Wednesday, August 1, 2007

ပြောင်းဖူးကို သင် ဘယ်လိုစားပါသလဲ



ပြီးခဲ့တဲ့အပတ်က တရုတ်သတင်းစာမှာ ပါလာတဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတခုကို ကျွန်မ ဘလော့ဂ်မှာ ပြန်လည် မျှဝေလိုက်ပါတယ်။ အရင်ဆုံး ကျွန်မ တရုတ်စာရော၊ စကားရော မဖတ်တတ်၊ မပြောတတ်ကြောင်း အသိပေးပါရစေ။ အနည်းအကျဉ်းတော့ နားလည်သလိုရှိပါတယ်။ ကျွန်မ မိတ်ဆွေတစ်ယောက်က ရုံးက သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် တရုတ်ကပြားအစ်မကြီး ပြောပြတာကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်။

မနေ့က အဲဒီတရုတ်အမက ပြောင်းဖူးတစ်ဖူးကို အလယ်ကနေ အရင်စားသလား၊ အရင်းကနေ စစားသလား၊ ခြွေပြီးစားသလား၊ နှစ်ပိုင်းပိုင်းပြီး စားသလားဟူ၍ ကျွန်မသူငယ်ချင်းကို မေးသတဲ့။ ကျွန်မ သူငယ်ချင်းကလည်း ထိုမေးခွန်းများ ကျွန်မကို ပြန်မေးပါတယ်။ သူကတော့ နှစ်ပိုင်းဖြတ်ပြီး စားပါသတဲ့။ ကျွန်မလည်း ပြောင်းဖူးကို ဘယ်လို စားပါလိမ့်လို့ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးသကာလ အရင်းကနေ စစားပြီး အဖျားပိုင်းရောက်ရင် ဆက်မစားတော့ကြောင်း ပြောလိုက်ပါတယ်။ လူနှစ်ယောက်စားရမယ်ဆိုမှသာ အလယ်ကနေ ထက်ပိုင်းချိုးစားတတ်ကြောင်းလည်း ပါတာပေါ့။

ဒါနဲ့သူက ပြောပါတယ်... ပြောင်းဖူးစားတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စရိုက်ကို သိနိုင်ပါတယ်တဲ့။ သူတို့ တရုတ်ပညာရှိတွေက တူနဲ့ စားပုံစားနည်းကြည့်ပြီး ထိုသူရဲ့ အကျင့်တွေကို မှန်အောင် ပြောနိုင်တယ်လို့ အရင်ထဲက ကြားဖူးနေပါတယ်။ ခုဟာကတော့ တူမဟုတ်ဘဲ ပြောင်းဖူးပေါ့။


အရင်းပိုင်းမှ အဖျားပိုင်း (အညှာမှ ထိပ်ပိုင်း) စားတဲ့လူတွေက အသေးအဖွဲ ဂရုမစိုက်တတ်၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်၊ ကိုယ်မှန်တယ်ထင်ရာလုပ်ဖို့ ၀န်မလေးတတ်၊ သူများဝေဖန်ချက်ကို ဂရုမစိုက်တတ်၊ အများအမြင်မှာ စွမ်းအင်အပြည့်ရှိပြီး ခေါင်းဆောင်လိုစိတ်ရှိသည်တဲ့... (ကျွန်မအတွက်ကတော့ ခေါင်းဆောင်လိုစိတ်ရှိတာကလွဲလို့ ကျန်တာ မှန်သလိုလိုရှိတယ်...:P)

အလယ်ကနေ စစားတဲ့လူက လူတွေနဲ့ ခပ်ခွါခွါနေတတ်၊ သူများကိစ္စကို ၀င်မပါတတ်၊ ကိုယ့်ကိစ္စကို သူများ ၀င်စွက်ဖက်တာလည်း မကြိုက်တတ်၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့သူများ ဖြစ်သတဲ့။ ပြီးတော့ သူများတွေရဲ့ အတွေ့အကြုံကိုကြည့် အဲဒီကနေ ကောင်းတာကိုရွေးထုတ်၊ သေချာအစီအစဉ်ဆွဲပြီးမှ လုပ်တတ်ပါတယ်တဲ့။ ပြောရရင်တော့ လူလည်ကျတတ်တယ်ပေါ့။

နှစ်ပိုင်း ထက်ပိုင်းချိုးပြီးမှ စားတတ်သူတွေကတော့ မိန်းမအများစု ပိုင်ဆိုင်တဲ့ အကျင့်စရိုက်တွေ ရှိတတ်၊ သူများ ထင်မြင်ချက်ကို အလေးပေးတတ်တယ်တဲ့။ အရာရာကို အားနာတတ်ပြီး ကိုယ်စိတ်မပါလည်း ပတ်ဝန်းကျင်ဆန္ဒကို လိုက်လျောတတ်တယ်တဲ့။


အစေ့တွေကို ခြွေပြီးမှ စားတတ်သူကတော့ မကောင်းဘူး ပြောရမယ်။ အရာရာကို အကောင်းကြိုက်ပြီး ကြွားဝါတတ်၊ ရှိတာထက် ပိုပြောတတ်တယ်။ ပြီးတော့ ကိုယ့်မှာ ရှိတာထက်လည်း ပိုလိုချင်တတ်တယ်တဲ့။

ကဲ...မိတ်ဆွေတို့ရော ပြောင်းဖူးတစ်ဖူးကို ဘယ်နေရာက စစားတတ်ပါသလဲ။ ကိုယ့်အကျင့်စရိုက်နဲ့ သူပြောတဲ့ အချက်တွေ မှန်၊ မမှန် တိုက်ဆိုင်ကြည့်ကြရအောင်ပါ။

***

အိ...မေးမိသမျှ အဖျားပိုင်းက စစားတဲ့လူက များနေတယ်။ ဒီသတင်းစာထဲမှာကလည်း အဲဒါက မပါ။ ဘယ်လို အကျင့်ရှိကြောင်း သိချင်စမ်းပါဘိ...:P

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

2 comments:

ထွန်း said...

I like your corn post. The way of eating corn is depend on the corn. 1. break half if it is extremely too long
2. start from bottom (at steam) if corn is too tight
3. start from top if it is easy to unplug seed
4. make one line track after unplug seeds from top to bottom or bottom to top
5. then eat line by line.

This way is neat and tighty, able to enjoy the great taste of whole corn... nothing left on the core..

:-) if so.. what kind of habit for this person?

Thank you so much and I really enjoy your post.. haa haa haa..

s0wha1 said...

ကို jj...တရုတ်သတင်းစာထဲမှာ ပါသလောက်ကို တရုတ်လို တတ်တဲ့ အစ်မကြီးက ဘာသာပြန်ပြလို့ ပြန်ရေးထားတာပါ...ဟီဟီ အဲဒီတော့ ကို jj ပြောသလိုမျိုး မပါဘူးလေ...:P

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*