Sunday, October 12, 2008

မြန်မာစာ၊ မြန်မာစကား (၇)



ကျွန်မက မီ နှင့် မှီ ရေးတာ ခဏ ခဏ မှားတတ်တယ်။ ခေတ်မှီတို့၊ မကြာမှီတို့ ရေးတတ်တာ။ အန်တီငြိမ်းက ကျွန်မ မှားရေးထားတာ တွေ့တိုင်း ခေတ်မီ၊ မကြာမီ ဖြစ်တယ်လို့ ပြောပြီး အမြဲ ပြန်ပြင်ခိုင်းတယ်။ သုံးခါလောက် အမှားပြင်ပေးပြီးတော့ အန်တီငြိမ်းလည်း စိတ်မရှည်တော့ဘူး။ "သမီးကလည်း ခဏခဏ ပြောနေရတယ်။ မှတ်လည်း မထားဘူး"တဲ့။ ဟီး။ နောက်တခု ကျွန်မ မှားနေကျက လည်းကောင်းနဲ့ ၄င်း ရေးတာပါ။ အဲဒါလည်း အန်တီငြိမ်း သုံး၊ လေးခါလောက် စိတ်မရှည်စွာ ပြောပြပြီးသကာလ ကျွန်မ မမှားတော့ဘူး ထင်ပါရဲ့။:P

***** *** *****

မီ၊ မှီ

ဟထိုးမဲ့ မီ နှင့် ဟထိုးရှိ မှီ ကို မှားရေးတတ်ကြသည်။ မှားရေးတတ်ကြသည့် အကြောင်းရင်းမှာ စကားပြောရာတွင် ဖြစ်စေ၊ စာဖတ်ရာတွင် ဖြစ်စေ မီ နှင့် မှီ အသံတူနေသောကြောင့်ဖြစ်သည်။ မီ ဟု ရေးသော်လည်း မှီ ဟု ပြောကြ၊ ဖတ်ကြသဖြင့် ဟထိုးမဲ့ မီ ကို ဟထိုးရှိ မှီ ဟု ထင်မှတ်မှားယွင်း ရေးသားကြခြင်းဖြစ်သည်။

အမှန်စင်စစ် မီ နှင့် မှီ မရောထွေးသင့်။

မီ ကား မိ နှင့် အနက်ရင်း တူပါသည်။ ထိမိ၊ ဆက်စပ်၊ ပူးတွဲ၊ ပေါင်းယှဉ်၊ ညီမျှသည့် အနက်ဖြစ်ပါသည်။

ရှေ့မှ ပြေးသူကို လိုက်၍မီသည်ဟု ဆိုရာတွင် လိုက်၍မိသည် ဟူသော အနက်ဖြစ်သဖြင့် မီ သည်ဟုသာ ဟထိုးမဲ့ ရေးရသည်။

အမြင့်တွင်၊ ဘေးတွင်၊ အနိမ့်တွင် ရှိနေသည့် အရာဝတ္ထု တစုံတခုကို လက်လှမ်းမီသည်ဟု ဆိုလျှင်လည်း လှမ်း၍မိသည် ဟူသော အနက်ပင် ဖြစ်သဖြင့် ဟထိုးမဲ့ မီ နှင့်ပင် ရေးရသည်။

အချိန်မီသည်တွင် မီ ၏အနက်မှာ ထိမိ၊ ဆက်စပ်၊ ပူးတွဲ၊ ပေါင်းယှဉ်၊ ညီမျှ အနက်ပင်ဖြစ်သည်။ သတ်မှတ်သောအချိန်နှင့် ထိမိဆက်စပ် ပေါင်းယှဉ် ညီမျှသည်ဟု ဆိုလိုသည်။ သတ်မှတ်သောအချိန်နှင့် ထိမိဆက်စပ် ပေါင်းယှဉ် ညီမျှသည်ဟု ဆိုလိုသည်။ မလျော့မပိုဖြစ်သည်ဟု ဆိုလိုသည်။ ထို့အတူပင် ရထားမီသည်၊ ရထားချိန်မီသည်၊ ကျောင်းမီသည်၊ ကျောင်းချိန်မီသည် စသည်တို့၌လည်း နည်းတူဖြစ်သည်။ စံချိန်မီသည်၊ စံမီသည်ဆိုသည်မှာ စံနှင့် မလျော့မပိုဖြစ်သည်။ စံနှင့်ကိုက်ညီသည်ပင် ဖြစ်သည်။ ခေတ်မီသည်ဆိုသည်မှာ ခေတ်နှင့် ကိုက်ညီသည်၊ ခေတ်နှင့် လိုက်လျောညီထွေရှိသည်ဟု ဆိုလိုသည်။ ၁၅ရက်နေ့ အမီဆိုရာ၌လည်း ၁၅ရက်နေ့ကို မကျော်မလွန် မပိုစေဘဲ၊ ၁၅ရက်နေ့နှင့် ကိုက်ညီစွာဟုပင် ဆိုလိုပေသည်။

ထို့ကြောင့်လည်း မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေသော မြန်မာအဘိဓာန်တွင် မီ ကို "မီ၊ ကြိ လှမ်း၍ ရောက်နိုင်၊ ထိနိုင်သည်။ တိုင်ရောက်သည်" ဟု အနက်ဖွင့်ဆိုထားခြင်းဖြစ်သည်။

အချုပ်ဆိုသော် မိသည့်အနက်၊ တူညီ၊ ကိုက်ညီ၊ ညီမျှသည့်အနက်ကို ဆိုလိုပါက ဟထိုးမဲ့ မီ ကို အသုံးပြုရန် ဖြစ်ပါသည်။

ခေတ်မီသည်၊ စံမီသည်၊ ရထားမီသည်၊ လိုက်မီသည်၊ လှမ်းမီသည်၊ အချိန်မီသည် စသည်တို့ကဲ့သို့သော ကြိယာဖြစ်သေီာ အကြောင်းကို ရှင်းလင်းပြီးနောက် ပစ္စည်းစကားလုံးဖြစ်သော မီ အကြောင်းကို ရှင်းလင်းရန် ရှိပေသည်။

ယင်း မီ ကို နှင့် တွဲ၍ သုံးလေ့ရှိသည်။ မကြာမီ၊ မစားမီ၊ မပြောမီ၊ မလာမီ၊ မသွားမီ စသည်ဖြင့် သုံးသည်။ ခင် ဟူသော စကားနှင့် ဖလှယ်၍ သုံးနိုင်သည်။ မကြာခင်၊ မစားခင်၊ မပြောခင်၊ မလာခင်၊ မသွားခင် ဟူ၍ဖြစ်သည်။ ကြိယာ မီ ၏ အနက်ဖြစ်သည့် ထိမိ၊ တိုင်ရောက်သည့် အနက်ပင်ဖြစ်သည်။ မကြာမီဆိုသည်မှာ ကြာသည့်ကာလသို့ မတိုင်ရောက်သေးဘဲ ဟူသောအနက်ဖြစ်သည်။ မပြောမီ၊ မလာမီ၊ မသွားမီ စသည်တို့တွင်လည်း ပြောခြင်း၊ လာခြင်း၊ သွားခြင်းသို့ မတိုင်ရောက်သေးဘဲ ဟူသော အနက်ပင်ဖြစ်သည်။

ထို့ကြောင့်လည်း မြန်မာအဘိဓာန်တွင် "မီ၊ စည်း_'မ' နှင့်တွဲ၍ အချိန်မတိုင်သေးခင် အနက်ဖြင့် ထောက်ပံ့သောစကားလုံး" ဟု အနက်ဖွင့်ဆိုထားခြင်းဖြစ်ပေသည်။

ဟထိုးရှိ မှီ၏ အနက်မှာ မီစေသည်၊ မီအောင်ပြုသည် ဟူသောအနက်ရှိပေသည်။ တိုင်ကို မှီသည်ဟုဆိုသည်မှာ တိုင်နှင့် ထိအောင် မိအောင်ပြုသည်၊ တိုင်ကို မိစေသည်၊ တိုင်ကို မီစေသည်ပင်ဖြစ်သည်။ အရာဝတ္ထုတခုခု၊ အကြောင်းအရာ တခုခုတွင် မိမိရရ တွယ်ကပ် ချိတ်ဆွဲ ထိမိစေသည်ကိုပင် မှီသည်ဟုဆိုသည်။

ထို့ကြောင့် မြန်မာအဘိဓာန်တွင် "မှီ၊ ကြိ - ၁၊ တစုံတရာကို ယှဉ်ကပ်အားပြုသည်။ ၂၊ အားကိုးအားထားပြုသည်"ဟု အနက်ဖွင့်ဆိုထားပေသည်။ ဟထိုးရှိ မှီ ကို "မှီခိုသည်၊ မှီငြမ်းပြုသည်၊ မှီတင်းသည်၊ မှီဝဲသည်၊ မှီအုံး" စသည်ဖြင့် သုံးစွဲလေ့ရှိသည်။
ရှေးထုံးငယ်စံမီ၊ မှီငြမ်းငယ်ပြုပါလို့။
မီနှင့်မှီ မရှုပ်ထွေးအောင်၊ ရေးကြပါစို့။

***** *** *****

အပိုင်း (၈) မှာတော့ မလိုအပ်ဘဲ ပိုတတ်သော ရေးချ ဖြစ်ပါတယ်။


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Print this post

1 comments:

Anonymous said...

မင်္ဂလာပါ မs0wha1

ပြုခံရသူ အနောက်တွင် “ အား ” သုံးပြုတာကို မှတ်သားထား လိုက်တယ်။

မီ၊ မှီက သဘောပေါက်တယ်။
မီ ဆိုတာ လက်လှမ်း မီ နိုင်တာ၊
မှီ ဆိုတာ လက်လှမ်း၍ မမှီ သည့် အနေအထား ဖြစ်မယ်။ မပြီးသေးတဲ့ အနေအထားပေါ့။ ဥပမာ။ ။ မကြာမှီ မျှော်၊

ကျွန်နော် ထင်တာ မှန်သလား မသိ၊ မှားရင်လဲ ၀န္ဒာမိ ပေါ့၊ ခင်ဗျာ။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*