Thursday, March 20, 2008

ဘ၀ လက်တွဲဖော်



မချစ်လေပြေက ကျွန်မကို လက်တွဲဖော် အကြောင်းရေးဖို့ တက်ဂ်ထားတာကြာပြီ။ ဒါပေမဲ့ ကျွန်မက ဘာရေးရမှန်းမသိလို့ ခုမှ ရေးဖြစ်တာ။ မလေပြေက အွန်လိုင်းလည်း မတက်၊ သူ့ဘလော့ဂ်ကိုလည်း ပိတ်ထားတော့ ဘယ်လိုရေးထားမှန်း မသိရ ဖြစ်နေရာက နောက်ဆုံး ဖုန်းနဲ့ မက်ဆေ့ခ်ျပို့ပြီး လှမ်းမေးလိုက်ရတော့တယ်။ အဲဒါနဲ့ ကိုစိုးထက်မနုစံမလေးမ စတဲ့ ဘလော့ဂါတွေရဲ့ ပို့စ်တွေ ဖတ်ပြီးသကာလ ကိုယ်ရေးချင်တာ ကောက်ရေးမိပါတယ်။


ဘ၀လက်တွဲဖော်ဆိုတာကို ဘယ်လို စိတ်ကူးနဲ့ စဉ်းစား ရွေးချယ်မလဲဆိုတာ တော်တော် ဖြေရခက်တယ်။ ဘာလို့လဲဆိုတော့ ဘယ်တုန်းကမှ သေချာ မစဉ်းစားမိလို့ပဲ။ ဒါပေမဲ့ ကိုယ့်ချစ်သူက ဘယ်လိုမျိုး ဖြစ်ရမယ်ဆိုတာမျိုးတော့ ၁၉၊ ၂၀ အရွယ်တုန်းက တွေးမိတာလေးတွေ ရှိတယ်။ ခပ်ငယ်ငယ် အရွယ်က အတွေးတွေဆိုတော့ (ကျွန်မအတွက် ခုချိန်ထိ သိပ်မပြောင်းလဲသေးပေမဲ့) သူများတွေအတွက် ရယ်စရာ ဖြစ်နေမလားပဲ။

အမှတ်စဉ်ထိုးပြီး ကျွန်မ ချရေးထားပေမဲ့ အားလုံးဟာ တပြေးညီထဲ ကျွန်မ တန်ဖိုးထားတဲ့အရာတွေပဲ ဖြစ်ပါတယ်။ အမှတ်စဉ် ၁ က အရေးအကြီးဆုံး မဟုတ်သလို အမှတ်စဉ် ၉ ကလည်း အရေးသိပ်မပါတာမျိုး မဟုတ်ပါဘူး။

၁။ ကျွန်မ ချစ်သူက လက်ရေး လှရမယ်။
ကျွန်မ ကိုယ်တိုင်က လက်ရေးမလှပေမဲ့ ကျွန်မချစ်သူ/ဘ၀ လက်တွဲဖော် ကိုတော့ လက်ရေးလှတဲ့သူပဲ ဖြစ်စေချင်ပါတယ်။ ကိုယ့်ချစ်သူစာလေး ဖတ်ပြီး ကြည်နူးရမဲ့အစား လက်ရေးစုတ်နဲ့စာတွေကို မနည်း လိုက်ဖတ်နေရမယ်ဆိုရင် မနိပ်သေးဘူးလို့ တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကံကောင်းပါတယ်။ လက်ရေးလှတဲ့သူတွေနဲ့ပဲ တွေ့ရလို့။ သူကလည်း လက်ရေး အရမ်းလှတယ်။ နောက် ကြုံမှ သူ့လက်ရေးကို စကန်ဖတ်ပြီး ကြွားတော့မယ် သိလား။ :P

၂။ စာလုံးပေါင်း မှန်တဲ့သူပဲ ဖြစ်ရမယ်။
ဟိ... ဒါလေးကိုတော့ ခု ခြွင်းချက် ထားလိုက်ပြီ။ ဘာလို့ဆို ကျွန်မကိုယ်တိုင်ကိုက တချို့ စာလုံးတွေ ဘယ်လို ပေါင်းရမှန်း မသိတော့ဘူး။ တခါတလေ -ျ နဲ့လား၊ြ- နဲ့လား၊ -တ်နဲ့လား၊ -ပ်နဲ့လား စသဖြင့် မသေချာ၊ မရေရာ ဇဝေဇ၀ါ ဖြစ်လာတာတွေ များတဲ့အခါ သူ စာလုံးပေါင်း နည်းနည်း မှားတတ်တာကို ခွင့်လွှတ်လိုက်ပါတယ်။ အရင်တုန်းကလိုသာဆို ဘယ်ရလိမ့်မလဲ။ စာလုံးပေါင်းမှားတဲ့သူဆို ဘယ်လိုမှ အထင်ကြီးလို့ကို မရတာ။

၃။ ဂစ်တာ တီးတတ်ရမယ်။
ကျွန်မက Guitar ကို တော်တော် crazy ဖြစ်တယ်။ ဂစ်တာသံကြားလိုက်ရင် ဘယ်လို၊ ဘယ်လို သဘောကျမှန်း မသိဘူး။ တီးဝိုင်းက မြိုင်ဆိုင်တဲ့ သံစုံထက် ဂစ်တာသံကို ပိုနှစ်ခြိုက်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဂစ်တာ အရမ်းတီးတတ်ချင်တယ်။
တလလောက်တော့ ဂစ်တာတီး နည်းနည်း သင်ဖူးပေမဲ့ ကျွန်မ Profile မှာ ရေးထားသလိုပဲ ကျွန်မက ဆန္ဒသာရှိပြီး ဖြစ်မြောက်အောင် မကြိုးစားဖြစ်ဘူး။ အကြောင်း အကျိုး မညီညွတ်သေးလို့လည်း ပါမှာပေါ့လေ။ ကျွန်မ ကံမကောင်းတာ တချက်ကတော့ သူက ဂစ်တာကို ဟုတ်တိပတ်တိ မတီးတတ်ပါဘူး။ ကျွန်မထက် သာတယ်ပြောလို့ရတဲ့ ဒေါင်ဒင်၊ ဒေါင်ဒင်လောက်ပဲ တီးတတ်တယ်။ နည်းနည်းလေး ကျင့်လိုက်ရင်တော့ သူ ကောင်းကောင်း တီးတတ်သွားမှာပါ။ ခုလောလောဆယ်တော့ သူ တီးတတ်တဲ့ တပုဒ်တည်းသော သီချင်းလေးကိုပဲ ကျွန်မ အမြဲ နားထောင်နေရပါတယ်။

၎။ ပညာတတ်ရမယ်။
ကျွန်မ အဖေက ပြောတယ်။ ပညာတတ်အောင် စာတွေ သင်ပေးတယ် ဆိုတာ ကိုယ့်ဟာကိုယ် အမှား၊ အမှန် ဝေဖန် ပိုင်းခြားနိုင်အောင်လို့တဲ့။ ပိုက်ဆံက အဓိက မဟုတ်ဘူး။ ပညာတတ်တစ်ယောက် အသိဥာဏ်မျိုးရဖို့ ငွေပေးလို့မရဘူးတဲ့။ ပညာတတ်ရင် ပိုက်ဆံရှာရ လွယ်ပါတယ် လို့လည်း ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ်ပါ ငွေကြေးချမ်းသာပြီး ပညာမရှိတဲ့လူမျိုးနဲ့တော့ ကျွန်မ မတွေ့မှာ သေချာပါတယ်။ အဲလိုလူမျိုး အထင်သေးတတ်လွန်းလို့။

၅။ ဥာဏ်ကောင်း၊ စာတော်ရပါမယ်။
ဒါက ငယ်ငယ်က တွေးထားတာဆိုတော့ တော်တော်လေးတော့ ကလေးဆန်နေမလားပဲ။ ကျွန်မက စာမတော်၊ စာမကြိုးစားတဲ့သူဆို အပေါင်းအသင်းတောင် လုပ်ချင်တာ မဟုတ်ဘူးရယ်။ ခုတော့ အဲလောက်လည်း မဟုတ်တော့ပါဘူး။ ကိုယ်တိုင်ကလည်း အပျင်းကြီးပြီး စာ သိပ်မလုပ်ချင်တော့တာလည်း ပါမှာပေါ့။:P ဒါပေမဲ့ ကျွန်မ ကြိုးစားချင်စိတ်ရှိရင်တော့ ဘယ်သူ့ကိုမဆို အေးဆေးယှဉ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားပါတယ်။:D ဘာပဲဖြစ်ဖြစ် ယောက်ျားလေး အများစုက ဥာဏ်ကောင်းကြတဲ့သူ များပါတယ်။ သူသည်လည်း တစ်ယောက်အပါအ၀င်ပေါ့။

၆။ အရပ်ပုတဲ့သူ မဖြစ်ရဘူး။
ကျွန်မက အရပ် ၅ ပေ ကျော်ကျော်သာ ရှိသော်လည်း ကိုယ့်ချစ်သူကိုတော့ ဘယ်နည်းနဲ့မှ အရပ်ပုတဲ့သူ မဖြစ်စေချင်ပါဘူး။ ၅ ပေ ၆ လောက်ဆိုရင်တောင် ပုတယ်လို့ ယူဆတဲ့အတွက်
အနည်းဆုံး ၅ ပေ ၇ လက်မ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ကံကောင်းစွာပဲ ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းတွေထဲမှာတောင် အရပ်ပုတဲ့သူ မပါပါဘူး။ အရပ် ၅ ပေ ၈ ကနေ ၆ ပေ ထိ ရှိကြတဲ့ သူတွေကြီးပဲ ဖြစ်ပါတယ်။ သူက ၅ ပေ ၈ နဲ့ ကပ်သီးလေး လွတ်သွားပါတယ်။ ;)

၇။ ရုပ်ရည်ကတော့ အဓိက မဟုတ်ဘူး။ စိတ်ဓာတ်ကောင်းဖို့ပဲ လိုပါတယ်။
ရုပ်ချောခြင်း၊ ရုပ်ဆိုးခြင်းက
ကျွန်မကို ဘယ်လိုမှ မလွှမ်းမိုးနိုင်ပါဘူး။ ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဘ၀င်မြင့်၊ ကြွားဝါ၊ လေကြီးမိုးကြီး ပြောတတ်သော ယောက်ျားများကို အရမ်းမုန်းပါတယ်။ ရုပ်ချောချော မင်းသားတွေ၊ ကောင်လေးတွေကို ကြည့်ပြီး စိတ်ကူးမယဉ်တတ်တာ ငယ်ငယ်တုန်းထဲကပါပဲ။ အဲလို ပြောတဲ့အတွက် သူ့ကို မချောဘူး မထင်ကြနဲ့နော်။ သူက အရမ်းချစ်ဖို့ကောင်းတာ။ မယုံ အန်တီငြိမ်းကို မေးကြည့်။:P


၈။ ကိုယ်က ချစ်တဲ့သူ ဖြစ်ရမယ်။ ကိုယ့်ကိုလည်း ချစ်တဲ့သူ ဖြစ်ရမယ်။
ဒါက အရေးကြီးတယ်လေ။ ကျွန်မ မချစ်တဲ့သူတော့ ဦးနှောက်နဲ့ စဉ်းစားပြီး ရွေးချယ်တယ်ဆိုတာမျိုး ဘယ်တော့မှ မဖြစ်နိုင်။ တချို့က ပြောကြတယ်။ ကိုယ်ချစ်ကို မရှာနဲ့၊ သူချစ်ကိုရှာတဲ့။ ကျွန်မကတော့ အဲဒီအဆိုကို လုံးဝ မထောက်ခံပါဘူး။ ကိုယ်ချစ်တဲ့သူကပဲ ကိုယ့်ကို စိတ်ချမ်းသာမှု ပေးနိုင်မှာလေ။ ကိုယ်မချစ်တဲ့သူက စိတ်ဒုက္ခ လာပေးတာထက် ကိုယ်ချစ်တဲ့သူက စိတ်ဒုက္ခပေးတာကို ပို သည်းခံနိုင်မယ် ထင်ပါရဲ့။ သေချာတာက ကျွန်မ အချစ်ကို မကိုးကွယ်ပါဘူး။ ဒါပေမဲ့ မရှိမဖြစ်လို့ သတ်မှတ်ထားတယ်။

၉။ ကျွန်မထက် အသက် ၁နှစ် ကြီး၊ ၁ နှစ် ငယ်၊ ရွယ်တူပဲ ဖြစ်ရမယ်။
ကျွန်မက ကိုယ့်ထက် အသက်အများကြီး ကြီးတာကို သဘောမကျပါဘူး။ ကိုယ့်ကို ဆရာလုပ်မှာစိုးလို့ရယ်၊ ဘာကြောင့်မှန်းမသိ ကြိုက်လို့မရတာကြောင့်ရယ်ပါ။ မိန်းကလေး အတော်များများ ကိုယ့်ထက် အသက် ငယ်သူကို မကြိုက်ကြပါဘူး။ နှစ်ကုန်ပိုင်းလောက်မှာ မွေးတဲ့ကျွန်မကို အမေက ကျောင်းစောထားချင်ပေမဲ့ (ဦးနှောက်ဖွံ့ဖြိုးမှုအတိုင်း စာစသင်ဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်မှသာ) စာသင်ရမယ့်အရွယ်မှသာ စာသင်စေချင်တဲ့ အဖေက နောက်ကျပြီး ထားလည်း ဘာမှမဖြစ်ဘူးလို့ ဆိုပါတယ်။ ဒီတော့ ၅ နှစ်ခွဲမှာမှ ကျောင်းစနေရတဲ့ ကျွန်မနဲ့ ၄ နှစ်နဲ့ ကျောင်းစောတက်တဲ့သူ အသက် ၁ နှစ်ခွဲ ကွာကြသော်လည်း အတန်းတူတဲ့အတွက် ရွယ်တူလို့ သဘောထားပါတယ်။
:P ကျွန်မက ဆရာကြီး လုပ်ချင်တဲ့အခါ "ငါက နင့်ထက် လူအရင် စောဖြစ်တာ။ လျှာမရှည်နဲ့။"လို့ ပြောတတ်ပြီး တခါတခါ ကျွန်မကို အနိုင်မပေးရင်တော့ "အမယ်... အသက်လေး ၁ နှစ်ကျော်လောက် ကွာတာနဲ့များ သူက ငါ့ကို အလျှော့ပေးစေချင်သေးတယ်။ လာလုပ်မနေနဲ့။ မရဘူး။"လို့ ပြောရတာ အရမ်းကို အရသာ ရှိလှပါတယ်။;))

၁၀။ လူမျိုးတူ၊ ဘာသာတူပဲ ဖြစ်ရပါမယ်။
လူမျိုးတူ ဆိုတဲ့ နေရာမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ မြန်မာတိုင်းရင်းသား အားလုံးကို ကျွန်မနဲ့ လူမျိုးတူလို့ ယူဆပါတယ်။ ဘာသာကတော့ အားလုံးသိကြတဲ့အတိုင်း ဗုဒ္ဓဘာသာပေါ့။


၁၁။ ကိုယ့်မိဘတွေအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့သူ ဖြစ်ရမယ်။
သူကတော့ သူ့မိဘတွေကို ချစ်ခင်တတ်ရုံတင်မက၊ ကျွန်မကိုလည်း "မိဘတွေကို စိတ်မဆိုးရဘူးနော်။ စိတ်ဆင်းရဲအောင် မလုပ်ရဘူးနော်။ ဘာမှ သွားမပြောရဘူးနော်"လို့ တတွတ်တွတ် မှာတတ်တဲ့သူ ဖြစ်တဲ့အတွက် ကျွန်မ ကံကောင်းတယ် ဆိုရပါမယ်။

၁၂။ အလောင်းအစားကတော့ မလုပ်လေ ကောင်းလေပါပဲ။ အရက်၊ ဆေးလိပ်ကတော့ အလွန်အကျွံမဟုတ်ရင် ရပါပြီ။ ဆေးလိပ်နံ့မခံနိုင်တဲ့အတွက် ကိုယ့်အနားမှာ လာမသောက်ရင် ပြီးတာပဲ။ အရက်သမားကိုတော့ ဘယ်နည်းနဲ့မှ မချစ်ခင်နိုင်ပါ။ မကောင်းတဲ့သူကို ကိုယ့်လက်ထဲရောက်မှ ပြုပြင်မယ်ဆိုတဲ့ သူရဲကောင်းဆန်ဆန် ပေါတောတော အတွေးမျိုးတော့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဗီဇကို ပြုပြင်ပြောင်းလဲဖို့ တော်တော် မလွယ်ကူဘူးဆိုတာ သိလို့ပါ။

၁၃။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အသိဥာဏ်ရှိတဲ့ လူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားရင် စောင့်ထိန်း၊ ကျင့်သုံးသင့်တဲ့ ကိုယ်ကျင့်တရားဆိုတာ ရှိပါတယ်။ အိမ်ထောင်ဘက် လက်တွဲဖော်ဆိုတာ ကိုယ့်အတွက်တင်မဟုတ်၊ ကိုယ့်ရဲ့မျိုးဆက် သားသမီးတွေအတွက်ပါ အရေးကြီးတဲ့သူ ဖြစ်လေတော့ မိသားစုကို ခင်တွယ်တဲ့သူ၊ မိသားစုအပေါ် မဖောက်ပြန်ဘဲ သစ္စာရှိတဲ့သူ ဖြစ်ဖို့လည်း လိုအပ်သေးတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သဘောထားကို မိန်းကလေးများနှင့် ရွေးချယ်ခွင့် ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။

တကယ်တော့ မိန်းကလေး တစ်ယောက်အတွက် အရေးကြီးလှတဲ့ လက်တွဲဖော်ကို ရွေးချယ်တာ ဒီထက်မက လိုအပ်တာတွေ ရှိဦးမှာပါ။ အချိန်မရတော့တဲ့အတွက် ဒီလောက်ပဲ ရေးလိုက်တော့မယ်။

နောက်ထပ် ကျွန်မ တက်ဂ်မယ့်သူတွေက ထုံးစံအတိုင်း :D

အန်တီငြိမ်း
အန်တီခင်
မပန်
ပြည့်စုံ
မင်းမင်း
လင်းလက်
ဝင်္ကပါ


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

15 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ... -ယ် နဲ့ -ရ် မကွဲတာလည်း ရှိသေးသဗျို့ :)

စိုးထက် - Soe Htet ! said...

အမြန်ဆုံး အဆင်ပြေပါစေ ခင်ဗျ :D

s0wha1 said...

ကိုစိုးထက်... ကျေးဇူးပါဗျို့...း)

ရွက်ဝါ said...

လက်တွဲဖေါ်က အရပ်ပုရင်တော့ ဘယ်ကောင်းမလဲ။ ကိုယ်က ခါးကိုင်းပြီး လျှောက်နေရမှာပေါ့။ စာလုံးပေါင်းမှန်တဲ့သူ ဖြစ်ရမယ်ဆိုတာ ကတော့ တစ်မျိုးပဲ။ ရီးစားစာထဲမှာ ((ခြစ်တရ်)) လို့ ရေးမှာ စိုးလို့လား။ ဟားဟား နောက်တာနော်။ အစစ အဆင်ပြေပါစေဗျာ။

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Servidor, I hope you enjoy. The address is http://servidor-brasil.blogspot.com. A hug.

Hteink Min said...

ဟားဟား ။။ ဒါဆို ကျွန်တော် မပါဘူးပေါ့နော်.. လိုချင်ပါဘူး၊ ဒါ သက်သက် .. စာလုံးပေါင်း မတတ်သူကို နှိမ်တာ ပဲ .. ;p

Hteink Min said...

တက်ဂ်ထားတာ ၂ခါရှိပြီဗျ.. ဟီးဟီး။။ ဟီးဟီး ဆို သဘောပေါက်ပါ

s0wha1 said...

ကိုရွက်ဝါ စာလုံးပေါင်းကို အရမ်းတန်ဖိုးထားတဲ့အတွက် ဖြစ်ပါတယ်။ ခုနောက်ပိုင်းတော့ မြန်မာစာ မရေးတာ ကြာပြီဖြစ်တဲ့အတွက် စာလုံးပေါင်းမှန်ဖို့ တော်တော်ခက်ခဲလာပါတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး မှန်အောင် ရေးပါတယ်။ သူများတွေကိုလည်း အဲလိုပဲ ရေးစေချင်ပါတယ်။ မြန်မာမှန်ရင်တော့ ကိုယ့်စာပေကို တန်ဖိုးထားသင့်တယ် ထင်လို့ပါ... ကွန်မန့်အတွက် ကျေးဇူး...း)

s0wha1 said...

servidores ကျေးဇူးပါ...

မောင်လေးမင်းမင်း... စာလုံးပေါင်း မတတ်သူကို နှိမ်တာ မဟုတ်ပါဘူး... ငါ့မောင်က စာလုံးပေါင်းမှန်အောင် အတတ်နိုင်ဆုံး ကြိုးစား ရေးနေတာပဲလေ... ပြီးတော့ မြန်မာစာနဲ့ ဝေးကွာနေလို့ ဖြစ်တတ်ပါတယ်။ အမ ပြောတာက ပြည်တွင်းမှာ နေပြီး မြန်မာစာလုံးပေါင်းမှ မှန်အောင် မရေးကြတာရယ်၊ စာလုံးပေါင်း မှန်မှန်၊ မှားမှား ဂရုမစိုက်ဘဲ ရေးကြတာတွေရယ်ကို မကြိုက်တာပါ။ ဘာပဲဖြစ်ဖြစ် စာရေးရင် စာလုံးပေါင်းမှန်အောင် ကြိုးစားအားထုတ်သင့်ကြတာပါပဲ။

တက်ဂ်ထားတာ သူများတွေက ရေးပြီးသလောက်ရှိပြီ... အပျင်းကြီးမနေနဲ့...

nu-san said...

ညီမလေးရဲ့ ဘ၀လက်တွဲဖော်အကြောင်းလေး စပ်စုသွားတယ်.. အဟဲ.. အမကို ဖိတ်စာပို့မယ်ဆိုရင်လည်း မမေ့နဲ့နော်.. :P

လေပြေတစ်ယောက်ကိုစကားကြုံပါးလိုက်ပါရစေ s0wha1 ရေ.. ဘယ်ပျောက်နေတာလဲ.. နေမကောင်းဘူးလား..လို့ ဘ၀လက်တွဲဖော်အကြောင်းလည်း မဖတ်လိုက်ရဘူး မနုစံက ပြောတယ်လို့ ပြောပေးနော်... :)

s0wha1 said...

မနုစံ...ဖိတ်မယ်၊ စိတ်ချ... :P

မလေပြေက အိမ်ရွှေ့ အိမ်ပြောင်းနဲ့ မအားဘူးလို့ ပြောတယ်... ညီမလည်း သေချာမသိဘူး... နောက်မှ ဖုန်းဆက် မေးကြည့်ဦးမယ်... မနုစံ မှာတာ ပြောလိုက်မယ်...

sawgangster said...

လက်တွဲဖေါ်တဲ့...
မျှော်လင့်ခြင်းတွေများစွာ..
တခါတလေ..
အချစ်နဲ့တွေ့တော့လည်း ပေတံတွေ ကျိုးခဲ့ရ.. အိမ်ထောင်တစ်ခုအတွက် အချစ်ဆိုတာ ဆားပဲတဲ့.. မရှိလို့လဲမဖြစ်သလို..အများကြီးမလိုဘူးတဲ့.. ဟုတ်ပါသလား..
နှလုံးသားနဲ့ ဦးနှောက်...
ဘယ်အရာကို ဦးစားပေးမလဲ...
မလွယ်..မလွယ်...

s0wha1 said...

sawgangster ရေ... ပြောပြီးပါပကော... အချစ်မပါတဲ့ အိမ်ထောင်ရေးကို ဦးစားပေးမှာ မဟုတ်ဘူးလို့... အဲလိုပြောတဲ့အတွက် ဦးနှောက်နဲ့ မရွေးချယ်တာ မဟုတ်ဘူးလေ... ချစ်ပြီဆိုထဲက ကိုယ်ချစ်နိုင်တဲ့လူကိုပဲ ချစ်လို့ရမှာပေါ့... ကိုယ်ချစ်နိုင်ပြီဆိုထဲက ကိုယ်သတ်မှတ်ထားတဲ့၊ ကိုယ်ကြိုက်နိုင်တဲ့ ပုံစံတွေထဲက ရာခိုင်နှုန်း တော်တော်များများ သူ့မှာ ရှိနေလို့ပေါ့... ဟုတ်ဘူးလား...

Tin said...

ငယ်ငယ်တုန်းကလူကြီးမိဘများပြောနေ ကြားဖူးနားဝ တခုဖြစ်တဲ့
(ကိုယ်ချစ်ကိုမရှာနဲ့  သူချစ်ကို ရှာတဲ့)
သူချစ်ကို ရှာခဲ့ မိလို.့ အချိန်ကာလကြာမြင့်လာသည်နှင့်အမျ ကိုယ်ပိုင် အချိန်လေး များလဲ ထိမ်းချုပ်ခံရ မှန်းမသိ ထိမ်းချုပ်ခံရ သောအခါ...........အတွေးများစွာ နဲ့ ခံစား ရပါတယ်. အကောင်းဆုံးကတယောက်ကိုတယောက်နားလည်မှုအပြည့်အဝရှိဖို့ အရေးကြီးပါတယ်။ တဖက်သတ် အတွေးနဲ့ အလွန်အကျွန် မတွေးမိ မလုပ်ဖြစ်ပါစေနဲ့ လို့ စေတနာမေတ္တာ ဖြင့် အကြံ ပြုချင်းပါ။။ နားလည်နိုင်ပါစေ.
လိုအင်ဆန္ဒ ပြည့်ဝပြီး အားလုံးအစဉ်ပြေစေရန်ဆုတောင်းပေးပါတယ်.

အမိမြန်မာပြည် ကို ချစ်တတ်လွမ်းတတ်သူများရဲ့
စာပေဝါသနာတဦး

s0wha1 said...

ကိုတင်ရဲ့ ကွန်မန့်အတွက် ကျေးဇူးပါ။ နားလည်မှုက အရေးကြီးဆုံးဆိုတာကို အပြည့်အ၀ လက်ခံပါတယ်။ အဆင်ပြေပါစေနော်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*