Wednesday, December 3, 2008

ငါ့ညတွေ



"ချစ်ရေ... ငါ ပြန်ဦးမယ်။"

"မောင်... နင့်ကို ငါ အရမ်းအမြင်ကတ်တာပဲ။ ကြည့်လို့ကို မရဘူး။ စကားတောင် အေးဆေး မပြောရသေးဘူး။"

"အေးအေး... မောင်ပြန်ပြီနော်။ အရမ်းချစ်တယ်။"

ဒီညကိုတော့ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှ ဖြစ်မယ်။

မနက်မိုးလင်းလို့ အမှတ်တမဲ့လိုလိုနဲ့ ဖုန်းကို လှမ်းကြည့်မိတယ်။ ချော့မော့ တောင်းပန်တဲ့စာများ တွေ့လေမလားလို့ တမ်းတနေမိသား။ အလေးမထားတာ ကြာလာပြီဖြစ်တဲ့နောက် ဘာတွေကို ထပ်မျှော်လင့်နေဦးမှာလဲ။


သူမ တစ်ယောက်ထဲ နေနိုင်အောင် ကြိုးစားရတော့မယ်လို့ နားလည်လာတဲ့ တနေ့...

တိတ်တိတ်လေး သူ့ကို စောင့်မျှော်ကြည့်နေရင်း အချိန်တွေ ကုန်ဆုံးသွားဖို့ လိုအပ်တယ်။ သူ မမြင်၊ မသိနိုင်တဲ့ တနေရာကဖြစ်ဖြစ် စောင့်ကြည့်ချင်သေးတဲ့ စိတ်ကိုတော့ တားမရဘူး။ ဒီလိုနဲ့ အချိန် တစ်ရက်တာက ရှည်လွန်းလှတယ်။ ခုလိုမျိုး ၂၄ နာရီတောင် မကြာလိုက်တဲ့ အသံတိတ် ဆန္ဒပြပွဲတွေနဲ့အတူ သူမ ကျရှုံးခဲ့တဲ့ အရေအတွက်လည်း မနည်းတော့ပြီ။ "အလျှော့ မပေးလိုက်ပါနဲ့ဟာ" သူမကိုယ် သူမ အားပေးရင်း...

ဒီ ၁၀ နာရီအတွင်း ၄၊ ၅ ကြိမ်မက သူ ဆက်သွယ်ဖို့ ကြိုးစားနေတာကို လျစ်လျူရှုနေရတာ သူမအတွက် ပင်ပန်းလှတယ်။ စိတ်ဓာတ် ခိုင်မာ ရင့်သန်သူထဲ သူမ မပါဝင်သေးဘူးလေ။ အခါခါ ကျရှုံးရလွန်းလို့ အနိုင်နိုင် ပြန်ထနေရတာရော ဘယ်သူ အသိအမှတ်ပြုမိလို့လဲ။

နာကျင်တဲ့စိတ်ကြီး သူမ မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ လွှတ်ချဖို့ မတတ်နိုင်လို့ ဆက်ဆုပ်ကိုင်နေခဲ့တာ ခုချိန်ထိ မတင်းမလျှော့ မြဲမြံစွာ ဖမ်းဆုပ်ထားတုန်း။ ပြေလျော့မယ့်နေ့ကိုများ တောင့်တနေသလား သူမ ကိုယ်တိုင်လည်း ဝေခွဲမရဘူး။

"သူ မနေတတ်လို့ စိတ်ဆိုးနေရင်လည်း စိတ်ဆိုးနေတယ်ဆိုတာလေး တစုံတခုလောက်တော့ အကြောင်းပြန်ပေးပါ"လို့ တောင်းဆိုတဲ့အခါ သူမ စိတ်တွေ အနည်းငယ်ယိုင်နဲ့သွားခဲ့တယ်။ ဒီလိုပါပဲ အခါများစွာလို အရှုံးတွေစဖို့ ပျားသကာစကားတခု၊ ဒါမှမဟုတ် ၀တ္တရားကျေ စကားတခွန်းလည်း ဖြစ်နိုင်သေးတယ်။

သူ ရှိနေသလား၊ သူမ တိတ်တခိုး ကြည့်မယ်။ သူ ရှိနေရင် ကျေကျေနပ်နပ်ပြုံးပြီး သူ မလာသေးရင်တော့ အလိုမကျစွာ ဆက်စောင့်နေမယ်။ ဒီလိုနဲ့လည်း သူမ နေ့တွေ ပြီးပြည့်စုံနိုင်ပါတယ်။ သူမအနား သူ ရှိနေဖို့မှ မလိုအပ်လှဘဲ။


"တညထဲမှာ လ နှစ်စင်း မထွက်ဘူးလို့ ဘယ်သူ ငြင်းနိုင်မလဲ??? ငါ့ညတွေမှာ လ အစင်းပေါင်း များစွာ သာနေလိမ့်မယ်... မောင်။"


s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

7 comments:

လူလ said...

မင်္ဂလာပါ မsowha1,

လာရောက် ဖတ်ရှု့သွားတယ်၊အရင်က ပို့စ်တင်တိုင်း ကွန်မင်း ရေးတယ်။ အခုတော့ ကွန်မင်းမပေးတာကြာပြီ၊ တာဝန်မကျေ ဖြစ်နေတယ် ဟဲဟဲ ဆော်ရီးဗျာ။

စကားမစပ် အရင်က မsowha1, ဘလောဂ်မှာ ရှားငယ် ဘလောဂ် လိပ်စာရှိတာ၊ အခုမရှိတော့ဘူး။
ကျေးဇူးပြုပြီး သိရင် လိပ်စာပေးပါလား။ စီဘောက်မှာ ဖြစ်ဖြစ် ရေးပေးထားပါ ခင်ဗျာ။

ရွှင်လန်းချမ်းမြေ့ပါစေ...

လင်းလက်ကြယ်စင် said...

ကိုယ်ချင်းစာမိပါတယ် မမရေ။ နှလုံးသားကိစ္စဆိုတာ ခံစားထိရှလွယ်တာမို့ ပြောရခက်ပါတယ်။ အဆင်ပြေသောဘ၀မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

s0wha1 said...

ကိုလူလ... ကျေးဇူး။ :P

ညီမလေး လင်းလက်ရေ... တကယ်မဟုတ်ပါဘူး။ စိတ်ဆိုးတုန်း ရေးထားတာပါ။ ဟီးးး:D

မေငြိမ်း said...

အမယ်မယ်.. စွာသာ စွာတာ .. ဒါမျိုးလေးလည်း ရသဟ။ နာ့သမီးက နာနဲ့တူတာထင်တယ်..:)
ဘာပဲဖြစ်ဖြစ် တမြေဆီဝေးနေရတာကိုတော့ ကိုယ်ချင်းစာပါတယ် သမီးရယ်။

s0wha1 said...

ဟီ... ဒီလို kick ရပေါင်းလည်း များပါပြီ အန်တီရယ်။:D

Anonymous said...

ခံစားချက်တွေ တူညီနေတယ် :p

s0wha1 said...

ဟုတ်လား ငယ်လေး။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ :D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*