ်နေတယ်။ ဒါနဲ့ မြန်မာသံရုံးကိုပြေးပြီး အခွန်ဆောင်၊ သက်တမ်းတိုးနဲ့ အဲဒီနေ့က မလေးဗီဇာယူချိန်လည်း မရလိုက်ပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ကားနဲ့ သွားပြီး မလေးရှားအ၀င် လူဝင်မှုကြီးကြပ်ရေးမှာ ဗီဇာတောင်းရင် ရတယ်လို့ မလေးရှားကောင်စစ်ဝန်ရုံးက ပြောလိုက်တော့ အဖေနဲ့ မောင်လေးက ဗီဇာမပါပေမဲ့ ကျွန်မတို့ သွားဖြစ်ကြတယ်။

ကိုယ်ပိုင်ကား နှစ်စီးကို ငှားသွားကြတာ။ ဟိုရောက်တော့ ပေးမ၀င်ပါဘူး။ အဖေတို့ ပြန်ရတယ်။ မလေးရှားမှာက လာဘ်ထိုးရင်တော့ ရတယ်။ ဒါပေမဲ့ အဖေကလည်း မပေးရဲဘူးလေ။ နောက်တခုက စင်္ကာပူPRဆိုတော့ ဗီဇာပေးလိမ့်မယ်လည်း အစက ထင်ထားသပေါ့။:P ပြောရင်းနဲ့ ကျွန်မတို့လိုမျိုး ဖြစ်ဘူးတဲ့လူတွေလည်း ရှိတယ်။ သူကတော့ မြန်မာပက်စ်ပို့ကိုင် ဩဇီ
PRပါ။ ဒီမှာရှိတဲ့ သူ့ညီမဆီ လာလည်ဖို့လုပ်တာ သူ့ညီမက စင်္ကာပူဗီဇာယူခဲ့ဖို့ အတန်တန်မှာရက်နဲ့ သူက မလိုပါဘူးဆိုပြီး မယူခဲ့ဘူး။ ဒီလေဆိပ်ရောက်တော့ လာကြိုတဲ့ သူ့ညီမနဲ့တောင် တွေ့ခွင့်မရပါဘူး။ ဗီဇာမပါလို့ ၀င်ခွင့်မပေးတာနဲ့ ဖုန်းနဲ့ပဲ စကားပြောရပြီး စင်္ကာပူလေဆိပ်ထဲမှာ ညအိပ်လို့ နောက်တနေ့မနက်မှာ ရန်ကုန်ကို ခရီးဆက်လိုက်ရတယ်။ ရန်ကုန်က အပြန်ကျမှပဲ ဗီဇာယူပြီး ဒီကို ၀င်လည်နိုင်တော့တယ်။ ရယ်တော့ရယ်ရတယ် ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်နေကြတာပဲ။ ဩဇီPRတောင် ဖြစ်နေမှ စင်္ကာပူလိုနိုင်ငံမှာ လာနေစရာအကြောင်းမှ မရှိတာဆိုပြီး သူက ဗီဇာမပါဘဲ ၀င်ခွင့်ပေးမယ်ထင်နေတာ။ ကျွန်မတို့လည်း ဒီလိုပဲ စင်္ကာပူPRဆိုမှတော့ မလေးရှားမှာ နေစရာအကြောင်းမှ မရှိဘဲလို့တွေးတော့ အလွယ်တကူ ဗီဇာပေးပြီး ၀င်ခွင့်ပေးမယ်ထင်နေတာ။ တကယ်တော့ ဘယ်နိုင်ငံPRပဲဖြစ်ဖြစ်၊ မြန်မာပက်စ်ပို့ကြီး ကိုင်ထားတာကို မမေ့သင့်ပါဘူးဆိုတဲ့ သင်ခန်းစာတစ်ခု ရလိုက်ပါတယ်။

အဲဒါနဲ့ နောက်တော့ အဖေတို့သားအဖကို ကားတစ်စီးက လိုက်ပို့ပေးပြီး အဲဒီကားပြန်ရောက်လာချိန်မှ ကျွန်မတို့ သားအမိတတွေနဲ့ ဟိုညီအစ်မတို့က JB ကို ခရီးဆက်ကြရလေသတည်းပေါ့။ ပြီးတာနဲ့ အဖေ့အလုပ်က မိတ်ဆွေအိမ်မှာ အဖေမပါဘဲ ကျွန်မတို့တွေ စားသောက် လည်ပတ်ပြီး အဲဒီနယ်စပ်မြို့က ရှော့ပင်စင်တာ နှစ်ခုမှာ ဈေးဝယ်ပြီး ပြန်လာကြတယ်။ အဲဒီတုန်းက ဓာတ်ပုံလည်း မရိုက်ဖြစ်ခဲ့ပါဘူး။ ပြီးတော့ အဲဒီမြို့ကို လှတယ်လို့လည်း မထင်မိဘူး။

အခုတဖန် ကျွန်မတို့မိသားစု ဘတ်စ်ကားကြီးစီးလို့ ဒီနယ်စပ်မြို့ကို ထပ်ရောက်လာပြန်ပြီ။ နယ်စပ်မြို့ဆိုတဲ့အတိုင်း လူတော်တော်ရှုပ်ပါတယ်။ ကျွန်မတို့က မနက်စာ စားနေခဲ့ပြီး အဖေနဲ့ အစ်မက ကားလက်မှတ်သွားဝယ်ကြတယ်။ ပုံမှန်ဆို KL ကိုသွားရင် တစ်ယောက်ကို ကားခ ၂၅ ရင်းဂစ်ပဲရှိပေမဲ့ အဲဒီအချိန်မှာတော့ ရင်းဂစ် ၇၀ ပေးရပါတယ်။ ဒါနဲ့ ကျွန်မတို့ ကားလာတဲ့ချိန်ကိုစောင့်နေကြတာ ကားကလည်း အချိန်မတိကျပါဘူး။ ပြီးတော့ ဂိတ်မှာထိုးတဲ့ကားမဟုတ်ဘဲ ကြားကား ပုံစံမျိုးပါ။ ကားက လာချိန်တန်လျက် မလာတော့ အဖေက အလိမ်ခံရတယ် ထင်သေးတယ်။ နောက်မှ ကျွန်မတို့ဘေးနားကလူတွေလည်း အဲဒီ ကားလက်မှတ်တွေနဲ့ဆိုတော့ ဆက်စောင့်နေလိုက်ကြတယ်။ သိပ်မကြာဘူး ကားရောက်ပြီဆိုပြီး လူတစ်ယောက် လာခေါ်ရော။ ကားက လမ်းမဘက်မှာ ရပ်ထားတဲ့ ခရီးဝေးသွား ကားကြီးပါ။ ထိုင်ခုံနံပါတ်နဲ့ ထိုင်ရမယ်ထင်ထားပေမဲ့ နောက်မှ ဦးရာလူစနစ်နဲ့ ထိုင်ရမှန်း သိတယ်။ ကျွန်မတို့ သားအဖ ၃ ယောက်က နောက်ဆုံးမှာ နေရာရပြီး အမေနဲ့ အစ်မကတော့ အလယ်နားဘက်မှာ နေရာရလို့ တော်သေးတယ်။
ကျွန်မတို့လည်း ကားနောက်ဆုံးမှာ ထိုင်ရပေမဲ့ ကားလမ်းတွေက ချိုင့်ပေါက်ရာမရှိ ချောမောနေလို့ သက်တောင့်သက်သာနဲ့ စီးခဲ့ရတာတော့ မဆိုးပါဘူး။ ဘာပဲပြောပြော အစစအရာရာ စည်းစနစ်ကျတဲ့ စင်္ကာပူလိုနိုင်ငံမှာ နှစ်အတော်ကြာနေပြီးမှ ဒီလိုမျိုးတွေ ပြန်ကြုံရလို့ စိတ်ညစ်ညူးမိတာတော့ အမှန်ပါပဲ။

မလေးရှားမှ အပြန် (၂)
မလေးရှားမှ အပြန် (၃)

s0wha1

မြန်မာ Food အလွမ်းပြေ



ကျွန်မ သူငယ်ချင်းတစ်ယောက် ဘယ်ကနေ ရလာမှန်း မသိတဲ့ အစားအစာပုံတွေပါ။ မနေ့က ဂျီတော့ခ်ကတဆင့် ကျွန်မဆီ ပို့ပေးတာနဲ့ အားလုံး သရေကျပြီး လွမ်းရအောင် ကျွန်မ ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ :P













s0wha1

ကျွန်မ သူငယ်ချင်းက ပြောတယ်။ မြန်မာ့အင်တာနက်က ရတာတဲ့။

Saturday, August 4, 2007

မိန်းကလေးများနှင့် ရွေးချယ်ခွင့်



ကျွန်မ အယူအဆနဲ့ ယုံကြည်ချက်များအရ မိန်းကလေးများနဲ့ ရွေးချယ်ခွင့်ကို နည်းနည်းရေးကြည့်မယ်နော်။ အရွယ်ရောက်လာတဲ့ မိန်းကလေးအများစုက တနေ့ အိမ်ထောင်ပြုကြမှာ မဟုတ်လား။ အဲဒီအခါ အိမ်ထောင်ဘက်ကို ရွေးချယ်တာမှားရင် တသက်လုံး ပြန်ပြင်လို့ မရတတ်တဲ့အမှားအဖြစ် "အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်စုတ်ထိုး၊ ဤသုံးချက် ချက်မပိုင် နောင်ပြင်ရန် ခက်သည့်အမျိုး" လို့ စာချိုးရှိပါတယ်။ ခုခေတ်မှာတော့ ဆေးမှင်ကြောင်က လေဆာသုံးပြီး ပြန်ဖျက်လို့ ရနေပါပြီ။ နောက်ပြီး ကျွန်မ သဘောအရဆိုရင် မကောင်းတဲ့ အိမ်ထောင်ဘက်ကို တသက်လုံး စိတ်အဆင်းရဲခံ ပေါင်းသင်းနေမဲ့အစား ကွာရှင်းဖို့ကို ပိုအားသန်မိတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ ကျွန်မနဲ့ အမြင်ကွဲလွဲသူတွေ များနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အယူအဆနဲ့ ယုံကြည်ချက်ကိုသာ ရေးချင်တာဖြစ်လို့ ဘယ်သူနဲ့မှ မငြင်းခုံ၊ မဆွေးနွေးလိုပါဘူး။

မိန်းကလေးဟာ အိမ်ထောင်ဘက် ယောက်ျားကို ရွေးချယ်ရာမှာ ကိုယ့်ဘ၀အဖော်မွန်အဖြစ်သာမက ကိုယ့်သားသမီးတွေရဲ့ ဖခင်ကိုပါ ရွေးချယ်ရတာပါ။ ဒီလူ ဘယ်လောက်ဆိုးဆိုး၊ ငါ ချစ်လို့ ယူမယ် ဘာဖြစ်လဲလို့ ပြောလို့ရပေမဲ့ နောင်တချိန်မှာ ကိုယ့်ရဲ့ ရွေးချယ်မှုက သားသမီးတွေအတွက် မတရားဘူးလို့ ယူဆမိပါတယ်။ အနည်းဆုံး ဖခင်ကောင်း တစ်ယောက်ဟာ ခင်ပွန်းကောင်းလည်း ဖြစ်ပါတယ်။ ဒါက တိုက်ရိုက်အချိုးကျနေတယ်လို့ ကျွန်မ မြင်မိတယ်။ သားသမီးတွေအတွက် ဖခင်ကောင်းကို ရွေးချယ်တာနဲ့အတူ ကိုယ့်အတွက် ခင်ပွန်းကောင်းပါ ရွေးချယ်ပြီးသား ဖြစ်သွားတာပေါ့။

ဒီတော့ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ဘက်ရွေးချယ်မှုက တော်တော် အရေးကြီးတယ် ဆိုရပါမယ်။ အနည်းဆုံး ကိုယ်ကျင့်တရားကောင်းရမယ်။ လာပြန်ပြီ ဒီကိုယ်ကျင့်တရားလို့တော့ မထင်ပါနဲ့။ တကယ်တော့ လူတစ်ယောက်အတွက် အရေးပါဆုံးဟာ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားပဲလေ။ ကျွန်မပြောတဲ့၊ ဆိုလိုချင်တဲ့ ကိုယ်ကျင့်တရားဆိုတာ ကြီးကျယ်မြင့်မြတ်ပြီး လူတိုင်း မကျင့်သုံးနိုင်တဲ့ အရာမဟုတ်ပါဘူး။ ကျွန်မ ယုံကြည် သတ်မှတ်ထားတဲ့ ကိုယ်ကျင့်တရားဆိုတာ

(၁) ကိုယ့်မိသားစုကို သစ္စာရှိရပါမယ်။ ဒီနေရာမှာ ကိုယ့်မိသားစုဆိုတာ ဇနီးနဲ့ သားသမီးတွေ (လက်မထပ်ခင်တော့ ချစ်သူ)ပေါ့။ သစ္စာရှိရမယ်ဆိုတော့ မဖောက်မပြန်တာကို ပြောချင်တာပါ။ ဖောက်ပြန်တယ်ဆိုတာက မိန်းမရှိရက်နဲ့ ရည်းစားထားတာမျိုး၊ နောက်မိန်းမနဲ့ ထပ်ရှုပ်တာမျိုးပေါ့။ ဒီလို မဖောက်ပြန်ဖို့ လူတိုင်းလုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ ကိုယ်ကျင့်တရားစောင့်စည်းမှု မဟုတ်ပါဘူး။ ပြောရရင်တော့ စိတ်ဓာတ်က အဓိကပါ။

(၂) အရက်သေစာ မသောက်စားရဘူးလို့ ကျွန်မ မပြောလိုပါဘူး။ (ဖြစ်နိုင်ရင်တော့ မသောက်စားတာ အကောင်းဆုံးပေါ့လေ။) ကိုယ်ကြိုက်လို့ သောက်တာပဲဖြစ်ဖြစ်၊ မဖြတ်နိုင်တော့လို့ သောက်တာပဲဖြစ်ဖြစ်၊ သောက်ချင်လို့ သောက်တာပဲဖြစ်ဖြစ် သောက်ချင်ရင် သောက်နိုင်သော်လည်း ကိုယ့်မိသားစုကို အရှက်ရ၊ မျက်နှာငယ်စေရလောက်အောင် သောက်တဲ့ အရက်သမားမျိုးမဟုတ်ဘူးဆိုရင်တော့ သူ့ကို ကိုယ်ကျင့်တရား မကောင်းဘူး ပြောလို့မရပါဘူး။ ဒါပေမဲ့ မိန်းမအများစုကတော့ ကိုယ့်ယောက်ျား အရက်မသောက်တတ်တာကို ဂုဏ်ယူချင်တတ်ကြတာပါပဲ။

(၃) မိသားစုကို ရိုးရိုးသားသား၊ သမ္မာအာဇီဝကျကျ ရှာဖွေ ကျွေးမွေးနိုင်တာမျိုးပါ။ ဒီနေရာမှာတော့ "အူမတောင့်မှ သီလစောင့်မယ်။" "အများမိုးခါးရေ သောက်လို့ လိုက်သောက်တယ်" ဆိုတဲ့ ဆိုရိုးစကားတွေကို ယုံကြည်လက်ခံသူတွေကတော့ ကိုယ်ကျင့်တရားကောင်းတယ်လို့ ဘယ်ပြောလို့ရမလဲနော်။

ခုခေတ်မှာတော့ နံပါတ် (၃) အချက်ကို ခေတ်ကာလအရ လူတိုင်း ကျင့်ကြံနိုင်မယ်မဟုတ်ဘူးလို့ ယူဆကြမယ်ဆိုရင် ကျန်တဲ့ အပေါ်က အချက် ၂ ချက်ကိုတော့ လူတိုင်း ကျင့်ကြံနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။ အဓိကက စိတ်ဓာတ်ပါပဲ။ စိတ်ဓာတ် ဖြူစင်၊ ခိုင်မာနေဖို့တော့ လိုတာပေါ့လေ။

ဒီလောက်လေးမှ မစောင့်စည်းနိုင်တဲ့ ယောက်ျားကို မိန်းကလေးများအနေနဲ့ ချစ်သင့်၊ လက်ထပ်သင့်ပါသေးသလား။ ကျွန်မ ပြောပြီးပါပြီ ဒီလိုလူက ကိုယ့်ခင်ပွန်းသာမက တချိန်မှာ ကိုယ့်သားသမီးတွေရဲ့ ဖခင်ပါ ဖြစ်လာဦးမှာပါ။ ကိုယ့်ကြောင့် လောကအလယ်မှာ မျက်နှာမဖော်ဝံ့ ဒါမှမဟုတ် ဂုဏ်ယူနိုင်စရာမကောင်းတဲ့ ဖခင်မျိုးကို ကိုယ့်သားသမီးတွေ ပိုင်ဆိုင်ရမှာဟာ ဖြစ်သင့်ပါသလားလို့ ကျွန်မတွေးမိတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်တချက်ဟာ ကိုယ်သာမက ကိုယ့်မျိုးဆက်ကိုပါ ထိခိုက်လာနိုင်တဲ့ အပြုအမူမျိုးတော့ မိန်းကလေးတိုင်း သေချာစဉ်းစားပြီး ရွေးချယ်သင့်လှပါတယ်။ ဒီနေရာမှာ မိန်းမတွေဘက်က ပြောနေပေမဲ့ ယောက်ျားတွေအတွက်လည်း ထိုနည်းလည်းကောင်း ပြောလို့၊ တွေးလို့ရပါတယ်။ ကိုယ့်သားသမီးတွေအတွက် မိခင်ကောင်းဖြစ်ဖို့ကလည်း အရေးပါတာပဲ မဟုတ်လား။ ဒီတော့ အိမ်ထောင်ဘက်ကို ရွေးချယ်တဲ့အခါ ဒီအချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ကျွန်မ အယူအဆကို ပြောရခြင်းပါ။

ကျွန်မအရင်က ကျွန်မအိမ်ထောင်ဘက်အဖြစ် ရွေးချယ်မဲ့သူဟာ ခုနက ပြောတဲ့ အချက် ၃ ချက်နဲ့ ပြည့်စုံရုံတင်မက စာဖတ်ဝါသနာပါသူလည်း ဖြစ်ရမယ်လို့ ကျွန်မတွေးခဲ့ဖူးပါတယ်။ ကျွန်မတို့ တမိသားစုလုံး (မောင်လေးက လွဲရင်ပေါ့) စာဖတ်ဝါသနာပါကြသလို၊ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း ယုံကြည်လက်ခံကြလို့ပါ။ ကျွန်မအမေနဲ့ သူ့သူငယ်ချင်းတွေ ပြောနေကျ စကားရှိတယ်။ "သားသမီးတွေကို စာအုပ်ပုံထဲသာ ပို့ထားလိုက် ဒါဆို အပင်ပန်းခံပြီး ပြောဆိုဆုံးမစရာမလိုဘူး" တဲ့။ ဒါက မှန်သင့်သလောက် မှန်ပါတယ်။ "အလိမ္မာ၊ စာမှာရှိ" မဟုတ်လား။ ဒါပေမဲ့ ခုနောက်ပိုင်း စာဖတ်သလောက်၊ ဗဟုသုတပြည့်စုံသလောက် လမ်းလွဲရောက်၊ အတွေးအခေါ်မှားတဲ့လူတွေကို တွေ့လာရတဲ့အခါ ကျွန်မအရင်က ယုံကြည်ခဲ့တာ နည်းနည်း ယိုင်နဲ့လာပါတယ်။

စာအရမ်းဖတ်တဲ့ ကျွန်မအသိ အစ်ကိုကြီးတစ်ယောက်ဟာ စာအစုံ မဖတ်လို့ဘဲလား ဒါမှမဟုတ် ဘာကြောင့်လဲတော့ မသိပါဘူး။ သူက ဘာသာမဲ့လိုလိုဖြစ်သွားပါတယ်။ ခုလောလောဆယ် မြန်မာပြည်က မိရိုးဖလာ ဗုဒ္ဓဘာသာတွေရဲ့ အပြောအဆို၊ အရေးအသားတွေကိုလည်း လက်မခံ၊ တယူလည်း သန်ပါတယ်။ သူ့ကို ဖတ်သင့်တဲ့ စာအုပ်၊ ဗဟုသုတနဲ့ပြည့်စုံတဲ့စာအုပ်ထဲက ကြိုက်တဲ့စာအုပ်နာမည်ပြောပြ၊ သူမဖတ်ရသေးတဲ့ စာအုပ် မရှိသလောက်ပါပဲ။ (သေသေချာချာ ထပ်ပြောရရင် သူက တိုတိုထွာထွာစာတွေ ဖတ်တာမဟုတ်ဘဲ တကယ့် စာကြီးပေကြီးတွေ ဖတ်တဲ့လူပါ။) ဒီလို စာဖတ်နာတဲ့ လူတစ်ယောက်ဟာ တခါတခါ အတွေးအခေါ်ကြောင်တတ်ကြောင်း ကျွန်မ လက်ခံလိုက်ရတာ သူ့တစ်ယောက်ထဲကြောင့်တော့ မဟုတ်ပါဘူး။ နောက်ထပ် တစ်ယောက်မက ထိုနည်းလည်းကောင်း တွေ့လာရတဲ့အခါ လက်မခံချင်ဘဲ လက်ခံလိုက်ရပါတယ်။

တကယ်တော့ စာဖတ်သူတစ်ယောက်အနေနဲ့ ကိုယ်လေးစားတဲ့ စာရေးသူရဲ့ အာဘော်ဟာ ကိုယ့်အပေါ် လွှမ်းမိုးတတ်တယ်ဆိုပေမဲ့ ယူဆချက်တိုင်းကို လက်သင့်မခံဘဲ ကိုယ့်အသိဥာဏ်နဲ့ ချင့်ချိန်တွေးတောပြီး လက်ခံသင့်မှ လက်ခံ၊ ပယ်သင့်ရင် ပယ်တတ်ဖို့တော့ လိုအပ်လှပါတယ်။ မဟုတ်ရင်တော့ စာဖတ်များတိုင်း၊ ဗဟုသုတကြွယ်တိုင်းလည်း ကိုယ့်လောက်မှ အသုံးကျသူတွေ မဟုတ်ကြောင်း သဘောပေါက်လိုက်ရပါတော့တယ်။ ဘာပဲပြောပြော ခုချိန်မှာ ကျွန်မကတော့ လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ သိခြင်း၊ မသိခြင်းပေါ်မှာ မသတ်မှတ်ဘဲ ရိုးသားဖြူစင်မှုပေါ်မှာပဲ သတ်မှတ်လိုက်ပါတယ်။

တခါ ကျွန်မသူငယ်ချင်းရဲ့ သူ့သမီးလေးအတွက် ဖခင်ရွေးချယ်မှု မှားယွင်းခဲ့ပုံကို ကျွန်မအမေနဲ့ ပြောရင်း အဲဒီမတိုင်ခင် ကျွန်မသူငယ်ချင်းကို အမုန်းခံ တားမြစ်ခဲ့တာတွေ၊ တခြားသူတွေရဲ့ အဲဒီအဖြစ်နဲ့ ခပ်ဆင်ဆင်အကြောင်းအရာတွေမှာ ကျွန်မ ၀င်ပါခဲ့တာတွေပါ ပြောဖြစ်ခဲ့ပါတယ်။ ကျွန်မအမေက ပြောတယ်။ "သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့ပါ သမီးရယ်"တဲ့။ နောက်ပြီး "ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတို့ တွေ့ဆုံမှုပါ"တဲ့။ "အဲဒါကို ကိုယ်က လိုက်ပူပန်ပေးစရာမလိုပါဘူး"လို့ ပြောတယ်။ "ကိုယ်က စေတနာနဲ့ သူ့အတွက် ပြောဆိုတားမြစ်ပေမဲ့ သူက အသိကင်းလွတ်ချိန် (နည်းနည်း ခပ်ရင့်ရင့်လေး ပြောမယ်ဆိုရင်တော့ မွှန်နေချိန်) မှာ ကိုယ့်စေတနာက မတိုးတော့ဘူး"တဲ့။ "အဲလိုချိန်မှာ ကိုယ့်ကို ရန်သူလို သဘောထားတတ်တာ ဓမ္မတာပါပဲ"တဲ့။ "ဘာလို့ ကိုယ့်အချိန်တွေ အကုန်ခံနေမှာလဲ သမီး"လို့ ပြောတယ်။ အမေပြောမှ ကျွန်မ မှားသွားမှန်း သတိရတယ်။ အမှန်တော့ အမေပြောသလို ကျွန်မ အချိန်တွေ သူများအတွက် အလကားသက်သက် ဖြုန်းတီးမိခဲ့ပါတယ်။ အိမ်ထောင်သည်ယောက်ျားရဲ့ တိတ်တိတ်ပုန်းမိန်းမ ဒါမှမဟုတ် ရည်းစားပဲ ဖြစ်ဖြစ်၊ ရည်းစားလက်ရှိရဲ့ တိတ်တိတ်ပုန်း ချစ်သူပဲဖြစ်ဖြစ် (သိသိကြီးနဲ့) သူတို့ကျေနပ်လို့ ရွေးချယ်ထားတဲ့အပေါ်မှာ ကျွန်မအနေနဲ့ ဘာမှ
ဂရုဏာဒေါသနဲ့ တားမြစ်ပိတ်ပင်၊ စိတ်ပင်ပန်းခံစရာ မလိုကြောင်း အမေ့စကားတွေကြောင့် အသိမှန်၊ အမြင်မှန်ရလာတာနဲ့အတူ ခုတော့ ကျွန်မ ပေါ့ပေါ့ပါးပါး ရယ်နေနိုင်ပါပြီ။

ကျွန်မအမေ အဖေနဲ့ လက်ထပ်ပြီးခါစက အဖေ့ကို စကားတစ်ခွန်း ပြောခဲ့တယ်တဲ့။ အဲဒီစကားကတော့ "ကိုယ်ကျင့်တရားပျက်တာကို ဘယ်တော့မှ လက်မခံနိုင်ဘူး။ ပြီးတော့ ကျွန်မ ခွင့်လွှတ်ရတာကို ၀ါသနာမပါဘူး" တဲ့။ သေချာတာက ကျွန်မအဖေကြောင့် အမေ ဘယ်တုန်းကမှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ရ၊ စိတ်မဆင်းရဲခဲ့ရသလို၊ ကျွန်မတို့အတွက်လည်း အမြဲ ခေါင်းမော့ ၀ံ့ကြွားနေရတဲ့ ဖခင်ကောင်းတစ်ယောက်ကို ရရှိခဲ့တာပါ။ အင်း... ကျွန်မအမေကတော့ သူ့သားသမီးတွေအတွက် ဖခင်ကောင်း၊ သူ့အတွက် ခင်ပွန်းကောင်းကို တာဝန်ကျေပွန်စွာ ရွေးချယ်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ အလှည့်ကျရင်ရော ဒီတာဝန်ကို ကျေပွန်နိုင်ပါ့မလား။ ဘာပဲပြောပြော ဒီရွေးချယ်ခွင့်ကတော့ ကျွန်မတို့လက်ထဲမှာ ရှိနေဆဲပါ...။

s0wha1

Friday, August 3, 2007

တွေးချင်ရာတွေး ရေးချင်ရာရေး (၃)



ကျွန်မ ခုရက်ပိုင်း တွေးနေမိတာကတော့ ၀ဋ်လည်ခြင်းဆိုတာကိုပါပဲ။ တကယ်တော့ ၀ဋ်လည်တယ်ဆိုတာ ကိုယ်ပြုလုပ်တဲ့ ကံအတိုင်း ပြန်ခံရတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲဒီ ၀ဋ်လည်ခြင်းမှာ အကြမ်းဖျင်းအားဖြင့် လက်ငင်းအကျိုးပေးတာနဲ့ ကာလ အတန်ကြာမှ ဒါမှမဟုတ် နောင်ဘ၀မှ အကျိုးပေးတာဆိုပြီး နှစ်မျိုး ရှိတယ်လို့ ကျွန်မ သိထားတယ်ပေါ့။ အဲဒါကို ယုံကြည်လားလို့ ကျွန်မကို လာမေးရင် ဘယ်လို ဖြေရမှန်းကို မသိဘူး။ ဘာလို့လဲဆိုတော့ ကြီးကြီးကျယ်ကျယ် အမှားတွေလုပ်၊ သူတပါးကို မကောင်းတာ အားရပါးရ လုပ်ထားကြတဲ့လူတွေကျ ကိုယ့်ရှေ့မှာ ပြန်ဝဋ်လည်သွားတာ ရှားတယ်။ အမှားသေးသေးလေး ဘာမဟုတ်တာလေးလုပ်ပြီး ဥပမာ သူများကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ကဲ့ရဲ့မိတာမျိုးကျ ချက်ချင်းဝဋ်လည်တတ်တယ်ဆိုတော့ မတရားသလိုပဲ ခံစားမိတယ်။

ပြောရရင်တော့ ကျွန်မဆို ခဏခဏ ၀ဋ်လည်တယ်။ အများအားဖြင့်လည်း ကြုံဖူးကြမှာပါ။ ကိုယ်က စိတ်ထဲက ဒီလောက်လည်း မပါ၊ သူများ ထိခိုက်နစ်နာ လောက်အောင်လည်း မဟုတ်ဘဲ ပြောမိ၊ တွေးမိပြီးမှ သိပ်မကြာဘူး ကိုယ့်မှာ လာဖြစ်တာမျိုးပေါ့။ ကျွန်မ မှတ်မှတ်ရရဖြစ်စေတဲ့ ၀ဋ်လည်တာကတော့ မျက်နှာမှာ ၀က်ခြံပေါက်ခြင်းလို့ ပြောရမယ်။ အခုတော့ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က အဖြစ်အပျက်ပါ။ ကျွန်မ မျက်နှာက ဘာအဖုအပိန့်မှ မပေါက်တတ်ဘူး။ အဲဒါကိုလည်း တော်တော် ဂုဏ်ယူခဲ့ပါတယ်။ သနပ်ခါး အရမ်းကြိုက်တဲ့ ကျွန်မ သနပ်ခါးကလွဲပြီးလည်း ဘာမှ လိမ်းလေ့ သိပ်မရှိပါဘူး။ မျက်နှာမှာ ပေါက်တဲ့အဖုကို ၀က်ခြံမှန်း မသိရလောက်အောင်ကို ၀က်ခြံက ပေါက်ခဲပါတယ်။ ပေါက်ရင်လည်း တစ်လုံးလောက် ပေါက်ပြီး တစ်ရက်၊ နှစ်ရက်နေရင် သူ့အလိုလို ပျောက်သွားတယ်။ အမာရွတ်တွေ၊ အမည်းစက်တွေ ဘာညာလည်း ကျန်မနေတတ်ဘူး။

ဒီနိုင်ငံက လူတွေကတော့ မျက်နှာမှာ တော်တော် ၀က်ခြံပေါက်ကြတယ်။ တစ်မျက်နှာလုံး ရဲ နေအောင်ကို ပေါက်ကြတာပါ။ အဲလို ၀က်ခြံအပြည့်နဲ့ မျက်နှာကို မြင်ရရင် စိတ်ထဲမှာ ရွံသလို၊ မသတီသလို ခံစားရတယ်။ တမင်သက်သက် လုပ်ယူတာလည်း မဟုတ်ပါဘဲနဲ့ အဲဒီလို ဖြစ်တတ်တာ ကောင်းတော့ မကောင်းဘူးပေါ့လေ။ တစ်ရက်တော့ ကျွန်မသူငယ်ချင်းတစ်ယောက်က အဲလိုပဲ ၀က်ခြံတွေ ပေါက်နေတယ်။ ကျွန်မကလည်း အငြိမ်မနေဘဲ စိတ်ထဲကလည်း သိပ်မပါဘဲနဲ့ "ဟင်...နင့်မျက်နှာကလည်း ၀က်ခြံတွေနဲ့ ငါ့မျက်နှာက ဘယ်တော့မှ ၀က်ခြံမပေါက်ဘူး" လို့ ပြောဖြစ်တယ်။ ပြီးတော့ ကားတစ်စီးပေါ်မှာ အဲလို ၀က်ခြံအပြည့်နဲ့ ဒီနိုင်ငံသား တစ်ယောက်မျက်နှာကို အနီးကပ် တွေ့ရတဲ့အခါ စိတ်ထဲကနေ "အမလေး...ကြောက်စရာကြီး" ဆိုပြီး ဖြစ်သွားတယ်။ တကယ်လည်း လန့်သွားတာပါ။

ဒါပေမဲ့ အဲဒီလိုမျိုးတွေနဲ့ မရှည်မနှောင်းမှာပဲ ကျွန်မမျက်နှာ မယ်ကုဝံထက် ဆိုးတဲ့အဖြစ်ကို ရောက်လာပါရောလား။ ဖြစ်ပုံက ဒီလို။ Expiry Date ကုန်နေတဲ့ မျက်နှာသစ်ဆေးရည်ကို နှမြောတသစွာနဲ့ သုံးမိရာက စတာပါပဲ။ အဲဒီမျက်နှာသစ်ဆေးရည်က ဘယ်တုန်းက ၀ယ်ထားမှန်း မသိဘဲ၊ ဘယ်ချောင်ကနေ ပြန်တွေ့မှန်းလည်းမသိဘဲ ကျွန်မတို့ ရေချိုးခန်းထဲကို ရောက်လာတယ် (ကျွန်မအထင်တော့ အမေ့လက်ချက်ဖြစ်မယ်...:P)။ ဗူးကလည်း လုံးဝမသုံးရသေးတဲ့ အသစ်၊ သက်တမ်းကုန်မဲ့ရက်ကို ရှာတော့လည်း ရှာမတွေ့။ ဒါနဲ့ ကျွန်မအစ်မတွေ သုံးနေတဲ့ ဗူးထဲက မသုံးဘဲ အဲဒါကိုပဲ တစ်ယောက်ထဲ အမိုက်ခံသုံးမိပါတယ်။ ဒီဗူးသက်တမ်း ကြာနေပြီဆိုတာတော့ စိတ်ထဲ စနိုးစနောင့် ဖြစ်မိတယ်။ စိတ်ထင်လို့လား မသိပေမဲ့ မျက်နှာသစ်နေရင်း ဆေးရည်တွေက ၀ါတာတာ ဖြစ်နေသလိုပဲလို့ တွေးမိတယ်။ ဒါပေမဲ့လည်း နှမြောလွန်းလို့ ကျွန်မတစ်လနီးပါးသုံးလိုက်သေးတယ်။ တကယ်ဆို ဒီလို မျက်နှာသစ်ဆေးရည်တွေ၊ အလှပြင်ပစ္စည်းတွေက ကျွန်မ အစ်မက ဒိုင်ခံဝယ်တာပါ။ ခုလို ကိုယ့်ဟာကိုယ် ၀ယ်စရာမလိုတာတောင် ဘာကိုမှန်းမသိ ကျွန်မ ကပ်စေးနဲမိတဲ့အဖြစ်။

နောက်ဆုံး တစ်လလောက်ကြာတဲ့အချိန်မှာ ကျွန်မမျက်နှာ အဖုတွေ ပေါက်လာလိုက်တာ နေရာလပ်မရှိဘဲ။ နီနီရဲရဲလေးတွေ၊ ပုံစံမျိုးစုံနဲ့။ တစ်ဖုပျောက်ရင် နောက်တစ်ဖု၊ နောက်တစ်ဖုနဲ့ အလှည့်ကျ ပေါက်လာလိုက်တာ ကျွန်မလည်း သနပ်ခါးလိမ်းရုံကလွဲလို့ ဘာမှ မတတ်နိုင်။ အဲဒီမျက်နှာသစ်ဆေးဗူးတော့ လွှင့်ပစ်လိုက်ပြီး အစ်မတွေသုံးနေတာကို ပြောင်းသုံးလိုက်တယ်။ တနေ့၊ တနေ့ အိမ်ကလူတွေလည်း ကျွန်မမျက်နှာကို ကြည့်ရတာ စိတ်မချမ်းသာကြဘူး။ အဖေဆို ကျွန်မမျက်နှာ ပြန်မှ ကောင်းပါ့မလား စိတ်ပူရှာတယ်။ ဒီလိုနဲ့ တစ်လကျော် ကြာတယ်။ နောက်ပိုင်းတော့ ၀က်ခြံဖုက နည်းသွားတယ်။ ဒါပေမဲ့ ပေါက်နေတုန်းပါပဲ။ သုံးလကျော်ကြာမှ အရှင်း ပျောက်သွားတော့တယ်။ အဲဒီတုန်းက အပြင်ထွက်ရမှာလည်း ရှက်၊ ကိုယ့်မျက်နှာမြင်ပြီး သူများတွေ လန့်မှာ၊ ကဲ့ရဲ့မှာလည်း ကြောက်နဲ့ တော်တော် ဆိုးပါတယ်။ ဒါတောင် ကျွန်မ သူများတွေကို စိတ်ထဲက ပါလွန်းလို့ ပြောခဲ့တာလည်းမဟုတ်၊ ပစ်ပစ်နှစ်နှစ် ကဲ့ရဲ့ခဲ့တာလည်း မဟုတ်။ ဘာပဲဖြစ်ဖြစ် တော်တော်တော့ နောင်ကျဉ်သွားပါတယ်။ ခုဆို သူများမျက်နှာ ဘယ်လိုဖြစ်ဖြစ် ဘာခံစားချက်မှကို မရှိတော့ဘူး။

နောက်ထပ် ကိုယ့်ကိုယ်ကို စမ်းစစ်မိတာတခုကတော့
ခုတလော ကျွန်မ ရန်အရမ်းဖြစ်နေတယ်ဆိုတာပါပဲ။ မှတ်မှတ်ရရ အွန်လိုင်းမှာ ကျွန်မတစ်ယောက်ထဲ ဒိုင်ခံရန်ဖြစ်လာတာ ၆ လလောက်ရှိပါပြီ။ ဖိုရမ်တွေမှာဖြစ်လိုက်၊ ဘလော့ဂ်က ကွန်မန့်တွေမှာဖြစ်လိုက်၊ စီဘောက်တွေမှာ ဖြစ်လိုက်နဲ့။ ဖြစ်သမျှကိစ္စတွေကလည်း ကိုယ်နဲ့ သိပ်မဆိုင်တဲ့ ကိစ္စတွေကြီးပဲ။ သူများရှေ့က အမိုက်ခံပြီး လိုက်ရန်ဖြစ်ပေးတာက များတယ်။ တကယ်ဆို ကျွန်မက ရန်ဖြစ်ခဲပါတယ်။ အွန်လိုင်းမှာဆို ပိုဆိုးပေါ့။ ခုနောက်ပိုင်းမှ ဘယ်လိုဖြစ်နေပါလိမ့်လို့ တွေးမိတယ်။ ကျွန်မက စွာတယ်။ ဒေါသကြီးတယ်။ စိတ်ဆိုး၊ စိတ်တိုမြန်တယ်။ လုံးဝစိတ်မရှည်တတ်။ ကိုယ့်ပြောရင် ချက်ချင်းလက်ငင်း ပက်ခနဲ ပြန်ပြောဖို့ ၀န်မလေးတတ်။ (အားနာရတဲ့လူဆိုရင်တော့ ချက်ချင်း ပြန်မပြောတတ်ပါဘူး။ တနုံ့နုံ့တွေးပြီးမှ စိတ်တိုလာတတ်တာ...:D) ဒါပေမဲ့ ကျွန်မ လူတွေနဲ့ ပြဿနာဖြစ်ခဲတယ်။ ပြင်ပလောကမှာလည်း ကျွန်မနဲ့ ကတောက်ကဆ ဖြစ်တဲ့လူ ရှားတယ်။ မရှိသလောက်လို့ ပြောရင် ပိုမှန်မယ်။ ကျွန်မရဲ့ အပေါင်းအသင်းတွေက ကောင်းကြတာလည်း ပါမှာပေါ့လေ။ နောက်ပြီး ကျွန်မက ဘာကိုမှ စိတ်ထဲမထားတတ်၊ ကိုယ်နဲ့ ကီးမကိုက်၊ ကိုယ့်အယူအဆနဲ့ မကိုက်တဲ့လူဆို ဆက်ပေါင်းမနေဘူး။ သူ့ကိစ္စလည်း စိတ်မ၀င်စားတော့ဘဲ မေး၊ ထူး၊ ခေါ်၊ ပြောနဲ့ ပြီးသွားတယ်။ ဘာပဲပြောပြော ကိုယ့်စိတ်ထဲလည်း ဘာမှမရှိ၊ ကိုယ့်လည်း လူမုန်းမများ၊ ကျွန်မ မုန်းတဲ့လူလည်း မရှိနဲ့ အခု အသက် ၂၅ နှစ်ကျော်ထိ လူတွေနဲ့ ကြီးကြီးမားမားပြဿနာ မဖြစ်ခဲ့ဖူးဘူး။

ခုကျ အဲလိုမဟုတ်ဘူး။ စိတ်ကလည်း လက်တဆစ်ပဲ ရှိတဲ့ကျွန်မ ခုလို အွန်လိုင်းမှာ သူများကိစ္စ ၀င်ဝင်ပါနေတော့ လူမုန်းများလာတယ်။ ကျွန်မအတွက် လူမုန်းများတာက ကိစ္စမရှိပါဘူး။ ကျွန်မ နစ်ခ်အတိုင်း so what ??? ပေါ့။ ပြီးတော့ dont care ပါပဲ။ အဲလို ကိုယ့်ကို သူများမုန်းတာ အရေးမဟုတ်ပေမဲ့ ကျွန်မကပါ လူတွေကို အမြင်ကပ်လာ၊ ကြည့်မရဖြစ်လာတာကတော့ ကျွန်မအတွက် ပြဿနာပါပဲ။ ပြီးတော့ လူတွေကိုလည်း အယုံအကြည်မရှိ ဖြစ်လာတယ်ဆိုတော့ ဒါက ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ ကျွန်မ လူတွေကို အမြင်ကပ်တော့ စိတ်ရှုပ်လာတယ်၊ ဒေါသတွေထွက်မိတယ်။ ဒီလူအချင်းချင်းမှ မယုံကြည်ရဘူးဆိုတော့ ပျော်လည်း မပျော်တော့ဘူး။ တကယ်ဆို မုန်းတီးမှုဆိုတာက မကောင်းပါဘူး။ ဘာအတွက် ကိုယ့်စိတ်ကိုယ် အပင်ပန်းခံနေမလဲ ကျွန်မ စဉ်းစားရတော့မယ်။ အဲဒီတော့ ကျွန်မတွေးမိတာက အရင်လိုပဲ ကိုယ်မကြိုက်ရင် အဆက်အဆံ ထပ်မလုပ်ရုံကလွဲလို့ သူများအတွက် ပူပန်ပေးမနေဘဲ ကိုယ့်ဟာကိုယ် အေးအေးသက်သာလေး နေတာပဲ ကောင်းပါတယ်လေလို့။

ဒီကြားထဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်ပြီး စိတ်ကူးနဲ့ ရူးနေသူတွေက တမျိုး။ ညက ဒေါသအထွက်လွန်ပြီး တော်တော်နဲ့ကို အိပ်မရဘူး။ ကျွန်မ သူငယ်ချင်းတစ်ယောက်ကလည်း ပြောတယ်... ဘ၀င်ရူးတွေက ကုရာနတ္ထိ ဆေးမရှိတဲ့။ ကျွန်မမှာ ကိုယ့်ခံစားချက်နဲ့ကိုယ် လွမ်းတာတောင် ကောင်းကောင်း မလွမ်းရ။ ကျွန်မရဲ့ အလွမ်းလေးတွေကို ဘာမဆိုင်၊ ညာမဆိုင်လူက သူ့ပြောတယ် ထင်ရသေးတယ်။ ကိုယ့်ဖီးလ်လေးနဲ့ကိုယ် သီချင်းလေးတွေ တင်ထားတာကိုလည်း သူ့ကို ရည်ရွယ်တယ် ထင်နေတယ်။ သူပြောမှ ကျွန်မတောင် အူကြောင်ကြောင် ဖြစ်သွားတယ်။ သီချင်းလေးတွေကိုလည်း အားနာမိတယ်။ ကျွန်မလွမ်းနေတဲ့ သူအတွက်လည်း စိတ်မကောင်းဖြစ်သွားတယ်။ သီချင်းခေါင်းစဉ်နဲ့ စာသားတွေကို သေချာကြည့်တော့လည်း အဲဒီလူနဲ့လားလားမှ မပတ်သက်၊
စကားတောင် ဟက်ဟက်ပက်ပက် မပြောပါဘဲလျက် ဟိုနား၊ ဒီနား အတူသွားဖူးရုံနဲ့ ဘာလို့ ဒီလိုထင်ပါလိမ့်လို့ ကျွန်မလည်း တွေးလို့မရ၊ လိုက်လို့မမှီအောင် ဖြစ်သွားတယ်။ တသက်နဲ့ တကိုယ် ဒီလောက် ကြောင်တဲ့လူ တခါမှ မတွေ့ဖူးခဲ့ဘူး။ ဒီလူ စိတ်မှ ကောင်းသေးရဲ့လားလို့တောင် တွေးမိတယ်။ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးတာက ငါ့ဘလော့ဂ်လေးမှာ ငါ့ဟာငါတောင် အေးအေးဆေးဆေး မလွမ်းရဘူးဆိုတာလည်း အရင်ဘ၀က၀ဋ် ခုမှ လည်တာများလား မသိဘူးလို့။

တွေးချင်ရာတွေး၊ ရေးချင်ရာရေးဆိုတဲ့အတိုင်းပဲ ကျွန်မစိတ်ထဲ ရှိတာတွေ ရေးချလိုက်ပြန်ပါပြီ။ ဘာပဲပြောပြော စိတ်ပေါ့သွားအောင်သာ ရေးလိုက်တာ။ ပြောချင်ရာ ပြောထားလို့
ဖတ်ပေးတဲ့လူတွေကိုတော့ အားနာမိပါတယ်။

s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*