Monday, February 16, 2009

FeedBurner ဆိုတာ



ခေါင်းစဉ်ကို ကြည့်ပြီး ကျွန်မ FeedBurner အကြောင်း ပြောတော့မယ်လို့ ထင်ကြမလား မသိဘူး။ တကယ်က FeedBurner ဆိုတာ ဘယ်လိုမျိုးပါ၊ ဘာပါ၊ ညာပါဆိုပြီး ကျွန်မ မပြောပြတတ်၊ မရှင်းလင်းတတ်ပါဘူး။ ကျွန်မ ဘလော့ဂ်ရဲ့ ညာဘက်အပေါ် ထောင့်လေးမှာ တင်ထားတဲ့

s0wha1 Blog မှ Post များကို Email မှ တဆင့် ဖတ်ရှူလိုလျင်

Enter your email address:

Delivered by FeedBurner

ဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်ရုံ သပ်သပ်ပါပဲ။

ဘလော့ဂ်ကို အလွယ်တကူလာလို့ မရတဲ့သူတွေ၊ အီးမေးလ်ကနေပဲ အဆင်သင့်ဖတ်ချင်တဲ့သူတွေ၊ တခြားအကြောင်းအမျိုးမျိုးကြောင့် ဘလော့ဂ်ပေါ် လာမဖတ်နိုင်တဲ့သူတွေအတွက် ဒီလိုမျိုး Feedburner box လေးတွေကို ဘလော့ဂ်တော်တော်များများမှာ တင်ထားတတ်ကြပါတယ်။ ဒါနဲ့ ကျွန်မကလည်း ဘာရယ်မဟုတ်၊ လိုက်လုပ်တာပေါ့လေ။ အဲဒီမှာတင် ထူးထူးဆန်းဆန်းတွေ ကြုံရတော့တာပဲ။
တခြားဘလော့ဂါတွေ ကျွန်မလိုမျိုး ကြုံဖူး၊ မကြုံဖူးတော့ မသိပါဘူး။ ဖြစ်ပုံက ဒီလို... ကျွန်မဘလော့ဂ်မှာ ပို့စ်တခု တင်လိုက်တဲ့အခါ ကျွန်မဘလော့ဂ်ရဲ့ FeedBurner မှာ subscribe လုပ်ထားတဲ့ လူတချို့ဆီကနေ "ဒီပို့စ်လေးကို သဘောကျတယ်"တို့၊ "ပေးပို့လာတဲ့ ကဗျာအတွက် ကျေးဇူးတင်ပါတယ်"တို့၊ "ညီမ ပို့ပေးတဲ့ မေးလ်ထဲမှာ ဓာတ်ပုံတွေ မမြင်ရဘူး"တို့၊ "Thanks"တို့ စတဲ့ Email တွေ ကျွန်မဆီ ရောက်လာတတ်ပါတယ်။ အစကတော့ ကျွန်မမှာ တအံ့တဩဖြစ်နေတာ။ ဘာကြောင့် ဒီလိုမျိုးတွေ သူတို့ ပြောကြပါလိမ့် ဆိုပြီး မစဉ်းစားတတ်အောင် အတွေးများရပါတယ်။

FeedBurner ကနေ ပို့တဲ့ အီးမေးလ်ပုံစံတွေကို ဟိုတလောက လိုက်ကြည့်မိမှ... "ဩော်... ဒါကြောင့်ကိုး" လို့။

from: ကာရန်မဲ့ အတွေးစများ <>
reply-to: ကာရန်မဲ့ အတွေးစများ <>
to:

အီးမေးလ်ထဲကို ဒီပို့စ်တွေ ကျွန်မပို့တာ မဟုတ်ဘူးဆိုတာ ကျွန်မ ပြောဖို့မလိုဘူး ထင်ခဲ့ပေမဲ့ ဒီအကြောင်းနဲ့ပတ်သက်ပြီး တခုခုတော့ ရေးဦးမှပါပဲလို့ တွေးမိလိုက်သေးတယ်။ နောက်တော့လည်း ထုံးစံအတိုင်း ပျင်းတာနဲ့ ထားလိုက်ပါလေ၊ သိပ်မလိုအပ်ပါဘူး ဆိုပြီး...

မနေ့ကတော့ Valentine's လက်ဆောင် ပို့စ်နဲ့ ပတ်သက်ပြီး ဘာလဲဟဲ့ Valentine's Day မှာ ကွန်မန့်တခုရတယ်။

"နောက်နောင် mail ထဲကိုကိုယ်ရေးကိုတာတွေမပေးပါနဲ့ ခင်ဗျာ ကဗျာတွေစာတွေဘဲပေးပါ စိတ်မဆိုးပါနဲ့ " တဲ့။

"အဲ" ဆိုပြီး ဘာဆက်ပြောရမှန်းတောင် မသိဘူး။ အဟီး။ ပထမ "အဲ" ဖြစ်သွားရခြင်း အကြောင်းက "ငါ ပို့တယ်လို့ ထင်ပြန်ပဟ" လို့ တွေးမိပြီး ရယ်ချင်သွားတာ။ ဒုတိယ "အဲ" က ကိုယ်ရေးကိုယ်တာတွေ မပေးပါနဲ့ဆိုလို့ အူကြောင်ကြောင်ဖြစ်သွားတာ။ ပထမ "အဲ" မိတာကတော့ သိပ်မထူးဆန်းဘူးပေါ့လေ။ ခုလိုမျိုးတွေ အကျွမ်းတ၀င် သိပ်မရှိတဲ့အခါ နားလည်မှုလွဲပြီး ဖြစ်တတ်ပါတယ်။

ရန်ကုန်မှာတုန်းက ကျွန်မတို့ မောင်နှမတွေအတွက် အဖေက ကွန်ပြူတာ အဟောင်းလေး တလုံး ၀ယ်ပေးထားတယ်။ ကျွန်မတို့ကလည်း ကိုယ်တတ်တာကို အကျိုးရှိစွာ အသုံးချတဲ့အနေ ဖဲရိုက်တဲ့ ဂိမ်းကို အပြိုင် ထိုင်ကစားကြတာပေါ့။ အဲဒီတုန်းက ကွန်ပြူတာဆိုတာ ဖဲကစားဖို့ အသုံးဝင်တဲ့ ပစ္စည်းအနေနဲ့ပဲ ကျွန်မတို့ သိတယ်။ :P Thumb Drive လေးတွေ မရှိသေးခင်၊ လူသုံး မများခင်က အသုံးပြုကြတဲ့ Diskette ကိုဆို ဘယ်ထဲ ထည့်ရမှန်း မသိဘူး။ ထည့်ပြီးရင်လည်း ဘယ်နေရာမှာ သွားဖွင့်ရမလဲ မသိဘူး။ ကျွန်မ အစ်မက ၀က်ဘ်တွေ ဟန်းသွားတဲ့အခါ Ctr + Alt + Delete နှိပ်ပြီး Task Manager ခေါ်တော့ ဘယ်ခလုတ်တွေကို နှိပ်ပြီး ဘာလုပ်လိုက်မှန်း မသိဘူး။ ဒါနဲ့ စက်ဟန်းတဲ့အခါ "မကြီးတုန်းကတော့ လက်သန်းနဲ့ လက်မကို ချဲပြီး ခလုပ် နှစ်ခုကို၊ နောက်လက်တစ်ဖက်ကလည်း ခလုပ် တခုကို တပြိုင်တည်း နှိပ်ချလိုက်တယ်"လို့ သူများကို ဆရာ လုပ်သေးတာ။ :P

ဒီကို ရောက်ခါစက online, chatting ဆိုတာ နားကိုမလည်ဘူး။ အင်တာနက်နဲ့ အီးမေးလ်ကို သိခါစ... ပြီးတော့ nick name ဆိုတာကိုလည်း သဘောမပေါက်။ ကိုယ်တွေက နာမည်အမှန်တွေနဲ့ မေးလ်အကောင့်တွေ လုပ်ထားတော့ သူများလည်း ကိုယ့်လို ထင်မိတာ။ သူငယ်ချင်းတစ်ယောက်ရဲ့ friend list ထဲမှာ ငွေခရု(ngwe kha yu)ဆိုတဲ့ nick name လေး မြင်တဲ့အခါ "ဟယ်တော့်... လှလိုက်တဲ့ နာမည်လေး။ သူ့အမေက ပေးတတ်လိုက်တာ" ဆိုပြီး သဘောတွေ ကျလိုက်တာ မပြောပါနဲ့။ "အဲဒါ နာမည်မဟုတ်ဘူး။ သူ့ nick ဟ" လို့ ပြောလည်း နားမလည်။ "nick ဆိုတာ သူ့နာမည် မဟုတ်ဘူးလား"လို့ ပြန်မေးတော့ "ဟုတ်တယ်လေ"တဲ့။ "အေးလေ ဒါဆို သူ့အမေ မှည့်ပေးတဲ့ နာမည်မဟုတ်လို့ ဘာလဲ"လို့ မျက်စောင်းထိုးပြီး ပြန်ရန်ထောင်လိုက်သေးတာ။ ဟိုကလည်း ဘယ်လို ရှင်းပြရမှန်းမသိတာနဲ့ ဘာမှဆက်မပြောတော့ဘူး။ ကျွန်မခမျာ ငွေခရုဆိုတဲ့ နာမည်လေးနဲ့ ချစ်စရာကောင်မလေးတစ်ယောက်ကို မျက်လုံးထဲ မြင်ယောင်ပြီး သဘောတွေ အကျကြီး ကျနေမိတော့တာပဲ။ :D ဒါပေမဲ့ ကျွန်မ ကျောင်းစတက်ချိန်မှာ ကွန်ပြူတာရော၊ အင်တာနက်ရော ကောင်းကောင်း သုံးတတ်နေပြီဖြစ်လို့ တော်သေးတယ်။ ;))

ကိုယ့်ရဲ့ တုံးချက်၊ အချက်တွေ ပြောရရင်တော့ မကုန်ဘူး။ ကျွန်မ ၁ တန်း၊ ၂ တန်း အရွယ်တုန်းက ကျွန်မထက် ၄နှစ်လောက်ကြီးတဲ့ လောပိတရွာသူ(ကယားပြည်နယ်ရှိ) အမကြီးတစ်ယောက်က စာအရမ်းသင်ချင်လျက်နဲ့ မိဘတွေက မတတ်နိုင်လို့ ကျောင်းထွက်ရတဲ့အကြောင်း၊၊ ၄ တန်းထိ စာသင်ဖူးတဲ့အကြောင်းနဲ့ စာထဲမှာ "ကမ္ဘာပေါ်တွင် တိုက်ကြီး ၇ တိုက် ရှိတယ်" ဆိုတဲ့ အကြောင်း သင်ရတယ်ဆိုပြီး သူမှတ်မိသလောက် ကျွန်မကို ပြန်ပြောပြတယ်။ ဒါနဲ့ ကျွန်မက "ဟင်... အစ်မစာကလည်း အဓိပ္ပါယ် မရှိလိုက်တာ။ ကမ္ဘာကြီး တခုလုံး မပြောနဲ့။ ခု သမီးတို့နေတဲ့ တိုက်ကုန်းမှာတင် တိုက် ၇ လုံး မက ရှိတာကို။ ၄ တန်း စာထဲက တိုက်က ဘာတိုက်မလို့လဲ၊ ဘယ်လို စာကြီးလဲဟ၊ လူတွေကို ဘာတွေ လျှောက်သင်နေတာလဲ မသိဘူး" ဆိုပြီး ပွစိ၊ ပွစိနဲ့ ပြန်ငြင်းတာ။ ဟိုကလည်း "အီး၊ အဲ၊ အင်း"နဲ့... ဘာဆက်ပြောရမှန်း မသိဘဲ ငြိမ်သွားတယ်။ ကိုယ်ကိုယ်တိုင် ၄ တန်းရောက်မှပဲ သူပြောတဲ့ တိုက်ကြီး ၇ တိုက်ကို သဘောပေါက်တော့တယ်။ :D

ထားပါတော့လေ။ ကျွန်မ ပြောချင်တာက ဘလော့ဂ်မှာ ကျွန်မ ရေးသမျှပို့စ်တွေ အီးမေးလ်တွေဆီ ရောက်လာတဲ့အခါ အဲဒါ ကျွန်မကိုယ်တိုင် ပို့တာ မဟုတ်ပါဘူး ဆိုတာလေးရယ်၊ FeedBurner မှာ ကိုယ့်မေးလ်တွေကို ရိုက်ထည့်ပြီး subscribe လုပ်လိုက်ရင် ဒီဘလော့ဂ်က ပို့စ်တွေ ဖတ်ချင်တယ်လို့ FeedBurner က ယူဆပြီး ပို့စ်အသစ်တင်တိုင်း Auto ပို့နေမှာ ဆိုတာရယ်၊ မေးလ်တွေကို ဘယ်သူတွေက subscribe လုပ်ထားတယ်ဆိုတာတောင် ကျွန်မ မသိဘူးဆိုတာရယ် (သွား check ရင်တော့ ရပါတယ်။) ပြောချင်တာပါ။

ဒုတိယ တချက် ပြောချင်တာကတော့ ကိုယ်ရေးကိုယ်တာတွေ မပို့ပေးပါနဲ့ ဆိုတာလေးကိုပါ။ FeedBurner ကတော့ ကိုယ်ရေးကိုယ်တာလား၊ စာလား၊ ကဗျာလား ခွဲတတ်မယ် မထင်ပါဘူး။ ကျွန်မ ပို့စ်အသစ်တင်သမျှ ပို့နေမှာ ဖြစ်သလို၊ ကျွန်မကိုယ်တိုင်လည်း ကိုယ်ရေးကိုယ်တာလား၊ စာလား၊ ကဗျာလား မခွဲတတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မဘလော့ဂ်က တကယ့်ကို Personal Blog ပါ။ ဘလော့ဂ် စ ရေးတည်းက ကျွန်မ အကြောင်းပဲ ရေးခဲ့ပါတယ်။ ကျွန်မ ရပ်တည်ချက်၊ ခံယူချက်၊ အယူအဆ၊ ခံစားချက်၊ ကျွန်မ ချစ်ခင်တဲ့သူတွေ အကြောင်း စတဲ့ ကျွန်မနဲ့ ပတ်သက်သမျှတွေပဲ တောက်လျှောက် ရေးလာတာပါ။ ကျွန်မ ဘလော့ဂ်ဟာ အသိပညာ၊ အတတ်ပညာတွေ ဖြန့်ဝေတဲ့ ဘလော့ဂ်လည်း မဟုတ်၊ နိုင်ငံရေး၊ လူမှုရေး ဘလော့ဂ်လည်း မဟုတ်၊ သတင်းတွေ ပုံမှန်တင်ပေးတဲ့ ဘလော့ဂ်လည်း မဟုတ်၊ အနုပညာဖန်တီးတဲ့ ဘလော့ဂ်လည်း မဟုတ်... ကဗျာတွေတောင် ကိုယ့်ခံစားချက် ရှိမှ ရေးတတ်တဲ့ သူ၊ ကဗျာရေးချင်စိတ်ရှိတာနဲ့ ကောက်ရေးနိုင်တဲ့ ပါရမီရှိတဲ့သူမျိုးလည်း မဟုတ်။ ကိုယ့်အကြောင်း ကိုယ်ကလွဲပြီး ဘာမှ သိပ်မရေးတတ်တဲ့ ကျွန်မ ဘလော့ဂ်မှာ ကိုယ်ရေးကိုယ်တာတွေ မဖတ်ချင်ပါဆိုတော့... ကျွန်မ အူကြောင်ကြောင် ဖြစ်သွားတယ်။ ဟိ... အဲဒီတော့ ကျွန်မဘလော့ဂ်ဟာ Personal အကြောင်းတွေပဲ ရေးတဲ့ Personal Blog ပါလို့ ကြေငြာရမလိုလို။ ;))

နောက်ဆုံး တချက်ပြောချင်တာက ဘလော့ဂ်က စာတွေကို မလိုချင်ဘဲ ညာဘက်အပေါ်ထောင့်လေးမှာ ရှိတဲ့ အကွက်ထဲမှာ အီးမေးလ်လိပ်စာ ရိုက်ထည့်ပါဆိုတာတွေ့ပြီး ဘာမှန်း၊ ညာမှန်း မသိ အီးမေးလ်လိပ်စာ ထည့်မိတာပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းစွာ ထည့်မိတာပဲဖြစ်ဖြစ် အဲဒီအထိ ဘာပြဿနာမှ မရှိသေးပါဘူး။ ကိုယ့်ဆီကို ဒီဘလော့ဂ်က ပို့စ်တွေ လိုချင်ပါသလားဆိုတဲ့ confirm letter mail ရောက်လာပါသေးတယ်။ အဲဒါကို confirm ထပ်လုပ်မှ ဒီပို့စ်တွေကို ရတာပါ။ အဲဒါကိုမှ မရချင်ဘူးဆိုရင် အဲဒီမေးလ်ရဲ့ အောက်ဆုံးမှာ ခုလို စာကြောင်းတွေ ပါပါတယ်။
You are subscribed to email updates from ကာရန်မဲ့ အတွေးစများ
To stop receiving these emails, you may unsubscribe now.
Email Delivery powered by FeedBurner
If you prefer to unsubscribe via postal mail, write to: ကာရန်မဲ့ အတွေးစများ, c/o FeedBurner, 20 W Kinzie, 9th Floor, Chicago IL USA 60610

unsubscribe now ဆိုတာလေးကို Click နှိပ်လိုက်ပါ။ ပို့စ်တွေ အီးမေးလ်အနေနဲ့ ရောက်လာတော့မှာ မဟုတ်ပါဘူး။ :P


ရွှင်လန်းချမ်းမြေ့ကြပါစေ။

s0wha1

Print this post

8 comments:

Zatlite said...

"အီး၊ အဲ၊ အင်း" :D Great stories. Thank you.

MANORHARY said...

မသိသေးတာကိုသိရလို့
Thanks !!!

လူလ said...

သြော် ဒါကြောင့်ကိုး အမြဲရောက်နေလို့ စိတ်ညစ်နေတား)


ရွှင်လန်းချမ်းမြေ့ပါစေ...

s0wha1 said...

ကို Zatlite... ဘာကို thanks မှန်း မသိပေမဲ့ ကျွန်မကလည်း Thank you...

မနော်... ဟီးးး။ :P

ကိုလူလ... တကယ်ကြီးလား။ =)) နောက်ဆို စာသေချာဖတ်... အီးမေးလ်လိပ်စာတွေ၊ password တွေ အခိုးခံရလိမ့်မယ်။ LOL

Burmese Gold Bull said...

its diskette, not disc card.

s0wha1 said...

ဟီဟီ... ကျေးဇူး။ ဘားဂလစ်ခ်ျလို ရေးတာ များသွားပြီ။ ;))

Chit Lay Pyay said...

ဟီးဟီး၊
အမလိုပဲ ၊ အမလဲ သူများတွေ friendster account ကို update လုပ်သမျှ အမကို email ကနေ auto generate နဲ့ အမြဲ update ပို့နေတာကို တောင် မသိပဲ အဲဒီ email ကို reply လုပ်ပြီး ရန်တွေ့ဖူးတယ်။ ဟဲဟဲ အဲဒါ အရင်တုံးကပါ၊ အခု ဟုတ်တော့ဘူးနော်၊

သတိရလျှက်

Nway Hlaing Thoone said...

တဟားဟား တဝါးဝါး ရီသွားတယ်။ ကျနော် မရီရတာ ကြာပြီဗျ ။ကျနော် မအူ လို့ မဟုတ်ဘူးနော် အဖော်တွေ အများကြီး ရှိပါလားဆိုပြီး အားတက်သရော ရီသွားတာပါ ။ရသမြောက်အောင် ရေးနိုင်လို့ ချီးကျူးပါတယ် ။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*