Monday, November 3, 2008

မြန်မာစာ၊ မြန်မာစကား (၉)



စာလုံးပေါင်း သတ်ပုံ

စာရေးရာတွင် စာလုံးပေါင်း သတ်ပုံ မှန်မှန်ကန်ကန် ရေးတတ်ရန် အရေးကြီးသည်။

စာလုံးပေါင်း သတ်ပုံဆိုသည်မှာ ဗျည်း၊ သရ၊ ယပင့်၊ ရရစ်၊ ၀ဆွဲ၊ ဟထိုး၊ အသတ်တို့ကို စာလုံးဖြစ်အောင် ရေးသားရသည့် ထုံးနည်းဖြစ်သည်။ စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေး၊ စနစ်ကျရေးနှင့် စပ်လျဉ်း၍ ရှေးမြန်မာမင်းများ လက်ထက်ကပင် အရေးတယူ ဆောင်ရွက်ကြသည်။

"ရှေးထုံးအစဉ် ပျက်ယွင်းလျှင် အခေါ်သညာ အမှတ်အသား ပျက်ယွင်းရာသည်။ အခေါ်သညာ အမှတ်အသား ပျက်ယွင်းလျှင်လည်း အနက်အဓိပ္ပာယ် ၀တ္ထုတရားကိုယ် ကွဲလွဲဖောက်ပြန်ရာသည်။ အနက်အဓိပ္ပာယ် ကွဲလွဲဖောက်ပြန်လျှင်လည်း တရားကျမ်းဂန် လမ်းမှန်မကျ တိမ်းယိမ်းသွေကွက်ရာသည်..."
စသည်ဖြင့် ၁၁၄၇ ခု၊ နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ဘိုးတော်မင်းတရားက အမိန့်တော်တစ်ရပ် ထုတ်ပြန်ရာ၌ ပါဝင်သည်။

ယခုအခါ စာလုံးပေါင်း သတ်ပုံ ပြဋ္ဌာန်းကျမ်းလည်း ပေါ်ထွက်လာခဲ့ပြီ။ မှီငြမ်းကိုးကားနိုင်ပြီလည်း ဖြစ်သည်။ သို့ရာတွင် အသုံးများပြီး မကြာခဏ မှားတတ်သော စာလုံးပေါင်းသတ်ပုံများ ရှိနေသည်။ ထိုစာလုံးပေါင်း သတ်ပုံများကို အလွယ်တကူ သိမြင်၍ မှတ်သားလွယ်စေရန် ဖော်ပြထားသည်။

ထို့ပြင် စာလုံးပေါင်း သတ်ပုံအရာတွင် လျဉ်းပါးတတ်သော အနက်စွဲအရေး၊ အသံစွဲအရေးနှင့် ပတ်သက်၍လည်း တိုတိုကျဉ်းကျဉ်း ထည့်သွင်းဖော်ပြထားပါသည်။ အနက်စွဲအရေးကို တတ်နိုင်သရွေ့ ထိန်းသိမ်းလက်ခံထားရသည်များ ရှိသကဲ့သို့ အပြောတွင်ရာ၊ အရေးတွင်ရာ အသံစွဲအရေးကို လိုက်လျော လက်ခံထားရသည်များရှိသည်ကိုလည်း သတိပြုချင့်ချိန်နိုင်ကြစေရန် ရည်ရွယ်ပါသည်။


ဖြည်းဖြည်း

ယာဉ်လမ်းညွှန် ဆိုင်းဘုတ်များတွင် "ဖြေးဖြေးမောင်း" ဟူ၍ လည်းကောင်း၊ "ဖြည်းဖြည်းမောင်း" ဟူ၍ လည်းကောင်း နှစ်မျိုး ရေးနေကြသည်။ ထိုနှစ်မျိုးတွင် "ဖြည်းဖြည်းမောင်း" ဟု ရေးပါမှ စာလုံးပေါင်း သတ်ပုံရေးထုံးနှင့် ညီပါမည်။

ဝဏ္ဏဗောဓနသတ်အင်းက၀ိလက္ခဏ သတ်ပုံသံပေါက်ကဗျာသာရတ္ထသင်္ဂဟ တို့မှစ၍ အစဉ်အဆက် သတ်ပုံကျမ်း အစောင်စောင်၊ နောက်ဆုံး မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအထိ သတ်ပုံကျမ်းများတွင် "ဖြည်းဖြည်း" ဟုသာ ရေးထုံးပြခဲ့ပါသည်။

ဝဏ္ဏဗောဓနသတ်အင်းတွင် "ပျပျဖြည်းဖြည်း၊ သာသာဖြည်းဖြည်း" ဟု ပြထားသည်။ က၀ိလက္ခဏသတ်ပုံ သံပေါက်တွင်လည်း "နာပျော်ဖွယ်ချည်း၊ သံခြည်းခြည်း၊ ဖြည်းဖြည်းညင်းညင်းဆို" ဟူ၍ ပြထားသည်။

ကဗျာသာရတ္ထ သင်္ဂဟတွင် "ဖြည်းညင်းဖြည်းညံ့၊ ပျံ့ဖြည်းသာဖြည်း၊ တဖြည်းဖြည်းလျှင်၊ ရစ်နည်းစေ့စပ်" ဟူ၍ မှာထားသည်။

အဆိုပါ သတ်ပုံဆရာကြီးများက "ဖြည်းဖြည်း" ဟု အရစ်ညသတ်ဖြင့် ပြညွှန်ခဲ့ကြသည်မှာလည်း ရှေးကဗျာလင်္ကာ အစပ်အဟပ် အကိုးအထောက် အညွှန်အပြရှိခဲ့သဖြင့်သာ ဖြစ်ပေသည်။

ထင်ရှားသော အကိုးသာဓက တစ်ခုနှစ်ခု ထုတ်ပြရလျှင်-
အဘယ်ရွာက၊ လာသနည်းဟု၊ ဖြည်းဖြည်း မေးတော်မူလတ်တည်း။
[ ၈၄၆၊ ဘူရိဒတ်လင်္ကာ၊ ပိုဒ် - ၁၂၁။ ]
ပုဟုန်မသည်း၊ ပျံ့ပျံ့ဖြည်းသား၊ တိမ်မည်းမဆိုင်။
[ ၈၇၉၊ ဂါထာခြောက်ဆယ်ပျို့၊ ပိုဒ် - ၁၂။ ]
ဧရိုက်ခြည်းခြည်း၊ ဖြည်းဖြည်းညင်းညင်း၊ သာချင်းရတု။
[ ၈၉၁၊ သံဝရပျို့၊ ပိုဒ် - ၁၆၈ ]
စသည်တို့ဖြစ်ပါသည်။

ဖြည်းဖြည်း ဟု ရေးသော်လည်း ဖြေးဖြေး ဟု အသံထွက်ကြပါသည်။ ထို့ကြောင့်လည်း မြန်မာအဘိဓာန်တွင် "ဖြည်းဖြည်း" ဟူသော ဝေါဟာရကို "ဖြည်းဖြည်း/ဖျေးဖျေး/ကြိဝိ၊ အမြန်မဟုတ်ဘဲ" ဟု ပြထားခြင်း ဖြစ်ပါသည်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတွင်လည်း "ဖြည်းညင်း၊ ဖြည်းဖြည်းဆေးဆေး၊ ဖြည်းသုတ်" ဟူသော ဝေါဟာရများကို တွင် ရရစ် ညသတ်လျက် ပြထားပါသည်။ ဖြေး ဟူသော အရေးပြမထားပါ။

သို့ဖြစ်ရာ ကားမောင်းနေသော ပုဂ္ဂိုလ်တစ်ဦးသည် "ဖြည်းဖြည်းမောင်း" ဟူသော ဆိုင်းဘုတ်ကိုလည်း တွေ့ရ၊ "ဖြေးဖြေးမောင်း" ဟူသော ဆိုင်းဘုတ်ကိုလည်း တွေ့ရသဖြင့် "ဘယ်ဟာမှန်ပါလိမ့်" ဟု အတွေးမ၀င်ရလေအောင် "ဖြည်းဖြည်းမောင်း" ဟူသော "ထုံးမီစံမျှ အရိုးကျသက်သေရ သဘောမိ" သတ်ပုံမှန်ကိုသာ စွဲမြဲစွာ မှတ်ထား ရေးသားနိုင်ကြပါစေသတည်း။

ဖြည်းဖြည်းဟူသမျှမှာ၊ ရစ်လျက်သာ ညသတ်ဘိ။
သဝေထိုးကာ တဖြေးဖြေး၊ ရေးထုံးမရှိ။

***** *** *****

နောက်တပတ်ကျရင် နှင့် ပို၊ ဖြင့် ပို ဆိုတာကို ကူးပြပါမယ်။


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*