Friday, October 10, 2008

ဖြစ်သလိုပဲ...



မီးလေးက တက်ဂ်တယ်။ အဲဒီ တက်ဂ်ကို မမိုးချို ဘလော့ဂ်မှာ ဖတ်လိုက်ရပေမယ့် တော်တော်များများ ဒီတက်ဂ်ကို ရေးကြတာ မတွေ့မိသေးသလိုပဲ။ မိသားစုနဲ့ နေတဲ့အတွက် မြန်မာအစားအစာက မငတ်သလောက်ပဲ ဆိုတော့ကာ ဖြစ်သလို မစားရတာများပါတယ်။ တကယ်ကျတော့ ဘာရေးရမှန်းကို မသိတာ။ အဲဒီတော့လည်း ရေးချင်တာ ရေးလိုက်တော့မယ်။

ကျွန်မတို့အိမ်က ထမင်းစားရတာပဲ ကြိုက်ကြတဲ့အတွက် အိမ်မှာ ထမင်းနဲ့ဟင်းကတော့ မပြတ်တမ်း ချက်ရတာပဲ။ ကျွန်မတို့မောင်နှမတွေက အသီးအရွက် အစားနည်းပြီး အသားပဲ စားကြတာဆိုတော့ အသားမျိုးစုံစားကြတယ်။ တစ်ယောက်တမျိုး ချက်တဲ့ လက်ရာတွေ မတူသလို၊ ဘယ်ဟင်းကို ဘယ်သူက အကောင်းဆုံးချက်နိုင်တယ်ဆိုတာမျိုးပါ မတူကြဘူး။ ကျွန်မအစ်ကိုက ကြက်ဥချဉ်ဟင်း ချက်တာမှာ နာမည်ကြီး။ ကျွန်မကတော့ ၀က်သား အချိုချက်မှာ ဆရာမကြီးပေါ့။ ဟိ။ တကယ်က ၀က်သားနီချက်လို့ ခေါ်တဲ့ ၀က်သားအချိုချက်တင်မကပါဘူး။ ၀က်သားဟင်း မှန်သမျှ ကျွန်မ ချက်တာ ကောင်းတယ်လို့ ပြောကြတာပဲ။ ပြီးတော့ ကျွန်မ ကြော်တဲ့ ချဉ်ပေါင်ဟင်းကိုလည်း လူကြိုက်များတယ်။ ဒါပေမဲ့ ချဉ်ပေါင်ကြော် မချက်တာကြာလို့ ခုတော့ သိပ်ကောင်းပါ့ဦးမလားဘဲ။ ကျွန်မယောင်းမကတော့ ပုဇွန်ကြော်တာ ဟိုတယ်ချက်အတိုင်းပဲ။ ကျွန်မအမေကတော့ ငါးဟင်း ချက်တာ အရမ်းကောင်း။ ကျွန်မတို့ညီအစ်မက ဘယ်လိုကြောင့်လည်း မသိဘူး။ ငါးဟင်းကို ကောင်းကောင်း မချက်တတ်ကြဘူး။ ကျွန်မတို့ချက်ရင် စားကောင်းတယ်ကို မရှိတာ။ အဖေကတော့ ဘာချက်ချက် စားကောင်းတယ်။ ဒါပေမဲ့ ခု မချက်တာကြာလို့ လက်ရာလည်း ပြတ်နေလောက်ပြီ။ ကျွန်မညီမက ကြက်ကာလသားချက် ကောင်းတယ်။ ဘူးသီးလေးနဲ့ ရေချိုလေး ချက်ရတာလေ။ ပြီးတော့ ဘဲသားဟင်းချက်လည်း ကောင်းတယ်။ ကျွန်မအစ်မကျတော့ ငါးဟင်းကလွဲလို့ ဘာချက်ချက် စားကောင်းတယ်။ ၀က်သားဟင်းချက်တာကတော့ ကျွန်မကို ဘယ်မှီမလဲလေ။ ဟဲ။

ပြောရရင်တော့ မောင်အငယ်ဆုံးကလွဲလို့ အိမ်ရှိလူကုန် ဟင်းချက်တတ်တယ်။ (အဲဒီ မောင်အငယ်ဆုံးကတော့ သူစားဖို့ ထမင်းတောင် ခူးပေးရတဲ့ လူစား။) ကျွန်မတို့ကို ထမင်းဟင်းချက်တာ ဘယ်သူမှ သင်မပေးခဲ့ရပါဘူး။ အဖေနဲ့အမေက ဘာတခုမှလည်း မခိုင်းဘူး။ ဒါပေမဲ့ ဒီလိုပဲ ကိုယ့်ဟာကိုယ် ထင်ရာ၊ မြင်ရာ လုပ်ရင်းနဲ့ ချက်တတ်ကြတာပဲ။ တကယ်ကျတော့ ဟင်းချက်တာ ဘာမှ မခက်ဘူး။ ဖွယ်ဖွယ်ရာရာဖြစ်အောင်သာ ထူးထူးဆန်းဆန်းတွေ မချက်တတ်တာပဲ ရှိမယ်။ စားကောင်းအောင်၊ စားလို့အဆင်ပြေအောင် ချက်ဖို့ကတော့ ကျွန်မတို့အတွက် မခက်ခဲဘူးထင်တာပဲ။ အသားတုံးတွေ နယ်ဖက်ပြီး ဆီလေးသတ်လိုက်ရုံပဲ မဟုတ်လား။ ဒါပေမဲ့ ဘယ်သူမှ အချက်အပြုတ် ၀ါသနာ မပါတာခက်တယ်။ ကျွန်မတို့ကို အမေပြောနေကျ စကားရှိတယ်။ ထမင်းအိုးတလုံးတည်ဖို့ အမြှောက်ပစ်ချရတာထက်တောင် ခက်သေးတယ်တဲ့။ သူချက်၊ ကိုယ်ချက်နဲ့ တွက်ကပ်နေကြလို့လေ။

ပြီးခဲ့တဲ့တပတ်က အမေရန်ကုန်က ပြန်လာတော့ ထမနဲတွေကို ပလပ်စတစ်အိတ်နဲ့ ထုပ်ပြီး ၄ ထုပ်လောက်သယ်လာတယ်။ ကျွန်မတို့အိမ်က အဲလိုပဲ။ ရန်ကုန်ပြန်ပြီဆိုတာနဲ့ ကီလိုအကုန် စာအုပ်နဲ့ အစားအစာမျိုးစုံ သယ်လာတော့တာ။ ပဲဆီက အစ ပါတယ်။ ငါးရန့်ခြောက်ဖုတ် ဆီဆမ်းလို၊ ကြက်သွန်နီနဲ့ သုပ်ထားတဲ့ ပဲပြုတ်သုပ်လိုမျိုးတွေကို ပဲဆီနဲ့စားရရင် ဆွေမျိုးတောင် မေ့နိုင်တယ်။ ထားပါတော့ ထမနဲအကြောင်း ဆက်ပြောရရင် ရေခဲသေတ္တာထဲ ထည့်ထားတော့ အေးခဲပြီး မာနေပြီ။ အဲဒါကို စားချင်ရင် ရေလေးနည်းနည်းနဲ့ ဆီလေး နည်းနည်းထည့်ပြီး မွှေပေးလိုက်ရင် ခုချက်ချင်း ထိုးထားတဲ့ ထမနဲလို ဖြစ်လာရော။ စားလို့ကောင်းမှ ကောင်းပဲ။ ဟိုရက်ကတော့ ဆီနဲ့ ကြော်လိုက်တာ ကြွပ်ရွပြီး မာသွားတယ်။ ခုမှ ရေလေး ထည့်ပြီး ပြန်နွှေးရတဲ့ နည်းကို စမ်းလုပ်ကြည့်ရင်း သိတာ။


ဘာရယ် ဟုတ်ဘူး။ ထမနဲ အကြောင်း ရေးမယ်ဆိုပြီး ဓာတ်ပုံရိုက်ထားတာ။ ခုတော့ ရေးချင်တော့ပြီ။ ဒီမှာပဲ တင်လိုက်ပြီ။ :D


အိမ်က လူတွေက အလုပ်မသွားခင် မနက်ထမင်း စားသွားကြတယ်။ ကျွန်မတို့အိမ်က မနက်ထမင်း၊ နေ့လယ် ထမင်း၊ ညနေထမင်းနဲ့ ထမင်းကိုပဲ စားစရာလို့ ထင်တယ်။ အဲဒါကြောင့်လည်း တရက် အဖေ့သူငယ်ချင်းက အိမ်လာလည်ရင်း ကျွန်မတို့ အိမ်နောက်ဖေး မီးဖိုချောင်ကို ရောက်တော့ "ခင်ဗျားတို့ မီးဖိုချောင်ကလည်း အိမ်ဆိုင်လေးကျနေတာပဲ ပြီးတော့ ချက်ထားတာကလည်း အလှူအိမ်အတိုင်းပဲ"တဲ့။ ဆန်က အိတ်လိုက်၊ ဆီက ပုံးလိုက်၊ ကြက်သွန်ဖြူနီက အိတ်နဲ့ ထောင်ထားရတာကို။ မိသားစုဝင်ကလည်း များတယ် မဟုတ်လား။ ဆန်က အိတ်လိုက်ဆိုတာ ကျွန်မတို့က ၁၀ ကီလို၊ ကီလို ၂၀ အိတ်လေးတွေကို လက်လီ ၀ယ်မစားဘူး။ မြန်မာနိုင်ငံမှာလိုပဲ ဂုန်နီအိတ်နဲ့ ဆန်အိတ်ကြီးကို မှာစားတာ။ ဆီလည်း အဲလိုပဲ။ သံပုံးကြီးနဲ့ တခါထဲ ၀ယ်ထားတာ။ ပြီးတော့မှ ပိုက်နဲ့ ပြန်ချူပြီး သုံးတာပေါ့။ ကြက်သွန်ဖြူနီကလည်း အိတ်အနီကြီးနဲ့ တအိတ်။ အဲလို ၀ယ်ထားရတာ။ ဆီတွေ၊ ဆန်တွေကလည်း အိမ်တိုင်ယာရောက် လာပို့တဲ့အတွက် သယ်စရာလည်း မလိုတော့ဘူး။ ထမင်းကတော့ ပေါင်းအိုး နှစ်အိုးကို လက်မလည်တမ်း တည်နေရတာ။ ဟင်းကတော့ ဒယ်အိုးအကြီးကြီးနဲ့ အပြည့်။ စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုရင်တော့ စားစရာ ဟင်းတွေက စားပွဲပေါ်မှာတောင် မဆန့်ဘူး။

ကျွန်မတို့ကတော့ ဒီမှာ အပြင်စာ စားတာ နည်းပါတယ်။ ဒီက အစားအသောက်တွေကလည်း ကောင်းမှ မကောင်းတာ။ စားသောက်ဆိုင်တို့၊ ဟိုတယ်တို့က အစားအစာတော့ မပါဘူးပေါ့။ Food Court က အစားအစာတွေကို ပြောတာ။ တသက်နဲ့ တကိုယ် ဒီလောက်ညံ့တဲ့ အစားအသောက်တွေ မတွေ့ဖူးဘူးလို့ ထင်တာပဲ။ စားလို့ဖြစ်တာတွေလည်း အများအပြားတော့ ရှိပါတယ်။

ကျွန်မတို့အိမ်မှာ အစားအသောက်တွေကို ဆန်းဆန်းပြားပြားမျိုးစုံ စားရတယ်။ များသောအားဖြင့် အဲလို အထူးအဆန်းတွေကို ကျွန်မအမေ ချက်တယ်။ ကျွန်မတို့အတွက်တော့ အဆန်းတကြယ် မဟုတ်ဘူးပေါ့လေ။ တချို့သူတွေက တခါမှ မကြားဖူး၊ မစားဖူးဘူးလို့ ပြောကြတာကိုး။ တချို့တွေကတော့ သိမှာပါ။ ပထမ တမျိုးက ငါးရံ့ကို ဗိုက်ခွဲ၊ ဂျင်းတွေ၊ ငရုတ်သီးတွေနဲ့ အစာသွပ်ပြီး စပါးလင်နဲ့ ပြန်ချည် ဆန် လက်တဆုပ်လောက်ထည့်ပြီး ရေချိုလေး ချက်တာ။ အဲဒါကို ကျွန်မတို့မောင်နှမ အသားကုန်ကြိုက်ပေါ့။ ငါးရံ့ဆန်လှော်ဟင်းလို့ ကျွန်မတို့ ခေါ်တယ်။ ပြီးတော့ လယ်ကြွက်ခြောက်တို့၊ ငါးရှဥ့်ခြောက်တိုက်တို့၊ ဖားသားတို့၊ ဆတ်သားခြောက်တို့ကို ငရုတ်သီးစပ်စပ်လေးနဲ့ အကြွပ်ကြော်တာလည်း ကျွန်မတို့အကြိုက်ဆုံး အစားအစာထဲမှာ ပါသေးတယ်။ တရှူးရှူးတရှဲရှဲနဲ့ နှာရည်တွေကျ၊ ချွေးတွေ ထွက်နေပေမယ့် စားလို့မရပ်နိုင်ဘူး။ ခရုဆန်လှော်ပြုတ်လည်း စားကောင်းတာပဲ။ အဲလို ခရုမာမာလေးတွေကတော့ ရန်ကုန်မှာပဲ ရှိတယ်။ ဒီမှာတော့ မတွေ့မိဘူး။ ပြီးရင် ၀က်မြီးတို့၊ ၀က်လျှာတို့ ချက်စားတာလည်း တမျိုးစားကောင်းတယ်။

ကြက်ဥကို ခရမ်းချဉ်သီးနဲ့ ကြော်ချက်ချက်တာကို ကျွန်မတို့ ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တယ်။ ခုချိန် ကိုယ့်ဖာသာကိုယ် ကြော်စားတော့ စားမကောင်းဘူး။ အဖေချက်ကျွေးရင် တော်တော်ကောင်းတာ။ ၀က်သားချဉ်နဲ့ အမဲသားချဉ် ချက်ကတော့ ကျွန်မတို့ အကြိုက်ဆုံးပဲ။ အဲဒီအသားတွေကို တရက်၊ နှစ်ရက်လောက် အချဉ်ဖောက်ရတယ်။ အချဉ်ဖောက်တာ လွယ်ပါတယ်။ အသားတုံးတွေကို ထမင်း လက်တဆုပ်လောက်နဲ့ ရောနယ်ပြီး အဖုံးလုံအောင်ပိတ် သိမ်းထားလိုက်ရုံ။ နောက်ရက်ကျ အချဉ်ပေါက်နေတဲ့ အသားတွေကို ငရုတ်သီးစပ်စပ်နဲ့ ချက်လိုက်ရင် သူ့ထက် စားကောင်းတာတောင် သူ့လောက် စားကောင်းမှာ မဟုတ်ဘူး။ ကြက်သားကို ပြုတ်ကြော်ပြီး ခရမ်းချဉ်သီးနဲ့ ပြန်ချက်တာလည်း စားလို့ကောင်းတာပဲ။

ပြီးတော့ ငါးလေးအိုးကပ်တို့၊ ငါးခူစင်းကော်တို့၊ ဘဲပေါင်း ကြံမဆိုင်တို့၊ ငါးရံ့အူဟင်းတို့၊ ငါးကြည်းကြပ်တိုက်တို့၊ ပုဇွန်စုတ်ဖွားကြော်တို့ကတော့ ကျွန်မတို့ အိမ်ရဲ့ နာမည်ကြီးဟင်းတွေပေါ့။ နာမည်ကြီးဆိုတာ ကျွန်မတို့ အရမ်းကြိုက်တာကို ပြောတာ။ :D ငါးဖယ် ရေချိုချက်တာလည်း စားကောင်းတာပဲ။ ဒီမှာတော့ မရှိဘူး။ ဟိုတရက်က ကျွန်မအစ်မ ရန်ကုန်ကပြန်လာတော့ ငါးဖယ် သုံးကောင် သယ်လာတယ်။ အဲဒါကို စဥ့်နှီတုံးတွေ၊ ငရုတ်ဆုံတွေနဲ့ ဖိပြီး မာအောင် လုပ်ထားရတယ်။ ပြီးမှ သုံးပိုင်းစီ ပိုင်းပြီး ချက်ရတာ။ လောပိတမှာတုန်းကတော့ ခဏခဏ စားရပါ့။

ဒီနေ့ကတော့ ဆိတ်သားခြောက် ဆီပြန်ဟင်း ချက်တယ်။ အဲဒါကို ငရုတ်သီးနဲ့ အစပ်ကြော်လည်း ကောင်းတာပါပဲ။ ကျွန်မတို့ဟင်းတွေထဲ ငရုတ်သီးမပါတာ ခပ်ရှားရှားနော်။ အစပ်အရမ်းစားတဲ့ မိသားစုလို့ ပြောရမယ်။ လောပိတမှာ နေတုန်းက ကယားငရုတ်တွေကို အိတ်လိုက် ထောင်စားတာ။ ဒီမှာကျတော့ တမျိုး။ ရန်ကုန်အိမ်ကလူတွေကို ငရုတ်သီးတောင့်တွေ ထောင်းခိုင်းပြီး ဒီကို သယ်လာတယ်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲထည့်၊ ချက်ခါနီးမှ လှီးချွတ်ထားတဲ့ ကြက်သွန်ဖြူနီနဲ့ ရောပြီး ဆီသပ်လိုက်ရုံပဲ။ အရောင်တင်မှုန့်မသုံးဘဲ ငရုတ်သီး ထောင်းစရာမလိုတဲ့ နည်းပေါ့။ ဟီဟီ။ ခေါင်းစဉ်နဲ့ ရေးထားတာတွေနဲ့ကတော့ တခြားစီပဲ။

ကဲ... နောက်ထပ် ဖြစ်သလို စားနေကျလေး ကျွန်မရေးစေချင်တဲ့သူတွေက ထုံးစံအတိုင်း ကျွန်မ တက်ဂ်နေကျ အန်တီငြိမ်းအန်တီခင်၊ ညီမလေး လင်းလက်၊ ကျွန်မ တခါမှ မတက်ဂ်ဖူးသေးတဲ့ ကိုလူသစ်၊ တခါလား မသိဘူး တက်ဂ်ဖူးတဲ့ ကိုမောင်ရင်။ ကိုယ်သာ ဘာရေးရမှန်း မသိတာ။ သူများရေးတာတော့ ဖတ်ချင်သား။ ရေးပေးကြနော်... :D

ရွှင်လန်းချမ်းမြေ့ကြပါစေ။

s0wha1

Print this post

5 comments:

မေငြိမ်း said...

လုပ်ပြန်ပီ.. တူညားက မြသီလာအလွမ်းပြေ အရှိန်ကောင်းနေတာ။ ခုတော့ ရေးရဦးတော့မှာပေါ့...။ လောလောဆယ်တော့ သမီးမေမေကို ချီးကျူးနေမိတယ်။ အန်တီက ကိုယ့်ကိုယ်ကို ဟင်းချက်ဝါသနာပါလှပြီ.. ချက်လှပြီထင်တာ။ ခု မေမေ့ကိုတွေ့မှ ငေးသွားတယ်။ ၀က်သားချဉ် အဲသားချဉ်လုပ်ပြီး ချက်တဲ့ထိတော့ မလုပ်ဖူးဘူး။ ခုတော့ ထမနဲကို သွားရည်ကျပြီး ပြန်သွားတယ်.. :(

s0wha1 said...

ဒါတောင် လတ်တလော သတိရတာလေးတွေပဲ ရေးထားတာ အန်တီ။ နောက်ထပ် ဟင်းတွေ အများကြီး ကျန်သေးတယ်။ ကြုံမှ ထပ်ရေးဦးမယ်။ ခုတော့ ၃ ရက်လောက် ခရီးထွက်မလို့။ ဟိ

M.Y. said...

ဖြစ်သလိုမို့ ပဲ။
ဟိုတယ်က ဟင်း တွေ မှာစားရင် တောင်သူ့ လောက် ကောင်းပမလား..hnnnnn!!

flowerworld said...

မမဆိုးဝှက်ရဲ့ဖြစ်သလိုကလဲနော်...ဟင်းဟင်းဟင်း
ရေးပေးတာလေးကိုကျေးဇူးပါနော် ထမနဲလေးမသွားပြီးဗျို့
ဝက်သားဟင်းလေးလဲလိုချင်သား..ဟီးးးး

s0wha1 said...

ကိုမောင်ရင်... ပို့စ် မျှော်နေပါတယ်။ ဟီဟီ

မီးမီးရေ... ဒီလိုပဲ ရေးလိုက်တာ။ ၀က်သားဟင်းကတော့ နောက်တခါ ချက်မှ ဓာတ်ပုံ ရိုက်ထားမယ်။ ချက်နည်းလည်း ပြောပြမယ်လေ။:P

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*