Monday, January 30, 2012

မအေးခဲသွားနိုင်တဲ့ မြောက်ပိုင်းရဲ့ နောက်ဆက်တွဲ ဝေဒနာ


မြောက်ပိုင်းဒေသမှ အရိုးတွန်သံများဆောင်းပါးကြောင့်နိုးထလာသော နှလုံးသားပုံရိပ်တစ်ခု

(၁)

ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင်ဖတ်ရသည့် မြောက်ပိုင်းအကြောင်းအရာများကို လွန်ခဲ့သည့် အနှစ် ၂၀ ခန့်ကတည်းက ကျမ သိရှိခဲ့ပြီးဖြစ်ပါတယ်။ လူစာရင်း အတိအကျကိုတော့ ဒီဆောင်းပါးဖတ်မှ သိရပါတယ်။ ဒီဆောင်းပါးမှာပါတဲ့အတိုင်းပါပဲ အခုအချိန်မှ ဖွင့်ပြောခဲ့ကြရတာကတော့ အချိန်မကျသေးတာရယ်၊ ကျောင်းသားအချင်းချင်း ဖြစ်ပျက်ခဲ့တာကို စစ်အစိုးရ ဖက်က သိရှိခဲ့ရင် လက်ညှိုးထိုး ပြောစရာဖြစ်လာမှာရယ်ကို မလိုလားတာရယ် စတာတွေကြောင့်ပါ။

ကျမလို ကာယကံရှင်တစ်ယောက် မဟုတ်တဲ့သူအနေနဲ့ ပြောရရင် အစွပ်စွဲ-အနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ကျောင်းသားစိတ်အပြည့်ရှိပြီး မိမိတို့ အသက်အန္တရာယ် ထိခိုက်သည်အထိ ကြုံခဲ့ရပေမဲ့ အဖွဲ့အစည်းဂုဏ်သိက္ခာအတွက် ရေငုံနေခဲ့ကြပါတယ်။ ကျောင်းသားသိက္ခာ ထိန်းခဲ့ကြတာပါ။

ဒါပေမယ့် ဒီမိုကရေစီဖော်ဆောင်နိုင်တဲ့တစ်နေ့၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့ တစ်နေ့ကျရင် ဒီကိစ္စတွေ၊ ဒီလူတွေဟာ စစ်အစိုးရကလွှတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေ မဟုတ်ဘူးဆိုတာရယ်၊ မတရားညှင်းဆဲ သတ်ဖြတ်ခဲ့တယ် ဆိုတာတွေရယ်ကို ဖော်ထုတ်ကြလိမ့်မယ်လို့ ရည်ရွယ်ထားပြီးသားဆိုတာ အဲဒီအနှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ကျမ သိရှိပြီးသားပါ။ ဒီတော့ ကျမအနေနဲ့ သိပြီးသားတွေ မထူးဘဲနဲ့ ဘာလို့ရေးလာသလဲလို့ဆိုတာ ပြောပါရစေ။

ဒီအကြောင်းအရာတွေ ဖတ်လိုက်ရတဲ့အခါ အစွပ်စွဲခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကျောင်းသားမိဘ၊ ညီအစ်ကိုမောင်နှမတတွေ ရင်ထဲကို ကိုယ်ချင်းစာစိတ်နဲ့ ခံစားမိရပါတယ်။ ကိုယ့်ရဲ့သွေးသားကို နှိပ်စက်တာတွေကို ရင်နှင့်အမျှ၊ ကာယကံရှင်ခံစားရသည့်နည်းတူ ရင်ပွင့်မတတ် ခံစားခဲ့ရတာတွေက အသစ်တစ်ဖန် ခံစားလာရပြန်ပါတယ်။

အဲဒီအခါမှာ ကျမအမေလို ရင်းနှီးခင်မင် ချစ်ခင်လေးစားခဲ့ရတဲ့ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ရဲ့ လွန်ခဲ့တဲ့အနှစ် ၂၀ က ပေါက်ကွဲလုမတတ် ခံစားခဲ့ရတဲ့ နှလုံးသားပုံရိပ်ကို ပြန်ပြီး မြင်ယောင်လာခဲ့ပါတယ်။ ကြာတော့ကြာခဲ့ပါပြီ.....

(၂)

ဆရာမကြီးဆိုပေမယ့် ကျမတို့ငယ်စဉ်က မူလန်းပြဆရာမအဖြစ် ဆုံခဲ့ရပါတယ်။ ကျမလေးတန်းမှာ ကျမရဲ့ အတန်းပိုင်ဖြစ်ခဲ့ပြီး၊ ကျမမိဘများနဲ့ ဆရာမကြီးခင်ပွန်းက ဌာနတစ်ခုမှာ အတူတာဝန် ထမ်းဆောင်တဲ့အတွက် ခင်မင်ရင်းနှီးကြပါတယ်။ လေးတန်းမှာ အတန်းပိုင်ဆရာမဖြစ်ခဲ့တဲ့အတွက် ဆရာမလို့ ခေါ်တာနှုတ်ကျိုးနေပေမယ့် ကျမနဲ့ သားသမီးဖွယ် နှစ်ပေါင်း များစွာ ခင်မင်ရင်းနှီးခဲ့ပါတယ်။

နောက်ဆုံး ကျမ ကျောင်းဆရာမ လုပ်နေတဲ့အထိ ဆရာမဟာနှစ်ပေါင်းများစွာ ဆရာမကြီးဘဝနဲ့ အငြိမ်းစားယူသည်အထိ နှစ် ၄၀ ဝန်ထမ်းဘဝ တာဝန်ထမ်းခဲ့သူပါ။ စာအသင်အပြ အလွန်ကောင်းပြီး၊ ကျောင်းသားများ ချစ်ကြောက် ရိုသေရုံမက မိဘများကပါ လေးစားကြပါတယ်။

ဆရာမ စာသင်သံကြားရတဲ့ ရပ်ကွက်ထဲက မိဘတချို့က သူ့ကလေးတွေစာကျက်ရင် “ဒါကဒီလိုပါ“ ဟု ပြန်ရှင်းပြတတ်ရာ၊ ကလေးတွေက “အမေတို့တောင် စာတွေရနေပါလား” လို့ ပြန်ပြောမိကြပါတယ်။ ကလေးမိဘတွေကလည်း “ အေး မင်းတို့ ကံကောင်းတယ် ဒီလို ရှင်းကနဲ နားထဲဝင်အောင် သင်နိုင်တဲ့ ဆရာမမျိုးနဲ့ တို့တွေ့ခဲ့လို့ကတော့ ခုလို ကျောင်းတဝက်တပျက်နဲ့ ထွက်ခဲ့မှာ မဟုတ်ဘူး” “မင်းတို့ သေချာသင်ယူကြ” လို့ ပြောယူကြရပါတယ်။

ဆရာဆရာမ အချင်းချင်းမှာတင် လူမှုရေး၊ စီးပွားရေး၊ ကုန်ကုန်ပြောရရင် ဆရာမပေါက်စလေးတွေရဲ့ အချစ်ရေးကအစ ဆရာမကိုပဲ တိုင်ပင်ကြတာတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေး အင်မတန်ကောင်းပြီး စိတ်နှလုံး အင်မတန်နူးညံ့ပါတယ်။ ဆရာမရော၊ ဆရာမ ခင်ပွန်းပါ ရုပ်ရည်ချောမောကြပါတယ်။

ဆရာမဟာ ရုပ်ရည်ချောမော၊ ကျက်သရေရှိပြီး မျက်နှာအမူအရာအေးချမ်းတည်ကြည်သလောက် ဆရာမဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်၊ လောကဓံရဲ့ ရိုက်ပုတ်တဲ့ဒဏ်ကို ဘဝတလျှောက်လုံး ခါးစည်းခံခဲ့ရပါတယ်။ ဒါပေမယ့် နင်လားဟဲ့လောကဓံလို့တောင် ကြုံးဝါးမနေတော့ဘဲ အဲဒီလောကဓံနဲ့အတူ လမ်းလျှေက်ရင်း ဘဝကို ဖြတ်သန်းခဲ့သူပါ။

ကျမဟာလည်း ဆရာမရဲ့ သမီးတစ်ယောက်သဖွယ် ချစ်ခင်ခဲ့ရသူဖြစ်တဲ့အတွက် ဆရာမ လောကဓံနဲ့အတူ လမ်းလျှောက်ချိန်မှာ၊ တခါတရံ အဖော်အဖြစ်ပါခဲ့ပြီး အတူလျှောက်ဖြစ်ခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မေ့မရနိုင်တဲ့ နှလုံးသားပုံရိပ်တွေကို ထပ်တူခံစား သိရှိခဲ့ရခြင်းပါ။

ဆရာမဟာ အဆင်ပြေတဲ့ ဆီစက်ပိုင်ရှင် စက်သူဌေးသမီးဘဝကနေပြီးတော့ ရုန်းကန်လှုပ်ရှား စိုးရိမ်မကင်းစွာ ရပ်တည်နေ ရမယ့်ဘဝကို သူ့ဘာသာ ရွေးချယ်ခဲ့တာပါ။ ၁၉၆၂ ခုနှစ် ကျောင်းသားအရေးအခင်းကြောင့် ဆရာမတို့ရွာကို တက္ကသိုလ် ကျောင်းသားတယောက် တိမ်းရှောင်လာရာက ဆရာမဘဝ ပြောင်းလဲခဲ့ပါတယ်။ အဲဒီကျောင်းသားဟာ အခုလက်ရှိ ဆရာမရဲ့ ခင်ပွန်းပါပဲ။

ဆရာမက အဲဒီအချိန်က High School Final အောင်ထားပါတယ်၊ နိုင်ငံရေးသမားကိုယူရင် စိတ်ရှုပ်စရာတွေ၊ စိတ်ပင်ပန်းစရာ တွေ ကြုံရလိမ့်မယ်လို့ ပြောကြဆိုကြပေမယ့် အသက် ၁၈ နှစ်မှာပဲ အိမ်ထောင်ပြုခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မှာ အခြေချ နေပြီး အသက် ၁၉ နှစ်၊ သားတစ်ယောက် မွေးအပြီးမှာ မူလတန်းဆရာမ စလုပ်ပါတယ်။

အဲဒီအချိန်မှာ နယ်က ဆရာမရဲ့ဖခင် ရုတ်တရက်ဆုံးခြင်း၊ ဆီစက်ကို ပြည်သူပိုင်သိမ်းခြင်း၊ အိမ်မီးလောင်ခြင်း စတာတွေ ဆက်တိုက်ကြုံခဲ့ရပါတယ်၊ ဒါတွေဟာ လူတိုင်းကြုံရတတ်တဲ့ လောကဓမ္မတာပဲလို့ ဖြေသိမ့်နိုင်ခဲ့တဲ့ ဆရာမဟာ သူ့ဘဝမှာ ဘယ်လိုမှ မေ့မရနိုင်မယ့် အခြားသော အဖြစ်အပျက်တွေ ရှိလာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။

(၃)

ဆရာမရဲ့သားအကြီးဆုံးက ကျမနဲ့ အသက်အရွယ် အတန်းအတူတူပါ။ ဒုတိယသမီး သမီးကြီးကတော့ ကျမထက် ငယ်ပါ တယ်။ အဲဒီသမီးကြီးဟာ အဖေတူသမီးပါ၊ ဒါကြောင့် အဖေဖြစ်သူက တော်တော်ချစ်ပါတယ်၊ အဖေချစ်သမီးပီပီ အမေကို အဖေလောက်တော်တယ်လို့ ဘယ်တော့မှ မမြင်ပါ။ ဒါကြောင့်လည်း ကျမနှင့်ဆရာမ ဒီလောက်နီးနီးစပ်စပ် တွယ်တာမိတာ ဖြစ်နိုင်ပါသည်။

နောက်တခုက ဆရာမက နိုင်ငံရေးအကြောင်းမပြော၊ နိုင်ငံရေးအကြောင်းလည်းမဖတ်။ ကျောင်းစာသာ သင်ပါတယ်။ စာသင်ခြင်းသည်သာ သူ့အလုပ်။ ဆရာမရဲ့ သမီးကြီးက စာအုပ်တွေ စဖတ်ကတည်းက နိုင်ငံရေးစာအုပ်တွေကို ဖတ်ပါတယ်။ သူ့အဖေက လေ့ကျင့်ပေးထားခြင်းပင်။

၁၉၈၈ ခုနှစ်၊ မတ်လ၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးပြီးနောက် တက္ကသိုလ်ဝန်းကျင်က မငြိမ်သက်နိုင်တော့။ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဇွန်လမှာ ပိုမိုကျယ်ပြန့်လာမယ့် ကျောင်းသားအရေးအခင်း စတင်ပါတယ်။ ဆရာမက သူ့သမီးကြီးအတွက် ပူပန်နေရှာခဲ့ပါတယ်။

အဲဒီ သမီးကြီးအောက်မှ သားအငယ်က ဖြူဖြူနွဲ့နွဲ့၊ အသားဖြူဖြူ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ မျက်ခုံးကောင်းကောင်းနဲ့ လူချော တစ်ယောက်ပါ။ သူက ဒုတိယနှစ် သင်္ချာအထူးပြုဖြင့် (လုပ်သားကောလိပ်) တက်ရောက်နေသူ။ ဒုတိယနှစ်ရောက်တော့ သူ့ဖခင်၏ရုံးမှာ အလုပ်ရလို့ လုပ်သားကောလိပ် ပြောင်းတက်ခဲ့တာပါ။

ဆရာမက စိတ်ပူလို့ ”မင်းအစ်မက ကျောင်းမှာ စာမသင်တော့ဘူးဆိုလည်း မသွားနဲ့တော့ ပြောတာမရဘူး၊ ဘာကြောင့် သွားနေမှန်း မသိဘူး” ဟု ပြောရာ၊ အဲဒီသားအငယ်က “ကျောင်းသားတွေ တရားဟောတာ၊ ပြောတာ သိပ်ကောင်းတယ်၊ အဲဒါသွားပြီး နားထောင်တာနေမှာပေါ့။ ဒီနေ့ခေတ် ဖြစ်ပျက်နေတာတွေ အမှန်အတိုင်း ပြောရဲတာ၊ သိပ်ကောင်းတာပဲ၊ မဆလ အစိုးရတော့ ဒီတချီ သေဖို့သာပြင်၊ ကျောင်းသားတွေက နောက်မဆုတ်တော့ဘူး၊ ကျောင်းသားတွေ သွေးမြေကျခဲ့ရတာတွေ အတွက် ပေးဆပ်ရလိမ့်မယ်၊ ဒီအစိုးရကို အပြုတ်တိုက်ဖို့ စီစဉ်နေကြပြီ” လို့ ပြောပါတယ်။

အဲဒီလို သားငယ်က ပြောတာကို အမှတ်တမဲ့သာ နေခဲ့ပြီး၊ သမီးကြီးကို စိတ်ပူပြီး အာရုံစိုက်နေလို့ သားအငယ်ကို လုံးလုံး မေ့လျော့နေခဲ့ပါတယ်။ အဲဒီ သားအငယ်က အဲဒီအချိန် အသက် ၂၀ အရွယ်ပါ။ အဲဒီအရွယ်ကစပြီး သူ့ဘဝတစ်ခုလုံး နိုင်ငံရေး နယ်ထဲ၊ ကျောင်းသားတော်လှန်ရေးနယ်ထဲ ရောက်သွားလိမ့်မယ်လို့ သူ့အမေက မထင်ခဲ့ရိုးပါ။

အဲဒီအချိန်မှာ အစိုးရက တိုင်းပြည်အခြေအနေကို ရိပ်မိ၍ပဲလား၊ အစိုးရဝန်ထမ်းတွေကို စည်းရုံးတာပဲလား မသိ။ ဝန်ထမ်းဆန် တစ်ယောက် ၃ လစာ ထုတ်ပေးခဲ့ပါတယ်။ ဆရာမ သားအငယ်က အဖေ၊ အမေ၊ သူ့ကိုယ်တာများကို ကားတစ်စီးဖြင့် ထုတ်၊ အိမ်သို့ပို့ခဲ့ပြီး ချက်ခြင်းပဲ အိမ်ကနေ ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။

အချစ်ဆုံးသားအတွက် ဆရာမဟာ ရတက်မအေး ပူဆွေးခံစားမှုတွေရဲ့ အစပါပဲ...။

သမီးကြီးက ပြောလာတယ်၊ သားငယ်က ကျောင်းမှာ တရားတက်ဟောတယ်၊ မျက်နှာစည်းရန် လက်ကိုင်ပဝါ တောင်းလို့ တောင် ပေးလိုက်ရသေးတယ်တဲ့။ ဆန်တွေလာပို့တော့ “ အစ်မ ဒီဆန်တွေ တို့မိသားစု ၃ လ စားလို့ လောက်ရဲ့လား” လို့ မေးသွားတယ်။ “ငါမရှိရင် အဖေနဲ့အမေကို ဂရုစိုက်ပါ” လို့ ပြောသွားတယ်။ “သူကတော့ တိုင်းပြည်အတွက် လုပ်စရာတွေရှိလို့ သွားပြီ” လို့ ပြောသွားတယ် ဆိုပြီး သမီးကြီးက ပြန်ပြောတော့ ဆရာမဟာ မယုံကြည်နိုင်စွာ အံ့သြမင်တက်နေလေရဲ့။

သမီးကြီးက ဆက်ပြောနေပါသေးသည်။

“မေမေစိတ်မပူနဲ့၊ မေမေ့သားတစ်ယောက်ထဲ မဟုတ်ဘူး၊ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ ပြောလို့မရပေမယ့် သူတို့ဟာ ကျောင်းသားလှုပ်ရှားမှုတွေ ဆက်လုပ်ဘို့ သွားကြတာပါ။ မေမေ့သားအတွက် အစစ အဆင်ပြေအောင်သာ ဆုတောင်းပေးပါ။ မေမေ ခွဲရတယ်ဆိုတာ သေသွားတဲ့ ကျောင်းသားတွေရဲ့ မိဘတွေလောက် မဆိုးသေးပါဘူး”။

(၄)

၈-၈-၈၈ တွင် ကျောင်းသားများဦးဆောင်သော ရှစ်လေးလုံး အရေးတော်ပုံကြီး စတင်ပါတော့တယ်။ ပြည်သူတစ်ရပ်လုံး အုံးအုံးကျွက်ကျွက် တောင်းဆိုသံများကြောင့် အာဏာရှင်မဆလ အစိုးရ ပြုတ်ကျခဲ့ပါတယ်။ ဆရာမရဲ့ သမီးကြီးနဲ့တကွ ဆရာမခင်ပွန်းပါ သားပျောက်၊ မောင်ပျောက် ရှာပုံတော်ဖွင့်ကြပါတယ်။ တရားဟောတဲ့နေရာမှာလည်း စောင့်ကြည့်ကြ၊ ချီတက်ရင်းနဲ့လည်း ရှာဖွေကြပါတယ်။ သမီးကြီးက ကျောင်းသားသမဂ္ဂအဖွဲ့တွေမှတဆင့် စုံစမ်းပါတယ်။

အချို့ကျောင်းသားတွေက ဇွန်အရေးအခင်းပြီးကတည်းက ရှစ်လေးလုံးအရေးတော်ပုံအတွက် တစ်နိုင်ငံလုံးအနှံ့ တာဝန်ကျရာ နယ်တွေကို ရောက်နေကြောင်းတော့ သိရပါတယ်။ ကနဦးအစ ပစ်ခတ်မှုများကလည်း ရှိနေခဲ့တော့ အသက်ရှင်ရက်မှ ရှိပါ့မလားလို့ သံသယဝင်လာပါတယ်။ ဒီသံသယကို ဆရာမက မိခင်တို့ သိစိတ်နဲ့ ချေဖျက်ပါတယ်။ ကိုယ့်သွေးသားဖြင့် ဖြစ်တည်ပြီး မိမိဝမ်းကြာတိုက်မှာ ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ သားကို မသေသေးပါဟု အလိုလိုသိနေပါတယ်တဲ့၊ တွေ့အောင် ရှာကြပါပြောရင်း အိပ်ရာထဲ လဲပါတော့တယ်။ မိခင်တစ်ယောက်ရဲ့ သားပျောက်ဝေဒနာကို မှန်းဆနိုင်ပါမလား...။

သမီးကြီးက ဗကသသမဂ္ဂရှိရာ ရန်ကုန်ဆေးရုံကြီးကို သူတို့နေထိုင်ရာ မြို့စွန်ကနေ နေ့တိုင်း လမ်းလျှောက်သွားပါတယ်။ သူ့မအလုပ် သူမလုပ်ရင်း မောင်ကို စုံစမ်းပါတယ်။ သူမလည်း စိတ်ပူနေပြီ၊ တစ်နေ့ပြန်လာမယ် ပြောသွားတာ ဒီအချိန် ပြန်လာသင့်ပြီပေါ့ဟု ဆိုကာမျှော်ရချေပြီ။ မိသားစုရဲ့ အပူမီးဟာ အရှိန်ရ လောင်ကျွမ်းနေပါပြီ။

ကျမက ဆရာမကို စောင့်ရှောက်ပေးရင်း သားသမီးအပူများကို မျှဝေခံစားခဲ့ရပါတယ်။ စက်တင်ဘာ ၁၈ ရက်တွင်တော့ စစ်တပ်မှ အာဏာသိမ်းပါတယ်။ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြည်သူတွေ အထောင်အသောင်း တောခိုကြလေပြီ။ ဆရာမက သားအငယ်အတွက် ပူပင်သောကများ မငြိမ်းနိုင်တဲ့အတွက် ကျန်သမီးများအား အတင်းအကျပ် တားမြစ်ပါတယ်။ ဆရာမလည်း အိပ်ရာမှာ ဘုံးဘုံးလဲကာ လူထူမှသာ ထနိုင်ပါတော့တယ်၊ မျှော်လင့်ချက်တွေ ပြိုလဲလု မဟုတ်လား။

လုံးဝ မထင်ထားတဲ့ အချိန်မှာမှ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ သားငယ်ဟာ သန်လျင်က သူငယ်ချင်းအိမ်ကို ရောက်နေတဲ့အကြောင်းနဲ့ သူမဟာ သူငယ်ချင်းရဲ့ အမေ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ခုလိုအချိန်မှာ သားကို လက်ခံမထားရဲတဲ့ အတွက် ပြန်လာခေါ်ဖို့ ပြောလာပါတယ်။

ဆရာမဟာ သားအသက်ရှင်လျက် ရှိနေတာကို သိသိခြင်း ဝမ်းသာအားရဖြစ်သွားပြီး ထထိုင်ပါတော့တယ်။ လမ်းတော့ဖြင့် မလျှောက်နိုင်သေးပါဘူး။ ဆရာမခင်ပွန်းကတော့ အိမ်ရောက်ရင် အဖမ်းခံရမှာပေါ့၊ ဘယ်လိုလုပ်ကြမလဲ စဉ်းစားနေတုန်းမှာပဲ၊ သမီးကြီးက “သမီးလိုက်သွားမယ်၊ သမီးပဲ ကြည့်စီစဉ်ခဲ့ပါမယ်၊ မေမေ နေကောင်းအောင်နေပါ၊ ဖေဖေက ဝန်ထမ်းဖြစ်တဲ့ အတွက် ဖေဖေက ဆက်သွယ်တယ်ဆို မကောင်းပါဘူး“ ဆိုကာ တခါမှ မမြင်ဘူးသည့် အမျိုးသမီးကြီးတစ်ယောက်နောက်ကို လိုက်သွားခဲ့ပါတယ်။ ဆရာမမှာတော့ ဝမ်းသာစရာနှင့်အတူ စိတ်ပူပင်စွာ စောင့်မျှော် ကျန်ရစ်ခဲ့ပါတယ်။

သားငယ်က အရေးအခင်းကာလမှာ မြိတ်ကိုရောက်နေပြီး အဲဒီမှာ ကျောင်းသားအရေးတော်ပုံကို စတင်နိုင်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်မှာရှိတဲ့ ကျောင်းသားတွေ နယ်စပ်ကို ရှောင်တိမ်းကြတော့ အရေးအခင်းမတိုင်ခင်ထွက်သွားတဲ့ သူတို့က ပြန်ဝင်လာကြတာပါ။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင် နေရတာမဟုတ်ပဲ လုံခြုံတဲ့နေရာမှာ တိမ်းရှောင် ပုန်းနေကြတာ။

သန်လျင်ကို ကျောင်းသားတချို့နဲ့တွေ့ဖို့အလာ၊ သူငယ်ချင်းဖြစ်သူအိမ်ကို ဝင်ခိုနေတာဖြစ်ပါတယ်။ အိမ်ကို ပြန်မလိုက်နိုင်ပါ၊ ကျောင်းသားအရေးကိစ္စများ လုပ်စရာများစွာ ရှိနေသေးတဲ့အတွက် သူ့ကို မေ့ထားလိုက်ပါ။ ဘာအကြောင်းမှ မကြားရရင် အသက်ရှင်လျက် ရှိနေသေးတယ်မှတ်ပါလို့ ပြောပါတယ်။

သမီးကြီးက ”အမေက တခါလောက်တော့ တွေ့ချင်ရှာမယ်၊ နင်က ဘာမပြောညာမပြော ရုတ်တရက်ပျောက်သွားလို့ ခံစားနေရတာ။ ဒီတကြိမ်တော့မောင်လေး တွေ့လိုက်ပါနော်၊ အတင်းပြန်ခေါ် မထားပါဘူး၊ လုပ်စရာရှိတာ ဆက်လုပ်ပါ၊ လာတွေ့လိုက်ပါဟာ” ပြောတဲ့ အချိန်မှာ ရန်ကုန်ဘက်က ညောင်တမ်းဆိပ်ကမ်းကို အမေလာမှ တွေ့မယ်လို့ အဖြေရပါတယ်။

ဒါပေမယ့် ညမထွက်ရ အမိန့်ကရှိနေတော့ အချိန်က နာရီဝက်ပဲ ရပါတော့တယ်။ သမီးကြီး စီစဉ်ပေးလိုက်တဲ့ အိမ်ကို သားငယ်က သွားနှင့်ပြီး ဆရာမနဲ့ အန်ကယ် (ဆရာမ ခင်ပွန်း) တို့ကို သမီးကြီးက အပြေးအလွှား လာပြန်ခေါ်ပါတယ်၊ အံ့သြစရာပါပဲ၊ သမီးကြီးက “ မေမေ ဒီတခါမှ မတွေ့ရရင် နောင်တွေ့ဖို့ မလွယ်ဘူး။ သူလုပ်စရာတွေ ဆက်လုပ်မှာမို့၊ မေမေအားတင်းပြီး လိုက်လာပါ“ လို့ပြောတယ်ဆိုရင်ပဲ ဆရာမဟာ အနွေးထည်လေး ထပ်ဝတ်ပြီး လမ်းထလျှောက်ပါ တော့တယ်။

ကျမက ကျန်တဲ့ ဆရာမသမီးအငယ်တွေနဲ့အတူ အိမ်စောင့်ကျန်ခဲ့ရပါတယ်။ ညမထွက်ရ အမိန့်ကြောင့် ဘယ်လိုမှ ပြန်မလာ နိုင်ဘူးဆိုတာ သိလို့ပါ။

(၅)

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ပြဌာန်းပါတယ်။ နိုင်ငံရေးပါတီစာရင်းတွေကို သတင်းစာမှာ ထုတ်ပြန်တဲ့အခါ “ဗမာ့မျိုးချစ် လူငယ်အစည်းအရုံး” ဆိုတဲ့ ကျောင်းသားနိုင်ငံရေးပါတီတစ်ခုမှာ သားငယ်နာမည်ကို တွေ့လိုက်ရပါတယ်။ မြေပေါ်မှာရှိနေတယ်ဆိုတာ သိထားလို့ လည်း သူလို့ အတပ်သိလိုက်တာပါ။

နောက်တော့ အဲဒီပါတီရဲ့ ဥက္ကဌဖြစ်သူက စိတ်အေးအေးနေဖို့ ဆရာမကို ကိုယ်တိုင်ပဲ အိမ်ကိုလာပြောပါတယ်။ နောက်ပိုင်းမှာ ဆရာမက ဘယ်လိုနေကြသလဲ၊ စားစရာရှိကြရဲ့လား စိုးရိမ်နေတာ။ အဲဒီတုန်းက ဝန်ထမ်းများဟာ ပါတီနိုင်ငံရေး ကင်းရမယ် ဆိုပြီး လက်မှတ်ထိုးထားရတဲ့အတွက် ထုံးစံအတိုင်း သမီးကြီးကိုပဲ ပါတီလိပ်စာအတိုင်း သွားခိုင်းပါတယ်။ စားစရာတွေ အပို့ ခိုင်းပါတယ်၊ ဆန်ပြုတ်သောက်လိုက်၊ မရှိ ရှိတာ စားပြီး နေနေကြတာသိရတော့ ပို့ပေးနေရင်းက နောက်ဆုံး ဆရာမကိုယ်တိုင် သွားကြည့်ခဲ့တယ်။

သားငယ်က “အမေမလာပါနဲ့၊ ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်တာမဟုတ်ဘူး၊ ကျောင်းသားအရေးကိစ္စတွေ လုပ်လို့ရအောင် မှတ်ပုံတင်ထားတာ၊ ထောက်လှမ်းရေးက ရိပ်မိရင်လည်း ရိပ်မိနေလောက်ပြီ၊ အမေ ဒုက္ခရောက်မယ်" လို့ နောက်ထပ်မလာဖို့ တားပါတယ်။

နောက်ဆုံးမှာတော့ ဆရာမက "ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် တနေရာရောက်ပြီဆိုရင် ဘယ်မှာရှိနေတယ်ဆိုတာ သိရရင် အမေကျေနပ်ပြီ၊ သားတို့ကျောင်းသားတွေကို မေမေ အမြဲမေတ္တာပို့နေတယ်၊ ဘယ်မှာရှိတယ်ဆိုတာသာပြောသွားပါ” လို့ မှာရှာပါတယ်၊ ဆရာမရဲ့ မသိစိတ်ထဲမှာ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်နေ့ သူ့သား ထွက်ခွါသွားရမယ်ဆိုတာ အတပ် သိနေခဲ့ပါတယ်။

တကယ်တန်းကျတော့ သော့ခတ်ထားတဲ့ ပါတီရုံးခန်းသာကျန်ခဲ့ပီး၊ အားလုံးဟာ မြေလျှိုးသွားကြပါတော့တယ်။ အခြေခံပညာ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေပါ ပါသွားကြပါတယ်။ အငယ်ဆုံးကျောင်းသားက ၁၆ နှစ် ၁၇ နှစ် အရွယ်တွေပါ။ နောက်ကြောင်းပြန် မစဉ်းစားနိုင်အောင်တော့ပါ။ သူတို့ တကယ်ပဲ ထွက်ခွါ သွားခဲ့ကြပါပြီ...။

ဆရာမက အင်မတန်ရိုးတဲ့အတွက် ကျောင်းသားတပ်မတော်ဆိုတာတောင်ကိ

ု သေသေချာချာ မသိပါဘူး။ နောက်ပိုင်း သားပျောက်မိဘအချင်းချင်း မေးရာကနေ ABSDF(NB) ကိုရောက်သွားမှန်း သိရပါတယ်၊ ဆရာမလည်း AB မြောက်ပိုင်း၊ တောင်ပိုင်းက ကျောင်းသားတွေကို ဘုရားရှိခိုးတိုင်း မေတ္တာပို့သပါတယ်၊ တော်ရုံပို့တာ မဟုတ်ပါဘူး၊ အရှည်ကြီးကို ရွတ်ပြီး ပို့ပါတယ်။ ဆရာမရဲ့ မေတ္တာပို့မှာ ဒီမိုကရေစီလည်း ပါပါတယ်၊ ဒီမိုကရေစီရမှ ကျောင်းသားတွေ ပြန်လာကြမှာကိုး။ အမေတစ်ယောက်ရဲ့ ရိုးစင်းလှတဲ့ မျှော်လင့်ချက်နဲ့ ဝေဒနာကို ကုစားချက်ပါ။

၁၉၉၂ ခုနှစ်ခန့်က စစ်အစိုးရက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရပါတယ်။ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) မှာ ကျောင်းသားအချင်းချင်း စစ်ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖြတ်နေကြတာတွေကို ထွက်ပြေး လွတ်မြောက်လာတဲ့သူတွေက သတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာတွေ ပြပြီး ရှင်းကြပါတယ်။

ကျမမှတ်မိသလောက် ပြောရရင် အူတွေတောင် ထွက်ကျလာလို့ ပြန်ထည့်ပြီး အစိမ်းချုပ်ချုပ်တာလည်းပါရဲ့။ ကျမတို့ တစ်အိမ်လုံး စစ်အစိုးရကို ဆဲကြပါတော့တယ်။ ကျောင်းသားတွေကို သက်သက်မဲ့ သိက္ခာချတယ်ဆိုကာ လုံးဝမယုံခဲ့ပါ။ သားငယ် မြောက်ပိုင်းမှာရှိတယ်ဆိုတာ သိထားတဲ့ ကျမဟာ ဆရာမကို အဲဒီသတင်းကြည့်ရလား၊ ဖြစ်နိုင်ပါ့မလားလို့ သွားပြီး မေးခဲ့ပါတယ်။

ဆရာမဟာ စိတ်လှုပ်ရှားရင် နှလုံးခုန်မြန်ပီး၊ ခြေဖျားလက်ဖျား အေးစက်တောင့်တင်းတဲ့ နှလုံးရောဂါတစ်မျိုး ရနေပြီဖြစ်တဲ့ အတွက်၊ သေချာဆုံးအောင် မကြည့်နိုင်ခဲ့ပါ။ အတွေ့အကြုံတွေ များလှပြီဖြစ်တဲ့ ဆရာမဟာ တခုခုကို တွေးဆနေပါတယ်။ ဖြစ်နိုင်-မဖြစ်နိုင် လုံးဝမပြောပါ၊ တခုတော့ ပြောလာပါတယ်။

"အန်ကယ်ကတော့ အစိုးရဟာ NLD ပြီးတော့ ကျောင်းသားတွေကို သိက္ခာချနေပြီဆိုပြီး ဆဲနေလေရဲ့" ကျမလည်း ကျမနဲ့ အန်ကယ် အမြင်ချင်းတူတယ်ဆိုပြီး အန်ကယ်နဲ့သာ စကားပြောဖြစ်ခဲ့ပါတယ်။

(၆)

"သို့

အဖေနှင့် အမေခင်ဗျား

ကျနော့်ကို စစ်ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ကျောင်းသားခေါင်းဆောင်များက ဖမ်းဆီး ထားပါတယ်။ မိဘများက တောင်းပန်ပြီး လာရောက်ခေါ်ဆောင်ပါမှ အသက်ချမ်းသာရာ ပေးမယ်လို့ ပြောတယ်။ ဒါကြောင့် အမေ (သို့မဟုတ်) အဖေ အမြန်ဆုံးလိုက်လာခဲ့ပါ“

သားငယ် ABSDF (NB)

************************

ကျမဟာ “စာကိုဖတ်ပြီးတာနဲ့ ဒီလောက် ကျောင်းသားအရေးတွေလုပ်နေတာ။ မိသားစုနဲ့ခွဲ၊ ကျောင်းပညာ တဝက်တပျက်နဲ့ စွန့်ပြီး လုပ်လာတာ။ ဘာထောက်လှမ်းရေးလဲ။ ဘယ်သူတွေက စွပ်စွဲတာလဲ။ လိုက်သွားခေါ်ရင် ထောက်လှမ်းရေးဆိုတာ ဝန်ခံရမှာလား“ ဆိုပြီး ဒေါသတကြီး ပေါက်ကွဲပါတော့တယ်။ မျက်ရည်များလည်း ရေသွန်သလို ဝေါကနည်းကို ကျလာပါတော့တယ်။

သမီးကြီးက ကျမပခုံးကို လာကိုင်ပြီး ”စာကို မိသားစုအားလုံး ဆယ်ခေါက်ထက်မနည်း ဖတ်ပြီးကြပါပြီ။ သားငယ် အသက်ရှင်ဖို့ အရေးကြီးတယ်၊ သွားခေါ်ပြီး ဟိုရောက်မှ အခြေအနေကြည့်ရမှာ။ ကိုယ်လည်းမြင်ရတာ မဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲက အဖြစ်အပျက်တွေသာာ အမှန်တွေဆို ကျောင်းသားအချင်းချင်း ပြဿနာတက်ကြတာဖြစ်မယ်၊ မိဘတွေလိုက်သွားရင် ကလေး တွေပဲ မရိုင်းလောက်ပါဘူး။ ခုက သွားဖို့လည်း ပြင်ပြီးနေပြီ။ အမက အိမ်မှာ ညီမလေးတွေနဲ့ လာနေပေးရင် ဖြစ်မလား။ အဲဒါပြောမလို့၊ ညီမလည်း ရှိနေမှာပါ။”

ဖြစ်ပုံက ဆရာမ သမီးအငယ်တယောက်က ခွဲစိတ်ခန်း ဝင်စရာရှိပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းပြီးသား၊ ဆရာမ နောက်ဆံ မတင်းရအောင် အိမ်မှာ လူအင်အားဖြည့်တာပါ။ သမီးကြီးကလည်း သူ့အိမ်ထောင်နှင့်တခြားမှာ နေနေပေမယ့် ဒီရက်ပိုင်းမှာ သူရော သူ့အမျိုးသားပါ လာနေပါတယ်။

“အန်ကယ်က ဘာလို့လိုက်မသွားတာလဲ” ဆရာမ လိုက်သွားမှာကို သိလိုက်ရသည့်အတွက် ကျမ မေးလိုက်မိပါတယ်။

“သမီးရယ်.. အန်ကယ်နဲ့ လုံးဝမဖြစ်နိုင်ဘူး၊ သူက ဘုန်းကြီးစာချ သွားလုပ်နေရင် သူ့ပါ ဖမ်းချုပ်ထားလိမ့်မယ်” ဟု ဆရာမက ပြောရာ အန်ကယ်က “ အန်ကယ်က စကားများများ မပြောပါဘူး။ တခွန်းပဲပြောမှာ၊" “ဘာပြောမှာလဲ” လို့ မေးတော့ “ ဟ အန်ကယ့်ကို သွားခိုင်းလေ။ အဲဒီတော့ ဘာပြောမလဲ သိရမှာပေါ့” တဲ့၊

အမှန်ကတော့ သွားခေါ်မယ့် ကျောင်းသားမိဘအချင်းချင်း ချိတ်ဆက်မိကြပြီးပြီ။ အလားတူစာမျိုး ရန်ကုန်ရှိ ကျောင်းသား မိဘ တချို့နဲ့ မန္တလေး၊ သာယာဝတီ စသဖြင့် စာများရောက်လာကြပြီးပြီ။ အများအားဖြင့် အမေများသာ လိုက်သွားကြပါတယ်။ တချို့လည်းအဖေတွေ လိုက်ကြပါတယ်။ ကျမထင်တာက ယောက်ျားချင်းဆိုတော့ တောထဲမှာ ပြောမှား ဆိုမှား စကားများကြ ရင် အသက် အန္တရာယ်ရှိလို့ ထင်ပါတယ်။

တစ်ခုပဲရှိတယ်။ ကျမ အမှတ်မမှားပါက ဝန်ထမ်းဆို၍ ဆရာမတစ်ယောက်သာ ပါပါတယ်။။ ကျန်သူများက အငြိမ်းစားနှင့် ကုန်သည်များသာ၊ ဆရာမသည် မြို့နယ်၊ တိုင်း အဆင့်ဆင့်မှသည် ပညာရေးဝန်ကြီးဌာနအထိ စာတင်ရပါတော့တယ်။ သားအသက်ရှင်ရေးအတွက် သွားရောက် ခေါ်ခွင့်ပြုပါရန် အသနားခံစာ တင်ရပါတယ်။

သွားရောက်မယ့် အဖွဲ့က ဆရာမသွားခွင့်ကျအောင် စောင့်ပေးကြပါတယ်။ တကယ့်ကို မိသားစုစိတ်ဓါတ် အပြည့်ရှိသူများပင်။ နောင်တချိန်တွင် ထိုမိသားစုများသည် ယခုနှစ်ပေါင်း ၂၀ ကျော်သည့်တိုင် ချစ်ခင်စည်းလုံးလျက်နေကြပါတယ်၊ သာရေးနာရေး ဖိတ်စရာမလို အလိုလိုသွေးစည်းကြတဲ့ သွေးသောက်မိသားစုများ ဖြစ်လာခဲ့ပါတယ်။

ဆရာမကို တစ်လအတွင်း ပြန်လာရန် ခံဝန်ချက်ပေးပြီး လိုက်ခေါ်ဖို့ ခွင့်ပြုလိုက်ပါတယ်၊ ကျမ ဆရာမအတွက် တော်တော် စိတ်ပူနေမိပါတယ်။ ဒါပေမယ့် စိတ်ဆောင်လို့လား မပြောတတ်ပါဘူး။ ဆရာမဟာ သွက်လက်နေပြီး သူ့ကိုယ်သူ ကျန်းမာ အောင် ဂရုစိုက်နေထိုင်ပါတယ်။ သားအသက်ရှင်ဖို့ ငါအသက်ရှင်မှ ဖြစ်မယ်လို့ တွေးကောင်းတွေးနေလိမ့်မယ် ထင်ပါတယ်။

တကယ်တန်းမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ ဆရာမဟာ တစ်လကျော်ကျော်လောက်နေမှ ပြန်ရောက်လာပေမယ့်လည်း သားငယ်ကတော့ ပါမလာခဲ့ပါ။ ဒါပေမယ့် ဆရာမဟာ သားကို မျက်မြင် အသက်ရှင်ရက် တွေ့ခဲ့ရလို့ထင်ပါတယ်၊ သိပ်စိတ်မလှုပ်ရှားတော့ပဲ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြခဲ့တယ်။

ရောက်ရောက်ချင်း ချက်ချင်းပေးမတွေ့ပါဘူးတဲ့၊ တော်တော်ကြာမှ တွေ့ရတဲ့အပြင် တွေ့တဲ့အခါ အပြောအဆို ဆင်ခြင်ရပါတယ် တဲ့၊ သူတို့ကို အချုပ်ခန်းက ခေါ်ထုတ်ပြီး ပေးတွေ့ပါတယ်။

အားလုံးက သတိနဲ့ နေနေရတာပါတဲ့၊ ကျောင်းသားအချို့ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရတာတွေ မိဘတွေကို ပြောပြပါ သတဲ့။ ဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေပါပဲ။ အဲဒီအတိုင်းပါပဲ၊ မိဘတွေနဲ့ ပြန်ထည့်ပေးမယ် ပြောပြီး ဘယ်လိုက ဘယ်လို စိတ်ပြောင်းသွားကြလည်း မသိပါတဲ့။ ပြန်လွှတ်ပေးဖို့ ဘာတစ်ခုမှ မပြောတော့ပါဘူးတဲ့။ အဲဒီမှာ စောင့်ရင်းစောင့်ရင်း ခွင့်ရက်တွေသာ ကုန်ဆုံးလာခဲ့ရတယ်။

နောက်ဆုံးတော့ မိဘတွေရဲ့ တောင်းပန်မှုကြောင့် မသတ်ပါဘူးဆိုတဲ့ ကတိရလို့ ပြန်လာခဲ့ကြတာပါတဲ့။ ဆရာမအတွက်တော့ ပိုဆိုးတာက တလအတွင်းပြန်လာရမယ့် ခံဝန်ချက်ကလည်းရှိနေတော့ နောက်ကြောင်းမအေးပဲ ဖြစ်နေခဲ့ရတာ။

ဆရာမလို ဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ သားဇောကြောင့် ဝေးလံသီခေါင်တဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ကို ဖြတ်ပြီး ကျောင်းသားတပ်မတော်စခန်းကို ဆိုးဝါးလှတဲ့ ရာသီဥတုနဲ့ လမ်းပန်းအခက်အခဲတွေကြားက ရောက်အောင် သွားခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ဖြစ်ခဲ့ရပါတယ်။ ဘ၀မှာ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့တဲ့ ခရီးမို့လား။

ဆရာမဟာ မိသားစုကိုရော သမီးတမျှရင်းနှီးတဲ့ ကျမကိုရော ခုချိန်ထိ လျှို့ဝှက်ထားတယ်လို့ ကျမ ထင်ထားတာ တခုရှိပါ တယ်။ ကျမဘယ်တော့မှ မေးမှာမဟုတ်သလို သမီးကြီးကလည်း သူလည်းဘယ်တော့မှ မမေးပါဘူးတဲ့။ အဲဒါကတော့ အချုပ်ခန်းကနေ ထွက်ပြေးမှ လွတ်တော့မယ်ဆိုတာကိုပါ။

(၇)

ကျောင်းသားတွေကို ထောက်လှမ်းရေးတွေပါလို့ စပြီးဖမ်းစဉ်က စစ်ဆေးရေးအဖွဲ့မှာ တောခိုကျောင်းသားအစစ်အနေနဲ့ သားငယ်ပါပါတယ်။ သားငယ်ဟာ ဒီကျောင်းသားတွေက သူနဲ့အတူတွဲပြီး လုပ်လာတာ သူသိပါတယ်။ ဘယ်လိုမှ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ သိနေတော့ မေးတာမြန်းတာ ပျော့ပြောင်းညင်သာပါတယ်။ နဂိုကတည်းကလည်း စိတ်သဘောထား ပျော့ပြောင်းတဲ့အတွက်ကတကြောင်း၊ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာ သိနေတာတွေကလည်း တကြောင်း၊ ကျောင်းသားစိတ်ဓါတ်ရှိနေတော့ မရက်စက်ရက်တာကတကြောင်းကြောင့် သူ့ရဲ့ ညှာတာပြီး မေးထားတဲ့ အချက်တွေကို သဘောမကျရာက သားငယ်ကို စစ်ထောက်လှမ်းရေးပဲ။ မင်းလည်း သူတို့နဲ့ တစ်ဖွဲ့ထဲပဲ စွပ်စွဲပြီး နောက်ပိုင်းမှ ဖမ်းချုပ်တာ ခံရတာပါပဲ။။

သားငယ်ကို ဖမ်းပြီးလို့ စစ်တဲ့အခါမှာ တစ်ရက်မှာတော့ ခေါင်းကို ဒုတ်ကနဲ ရိုက်ခွဲလိုက်တာ သွေးအိုင်ထဲ ပုံရက်သား ကျသွားပါ သတဲ့။ သေပြီလို့ အားလုံးက ထင်လိုက်ကြပေမယ့် မသေခဲ့ပါဘူး။ ဒဏ်ရာကို ပက်သဒင်းတွေ အတိုင်းအဆမရှိပေးပြီး ချုပ်ပါ သတဲ့။

****************

သားငယ်နာမည်ကို အော်ခေါ်ပြီး ခြံထဲကို ဝင်လာတဲ့ ချာတိတ်ကို တွေ့လိုက်ရတော့ အိမ်ထဲမှာရှိတဲ့ မိသားစုတွေ ကြောင်ငေးပြီး ကြည့်နေမိပါတယ်။ သူ့ကို သားငယ်တို့နဲ့အတူ မြောက်ပိုင်းမှာ စွပ်စွဲဖမ်းခံထားရတယ်လို့ သိထားတာပါ၊ တိုက်တိုက်ဆိုင်ဆိုင် ကျမကလည်း ဆရာမဆီ ကျောင်းကိစ္စတစ်ခုနဲ့ ရောက်အလာ ဆရာမ စက်ချုပ်ဆိုင်သွားနေတာနဲ့ စောင့်နေခြင်းပါ။ ဆရာမရောက်လာတော့ တောတွင်းကျောင်းသားကို ကြည့်ရင်း တအံ့တသြ။

နောက်မှသိရတာက မိဘတစ်ယောက်က နောက်တခေါက် သူ့အစီအစဉ်နဲ့သူ ပြန်သွားပြီး အဲဒီတုန်းက ငယ်ရွယ်သေးတဲ့ သူ့သားနဲ့အတူ ဒီချာတိတ်အပါအဝင် တချို့ကို အာမခံ ခေါ်ထုတ်လာတာပါ။ တဆက်ထဲ သားငယ်တို့က မကြာခင် အချုပ်ကနေ ထွက်ပြေးလာမှာ သိထားတဲ့အတွက် လမ်းခရီးမှာ ချိတ်ဆက်တွေ ထားပေးခဲ့ပါတယ်တဲ့။ အစိုးရဖက်ရောက်ရင် မဖမ်းမဆီးရအောင်၊ ဒုက္ခတွေ့နေတဲ့ ကျောင်းသားတွေ ရောက်လာရင် ကူညီနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်တဲ့၊ ခုဆို သားငယ်တို့ လည်း ရောက်လောက်ပြီဆိုပြီး လာခဲ့တာလို့ ရှင်းပြပါတယ်။

ဆရာမလည်း တော်တော်စိတ်ပူသွားတော့တယ်။ ပြန်အဖမ်းခံရရင်တော့ သတ်မှာ ကျိန်းသေနေလေပြီ၊ ထိုချာတိတ်က အာမခံပါတယ်။ သားငယ်တို့က ဒီတောလမ်းခရီးကို ကောင်းကောင်းကျွမ်းတယ်။ မျက်စေ့မလည်နိုင်၊ ဖြစ်နိုင်တာက မြို့ပေါ်ရောက်မှ မျက်စေ့လည်ပြီး တနေရာရောက်တာဖြစ်မယ်။ တောထဲကတော့ ကျိန်းသေလမ်းမပျောက်ပါဟု ဆိုပါတယ်။

ထိုအချိန် အန်ကယ်က နယ်ရောက်နေသည့်အတွက် ဖုန်းဆက်ခေါ်ရတယ်။ အန်ကယ့်မှာ နယ်မိတ်ဆွေများစွာရှိပါတယ်။ နယ်လှည့်စာရင်းစစ်နေရသဖြင့် မရောက်ဘူးသည့်နယ်မရှိ အဆင်ပြေပါတယ်။ ကချင်ပြည်နယ်ရှိ နယ်ရုံးခွဲများကို သံကြိုးရိုက်၍ တဖုံ၊ ဖုန်းဆက်၍တနည်း အကြောင်းကြားထားရာ မကြာမီမှာပဲ သားငယ်ဟာ ဗန်းမော်မှာ အဖမ်းခံထားရတယ်လို့ မိတ်ဆွေ တစ်ယောက်က သံကြိုးရိုက်ပါတယ်။

ကံတရားကား ဆန်းကျယ်လှပါတယ်။ အန်ကယ့်ထံမှ သိရတဲ့အချိန်မှာ ထိုမိတ်ဆွေနဲ့ သားငယ်တို့ ရုံးထုတ်စစ်တာနဲ့ ကြုံရခြင်း ပါ။ တောခိုကျောင်းသားများ ဖမ်းမိတယ်လို့ သိရလို့ အန်ကယ့်သားလား မေးရာမှ “ မင်းအဖေ စိတ်ပူနေတယ်။ ဦးလေး လှမ်း အကြောင်းကြားပေးမယ်” ဆိုကာ ဝမ်းသာအားရ သံကြိုးရိုက် လှမ်းအကြောင်းကြားခြင်းပါ။

အထက်အဆင့်ဆင့် စာတင်ရင်း မိဘများ၏ ကြိုးစားတင်ပြမှုများကြောင့် နောက်ဆုံးတွင်တော့ မိဘရပ်ထံ ပြန်ရောက်ခဲ့ရချေပြီ။ ဆရာမ၏ နှလုံးသားတို့သည်လည်း ငြိမ်းချမ်းရချေပြီ။ သို့သော် စစ်အစိုးရလက်အောက်တွင် ယုံကြည်ချက်ပြင်းထန်သော ကျောင်းသားသည် အဘယ်မှာ အေးအေးနေရပါမည်နည်း။

**************

၁၉၉၈ ခုနှစ်၊ မရောရာ မသေချာသေးသောကာလ။ တခုသောရက်မှာ မေးစရာရှိ၍ ခဏဆိုကာ သားငယ်ကိုခေါ်သွားရာ ဘယ်မှာမှ မေးမရတော့။ လအတော်ကြာမှ ထောင်ဝင်စာတွေ့သည့် လူတယောက်ကို အကူအညီတောင်းပြီး ပြောခိုင်းလိုက် သဖြင့် မန္တလေးထောင်တွင် ရောက်နေတာ သိရတော့ပါတယ်။ နိုင်ငံရေးအမှုတွဲ တစ်ခုဖြင့် ထောင် ၇ နှစ် ကျခံရပါတော့တယ်။ ဆရာမလည်း တောတွင်းအချုပ်ထောင်ဇာတ်လမ်းပြီးလို့ မနားရသေး၊ မန္တလေးထောင်ကို သွားရပြန်ပါတယ်။

တလတခါသွားတွေ့ရင်း ၂ နှစ်အကြာ ပခုက္ကူထောင် ပြောင်းလိုက်တဲ့အတွက် ပိုပြီးဝေးလံစွာ သွားတွေ့ရပြန်ပါတယ်။ ၂၀၀၄ မှာ တော့ သားငယ်ထောင်က လွတ်မြောက်လာခဲ့ပါပြီ၊ သားငယ်အသက်လည်း အသက် ၄၀ နား နီးလာချေပြီ။ ၂ နှစ်ခန့် အကြာမှာ တော့ ကျောင်းသားတော်လှန်ရေး ခရီးကာလအတွင်း ၁၈ နှစ်နီးပါး ပျောက်သွားခဲ့တဲ့ သူ့အပေါ် သစ္စာရှိစွာ စောင့်လာတဲ့ မိန်းကလေး (အဲဒီအချိန်မှာတော့ အမျိုးသမီးကြီး) နဲ့ လက်ထပ်လိုက်ပါတယ်။ မုန်တိုင်းထန်ကာလများရဲ့ သန်းခေါင်ချိန်ကို လွန်မြောက်စမှာ တူတူတန်တန် ဘ၀တစ်ခုကို တည်ထောင်ခွင့်ရှိသည်ပဲ မဟုတ်ပါလား...။

ဆရာမတစ်ယောက် အဖေတူသားလို့ မကြာခဏပြောတတ်တဲ့ သားငယ်အတွက် စိတ်အေးချမ်းနေတာကို ဆက်တိုက် ကြားသိနေရပါတယ်။ ကျမတို့ မုဒိတာပွားကြရပါတယ်။ ကျမနဲ့ ဆရာမတို့လည်း လုပ်ငန်းတာဝန် မိသားစုတာဝန်တွေကြောင့် တနယ်ကျေးစီ ကွဲကွာနေခဲ့ကြရပါတယ်။

******************

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ နည်းပညာခေတ်ရဲ့ အလျင်မှာ မမီမကမ်း ကျမလိုက်နေတုန်း...။

ပြန့်နှံ့မှုနှုန်းထား အင်မတန်မြန်ဆန်တဲ့ အင်တာနက်ခေတ်ရေစီးမှာ မြောက်ပိုင်းက မအေးခဲနိုင်တဲ့ သွေးစွန်းနေဆဲ စာမျက်နှာတွေ ပေါ်ထွက်လာတာကို ဆက်တိုက်ဆိုသလို ဖတ်ရှုရပါတယ်။ ကျမတစ်စိတ်တစ်ဒေသ နာကျင်ခဲ့ဖူးတဲ့ ဝေဒနာဟာ မနေ့တနေ့ကလို ပြန်လည်ပေါ်ထွက်လာပါတယ်။ အချိန်တွေ ကြာခဲ့ပေမယ့်လည်း...။

ကျမရင်ထဲက ကျမချစ်တဲ့ဆရာမရဲ့ သားငယ်အပေါ်ထားတဲ့ နှလုံးသားခံစားချက်ကို ပြင်းပြင်းထန်ထန် သတိရနေမိပါတယ်။

အင်တာနက်စာမျက်နှာက အကြောင်းအရာတွေဟာ ကိုယ်သိပြီးသားတွေ၊ ကိုယ်တွေ့တွေဖြစ်ပါလျက်နဲ့ နှလုံးသား တဆတ်ဆတ် တုန်အောင် ခံစားနေရဆဲပါ..။ ဆရာမရော ဘယ်လိုနေရှာပါလိမ့်...။ မိသားစုဘ၀ကို တည်ဆောက် ရုန်းကန်နေတဲ့ သားငယ်နဲ့အတူ မခွဲမခွာရှိနေပြီဖြစ်တဲ့အတွက် နှလုံးသားတွေငြိမ်သက်နေပြီလား၊ အသက်အရွယ်၊အတွေ့အကြုံတွေကြောင့် ခံနိုင်ရည်ရှိပြီး အကြောင်းအရာတွေကို ဆုံးခန်းတိုင်အောင် ဖတ်နိုင်ပြီလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်(၂၀)။ အေးခဲနေတဲ့ ကချင်ပြည်နယ်ရဲ့ အအေးဒဏ်ကို အံတုရင်း ကျောင်းသားတပ်မတော်စခန်းဆီက ငရဲခန်းအဖြစ်အပျက်တွေကို သတိရနေလေမလား၊ ခေါင်မိုးပေါ်က တစက်စက်စီးလာတဲ့ နှင်းရည်တွေဟာ မြေပေါ်မကျခင် တံစက်မြိတ်မှာ ခဲသွားပြီး အချောင်းလိုက်လေး တွဲကျနေတဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရနေလေမလား၊ ညဘက် အပေါ့အပါးထသွားချင်တဲ့အခါ ခေါင်းဖြတ်ခံထားရတဲ့ ကျောင်းသူလေးက ခေါင်းပြတ်ကြီးနဲ့ ချောက်တတ်တယ်ပြောကြလို့ ဟိုလူ့လိုက်နှိုး ဒီလူ့လိုက်နှိုဲးပြီး သွားခဲ့ရတာတွေ သတိရနေလေမလား။ ရက်စက်လှတဲ့ လူမဆန်လှတဲ့ အဖြစ်တွေကို နှလုံးပျက်လုမတတ် ကြားခဲ့ရလို့ သိခဲ့ရလို့ ပြန်တောင်မတွေးချင်တော့ပါဘူး ဆိုတာတွေကို အဟောင်းတွေ အသစ်ဖြစ်ပြီး ဆရာမနှလုံးသားတွေ နာကျင်စွာခံစားနေလေမလား။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတစ်ပတ်လည်ပြီး ဖျောက်မရစွာ အမှန်တရားတွေ ဖော်ထုတ်နေပါပြီ။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ဆောင်းပါးလေးက သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ စာအုပ်လိုပဲ သမိုင်းတွင်ပြီး၊ သင်ခန်းစာယူစရာ အဖြစ်အပျက်တွေဆိုတာကိုတော့ ဆရာမသိပြီး ကျေနပ်နေမယ်ဆိုတာ ဆရာမနှလုံးသားကို မှန်းဆအဖြေရှာ သိနေပါတယ်။

ရွှေစင်ဦး

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*