Friday, August 17, 2007

မလေးရှားမှ အပြန် (၂)



မလေးရှားမှ အပြန် (၁)

ည ၇ နာရီလောက်မှာ KL က အဝေးပြေးကားဂိတ်ကို ရောက်တယ်။ ကျွန်မသူငယ်ချင်းက လာကြိုနေပါတယ်။ သူငယ်ချင်းကလည်း မလေးရှားရောက်တာ ၅ လတောင်ရှိပြီလို့ ဘုရားစူးကျိန်ပြောရလောက်အောင် ဘယ်မှကို မရောက်ဖူးသေးပါဘူး။ ကျွန်မတို့ကို လာကြိုနိုင်တာပဲ သူ့ကို ကျေးဇူးတင်ရမယ်။ နောက်တော့ သူကြိုတင် ငှားထားပေးတဲ့ တည်းခိုခန်းကို လိုက်ပို့ပြီး သူပါ ကျွန်မတို့နဲ့ အတူလိုက်နေတယ်။ မနက်ကျတော့ twin tower ကိုသွားဖို့ပြင်တယ်။ မနက် ၈ နာရီလောက် သူတို့ လက်မှတ်တွေ အလကားပေးချိန်မှာ သွားတန်းစီရတာပါ။ twin tower အပေါ်ကို တက်ဖို့ လက်မှတ်က အစောင်ရေ သတ်မှတ်ထားတာဆိုတော့ ကြိုသွားတာမမှားဘူးပေါ့။ နောက်တော့ twin tower အပေါ်မှာနဲ့ အဲဒီနား ပတ်ဝန်းကျင်မှာ ဓာတ်ပုံ ထပ်ရိုက်ပြီး ကားငှားပြီး ပြန်လာကြတယ်။ ကျွန်မ စိတ်အထင် အဲဒီ twin tower ပတ်ဝန်းကျင်ပဲ သန့်ရှင်းပြီး နေလို့ကောင်းပါတယ်။ ကျန်တဲ့ နေရာတွေကတော့... ... ...

ကားငှားတော့လည်း မြန်မာနိုင်ငံမှာလိုပဲ ဘယ်သွားမယ်၊ ဘယ်လောက်လဲလို့ အရင်မေးရတယ်။ ဒါပေမဲ့ အဲဒီကားသမားက ကျွန်မတို့ စင်္ကာပူက လာတာ သိတယ်ထင်ရဲ့။ စင်္ကာပူကအတိုင်းပဲ မီတာနဲ့ ပေးရမှာလို့ပြောတယ်။ ဒါနဲ့ ကျွန်မတို့လည်း စိတ်ချ၊ လက်ချ တက်စီးလာကြတာပေါ့။ ကျွန်မတို့ညီအစ်မနဲ့ သူငယ်ချင်းတို့က ကားတစ်စီး၊ အဖေနဲ့ အမေတို့က ကားတစ်စီးနဲ့ ပြန်လာကြတယ်။ အဖေတို့ကားက မိန်းကလေးတွေကြီးပဲ ပါသွားတဲ့ ကျွန်မတို့ကားနောက်က ထပ်ကြပ်မကွာလိုက်လာတာပါပဲ။ အဖေတို့ ကားသမားကတော့ သူ့မှာ မီတာတိုင်းစက်မပါတဲ့အတွက် ရှေ့က ကျွန်မတို့ ကားခ ပေးရတဲ့အတိုင်း ပေးလို့ ပြောပါတယ်။ ဒီလိုနဲ့ ကျွန်မတို့နေတဲ့ နေရာကို ရောက်လာရော။ ဘယ်လောက်လဲမေးတော့ ၇ ရင်းဂစ်ပဲရှိတဲ့ ခရီးကို ရင်းဂစ် ၁၂၀ တောင်းပါတယ်။ ကျွန်မတို့လည်း ဘယ်ပြောကောင်းမလဲ စွေ့ဆို ကားပေါ်ကနေ အလျင်အမြန်ဆင်းကြတာ။ ဒီလိုမျိုးဆို ကျွန်မတို့ ညီအစ်မက လျင်တယ်။:P ကားအောက်ရောက်မှ မပေးနိုင်ကြောင်း ဆက်ငြင်းမယ်လေ။ ကားပေါ်မှာပြောနေရင် တော်ကြာ မောင်းထွက်သွားမှ ဒုက္ခ။ ဒါနဲ့ အဖေတို့ကားကပါ ရောက်လာတယ်။ အဖေကလည်း ဘာဖြစ်တာလဲပေါ့။ ဒီမှာ မနက်ကသွားတာတောင် ၇ ရင်းဂစ်ပဲ ပေးရတယ်။ သူက ၁၂၀ တောင်တောင်းတယ်လို့။ အမယ် အဲဒီတရုတ်စုတ် ကားသမားရဲ့ အကြောင်းပြချက်က တရုတ်နှစ်ကူးမို့တဲ့။ ဘာမှမဆိုင်တာ။ အဖေတို့ရဲ့ ကားသမား ကုလားလည်း တရုတ်ကားသမားကို တအံ့တဩနဲ့ ကြည့်နေတယ်။ နောက်တော့ အဖေက အဓိပ္ပါယ်မရှိတာမပြောနဲ့... ၁၅ ရင်းဂစ်ပဲ ပေးနိုင်မယ်ဆိုပြီး တစ်ယောက်ကို ၁၅ ရင်းဂစ်ပေးလိုက်တယ်။ ဒီလိုနဲ့ မလေးရှားကို ကြောက်လာတာတော့ အမှန်ပါပဲ။ ကားလည်း ငှားမစီးရဲအောင် ဖြစ်ရပြီ။

ကျွန်မတို့ ခရီးစမထွက်ခင်၊ မလေး သွားလည်မယ်လို့ ပြောနေတည်းက အဖေ့အလုပ်က မျိုးစုံသတိပေးကြပါတယ်။ ပိုက်ဆံအိတ်တွေကို ပုခုံးမှာ လွယ်ထားရင် သတိထားဖို့၊ သူတို့တွေက ဆိုင်ကယ်တွေနဲ့ ဘေးက ဖြတ်ပြီးဆွဲယူသွားတတ်ကြောင်း၊ အဲဒီလိုနဲ့ လူတွေကလဲကျ ကျန်ခဲ့ပြီး ခေါင်းနဲ့ ပလက်ဖောင်းစောင့်မိပြီး သေသွားတာတို့၊ ကိုယ်ပိုင်ကားနဲ့ သွားရင် ကားရှေ့မှာ လူတစ်ယောက်ကလဲနေပြီး ကားရပ်ကြည့်ရင် ဓားထောက်ပြီး ပိုက်ဆံတောင်းတာတို့ စသည်ဖြင့် သူတို့ အတွေ့အကြုံတွေရော၊ သတင်းတွေမှာ ကြားဖူးတာရော စုံနေအောင် အဖေ့ကို ပြောလိုက်ကြပါတယ်။ အဲဒါကြောင့် ကျွန်မက အဖေတို့မလိုက်ရင် ကျွန်မနဲ့ငယ်မ နှစ်ယောက်ထဲ သွားမယ်၊ ဟိုမှာ သူငယ်ချင်းလည်း ရှိနေတာပဲလို့ ပြောတုန်းက အဖေက ခွင့်မပြုခဲ့တာ ခုမှ သဘောပေါက်တော့တယ်။ အားကိုးလောက်စရာ သူငယ်ချင်းမကလည်း ကျီးကြည့် ကြောင်ကြည့်ပါပဲ။:P သူ့သာ အားကိုးပြီး လာခဲ့ရင် ပြီးပါလေရော။

အဲဒီတုန်းက တရုတ်နှစ်ကူးဆိုတော့ ဆိုင်တော်တော်များများကလည်း ပိတ်ထားတယ်။ နေ့လည်လောက်မှာ သူငယ်ချင်းက သူ့အသိ မြန်မာထမင်းဆိုင်ဆီ ခေါ်သွားတယ်။ အဲဒီက မြန်မာတွေက မဆိုးပါဘူး။ ဧည့်သည်တွေဖြစ်တဲ့ ကျွန်မတို့ကို ကူညီချင်စိတ်ရှိတယ်။ ကျွန်မသူငယ်ချင်းက မနက်က အကြောင်းအရာတွေ ပြောပြတော့ သူတို့က မြန်မာဦးလေးတစ်ယောက် သူ့ကိုယ်ပိုင်ကားနဲ့ ရုံးပိတ်ရက်တွေဆို ကားစီးလုံးငှား ပို့တတ်ကြောင်း ပြောတယ်။ ဒါနဲ့ မြန်မာအချင်းချင်းဆိုတော့ အတော်ပဲဖြစ်သွားတာပေါ့။ သူတို့က ဖုန်းဆက်ပြီး ခေါ်ပေးတာနဲ့ အဲဒီဦးလေး ရောက်လာတဲ့ထိ ကျွန်မတို့လည်း ထမင်းစားရင်း စောင့်နေကြတယ်။ ဒီကြားထဲ ဆိုင်ကလူတွေက သူတို့ကြားဖူးတဲ့ မလေးနိုင်ငံအကြောင်းတွေ ထပ်ပြောပြလို့ ကျွန်မတို့မှာ အပျော်ခရီးထွက်လာတာနဲ့ မတူဘူး။ ဒုစရိုက်နယ်မြေထဲ လာမိတဲ့လူတွေလို ခံစားရတယ်။ မြန်မာသမီးရည်းစားစုံတွဲ လာလည်တာ ပြန်ပေးဆွဲခံရသလို ဖြစ်တဲ့အကြောင်း၊ ဘတ်စ်ကားဂိတ်ဆုံးထိ စီးလာတဲ့ ကောင်မလေးကို ကားပေါ်မှာ တစ်ယောက်ထဲကျန်တဲ့ချိန် ကားမောင်းသမားက မုဒိမ်းကျင့်တဲ့အကြောင်း တစ်ယောက်တမျိုး ပြောလိုက်ကြတာ စုံပလုံနေတာပဲ။ သူတို့လည်း ဒီမှာ တရားဝင်နေတာတောင်မှ သူတို့ဆီကို ရဲက ခဏခဏလာပြီး ပိုက်ဆံတောင်းတဲ့အကြောင်းလည်း ပါသေးတယ်။

နောက်တော့ ဦးစိုင်းဆိုတဲ့ ရှမ်းလူမျိုး ကားပိုင်ရှင် ဦးလေးရောက်လာတာနဲ့ ကျွန်မတို့လည်း Genting Highland ကိုသွားချင်တဲ့အကြောင်းနဲ့ ဟိုနား၊ ဒီနားသွားဖို့ ပိုက်ဆံဘယ်လောက်ကျမလဲပေါ့။ သူကလည်း တနေကုန်ဆို ဘယ်လောက်ဆိုပြီး သဘောတူပြီးသကာလ ကျွန်မတို့ ထွက်လာခဲ့ကြတယ်။ ဟိုတယ်မှာ အမေတစ်ယောက်ထဲ နေခဲ့တယ်။ အမေက အပင်ပန်းသိပ်ခံနိုင်တာ မဟုတ်ဘူးလေ။ အခန်းထဲမှာ အမေတစ်ယောက်ထဲ လော့ခ်တွေ အထပ်ထပ်ချလို့ ကြောက်ကြောက်နဲ့ နေခဲ့လေရဲ့။ ဖြစ်ချင်တော့ ဦးစိုင်းကလည်း RIT ကျောင်းဆင်းဖြစ်နေတယ်။
RIT ကျောင်းဆင်းတွေက သူတို့ချင်းသိသိ၊ မသိသိ သူတို့ကျောင်းဆင်းချင်းဆို အရမ်းခင်တတ်ကြ၊ ပိုပြီး စည်းလုံးကြတာ တခြားကျောင်းနဲ့ မတူဘူး။ အမြဲတမ်း သူတို့အချင်းချင်း တွေ့လို့ကတော့ ဘယ်ဘက်ခ်ျကလဲ၊ ဘယ်အင်းတိတ်ကလဲဆိုပြီး ဖက်လှဲတကင်းနှုတ်ဆက်ကြတာ ကျွန်မတော့ အရမ်းသဘောကျတာပဲ။ ခု အဖေနဲ့ ဦးစိုင်းလည်း ဒီလိုပဲလေ။ သူတို့က ဘက်ခ်ျမတူပေမဲ့ ဟိုလူ့သိလား၊ ဒီလူ့သိလားနဲ့ မေးပြီးရင် ကြားခံ တစ်ယောက်ကတော့ သူတို့ နှစ်ဘက်လုံးနဲ့ သိနေကြတဲ့လူတွေ ဖြစ်နေတတ်တာပါပဲ။

ဦးစိုင်းက ကျွန်မတို့ သွားချင်တဲ့နေရာ တော်တော်များများကို လိုက်ပို့ခဲ့တယ်။ (မလေးသွားလည်တဲ့အခါ ကားငှားချင်ရင် သူ့ကို ဆက်သွယ်လို့ရအောင် ကျွန်မ သူ့ဖုန်းနံပါတ် ရေးထည့်ပေးမယ်နော်။) သူကလည်း ကားမောင်းရင်း မလေးမှာ crime တွေများကြောင်း ပြောပြပြန်ပါတယ်။ သူပြောပြတာက အဲဒီက ရဲတွေ လာဘ်စားတဲ့အကြောင်းပါ။ သူ့လို တရားဝင်ကားလိုင်စင်နဲ့ ကားမောင်းပြီး၊ တရားဝင်နေခွင့်နဲ့ နေနေတာတောင် ငွေလာညှစ်ချင် ညှစ်တတ်တယ်ပေါ့။ တည သူက ဘီယာဆိုင်မှာ တစ်ယောက်ထဲ ဘီယာတစ်ခွက်လောက် ၀င်သောက်ပြီး အိမ်ပြန်ဖို့ ကားပေါ်တက်ထိုင်လို့ ကားဘီးလှိမ့်ခါစရှိသေးတယ်။ ရဲက ရောက်လာရောတဲ့။ ပြီးတော့ သူ့ကို ရစ်တယ်ပေါ့။ အရက်သောက်ပြီး ကားမမောင်းရဘူးဆိုတာ မသိဘူးလား၊ ဘာလား၊ ညာလားနဲ့။ လိုင်စင် တောင်းကြည့်တာတွေလည်း လုပ်နဲ့တဲ့။ သူကလည်း ဘီယာတစ်ခွက်ပဲသောက်တာပေါ့။ ပြီးတော့ ကားလည်း စက်နှိုးရုံရှိသေးတယ်။ မမောင်းရဘူးဆိုလည်း သူ ကားကို ဒီမှာ ညရပ်ထားခဲ့ပြီး အိမ်ကို လမ်းလျှောက်ပြန်မယ်လို့ ပြန်ပြောတယ်။ အဲဒီလိုပြောတော့လည်း မလေးရဲက လက်မခံပြန်ဘူး။ သူက ကားထဲကမီးဖွင့်ပြီး လိုင်စင်တွေ ပြနေရတာဆိုတော့ အဲဒီရဲက ပြောတယ်တဲ့ ခင်ဗျား ကားမီး ပိတ်လိုက်စမ်းပါဗျာတဲ့ ပြီးတော့ လေသံပျော့လေးနဲ့ ထပ်ပြောတာက ခင်ဗျားကျတော့ ဘီယာသောက်နိုင်တယ်၊ ကျုပ်တို့ကျ မသောက်နိုင်ဘူး။ ဘာကြောင့်လဲဆိုပြီး လုပ်ရောတဲ့။ ဒါနဲ့ပဲ သူလည်း သဘောပေါက်ပြီး အကြွေလည်း မရှိတာနဲ့ ရင်းဂစ် ၅၀ ပေးလိုက်ရတယ်တဲ့။

ဒီလိုနဲ့ ကျွန်မတို့ Genting Highland ကိုရောက်ရော။ အဲဒီမှာတော့ မဆိုးပါဘူး။ ပျော်ဖို့ကောင်းပါတယ်။ တောင်ပေါ်အရပ်လေးဆိုတော့ အေးလည်းအေးတယ်။ ရှူခင်းလည်း တော်တော်လှပါတယ်။ အဲဒီက အပြန် အီဂျစ်က ပိရမစ်အတုတွေလုပ်ထားတဲ့ sunway lagoon ဘက်ကို ရောက်တယ်။ နောက် တောင်စောင်းတခုက ဂူထဲမှာတည်ထားတဲ့ ကုလားဘုရားတခုလည်း ရောက်သေးတယ်။ နာမည် ဘယ်လိုခေါ်လဲတော့ မသိဘူး။ မေ့သွားပြီ။ အဲဒီနေ့ကမှ ဖွင့်ပွဲလုပ်တာလို့ ပြောတယ်။ ပြီးတာနဲ့ ညမိုးချုပ်တော့ တည်းတဲ့နေရာ ပြန်လာကြတယ်။ ကျွန်မတို့ မလေးရှားမှာ နည်းနည်းလေးမှကို ဆက်မနေချင်တော့ဘဲ အိမ်ကိုပဲ အရမ်းပြန်ချင်နေတာနဲ့
မနက်ကျတော့ KL ကနေ ပြန်ဖို့ပြင်တယ်။ မလေးမှာရှိတဲ့ အဖေ့မိတ်ဆွေရဲ့ မြို့တစ်မြို့ကို ၀င်လည်စရာရှိသေးလို့လည်း ပါတာပေါ့။ အဝေးပြေးကားဂိတ်ကို ဦးစိုင်းကပဲ လိုက်ပို့ပေးခဲ့တာပါ။

မလေးရှားမှ အပြန် (၃)

s0wha1

Print this post

1 comments:

Naung Lay said...

"ဦးစိုင်းကလည်း RIT ကျောင်းဆင်းဖြစ်နေတယ်။ RIT ကျောင်းဆင်းတွေက သူတို့ချင်းသိသိ၊ မသိသိ သူတို့ကျောင်းဆင်းချင်းဆို အရမ်းခင်တတ်ကြ၊ ပိုပြီး စည်းလုံးကြတာ တခြားကျောင်းနဲ့ မတူဘူး။ "

Correct..It is our Spirit- RIT spirit -YIT spirit

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*