Saturday, July 26, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၅)



နောက်ဆုံးအချိန်အထိ ကာကွယ်ရေး

ဒါကြောင့် ဗမာအမျိုးသားများက ဗမာပြည်ကို ကာကွယ်ကြရမယ်။ ဗမာပြည်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ ကျွန်တော်စီစဉ်နေပါတယ်။ ဗမာပြည်သူများဟာ ဒီစစ်ပွဲကို နိုင်အောင် ဘယ်နည်းနဲ့ဖြစ်စေ ကြိုးစားကြရမယ်။ ကျွန်တော်တို့ရဲ့မြေ တစ်လက်မကိုတောင် နောက်ထပ်တကြိမ် ဓါးပြတိုက်ယူခွင့် မပြုနိုင်ဘူး။ ပင်လယ်ကမ်းရိုးတန်းမှာ တောင်တန်းတွေပေါ်မှာ၊ ချိုင့်ဝှမ်းတွေမှာ၊ လမ်းပေါ်မှာ၊ ရွာတွေမှာ၊ မြို့တွေမှာနဲ့ အိမ်တိုင်း အခန်းတိုင်းမှာ နေထိုင်ကြတဲ့ မိန်းမတွေနဲ့ ခလေးတွေ အပါအ၀င် ရှမ်း၊ ကရင်၊ ချင်း၊ တောင်သူ၊ ပလောင်၊ တိုင်းရင်းသားများအားလုံး ဓား၊ ဒုတ်၊ ရိုင်ဖယ်၊ လှံတွေစွဲကိုင်ပြီး နောက်ဆုံးအချိန်အထိ ဗမာပြည်ကို ကာကွယ်ကြရမယ်။ သေမြေကြီး၊ ရှင်ရွှေထီးဆိုတဲ့ စကားအတိုင်း လုပ်ကြရမယ်။ ဗမာပြည်ဟာ သစ်ပင်ဝါးပင် မပေါက်တဲ့မြေ လုံးလုံး ဖြစ်သွားပေမဲ့ လွတ်လပ်ရေးကိုတော့ လက်မလွှတ်။ အလျှော့ပေးလိမ့်မယ် မဟုတ်ဘူး။ စစ်နိုင်တဲ့အခါ ကျွန်တော်တို့ ပြန်လည်ထူထောင်ကြမယ်။

ဒီနည်းအတိုင်း လုပ်သွားမယ်လို့ ကျွန်တော်ပြောတဲ့အခါ တချို့လူတွေက ကြောက်ရွံ့ထိတ်လန့်နေကြတယ်။ ဗမာပြည်ကို တဦးထဲ မကာကွယ်နိုင်ဘူးဆိုတာ အရင်က ကျွန်တော်ပြောခဲ့ပြီးပြီ။ ဒါကြောင့် ကြောက်ရွံ့ထိတ်လန့်ပြီး ပြေးမနေကြပါနဲ့။ နောက်ဆုံးအချိန်အထိ တိုက်ခိုက်နိုင်တဲ့ နိုင်ငံတနိုင်ငံဟာ ဘယ်တော့မှ အထိုးအနှက်မခံရတော့ဘူး ဆိုတာကို ရာဇ၀င်က ပြနေပါတယ်။

ကျွန်တော်တို့ရဲ့ တပ်များဟာ ခင်ဗျားတို့ရဲ့ တပ်များလို့ မှတ်ပါ။ ခင်ဗျားတို့ဟာလည်း ကျွန်တော်တို့ရဲ့ တပ်များအနက် တတပ်ပါပဲ။ ကျွန်တော်တို့တပ်များက ခင်ဗျားတို့ကို ညှင်းပမ်းနှိပ်စက်ဖို့ မဟုတ်ဘူး။ သူတို့ဟာ ရှမ်း၊ ကရင်၊ ချင်း အပါအ၀င် အမျိုးသားတွေကို ညှင်းပမ်းနှိပ်စက်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားတွေကို လျစ်လျူရှုမနေဘူး။ ကျွန်တော်တို့ဟာ မိသားစု တစုတည်းဖြစ်တယ်။ နောက်တကြိမ် ကျွန်တော်တို့ တပ်မတော်အတွက် လူစုဆောင်းတဲ့အခါ တခြားညီအကို တိုင်းရင်းသားတွေထဲကလည်း ခေါ်မယ်။

တပ်မတော်ထဲက လူတွေဟာ ဘယ်ဘာသာကိုမဆို ကိုးကွယ်နိုင်ကြပါတယ်။ ကျွန်တော်တို့က တပ်မတော်ကို တိုးချဲ့မယ်။ ဒါဟာ ခင်ဗျားတို့ တပ်မတော်။ တပ်မတော်ကို ကူညီကြပါ။ လူတိုင်း လူတိုင်း ဗမာပြည်ကာကွယ်ရေးအတွက် အသင့်ပြင်ထားကြရမယ်။ သက်ဆိုင်သူများကလည်း ရင်မြေကတုတ်လုပ်ပြီး တိုက်ပွဲကို နိုင်သည်အထိ ခေါင်းဆောင်သွားကြပါလိမ့်မယ်။

ဒါကြောင့် ဗမာအမျိုးသားတို့ ထကြလော့။ နိုးကြားကြလော့...။

( ဂရိတ်တား အေးရှား၊ ၁၉၄၄ ခု၊ ဇန်န၀ါရီလ ၁၃ ရက်။ )

----------------------------------------------

တောသူလေးနှင့် သဏ္ဍာန်တူသော ဗမာနိုင်ငံတော်၊ ကျွန်စိတ်ရှိသူမှာ တိရစ္ဆာန်နှင့် အတူတူပင်ဖြစ်ကြောင်း၊ ကျွဲ-နွား ဥပမာပြ၍ ရှင်းလင်းပြောကြားသွားပုံ။

လူမျိုးပေါင်းစည်းရေး

ဟင်္သာတမြို့ သတင်းထောက်ထံမှ။ ။ စစ်ဝန်ကြီး မေဂျာဂျင်နရယ် အောင်ဆန်းသည် တိုင်းရင်းသား အချင်းချင်း ပေါင်းစည်းရေး ကိစ္စနှင့် တော်သလင်း လဆုတ် ၈ ရက်နေ့က ဟင်္သာတမြို့သို့ ရောက်ရှိလာပြီး တော်သလင်းလဆုတ် ၉ ရက်နေ့ နံနက်က ဟင်္သာတမြို့တွင် တရားပွဲတခု ကျင်းပကြောင်း၊ ထိုသို့ တရားပွဲ ကျင်းပရာတွင် သံဃာတော်များ၊ နိုင်ငံတော်ဝန်ထမ်း အရာရှိကြီးငယ်များ၊ မြို့သူမြို့သားများ လာရောက် နားထောင်ကြရာ တရားပွဲ ကျင်းပရာ မင်္ဂလာညွန့် ရုပ်ရှင်ရုံကြီးတခုလုံး ပြည့်လျှံသွားလျက် အချို့ ရုံပြင်ဘက်ကပင် နားထောင်ကြရကြောင်း။

တရားပွဲကို နံနက် ၇ နာရီအချိန်တွင် စတင်ကျင်းပလျက် ဟင်္သာတခရိုင်ဝန် ဦးချစ်ဆွေက နိဒါန်းစကားအဖြစ် ပြောဆိုသည်မှာ “ဗိုလ်ချုပ်အောင်ဆန်း လာမယ်ဆိုတာ မနေ့ညနေကမှ သံကြိုးရသည့်အတွက် အချိန်မရဖြစ်ပြီး တခမ်းတနား မကြိုဆိုရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ မြို့သူမြို့သားများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ တရားများကို ထူးထူးခြားခြား နာကြရတော့မည် ဖြစ်သည့်အတွက် များစွာ ကုသိုလ်ကောင်းသည်ဟု ပြောရမည်ဖြစ်ကြောင်းနှင့် ပြောဆိုသွားကြောင်း။

အရေးအကြီးဆုံးသောကိစ္စ

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက ပြောဆိုရာတွင် မိမိသည် တခမ်းတနား အကြိုအဆိုခံချင်သည့်အတွက် လာရောက်ခြင်း မဟုတ်ကြောင်း။ မိမိမှာ ဟင်္သာတမြို့သို့ ယခုကဲ့သို့ ရောက်ရှိပြီး တရားဟောရမည့် ခရီးစဉ်မပါကြောင်း။ မြို့ပေါ်ရှိ လူကြီး လူကောင်းအချို့နှင့် ကရင်ခေါင်းဆောင်ကြီး အချို့တို့က လာရောက်ဖိတ်ခေါ်အတွက် ရောက်လာပြီး တရားဟောရမည် ဖြစ်ခြင်းကြောင့် မိမိအား တခမ်းတနားကြိုဆိုလျှင်လည်း ကြိုဆိုသော လူများအား အပြစ်မပြောဘဲ မကြိုဆိုလျှင်လည်း ဘာမျှပြောမည်မဟုတ်ကြောင်း၊ မိမိသည် ထိုကဲ့သို့ တခမ်းတနား အကြိုဆိုခံချင်သည့်အတွက် စစ်ဝန်ကြီးရာထူးယူပြီး ခရီးထွက် လာခြင်းမဟုတ်ကြောင်း။ မိမိ ဟင်္သာတမြို့ မရောက်ခင်က မြို့သူမြို့သားများက မိမိအား အလွန်ကြောက်လန့်နေသည်ဟု သတင်းရရာ ယခုလည်း ပိုပြီး ကြောက်သွားအောင် ပြောဆိုသွားမည်ဖြစ်ကြောင်း။ ယခုအခါ စစ်သည် အလွန်အရေးကြီးနေသည့် အချိန်ဖြစ်သည့်အတွက် အချို့နိုင်ငံများမှာ စစ်ထဲမ၀င်မနေရ ဥပဒေများပင် ထုတ်လျက်ရှိရာ ဗမာနိုင်ငံတော်မှာလည်း ယခုအခိုက်အတန့်၌ ထိုဥပဒေမျိုး မထုတ်ရသေးသော်လည်း နောင်လိုအပ်သည့်အခါ အမှန်ထုတ်ရမည်ဖြစ်ကြောင်း။ မိမိသည် ဤကဲ့သို့ ခရီးထွက်ပြီး ဟင်္သာတမြို့သို့ ရောက်ရှိလာခြင်းမှာ စစ်သားစုဆောင်းရေးအတွက် မဟုတ်ဘဲ ထိုစစ်သားစုဆောင်းရေး ကိစ္စမှာ သာမန်မျှသာဖြစ်၍ လူမျိုးပေါင်းစည်းရေးအတွက် အဓိကထား၍ လာခြင်းဖြစ်ကြောင်း။

ယခင်က စစ်မျိုးမဟုတ်

ယခုကမ္ဘာစစ်မှာ ရှေးကဖြစ်ခဲ့သော ကမ္ဘာစစ်မျိုးမဟုတ်ဘဲ ရှေးကဖြစ်ခဲ့သော ကမ္ဘာစစ်မှာ ဥရောပတိုက်သာဖြစ်လျက် ယခုကမ္ဘာစစ်မှာ ဥရောပတိုက်၊ ပစိဖိတ် သမုဒ္ဒရာ၊ အရှေ့အာရှတိုက်ဟူ၍ ကမ္ဘာတ၀ှမ်းလုံး ဖြစ်ပွားနေကြောင်း။ စစ်တိုက်ရာမှာလည်း အလွန်မြန်ကြောင်း၊ လွန်ခဲ့သော ကမ္ဘာစစ်ကြီးတွင် လေယာဉ်ပျံကို အသုံးပြုသော်လည်း အရေအတွက် အလွန်နည်းပါးလျက် ကောင်းကင်ယံတွင်လည်း ကြာရှည်သဖြင့် မပျံနိုင်ကြောင်း။ သံချပ်ကာကားများမှာလည်း စစ်ပြီးချိန်အခါလောက်မှ ပေါ်ပေါက်လာလျက် တနာရီလျှင် ၃ မိုင်လောက်သာ သွားလာနိုင်ကြောင်း။ ယခုကမ္ဘာစစ်မှာ ဟိုကမ္ဘာစစ်လို မဟုတ်၊ လေယာဉ်ပျံများမှာ ထောင်လုံး၊ ရာလုံးနှင့် ဗုံးကြဲ၍ လေထဲတွင် အချိန်အကြာကြီး ပျံသန်းနိုင်ပြီး သံချပ်ကာကားများမှာလည်း တနာရီ မိုင် ၂၀၊ ၂၅၊ မိုင် ၃၀ စသသည်ဖြင့် သွားလာနိုင်ကြောင်း၊ ယခုအခါ စစ်ဖြစ်သည်ဆိုလျှင် စစ်ကြေညာချင်မှ ကြေညာလျက် စစ်ဖြစ်နေတာနဲ့ တပြိုင်နက် လေယာဉ်ပျံများက ဘူတာရုံ သင်္ဘောဆိပ်များကို ဗုံးကြဲဖျက်ဆီးပြီး စစ်အသွားအလာကို နှောင့်နှေးအောင် ပြုလုပ်လိုက်ကြောင်း။ သို့ဖြစ်သည့်အတွက် စစ်ဖြစ်တော့မည်၊ စစ်ဖြစ်ပြီ ဆိုသည်နှင့် တပြိုင်နက် စစ်မြေပြင်သို့ စစ်သားများ အရောက်ပို့ပြီး ဖြစ်ရကြောင်း။

အင်အားရှိမှ လူရိုသေမည်

ထို့နောက် ဆက်လက်၍ပြောဆိုသည်မှာ ယခုကမ္ဘာစစ်သည် မည်မျှကြာမည်ကို မည်သူမျှ မပြောနိုင်ကြောင်း။ စစ်မည်မျှလောက် ကြာစေကာမူ တိုင်းပြည်မှာ အင်အားရှိဖို့ အရေးကြီးကြောင်း၊ အင်အားရှိသော တိုင်းပြည်မှာ လူရိုသေပြီး စစ်ပြီးသည့်အခါ ဝေစုရဦးမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးဆိုသည်မှာ ကမ္ဘာက အသိအမှတ်ပြုလောက်အောင် အင်အားရှိမှ လွတ်လပ်ရေးနဲ့ တန်ဖိုးရှိမည်ဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ လူရိုသေအောင် လုပ်ဖို့ဖြစ်ကြောင်း၊ ဥပမာ မိမိသည် လူရိုသေအောင် လုပ်ခဲ့သည့်အတွက် ယခုအခါ ဟိုလူကခေါ်ချင်၊ ဒီလူကခေါ်ချင်နှင့် ခေါ်ချင်သူတွေ များပြားသလို ဖြစ်ကြောင်း။

တလုံးတစည်းထဲ ရှိစေရမည်

ဗမာနိုင်ငံတွင် ဗမာ၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း ဟူ၍ တိုင်းရင်းသားများရှိရာ တလုံးတစည်းထဲရှိပြီး မဟာဗမာ ဖြစ်ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ပြေးစက ဗမာနှင့် ကရင်အချို့တို့ အနည်းငယ်မျှ ကသောင်းကနင်းဖြစ်ကြရာ ဘာအကြောင်းကြောင့် ဖြစ်ရသည်ကို ဟိုအခါကလည်း မသိခဲ့ဘဲ ယခုတိုင်လည်း မသိသေးကြောင်း၊ ဗမာလူမျိုးအချို့တို့ စိတ်တွင် ကရင်လူမျိုးများအား အရိုင်းအစိုင်းများဟု သဘောထားသူများရှိရာ အလွန်တရာ မှားကြောင်း၊ ကရင်လူမျိုးများစိတ်တွင်လည်း ဗမာပြည်ကောင်းလျှင် တို့နှင့်မဆိုင်ဟု သဘောထားသူများရှိရာ ထိုသို့ သဘောထားလျှင် အလွန်မှားလျက် တိုင်းရင်းသားအကုန်အစင် တန်းတူအခွင့်အရေး ရရှိမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ဆိုလျှင် လူမျိုးစုံသွားရောက်နေထိုင်လျက် ထိုသို့သွားရောက်နေထိုင်သော လူမျိုးစုံတို့၏စိတ်မှာ တိုင်းရင်းသားအဖြစ်ထားကြကြောင်း၊ ဗမာနိုင်ငံမှာ တိုင်းရင်းသားချည်းဖြစ်သည့်အတွက် တိုင်းရင်းသားစိတ်ကို ပို၍ထားရမည်ဖြစ်ကြောင်း။ ကိုးကွယ်သော ဘာသာမှာ အမျိုးမျိုးအဖုံဖုံ ကွဲပြားသော်လည်း လူမျိုးမှာ တလုံးတစည်းတည်း တိုင်းရင်းသားစိတ်ထားရမည်ဖြစ်ကြောင်း။

ကျွန်စိတ်ရှိသူများ

ဆက်လက်ပြောဆိုသည်မှာ တချို့က ဟိုလူလာ ကောင်းနိုးနိုး၊ ဒီလူလာ ကောင်းနိုးနိုး ထင်မှတ်နေရာ ထင်မှတ်သည့်သူများအထဲမှ တယောက်တလေ ကောင်းစားချင် ကောင်းစားမည်ဖြစ်သော်လည်း တမျိုးလုံး ဒုက္ခတွေ့မည်ဖြစ်ကြောင်း။ ကျွန်စိတ်ရှိသောသူများမှာ တိရစ္ဆာန်နှင့် အတူတူပင်ဖြစ်ကြောင်း၊ လူနှင့်တိရစ္ဆာန်မှာ စဉ်းစားဉာဏ်ကွာခြားကြောင်း၊ နွားအုပ်၊ ကျွဲအုပ်ကို နွားကျောင်းသားတယောက်ထဲက ကြိမ်လုံးတလုံးထဲနှင့် အုပ်ထိန်းနေကြောင်း၊ ကျွဲတွေနွားတွေမှာ စဉ်းစားဉာဏ်နှင့် တော်လှန်ချင်စိတ် မရှိသည့်အတွက် နွားကျောင်းသားတယောက်၏ အအုပ်အချုပ်ကို ခံနေကြရကြောင်း၊ လူမှန်လျှင် စဉ်းစားဉာဏ်နှင့် တော်လှန်ချင်စိတ် အမြဲရှိရမည်ဖြစ်ကြောင်း၊ ထိုစိတ်မျိုးမရှိဘဲ ကိုယ့်အမျိုး ကိုယ်မချစ်သောသူများမှာ နွားတွေ၊ ကျွဲတွေချည်းဖြစ်ကြောင်း။

လူမရွေးတတ်လျှင် ရောဂါရမည်

ဆက်လက်ပြောဆိုသည်မှာ ဗမာနိုင်ငံတော်သည် ကျွန်းသစ်၊ ရေနံ၊ ဓါတ်သတ္တုများ အလွန်ပေါများသော တိုင်းပြည်ဖြစ်ရာ ဟိုလူလိုချင်၊ ဒီလူလိုချင်ဖြစ်ကြောင်း။ ဥပမာ ဗမာနိုင်ငံသည် တောသူလေးတယောက်နှင့် တူကြောင်း၊ တောသူလေးတယောက်သည် လက်ဦးအစ တောတွင်နေစဉ် အ၀တ်အစားမရှိ၊ မဖီးမလိမ်းတတ်နှင့် မည်သူမျှ မလိုချင်ကြကြောင်း။ နောက် တောသူလေး မြို့သို့ရောက်လာပြီး ဖီးတတ်လိမ်းတတ်ပြီး အ၀တ်အစား ကောင်းကောင်းမွန်မွန်လေးနှင့် ဖြစ်လာတဲ့အခါ တောသူကလေးက လူရွေးတတ်ဖို့ အရေးကြီးကြောင်း၊ သို့မဟုတ်ဘဲ လူမရွေးတတ်လျှင် တောသူကလေးမှာ ရောဂါရမည်ဖြစ်ကြောင်း၊ ယခုအခါမှာ ဤအတိုင်းဖြစ်ကြောင်း။

နောက်ဆုံးပြောဆိုသည်မှာ ရန်သူများ တိုင်းနိုင်ငံထဲသို့ အနည်းအကျဉ်းဆိုသလို ရောက်ချင်ရောက်မည်ဖြစ်ကြောင်း။ သို့ရာတွင် လူမျိုးကို မနိုင်နိုင်ကြောင်း။ တိုင်းပြည်အတွင်း ရန်သူများရောက်သည်နှင့် လူမျိုးကို နိုင်သည်မှာ တခြားစီဖြစ်ကြောင်း။

ရန်သူများလာလျှင် အကူအညီမပေးဘဲ မီးနဲ့ ရှို့တန်ရှို့၊ ဖျက်တန်ဖျက်လျှင် ရန်သူများ အလိုလို ထွက်သွားရမည်ဖြစ်ကြောင်း။ သို့ဖြစ်ရာ တိုင်းရင်းသား အချင်းချင်း စည်းလုံးပြီး အင်အားရှိဘို့ အရေးကြီးဆုံးဖြစ်ကြောင်းနှင့် ရှည်လျားစွာ မိန့်ကြားသွားကြောင်း။

တရားပွဲအစတွင် အမျိုးသားသီချင်းနှင့် ဖွင့်လှစ်၍ တရားပွဲ အဆုံးတွင်လည်း အမျိုးသားသီချင်းနှင့်ပင် ရုပ်သိမ်းလိုက်ကြောင်း။



ဆက်ရန်


ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (၄)

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*