Saturday, October 4, 2008

မြန်မာစာ၊ မြန်မာစကား (၆)



ဒီအသုံးအနှုန်း အရေးအသားတွေကို မြန်မာစာ၊ မြန်မာစကား စာအုပ်ထဲကနေ အစဉ်အလိုက်အတိုင်း ကူးဖော်ပြတာ မဟုတ်ပါဘူး။ လူအများစု မှားတတ်တယ်လို့ ကျွန်မ ထင်တဲ့၊ ကျွန်မကိုယ်တိုင် မှားတတ်ပြီး မသဲကွဲတာလေးတွေကိုပဲ ကူးပြတာပါ။ စာအုပ်ပါ အကြောင်းအရာအားလုံးကို ဖတ်ချင်သူများအတွက် ဒေါင်းလုတ်လုပ်နိုင်ဖို့ လင့်ခ်တွေ ထည့်ပေးထားပါတယ်။

***** *** *****

အသုံးမမှား ကို နှင့် အား

အပြုခံရသူ ကို ဖော်ပြလိုလျှင် ကို ကို သုံးသည်။
၁။ မဟာဗောဓိပင်ကို စိုက်တော်မူမည်။
၂။ မင်းထင်စည်သူကို ၀န်ကြီးခန့်တော်မူသည်။
၃။ ခွေးကို ရိုက်သည်။
၎။ လှေကို လှော်သည်။

လက်ခံသူ ကို ဖော်ပြလိုလျှင် အား ကို သုံးသည်။
၁။ ရတနာသုံးပါးအား အကုန် ငါ လှူ၏။
၂။ မင်းကြီးလည်း ရဟန္တာမြတ်တို့အား ထိုအကြောင်းကို နားတော်လျှောက်လေ၏။
၃။ စူဋ္ဌနီဗြဟ္မဒတ်မင်းသည် သမီးတော် ကို အရှင်မင်းကြီးအား ပေးထိမ်းမြားအံ့...
၎။ ဘုရားလောင်းသည် ထမင်းဆုပ်ကို ခွေးငယ်အား ပေးလိုသော အခြင်းအရာကို ပြ၏။
၅။ တိုင်ကပ်နာရီကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်လှူဒါန်းပြီးနောက်...

"ကို" သုံးရမည့်နေရာတွင် "အား" ကို လွဲမှားသုံးတတ်ကြသည်။
၁။ (က) ငွေစာရင်း ရှင်းတမ်းများအား ဖတ်ကြားအတည်ပြုကာ အမှုဆောင်များ ရွေးချယ်ပြီး... (မသင့်)
(ခ) ငွေစာရင်း ရှင်းတမ်းများကို ဖတ်ကြားအတည်ပြုကာ အမှုဆောင်များ ရွေးချယ်ပြီး... (သင့်)
၂။ (က) ငလျင်ကြောကြီး တခုအား လေ့လာစူးစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း... (မသင့်)
(ခ) ငလျင်ကြောကြီး တခုကို လေ့လာစူးစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း... (သင့်)
၃။ (က) မြန်မာ့ရိုးရာအတွေးအခေါ်ကို မဖော်ထုတ်မီ ဤအတွေးအခေါ်အား ဖော်ထုတ်ရန်အတွက်... (မသင့်)
(ခ) မြန်မာ့ရိုးရာအတွေးအခေါ်ကို မဖော်ထုတ်မီ ဤအတွေးအခေါ်ကို ဖော်ထုတ်ရန်အတွက်... (သင့်)

သဒ္ဒါသဘောအရ "ကို" သုံးရမည် ဖြစ်သော်လည်း နှစ်သက်မြတ်နိုးခြင်းအလေးအမြတ်ပြုခြင်း သဘောတို့ကို ဖော်ပြလိုသောအခါ "ကို" အစား "အား" ကို သုံးကြသည်လည်း ရှိသည်။
၁။ အရှင်မြတ်အား မပြတ် ဖူးမြင်လိုပါသည်။
၂။ ရသေ့အား ရှိခိုးစိမ့်သောငှာ...
၃။ နိုင်ငံတော်အလံအား လှိုက်လှဲစွာ ကြိုဆိုပါ၏။

***** *** *****

ကျွန်မ ခဏခဏ မှားတတ်တဲ့ မီ နှင့် မှီ က နောက်တနေ့ပေါ့နော်။


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...



ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*