Sunday, March 2, 2008

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု



မိတ်ဆွေတစ်ယောက်က ကျွန်မကို Forwar Mail ပို့ပေးထားတာလေးကို ကျွန်မနှစ်သက်လို့ ကျွန်မ ဘလော့ဂ်မှာ ပြန်တင်လိုက်တယ်။ ဘယ်သူရေးထားမှန်းမသိသလို၊ ဘယ်စာစောင်မှာ ပါထားမှန်းလည်း မသိပါဘူး။ အဲဒီအတွက် မူရင်းရေးသူထံလည်း ခွင့်မတောင်းနိုင်ခဲ့ပါဘူး။

***** ******* *****

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု

အဲဒီမှာ... ကလေးတွေအတွက် စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒီမှာ... ကမ္ဘာကြီးနဲ့ ၀င်ဆန့်ဆက်ဆံဖို့ အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွင့်ဖို့ စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲဒီမှာ... အိပ်မက်တွေအတွက် မနက်ဖြန်မရှိပေမယ့်
ဒီနေ့အတွက် နှစ်လုံးထီရှိတယ်။

အဲဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ရောင်းကောင်းရောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။

အဲဒီမှာ... (မရှိပေမယ့်).............( ရှိတယ်)
ခေတ်မှီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...ဖယောင်းတိုင်ရှိတယ်။
ကြားကားရှိတယ်... ဂြိုလ်တုလောင်းကစားရှိတယ်။
ဘောလုံးနဲ့ ဘင်လာဒင်ကို ဘုရားစင်မှာ တင်ထားတဲ့ ဂျာနယ်တွေရှိတယ်။
ဖွင့်ထားတဲ့ ကြယ်ငါးပွင့် ဟော်တယ်ကြီးတွေရှိတယ်။

ပြီးတော့... သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေရှိတယ်။
ရေဒီယိုနဲ့ ကောလဟာလပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။
စာပေစီစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့... ဗိုလ်ချုပ်ကြီးတွေက...အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာရှိတယ်။
မြို့ပြင် လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေးရှိတယ်။

ပြီးတော့... အိမ်ထဲက အိမ်ပြင် မထွက်ရဲတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့လူတစ်ယောက်ရှိတယ်။

ပြီးတော့... တရုတ်တန်းဖြစ်သွားတဲ့ နန်းတော်တစ်ခုရှိတယ်... ရှိတယ်...

Print this post

3 comments:

စိုးထက် - Soe Htet ! said...

လာဖတ်သွားတယ် ဗျို့ :)

Hteink Min said...

ဟားဟား။ ဟုတ်ပါ့.. အိမ်ထဲက အိမ်ပြင် မထွက်ရဲတဲ့ သူဘယ်သူလဲလို့ သိချင်လိုက်တာဗျာ

s0wha1 said...

ဟုတ် ကိုစိုးထက် ဘလော့ဂ်တောင် မနက်က ရောက်သေးတယ်... အော်သွားရမှာ ပျင်းလို့...

မင်းမင်း... သိချင် ၀ယ်ဖတ် ၂ ကျပ်...:P

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*