Friday, September 26, 2008

မြန်မာစာ၊ မြန်မာစကား (၄)



ပဲ နှင့် ဘဲဖူး နှင့် ဘူးဖက် နှင့် ဘက် အရေးအသား မတူပုံတွေကို မြန်မာစာ၊ မြန်မာစကား စာအုပ်ထဲမှာ တွေ့ရပေမယ့် ကျွန်မ သိချင်တဲ့ မဲ့ နှင့် မယ့် ရေးသားပုံ ကွာခြားနည်းကိုတော့ ဒီစာအုပ်ထဲမှာ မတွေ့မိပါဘူး။ တကယ်လို့ သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး ပြောပြစေချင်ပါတယ်။

******* ***** ***


ကာ
နှင့် ခါ


ကာ နှင့် ခါ သည် အရေးမတူသော်လည်း အသံထွက် တူတတ်သောကြောင့် ရေးရာ၌ ရောထွေးတတ်သည်။

တပြိုင်နက်ဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ ဖြစ်ပျက်ကြောင်းကို ပြလိုသော် ကာ ကို သုံးသည်။
အိပ် ကာ၊ စား ကာ နေသည်။
ရယ် ကာ၊ မော ကာ ပြောသည်။
ဆေးလိပ်ကိုက် ကာ စာဖတ်သည်။

အချိန်၊ အခါ၊ ကာလ တို့ကို ပြလိုသော် ခါ ကို သုံးသည်။
ငယ်စဉ်အခါ ပညာမရှာလျှင် ကြီးခါမှ နောင်တရမည်။
ပန်းများကို ဆုပ်ကာ၊ ကြဲပြီးသောအခါလျှင်...
ဘ၀ မွန်းတိမ်းချိန်ရောက်ခါမှ...
လက်ဖျားကိုင်ကာ၊ လှူသောခါလည်း၊ မျက်ပါမရှိ...
အလွမ်းထပ်ကာ၊ ခုချိန်ခါကို၊ လေပါမိုးနှင့်...
ရွှေချဉ်ပေါင်တုံးခါမှ၊ မောင်ဖုန်းပြန်ခဲ့မယ်။
ရောက်ခါနီး
ဖြစ်ခါနီး
ခါမှ ခက်မည်။

******* ***** ***

မှားတတ်သော ပါဠိပါဌ်ဆင့် စာလုံးများ

'ဏကြီး၊ နငယ်' တို့အောက်က 'ဋ၊ ဌ၊ ဍ၊ တ၊ ဒ' တို့ကို ဆင့်၍ ရေးရသော ပါဠိစကားလုံးများရှိသည်။ ထိုပါဠိစကားလုံးများကို ရေးရာတွင် ပါဠိဘာသာနှင့် အကျွမ်းမ၀င်သည့်အတွက် စားလုံးပေါင်း မှားတတ်သည်။

ကဏ္ဋကောစ = ဆူးငြောင့်၊ ရန်လုပ်ခြင်း၊ နှောင့်ယှက်ခြင်း
ကဏ္ဌဌာန် = လည်ချောင်းအရပ်
ကဏ္ဍ = အပိုင်း၊ အခန်း
ကဏ္ဍကမြင်း = သိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော်မြင်း
ကဏ္ဏသုခ = နားဝင်ချိုခြင်း
ကန္တာရ = ခက်ခဲသော ခရီး၊ ခရီးခဲ
ကန္ဒရ၀တီ = ချောက်၊ ဂူ၊ လိုဏ် ပေါများသော ဒေသ
ဂဏ္ဌိ = ခက်ဆစ်အဖွင့်ကျမ်း
ပဏ္ဍိတ = ပညာရှိ
ပဏ္ဍုကမ္ဗလာ = သိကြားမင်းစံရာ ကျောက်ဖျာ

******* ***** ***

ရောထွေးတတ်တဲ့ မှ နှင့် က ကတော့ နောက်တပတ်မှပဲ ကူးပြီး တင်တော့မယ်။


မြန်မာစာ၊ မြန်မာစကား နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...




ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Print this post

2 comments:

A Linn Nyi said...

မဲ့ က မရှိတာကို ပြချင်ပြောချင်ရင်လို့ ထင်တာပဲ။
အပြုံးမဲ့မျက်နှာ၊ နှလုံးမဲ့လူကြမ်း
မယ့်ကတော့ near future မှာ ဖြစ်တာမျိုးလား။
ထွက်တော့မယ့်ကား၊ ပြိုတော့မယ့်မိုး၊ညှိုးတော့မယ့်ပန်း။
မသေချာပါဘူး။ စိတ်ထဲထင်တာ ကွန်မန့်ရေးခဲ့တာ ညီမလေး။

s0wha1 said...

ဟုတ် မ... ကျေးဇူးနော်... ကွဲကွဲပြားပြား သိသွားပြီ။ နောက်ရေးရင် မမှားတော့ဖို့ များမှာပါ။:)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*