Saturday, August 4, 2007

မိန်းကလေးများနှင့် ရွေးချယ်ခွင့်



ကျွန်မ အယူအဆနဲ့ ယုံကြည်ချက်များအရ မိန်းကလေးများနဲ့ ရွေးချယ်ခွင့်ကို နည်းနည်းရေးကြည့်မယ်နော်။ အရွယ်ရောက်လာတဲ့ မိန်းကလေးအများစုက တနေ့ အိမ်ထောင်ပြုကြမှာ မဟုတ်လား။ အဲဒီအခါ အိမ်ထောင်ဘက်ကို ရွေးချယ်တာမှားရင် တသက်လုံး ပြန်ပြင်လို့ မရတတ်တဲ့အမှားအဖြစ် "အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်စုတ်ထိုး၊ ဤသုံးချက် ချက်မပိုင် နောင်ပြင်ရန် ခက်သည့်အမျိုး" လို့ စာချိုးရှိပါတယ်။ ခုခေတ်မှာတော့ ဆေးမှင်ကြောင်က လေဆာသုံးပြီး ပြန်ဖျက်လို့ ရနေပါပြီ။ နောက်ပြီး ကျွန်မ သဘောအရဆိုရင် မကောင်းတဲ့ အိမ်ထောင်ဘက်ကို တသက်လုံး စိတ်အဆင်းရဲခံ ပေါင်းသင်းနေမဲ့အစား ကွာရှင်းဖို့ကို ပိုအားသန်မိတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ ကျွန်မနဲ့ အမြင်ကွဲလွဲသူတွေ များနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အယူအဆနဲ့ ယုံကြည်ချက်ကိုသာ ရေးချင်တာဖြစ်လို့ ဘယ်သူနဲ့မှ မငြင်းခုံ၊ မဆွေးနွေးလိုပါဘူး။

မိန်းကလေးဟာ အိမ်ထောင်ဘက် ယောက်ျားကို ရွေးချယ်ရာမှာ ကိုယ့်ဘ၀အဖော်မွန်အဖြစ်သာမက ကိုယ့်သားသမီးတွေရဲ့ ဖခင်ကိုပါ ရွေးချယ်ရတာပါ။ ဒီလူ ဘယ်လောက်ဆိုးဆိုး၊ ငါ ချစ်လို့ ယူမယ် ဘာဖြစ်လဲလို့ ပြောလို့ရပေမဲ့ နောင်တချိန်မှာ ကိုယ့်ရဲ့ ရွေးချယ်မှုက သားသမီးတွေအတွက် မတရားဘူးလို့ ယူဆမိပါတယ်။ အနည်းဆုံး ဖခင်ကောင်း တစ်ယောက်ဟာ ခင်ပွန်းကောင်းလည်း ဖြစ်ပါတယ်။ ဒါက တိုက်ရိုက်အချိုးကျနေတယ်လို့ ကျွန်မ မြင်မိတယ်။ သားသမီးတွေအတွက် ဖခင်ကောင်းကို ရွေးချယ်တာနဲ့အတူ ကိုယ့်အတွက် ခင်ပွန်းကောင်းပါ ရွေးချယ်ပြီးသား ဖြစ်သွားတာပေါ့။

ဒီတော့ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ဘက်ရွေးချယ်မှုက တော်တော် အရေးကြီးတယ် ဆိုရပါမယ်။ အနည်းဆုံး ကိုယ်ကျင့်တရားကောင်းရမယ်။ လာပြန်ပြီ ဒီကိုယ်ကျင့်တရားလို့တော့ မထင်ပါနဲ့။ တကယ်တော့ လူတစ်ယောက်အတွက် အရေးပါဆုံးဟာ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားပဲလေ။ ကျွန်မပြောတဲ့၊ ဆိုလိုချင်တဲ့ ကိုယ်ကျင့်တရားဆိုတာ ကြီးကျယ်မြင့်မြတ်ပြီး လူတိုင်း မကျင့်သုံးနိုင်တဲ့ အရာမဟုတ်ပါဘူး။ ကျွန်မ ယုံကြည် သတ်မှတ်ထားတဲ့ ကိုယ်ကျင့်တရားဆိုတာ

(၁) ကိုယ့်မိသားစုကို သစ္စာရှိရပါမယ်။ ဒီနေရာမှာ ကိုယ့်မိသားစုဆိုတာ ဇနီးနဲ့ သားသမီးတွေ (လက်မထပ်ခင်တော့ ချစ်သူ)ပေါ့။ သစ္စာရှိရမယ်ဆိုတော့ မဖောက်မပြန်တာကို ပြောချင်တာပါ။ ဖောက်ပြန်တယ်ဆိုတာက မိန်းမရှိရက်နဲ့ ရည်းစားထားတာမျိုး၊ နောက်မိန်းမနဲ့ ထပ်ရှုပ်တာမျိုးပေါ့။ ဒီလို မဖောက်ပြန်ဖို့ လူတိုင်းလုပ်နိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ ကိုယ်ကျင့်တရားစောင့်စည်းမှု မဟုတ်ပါဘူး။ ပြောရရင်တော့ စိတ်ဓာတ်က အဓိကပါ။

(၂) အရက်သေစာ မသောက်စားရဘူးလို့ ကျွန်မ မပြောလိုပါဘူး။ (ဖြစ်နိုင်ရင်တော့ မသောက်စားတာ အကောင်းဆုံးပေါ့လေ။) ကိုယ်ကြိုက်လို့ သောက်တာပဲဖြစ်ဖြစ်၊ မဖြတ်နိုင်တော့လို့ သောက်တာပဲဖြစ်ဖြစ်၊ သောက်ချင်လို့ သောက်တာပဲဖြစ်ဖြစ် သောက်ချင်ရင် သောက်နိုင်သော်လည်း ကိုယ့်မိသားစုကို အရှက်ရ၊ မျက်နှာငယ်စေရလောက်အောင် သောက်တဲ့ အရက်သမားမျိုးမဟုတ်ဘူးဆိုရင်တော့ သူ့ကို ကိုယ်ကျင့်တရား မကောင်းဘူး ပြောလို့မရပါဘူး။ ဒါပေမဲ့ မိန်းမအများစုကတော့ ကိုယ့်ယောက်ျား အရက်မသောက်တတ်တာကို ဂုဏ်ယူချင်တတ်ကြတာပါပဲ။

(၃) မိသားစုကို ရိုးရိုးသားသား၊ သမ္မာအာဇီဝကျကျ ရှာဖွေ ကျွေးမွေးနိုင်တာမျိုးပါ။ ဒီနေရာမှာတော့ "အူမတောင့်မှ သီလစောင့်မယ်။" "အများမိုးခါးရေ သောက်လို့ လိုက်သောက်တယ်" ဆိုတဲ့ ဆိုရိုးစကားတွေကို ယုံကြည်လက်ခံသူတွေကတော့ ကိုယ်ကျင့်တရားကောင်းတယ်လို့ ဘယ်ပြောလို့ရမလဲနော်။

ခုခေတ်မှာတော့ နံပါတ် (၃) အချက်ကို ခေတ်ကာလအရ လူတိုင်း ကျင့်ကြံနိုင်မယ်မဟုတ်ဘူးလို့ ယူဆကြမယ်ဆိုရင် ကျန်တဲ့ အပေါ်က အချက် ၂ ချက်ကိုတော့ လူတိုင်း ကျင့်ကြံနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။ အဓိကက စိတ်ဓာတ်ပါပဲ။ စိတ်ဓာတ် ဖြူစင်၊ ခိုင်မာနေဖို့တော့ လိုတာပေါ့လေ။

ဒီလောက်လေးမှ မစောင့်စည်းနိုင်တဲ့ ယောက်ျားကို မိန်းကလေးများအနေနဲ့ ချစ်သင့်၊ လက်ထပ်သင့်ပါသေးသလား။ ကျွန်မ ပြောပြီးပါပြီ ဒီလိုလူက ကိုယ့်ခင်ပွန်းသာမက တချိန်မှာ ကိုယ့်သားသမီးတွေရဲ့ ဖခင်ပါ ဖြစ်လာဦးမှာပါ။ ကိုယ့်ကြောင့် လောကအလယ်မှာ မျက်နှာမဖော်ဝံ့ ဒါမှမဟုတ် ဂုဏ်ယူနိုင်စရာမကောင်းတဲ့ ဖခင်မျိုးကို ကိုယ့်သားသမီးတွေ ပိုင်ဆိုင်ရမှာဟာ ဖြစ်သင့်ပါသလားလို့ ကျွန်မတွေးမိတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်တချက်ဟာ ကိုယ်သာမက ကိုယ့်မျိုးဆက်ကိုပါ ထိခိုက်လာနိုင်တဲ့ အပြုအမူမျိုးတော့ မိန်းကလေးတိုင်း သေချာစဉ်းစားပြီး ရွေးချယ်သင့်လှပါတယ်။ ဒီနေရာမှာ မိန်းမတွေဘက်က ပြောနေပေမဲ့ ယောက်ျားတွေအတွက်လည်း ထိုနည်းလည်းကောင်း ပြောလို့၊ တွေးလို့ရပါတယ်။ ကိုယ့်သားသမီးတွေအတွက် မိခင်ကောင်းဖြစ်ဖို့ကလည်း အရေးပါတာပဲ မဟုတ်လား။ ဒီတော့ အိမ်ထောင်ဘက်ကို ရွေးချယ်တဲ့အခါ ဒီအချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ကျွန်မ အယူအဆကို ပြောရခြင်းပါ။

ကျွန်မအရင်က ကျွန်မအိမ်ထောင်ဘက်အဖြစ် ရွေးချယ်မဲ့သူဟာ ခုနက ပြောတဲ့ အချက် ၃ ချက်နဲ့ ပြည့်စုံရုံတင်မက စာဖတ်ဝါသနာပါသူလည်း ဖြစ်ရမယ်လို့ ကျွန်မတွေးခဲ့ဖူးပါတယ်။ ကျွန်မတို့ တမိသားစုလုံး (မောင်လေးက လွဲရင်ပေါ့) စာဖတ်ဝါသနာပါကြသလို၊ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကိုလည်း ယုံကြည်လက်ခံကြလို့ပါ။ ကျွန်မအမေနဲ့ သူ့သူငယ်ချင်းတွေ ပြောနေကျ စကားရှိတယ်။ "သားသမီးတွေကို စာအုပ်ပုံထဲသာ ပို့ထားလိုက် ဒါဆို အပင်ပန်းခံပြီး ပြောဆိုဆုံးမစရာမလိုဘူး" တဲ့။ ဒါက မှန်သင့်သလောက် မှန်ပါတယ်။ "အလိမ္မာ၊ စာမှာရှိ" မဟုတ်လား။ ဒါပေမဲ့ ခုနောက်ပိုင်း စာဖတ်သလောက်၊ ဗဟုသုတပြည့်စုံသလောက် လမ်းလွဲရောက်၊ အတွေးအခေါ်မှားတဲ့လူတွေကို တွေ့လာရတဲ့အခါ ကျွန်မအရင်က ယုံကြည်ခဲ့တာ နည်းနည်း ယိုင်နဲ့လာပါတယ်။

စာအရမ်းဖတ်တဲ့ ကျွန်မအသိ အစ်ကိုကြီးတစ်ယောက်ဟာ စာအစုံ မဖတ်လို့ဘဲလား ဒါမှမဟုတ် ဘာကြောင့်လဲတော့ မသိပါဘူး။ သူက ဘာသာမဲ့လိုလိုဖြစ်သွားပါတယ်။ ခုလောလောဆယ် မြန်မာပြည်က မိရိုးဖလာ ဗုဒ္ဓဘာသာတွေရဲ့ အပြောအဆို၊ အရေးအသားတွေကိုလည်း လက်မခံ၊ တယူလည်း သန်ပါတယ်။ သူ့ကို ဖတ်သင့်တဲ့ စာအုပ်၊ ဗဟုသုတနဲ့ပြည့်စုံတဲ့စာအုပ်ထဲက ကြိုက်တဲ့စာအုပ်နာမည်ပြောပြ၊ သူမဖတ်ရသေးတဲ့ စာအုပ် မရှိသလောက်ပါပဲ။ (သေသေချာချာ ထပ်ပြောရရင် သူက တိုတိုထွာထွာစာတွေ ဖတ်တာမဟုတ်ဘဲ တကယ့် စာကြီးပေကြီးတွေ ဖတ်တဲ့လူပါ။) ဒီလို စာဖတ်နာတဲ့ လူတစ်ယောက်ဟာ တခါတခါ အတွေးအခေါ်ကြောင်တတ်ကြောင်း ကျွန်မ လက်ခံလိုက်ရတာ သူ့တစ်ယောက်ထဲကြောင့်တော့ မဟုတ်ပါဘူး။ နောက်ထပ် တစ်ယောက်မက ထိုနည်းလည်းကောင်း တွေ့လာရတဲ့အခါ လက်မခံချင်ဘဲ လက်ခံလိုက်ရပါတယ်။

တကယ်တော့ စာဖတ်သူတစ်ယောက်အနေနဲ့ ကိုယ်လေးစားတဲ့ စာရေးသူရဲ့ အာဘော်ဟာ ကိုယ့်အပေါ် လွှမ်းမိုးတတ်တယ်ဆိုပေမဲ့ ယူဆချက်တိုင်းကို လက်သင့်မခံဘဲ ကိုယ့်အသိဥာဏ်နဲ့ ချင့်ချိန်တွေးတောပြီး လက်ခံသင့်မှ လက်ခံ၊ ပယ်သင့်ရင် ပယ်တတ်ဖို့တော့ လိုအပ်လှပါတယ်။ မဟုတ်ရင်တော့ စာဖတ်များတိုင်း၊ ဗဟုသုတကြွယ်တိုင်းလည်း ကိုယ့်လောက်မှ အသုံးကျသူတွေ မဟုတ်ကြောင်း သဘောပေါက်လိုက်ရပါတော့တယ်။ ဘာပဲပြောပြော ခုချိန်မှာ ကျွန်မကတော့ လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ သိခြင်း၊ မသိခြင်းပေါ်မှာ မသတ်မှတ်ဘဲ ရိုးသားဖြူစင်မှုပေါ်မှာပဲ သတ်မှတ်လိုက်ပါတယ်။

တခါ ကျွန်မသူငယ်ချင်းရဲ့ သူ့သမီးလေးအတွက် ဖခင်ရွေးချယ်မှု မှားယွင်းခဲ့ပုံကို ကျွန်မအမေနဲ့ ပြောရင်း အဲဒီမတိုင်ခင် ကျွန်မသူငယ်ချင်းကို အမုန်းခံ တားမြစ်ခဲ့တာတွေ၊ တခြားသူတွေရဲ့ အဲဒီအဖြစ်နဲ့ ခပ်ဆင်ဆင်အကြောင်းအရာတွေမှာ ကျွန်မ ၀င်ပါခဲ့တာတွေပါ ပြောဖြစ်ခဲ့ပါတယ်။ ကျွန်မအမေက ပြောတယ်။ "သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့ပါ သမီးရယ်"တဲ့။ နောက်ပြီး "ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတို့ တွေ့ဆုံမှုပါ"တဲ့။ "အဲဒါကို ကိုယ်က လိုက်ပူပန်ပေးစရာမလိုပါဘူး"လို့ ပြောတယ်။ "ကိုယ်က စေတနာနဲ့ သူ့အတွက် ပြောဆိုတားမြစ်ပေမဲ့ သူက အသိကင်းလွတ်ချိန် (နည်းနည်း ခပ်ရင့်ရင့်လေး ပြောမယ်ဆိုရင်တော့ မွှန်နေချိန်) မှာ ကိုယ့်စေတနာက မတိုးတော့ဘူး"တဲ့။ "အဲလိုချိန်မှာ ကိုယ့်ကို ရန်သူလို သဘောထားတတ်တာ ဓမ္မတာပါပဲ"တဲ့။ "ဘာလို့ ကိုယ့်အချိန်တွေ အကုန်ခံနေမှာလဲ သမီး"လို့ ပြောတယ်။ အမေပြောမှ ကျွန်မ မှားသွားမှန်း သတိရတယ်။ အမှန်တော့ အမေပြောသလို ကျွန်မ အချိန်တွေ သူများအတွက် အလကားသက်သက် ဖြုန်းတီးမိခဲ့ပါတယ်။ အိမ်ထောင်သည်ယောက်ျားရဲ့ တိတ်တိတ်ပုန်းမိန်းမ ဒါမှမဟုတ် ရည်းစားပဲ ဖြစ်ဖြစ်၊ ရည်းစားလက်ရှိရဲ့ တိတ်တိတ်ပုန်း ချစ်သူပဲဖြစ်ဖြစ် (သိသိကြီးနဲ့) သူတို့ကျေနပ်လို့ ရွေးချယ်ထားတဲ့အပေါ်မှာ ကျွန်မအနေနဲ့ ဘာမှ
ဂရုဏာဒေါသနဲ့ တားမြစ်ပိတ်ပင်၊ စိတ်ပင်ပန်းခံစရာ မလိုကြောင်း အမေ့စကားတွေကြောင့် အသိမှန်၊ အမြင်မှန်ရလာတာနဲ့အတူ ခုတော့ ကျွန်မ ပေါ့ပေါ့ပါးပါး ရယ်နေနိုင်ပါပြီ။

ကျွန်မအမေ အဖေနဲ့ လက်ထပ်ပြီးခါစက အဖေ့ကို စကားတစ်ခွန်း ပြောခဲ့တယ်တဲ့။ အဲဒီစကားကတော့ "ကိုယ်ကျင့်တရားပျက်တာကို ဘယ်တော့မှ လက်မခံနိုင်ဘူး။ ပြီးတော့ ကျွန်မ ခွင့်လွှတ်ရတာကို ၀ါသနာမပါဘူး" တဲ့။ သေချာတာက ကျွန်မအဖေကြောင့် အမေ ဘယ်တုန်းကမှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ရ၊ စိတ်မဆင်းရဲခဲ့ရသလို၊ ကျွန်မတို့အတွက်လည်း အမြဲ ခေါင်းမော့ ၀ံ့ကြွားနေရတဲ့ ဖခင်ကောင်းတစ်ယောက်ကို ရရှိခဲ့တာပါ။ အင်း... ကျွန်မအမေကတော့ သူ့သားသမီးတွေအတွက် ဖခင်ကောင်း၊ သူ့အတွက် ခင်ပွန်းကောင်းကို တာဝန်ကျေပွန်စွာ ရွေးချယ်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ အလှည့်ကျရင်ရော ဒီတာဝန်ကို ကျေပွန်နိုင်ပါ့မလား။ ဘာပဲပြောပြော ဒီရွေးချယ်ခွင့်ကတော့ ကျွန်မတို့လက်ထဲမှာ ရှိနေဆဲပါ...။

s0wha1

Print this post

13 comments:

ရွက်ဝါ said...

မs0wha1...
သုံးချက် နဲ့ လေးချက် မှားနေတယ်။ ပြန်ဖတ်ကြည့်ပါဦး။ တာဝန်ကျေနိုင်ပါစေဗျာ။

s0wha1 said...

ကိုရွက်ဝါ ကျေးဇူးပါရှင်...

Unknown said...

အိမ်ထောင်ရေး ဆိုတာ ကံ လည်းပါမယ် ထင်တယ် မs0wha1 ရေ။ ချစ်သူ၊ ရည်းစားဆိုတာ အတူနေရတာ မဟုတ်တော့ % ပြည့်သူ့အကြောင်း မသိနိုင်ဘူးလေ။ လူပျိုဘ၀ မှာ လုပ်ချင်ရာလုပ်ပြီး အိမ်ထောင်သည်ဘ၀မှာ အရမ်းတာဝန်သိ၊ တာဝန်ကျေတဲ့ လူမျိုးတွေလည်း အများကြီးရှိပါတယ်။ ချစ်သူ၊ ရည်စား ပဲဖြစ်ဖြစ် အိမ်ထောင်သည် ပဲဖြစ်ဖြစ် နားလည်မှုရှိဖို့က အဓိကလို့ ထင်မိပါတယ်။ ကိုယ်ကျင့်တရားက လူရဲ့ ရှိအပ်တဲ့ ရတနာဖြစ်လို့ အထူးအထွေ မပြောလိုပါ။ ကိုယ်ပေါ်မကောင်းတဲ့ လင်ယောက်ျားတော့ စိတ်ဆင်းရဲခံပြီး ဆက်မပေါင်းတာ အကောင်းဆုံးလို့ ထင်မိပါတယ်။ အိမ်ထောင်ရေး ကံကောင်းပါစေဗျာ။

s0wha1 said...

ကိုလေးဝင်း...
ညီမ ဆိုလိုတာကို နည်းနည်း သဘောမပေါက်လို့ဖြစ်မယ်...
ညီမပြောချင်တာက စထဲက မကောင်းတဲ့လူကို ငါ့လက်ထဲရောက်မှ ပြုပြင်မယ်ဆိုပြီး အမိုက်ခံ ရွေးချယ်မှုမလုပ်သင့်ဘူးပြောတာ...
ကိုယ့်လက်ထဲရောက်မှ မကောင်းတာကတော့ ကံ(အရင်ဘ၀)ဆိုတာ လက်ခံပါတယ်...
လက်ရှိဘ၀မှာတော့ အကောင်းဆုံးကို တတ်နိုင်သလောက် ရွေါ်သင့်တယ် ပြောတာ...
ညီမ နောက်တစ်ပို့စ် ရေးကြည့်ပါဦးမယ်...

s0wha1 said...

အဲ...မှားလို့ ကိုလေးဝင်း မဟုတ်ဘူး...ကိုဝေ...

s0wha1 said...

4 Aug 07, 21:39
s0wha1: ဟုတ်တယ် ညီမလေး...နားလည်မှုလည်း လိုမှာပေါ့...ဒါပေမဲ့ မမပြောနေတာ အိမ်ထောင်ရေး အကြောင်းဟုတ်ဘူးလေ...ကိုယ့်သားသမီးတွေအတွက်ပါ ထည့်စဉ်းစားပြီး လူကောင်းကိုသာ ဦးစားပေး ရွေးသင့်ကြောင်း ပြောချင်တာပါ ညီမလေးရေ...

4 Aug 07, 21:18
လင်းလက်ကြယ်စင်: မမရေ အိမ်ထောင်ရေးနဲ့အချစ်ရေးမှာ အတ္တနဲ့မာနတွေကို ထိုက်သင့်သလောက်လဲ လျှော့သင့်တယ် မဟုတ်လားဟင်။ ညီမလေးအတွေးကို ပြောပြတာပါရှင်

4 Aug 07, 18:53
s0wha1: thx decembersnow...:)

4 Aug 07, 12:43
decembersnow: "Girls and Choice" good idea for that words.

4 Aug 07, 12:40
decembersnow: You have good mind. I also like your mind.

4 Aug 07, 12:39
decembersnow: I like your blog and your idea very much. Thanks.

4 Aug 07, 11:52
s0wha1: အင်း...ဟုတ်တယ် အန်တီရေ... နောင်မှ ပြောင်းလဲသွားတာကတော့ အတိတ်ကံဖြစ်လို့ ပြောင်းလဲလို့မရတော့ဘူး။ ဒါမဲ့ လက်ရှိကံကတော့ ကိုယ်က လုပ်ယူရမှာဖြစ်လို့ ရွေးချယ်ရမှာပဲ...

4 Aug 07, 11:44
မေငြိမ်း: အင်း.. အဲလို သေချာ ရွေးတဲ့ ကြားကမှ နောင်မှ ပြောင်းလဲသွားရင်တောင် ဖြေသာတာပေါ့နော်..:D

Unknown said...

ဖူးစာကိုရော မs0wha1 မယုံဘူးလား။ ခံစားမှုကိုရောထည့်မတွက်တော့ဘူးလား။ ဦးနှောက်နဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေးက မှန်ကန်ဖို့များပါတယ်။ အသက်မဲ့နေမှာတော့စိုးရိမ်မိတယ်။ ဒီအချက်လေးတွေလည်း လိုအပ်မယ်ထင်လို့ ပြောကြည့်တာပါ။ မs0wha1 အယူအဆကိုလည်း နှစ်သက်ပါတယ်။

s0wha1 said...

ကိုဝေရေ... ကိုယ့်ကြမ္မာကိုယ် ဖန်တီးတယ်လို့ပဲ ယုံကြည်ပါတယ်... အချစ်မပါတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ဖို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒီအကြောင်းက ပြောမယ်ဆို တော်တော် ကျယ်ပြန့်ပါတယ်။ ကျွန်မက အိမ်ထောင်ရေးဆိုတာထက် ကိုယ့်လက်ထဲမှာ ရှိတဲ့ ရွေးချယ်မှုတွေထဲက အကောင်းဆုံးကို ရွေးချယ်ဖို့လိုကြောင်း ပြောချင်တာပါ... ချစ်လို့ မကောင်းမှန်းသိရက်နဲ့ ကိုယ့်ဘ၀ကို အနစ်မွန်းခံမယ်ဆိုရင်လည်း ဒါက သူ့ရွေးချယ်မှုပါလေ... ဒါပေမဲ့ ဘယ်သူမဆို ကိုယ့်သမိုင်းကိုယ်ရေးကြမှာ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ရေးကြစေချင်တာပါ...

s0wha1 said...

ဆောရီး ကိုဝေ...ကျွန်မစကားလုံး သုံးတာ မှားသွားတယ်... ဘယ်သူမဆို ကိုယ့်သမိုင်းကိုယ်ရေးကြမှာ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးရေးချင်ကြတာပဲလို့ပြင်ဖတ်ပေးပါ... ရေးကြစေချင်တယ်ဆိုတော့ ကျွန်မက ဆရာကြီးလုပ်သလို ဖြစ်နေတယ်... တကယ်တော့ ကျွန်မ ဘာမှ မသိ၊ မတတ်တဲ့ သာမန် မိန်းမတစ်ယောက်ပါပဲ...

@tMozzis said...

အမရဲ့ အကိုကြီး အကြောင်းကို ကြားရတာ စိတ်မကောင်းပါဘူး။
တကယ်တော့ စာဆိုတာ ကောင်းသောစာ ရှိသလို မကောင်းသောစာ ရှိတယ် မဟုတ်လား။
ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ရင် အယူဝါဒတွေနဲ့ သက်ဆိုင်တဲ့ စာတွေကို မဖတ်ရင် အကောင်းဆုံးလို့ ထင်တာပဲ။

Yours sincerely,
ATM5

s0wha1 said...

မောင်လေး ATM5 ပြောသလိုဆိုရင်တော့ အကောင်းဆုံးပေါ့။။။

MoeYaNant said...

I visited your blog today from Pandora's tag life partner.Count me as your blog audience:))

s0wha1 said...

ကျေးဇူး lighter...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*