Friday, March 19, 2010

ရင်ဖွင့်ဖော်



အသက်အရွယ် ရလာတာနှင့်အမျှ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်ဆိုတဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆိုတာမျိုး မရှိတဲ့ ကိုယ့်ဘ၀ကိုယ် စိတ်ပျက်စပြုလာတယ်။ တကယ်တော့ လူတစ်ယောက်မှာ ကိုယ်ကိုယ်တိုင်လောက်နီးနီး ယုံကြည်ရသော သူငယ်ချင်း တစ်ယောက်ရှိရင် သေရကျိုးနပ်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်စကားကို လက်ခံလာမိပြီ။

ကျွန်မဆိုတဲ့ ကျွန်မက အမြဲတမ်း ကိုယ်လုပ်ချင်ရာကိုသာ လုပ်ခဲ့သူ။ စိတ်အလိုလိုက်သူ။ ရှေ့နောက် မကြည့်ဘဲ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာကိုသာ လုပ်နေသူ။
တခုခု လိုချင်ပြီဆို မစဉ်းစား မချင့်ချိန်ဘဲ ချက်ချင်းရအောင် ကြိုးစားတတ်သူ။ ပြီးရင် နောင်တတွေကြားက ရုန်းမထွက်နိုင်သူ ။ တကယ်တော့ မလုပ်သင့်၊ မလုပ်ထိုက်မှန်း သိရက်နဲ့ ကိုယ့်စိတ် ကိုယ်မနိုင်။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို တခေါင်းလုံးက ဆံပင်တွေ ဖွေးဖွေးဖြူအောင် စဉ်းစားနေတတ်ပြီး ကိုယ့်ကိုယ်ကို ထိန်းနေတဲ့ကြားက သတိတချက်အလွတ်မှာ ကိုယ့်ဆန္ဒကိုယ်သာ ရှေ့တန်းတင်ဖြစ်နေတဲ့ တဇွတ်ထိုးဆန်သူ။ အဲဒီတော့ ဘာဖြစ်လဲ။ ပျော်ရွှင်မှု ၁ ပဲသားအတွက် စိတ်ဆင်းရဲမှု ၁ ပိဿာနဲ့ အမြဲလို လဲလှယ်ရတတ်တယ်။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် နောင်တမရဘူးဆိုတာ မရှိ။ အမြဲလိုလည်း နောင်တရတတ်တယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်ရာ လုပ်နေဆဲ။

အဲဒီအခါ အမြဲလို ၀မ်းနည်းရ၊ ငိုရ၊ စိတ်အားငယ်ရ၊ စိတ်ဆင်းရဲရတတ်တာ မဆန်းတော့။ ကျွန်မကိုယ်တိုင်က ဒုက္ခတွေကို ဖိတ်ခေါ်နေသူ မဟုတ်လား။ ကိုယ်တစ်ယောက်တည်းတင်မဟုတ်၊ ကျွန်မပတ်ဝန်ကျင်းကသူတွေကိုပါ အမြဲလို စိတ်ဒုက္ခတွေ ပေးတတ်သူ။ ကျွန်မ လူကောင်းမဟုတ်တာတော့ သေချာပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းမှန်း သိရက်နဲ့၊ ကိုယ့်လုပ်ရပ်တွေ မှားမှန်း သိရက်နဲ့ ကျွန်မ ဘာလို့ ရှေ့ဆက်တိုးနေမိသလဲ ကျွန်မကိုယ်တိုင်လည်း နားမလည်နိုင်တော့။ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့လည်း ခုချိန်ထိ ကျွန်မ မစဉ်းစားမိသေး။

ဒါပေမယ့်လည်း ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်မနဲ့ ထပ်တူထပ်မျှ မခံစားပေးနိုင်ရင်တောင် သူတပါးဒုက္ခကို စိတ်တွင်းက ၀မ်းသာမနေသော၊ ကဲ့ရဲ့ရှုံ့ချမနေသော၊ ဝေဖန်ပြစ်တင်မနေသော၊ နောက်ကွယ်မှာ အတင်းပြောမနေသော အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်လောက် ကျွန်မ လိုချင်နေမိတယ်။


s0wha1
(၁၉၊ ၀၃၊ ၂၀၁၀)

Print this post

7 comments:

မေငြိမ်း said...

အရင်းနှီးဆုံးမိတ်ဆွေဆိုတာ အနီးဆုံးရှိနေဖို့ လိုသလား.. အရွယ်တူဖို့လိုသလား.....။
အင်း... တကယ်တော့ ဘာသာစကားတူ.. ခေါင်းစဉ်တူ.. စိတ်တူဖို့ပဲ လိုတယ်ထင်ပါရဲ့...။

Sint Si said...

My best friend and I live in world apart now. We grow up in different country, life style and culture.Our relationship grows stronger every year. It's been more than 15 years. Sometime the differentness can makes you closer.
Cheers!

ခင်မင်းဇော် said...

ဒီလောက်ပျော်စရာ မိသားစုနဲ့နေရတဲ့ဘ၀မှာ ဘာက စိတ်ညစ်စရာဖြစ်နေရတာတုန်းးးးးးးးး
ကိုယ့်ထက်ဆိုးတဲ့ ဘ၀တွေကို ပြန်ငုံ့ကြည့်လိုက်ပါ။

mabaydar said...

သူငယ်ချင်းကောင်းဖြစ်ဖို့ ကိုယ်ကလဲ သူ့ကို ယုံကြည်ဖို့ ကောင်းဖို့လိုတယ်... sowha1 က မကောင်းဖူးလို့ပြောတာမဟုတ်ဘူးနော်... ဘာလို့လဲဆိုတော့ ဒါတွေက လုပ်ယူလို့မရဘူးလေ... အသက်ကြီးလာတာနဲ့ အမျှ သံသယတွေများလာတယ်လေ... ကိုယ်ဘယ်လောက် ကြိုးစား ကြိုးစား ကိုယ့်စိတ်ထဲက သံသယက မသိစိတ်မှာ ရှိနေမှာပဲ... သူ့ကို ကိုယ်ကတောင် မယုံကြည်နိုင်လို့ ကိုယ့်အကြောင်းတွေကို မပြောပြချင် ရင်မဖွင့်ချင်တာ... သူကရော ကိုယ့်ကို ယုံကြည်ပါ့မလား...

မဗေဒါမှာတော့ မဗေဒါ ယုံကြည်ပြီး ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်... ဒါပေမဲ့ သူကတော့ သူ့အကြောင်းကို မဗေဒါကို သိပ်မပြောပါဘူး... ဒါပေမဲ့ ဘာလို့လဲတော့ မသိဘူး... သူ့ကိုဆို ရင်ဖွင့်ချင်တယ်... ပြောပြချင်တယ်... သူပြန်မပြောပြလို့ မဗေဒါ စိတ်မဆိုးဘူး... သူ့အတွက်ဆို ကိုယ်က ရှိပေးချင်တယ်... သူက ကိုယ့်ကို အကူအညီလာတောင်းရင်တောင် ကိုယ်က ၀မ်းသာနေတတ်တယ်... ဒီတော့ သူကိုယ့်ကို ယုံယုံမယုံယုံ မဗေဒါဘက်ကတော့ သူနဲ့ တွေ့တဲ့အချိန်မှာ ပျော်နေတယ်... လွတ်လပ်နေတယ်... ပေါ့ပါးတယ်... ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံရေးအပေါ်မှာ ထားတဲ့ သဘောထားနဲ့ ခံယူချက်က အဲဒိလူပေါ်မှာပဲ မူတည်နေတယ်လို့ မဗေဒါထင်တယ်... မဗေဒါလဲ လူတိုင်းကို အဲလို ခံစားပေးလို့မရပါဘူး... မဗေဒါလဲ စကာင်္ပူမှာ sowha1 ခံစားရသလိုပဲ တစ်ခါတစ်လေခံစားရပါတယ်... ဒါပေမဲ့ သူတို့ကို ကိုယ်က စပြီး ကောင်းကြည့်လိုက်ပါ...

cham said...

i am proud of what have u done for others .i read and like the story which u have written.for u""i dont want u to regret anymore.u will regret whatever u did if u can't control six senses.what i wanna recommend is "do concentration" as long as u can.for example,u have a wild dog and u wanna go somewhere with him . u will have to follow him if u r not strong enough to control him .i hope u will see .6*3=18*3=54*2=108.that mean consequance of 6 senses is 108 feeling. In Parli called waydanetkhandar 108

thatoemaharbandula said...

ယုံကြည်စမ်းပါ မင်းရဲ့ ရင်ဖွင့်ဖော်ဆိုတာ မင်းကိုယ်မင်းပါဘဲ ဘယ်သူကိုမှရင်ဖွင့်စရာမလိုပါဘူးကွယ် မင်းရင်ဖွင့်လိုက်တဲ့သူက မင်းကိုသတ်ဘို့ မျှားတစ်စင်း မင်းပေးလိုက်ရတာပါဘဲ မင်းဟာလူသားတစ်ယောက်....ဗေဒါပင်လို ရေစုန်ရေဆန် ရေခေါ်ရာ မပါစေနဲ့  ......

s0wha1 said...

thanks for all of ur comments...

thatoemaharbandula ရေးတဲ့ ကွန်မန့်ကို သဘောကျတယ်... ကျွန်မ အယူအဆနဲ့ တူနေလို့ပဲ။ ကျေးဇူးတင်ပါတယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*