Sunday, November 23, 2008

ဖတ်မိသမျှ စာအချို့ (၃)



ကျွန်မ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ ကျွန်မအမေရဲ့ ကိုယ်ပိုင်စာအုပ်တွေပါပဲ။ ရန်ကုန်အိမ်မှာလည်း စာအုပ်ခန်းထားရလောက်အောင် စာအုပ်တွေများသလို၊ အခု ဒီအိမ်မှာလည်း စတိုခန်း အပြည့်နီးပါး စာအုပ်တွေ ရှိပါတယ်။ အဲဒီထဲကမှ ကျွန်မလတ်တလော ဖတ်လို့ ပြီးတာတွေကို ရေးထားတာပါ။ နောက်ပိုင်း အားရင်တော့ အရင်ဖတ်ပြီးတဲ့ စာအုပ်ဟောင်းတွေရှာပြီး တင်ပါဦးမယ်။ ကျွန်မက ဘာသာပြန်နဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ရတာကို ပိုသဘောကျတယ်။

ရန်ကုန်အိမ်မှာတုန်းက ဧည့်ခန်းမှာ စာအုပ်စင်အလှလေးလုပ်ပြီး အမေ့စာအုပ်တချို့ကို စီတင်ထားတာ ဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေ၊ ကျွန်မတို့ကို စာလာသင်တဲ့ ဆရာတွေ စာအုပ်တချို့ကို ငှားကြတာ ကြုံဖူးပါတယ်။ ပြန်ရတာလည်း ရှိ၊ မရတာလည်း ရှိပေါ့။ အဲဒီလို စာအုပ်ငှားတာနဲ့ပတ်သက်ပြီး ဟာသလေးတခု ကျွန်မ ဖတ်ဖူးတယ်။ ရှားပါးစာအုပ်တွေ တော်တော်စုံလင်စွာရှိတဲ့ လူတစ်ယောက်ဆီမှာ သူ့မိတ်ဆွေက စာအုပ်တချို့ ငှားဖို့ပြောတော့ သူက ပြန်ပြောတယ်။ "မင်းက ငါ့ကို ငတုံးများ မှတ်နေလားတဲ့။ ဒီစာအုပ်တွေက အဲဒီလို ငတုံးတွေဆီက ရတာလေ"တဲ့။ ဖတ်ပြီး ပြုံးမိသလို၊ သဘောလည်း ကျမိတယ်။ တကယ်ကျတော့ တန်ဖိုးရှိတဲ့ ကိုယ့်စာအုပ်တွေကို သူများ မငှားတာ အကောင်းဆုံးပဲလို့။;))

******* ***** *** ***** *******


ဆရာသိန်းဖေမြင့်စာတွေကို "အရှေ့က နေ၀န်းထွက်သည့်ပမာ" ပြီးရင် ဒီတအုပ်ထဲပဲ ဖတ်ဖူးသေးတယ် ထင်တာပဲ။ ဆရာက အချစ်ဝတ္ထု အရေးကောင်းတယ်လို့တော့ ကြားဖူးပါတယ်။


ဆရာချစ်ဦးညိုရဲ့ "မင်းသား ဇနီး၊ မင်းသမီး ယောက်ျား" ဆိုတဲ့ ၀တ္ထုတိုတွေကတော့ မင်းသား၊ မင်းသမီးတွေရဲ့ အိမ်ထောင်ဘက်တွေနဲ့ ဇာတ်လမ်းအဖုံဖုံပေါ့။ ဖတ်လို့ကောင်းပါတယ်။


ဆရာ မန်းတင်ရဲ့ "မြို့ပိုင်မောင်ပြုံးချို"ကိုတော့ ကျွန်မဘလော့ဂ်မှာ ဟိုတလောက အဲဒီစာအုပ်ထဲမှ ၀ါးရင်းတုတ် ဆိုတဲ့ ၀တ္ထုတိုလေး တင်ဖူးခဲ့လို့ သိကြမယ် ထင်ပါတယ်။ ကိုပေါ ကွန်မန့်အရှည်ကြီး ရေးစေခဲ့တဲ့ ပို့စ်ပါပဲ။ :P


"ကမ္ဘာကျော်သူတို့ရဲ့ ဖြစ်ရပ်များ"ကတော့ စာအုပ်ပါးပါးလေးပါ။ စပ်စုတတ်တဲ့ ကျွန်မတို့သားအမိကတော့ စိတ်ဝင်တစား ဖတ်တာပါပဲ။


"စုံထောက်ဦးစံရှားပေါင်းချုပ်"ကတော့ ခုမှ ဖတ်နေတုန်း။


ဆရာမောင်ခိုင်မာရဲ့ "ရှင်မရေ..." ကဗျာရှည်ကလည်း ဖတ်လက်စပဲ ရှိပါသေးတယ်။ နားနားပြီး ဖတ်နေတဲ့သဘောပေါ့။ ဒီစာအုပ် အိမ်မှာရှိတာတော့ ကြာပါပြီ။

ရှိတ်စပီးယားရဲ့ "သံခေါင်းစွပ်မင်းသား"ကို ဖတ်ပြီး တညလုံး အိပ်မပျော်ဘူး ဖြစ်ခဲ့ရတယ်။ မင်းသားလေးကို သနားလို့ပါ။ အမြွှာမွေးဖြစ်ပေမယ့် ကံကြမ္မာမတူတဲ့ မင်းသား နှစ်ပါး၊ အကြီးကတော့ ပြင်သစ်ဘုရင်ဖြစ်ပြီး အငယ်ကတော့ သူဟာ ဘုရင့်သားဆိုတာ သိတဲ့နေ့မှာပဲ လူမသိသူမသိနဲ့၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ထောင်ကြီးထဲမှာ တသက်လုံးနေရတာ။ နောက်တော့ ကျွန်းတစ်ကျွန်းမှာ သံခေါင်းစွပ်ပြီး သေဆုံးသည်အထိ နေရတာ။ တိုင်းပြည်အတွက်ဆိုပြီး အဖေတွေ၊ အကိုတွေ ရက်စက်ကြပုံက ဆိုးလှတယ်။ စိတ်ကူးယဉ်ဝတ္ထုဆိုပေမယ့် ကျွန်မကတော့ အဲဒီဝတ္ထုအကြောင်း တွေးတွေးပြီး မအိပ်နိုင်၊ မစားနိုင်ကို ဖြစ်တာပဲ။ စာအုပ်အဖုံးပုံကတော့ ရှာတွေ့မှပဲ တင်ပေးတော့မယ်။ မူရင်း ၀တ္ထုနာမည်လည်း မမှတ်မိဘူး။ ဘာသာပြန်သူရောပေါ့။ :D


ရွှင်လန်းချမ်းမြေ့ကြပါစေ
s0wha1

Print this post

6 comments:

ကိုပေါ said...

မဆိုးဝှပ် ကင်မရာက ဖလက်ရှ် အရမ်းအားကောင်းတာဘဲ။း-)

s0wha1 said...

အားရား... ကိုပေါရာ၊ ဖလက်ခ်ျ မထည့်တော့လည်း မည်းနေလို့၊ အလင်းရောင်အောက် သွားရိုက်ဖို့ကလည်း ပျင်းတာနဲ့ ဖြစ်သလို ရိုက်ထားတာဆိုတော့ ဒီလောက်ပဲ ရှိတာပေါ့။ ဟီးးး

လင်းလက်ကြယ်စင် said...

စာအုပ်တွေမြင်ရင် စိတ်ဝင်စားတယ်မမရေ :)

s0wha1 said...

:) ဟုတ်ပါ့။ ခုလောလောဆယ်တော့ ဖတ်မကုန်ဖြစ်နေတယ်။

Dr.Nay Oo (Burma) said...

စာအုပ်တွေကိုမြင်ရုံသာ မြင်ရမဲ့အစား E-library တခုခုမှာများ တင်ပေးနိုင်ရင် တော်တော်ကောင်းမယ်နော်။
ရေးတဲ့သူ၊ ၀ယ်ထားတဲ့သူ၊ ဖတ်ရမဲ့သူ အားလုံး တော်တော် အကျိုးရှိမှာပဲ။ဖတ်ချင်လိုက်တာ ။ အထူးသဖြင့် - ရှင်မရေ- ကဗျာတွေပဲ။ ခေတ်ကာလတခုကို ထင်ဟပ်သရော်ထားတဲ့ လက်ရာမွန်လေ။

ဒေါက်တာနေဦး
ခေတ္တ အာဖရိကတိုက်

s0wha1 said...

ဒေါက်တာနေဦးရှင်... ကျွန်မဖတ်သမျှ စာအုပ်တွေ ပြန်မျှဝေဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စာရေးချိန် မရှိလို့ ကျွန်မဘလော့ဂ်လေးတောင် ဆန့်ငင်၊ ဆန့်ငင်ဖြစ်နေတာဆိုတော့... အဲဒီစာအုပ်တွေ စကန်ဖတ်ဖို့၊ ကူးရေးဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒီလို မျှဝေဖို့အတွက် အချိန်ပေးကြတဲ့ လူတွေကိုတော့ ကျွန်မ လေးစားပါတယ်။

တချို့မြန်မာစာအုပ်တွေကို ဒီဆိုဒ်မှာ သွားဖတ်လို့ရပါတယ်။ http://shweone.wordpress.com/ ။ ကျေးဇူး။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*