Thursday, July 17, 2008

ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူ



ဆယ်စုနှစ် တစုကျော်ဆိုတဲ့ သံယောဇဉ်တွေက အချိန်အတိုင်းအတာကိုကြည့်ရုံနဲ့ တန်ဖိုးဖြတ်မရမယ့် အရာတခု ဖြစ်ခဲ့ပြီ မောင်။ HappY Anniversary ဆိုတဲ့ စကားလုံးထက် ပိုလေးနက်တာရှိရင်လည်း ငါပြောချင်ပါရဲ့။ Anniversary တိုင်း ဘယ်တုန်းကမှ အတူတူရှိမနေခဲ့တဲ့ ငါတို့ နှစ်ယောက်။ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ။ ဘာပဲဖြစ်ဖြစ် တွဲလက်တွေကတော့ ခိုင်ခိုင်မြဲလျက်...။


ဝေးတလှည့်၊ နီးတလှည့်နဲ့ ဘ၀တွေအတွက် ကြိုးပမ်းနေရချိန်တွေ ကျော်လွန်တဲ့ထိ ငါ့ ရင်ထဲ အမြဲရှိနေခဲ့တဲ့ မင်း။ တခါတလေ တလွဲလုပ်တတ်တာက လွဲရင် ငါ့ကို အမြဲ ပျော်ရွှင်စေခဲ့တဲ့ မင်း။ ငါက မင်းအတွက် မရှိမဖြစ်လို့ အချိန်တိုင်း ပြောနေတတ်တဲ့ မင်း။ မင်းကို မကျေမနပ်ဖြစ်တိုင်း အရွဲ့တိုက်ပြီး လုပ်ချင်ရာလုပ်တတ်တဲ့ ငါ့ကို ကလေးဆိုးတစ်ယောက်လို အမြဲ ခွင့်လွှတ်ခဲ့တဲ့မင်းက ငါ့အတွက် အနှိုင်းမဲ့အဖြစ် ဘယ်အရာနဲ့မှ မလဲလှယ်နိုင်တာ ငါ မှားသလား မောင်။ ငါ မှားခဲ့တယ်ဆိုရင်တောင် အဖြူရောင်အတ္တကြောင့် ဖြစ်ပါလိမ့်မယ်နော်။


မင်း အိပ်ယာဘေးမှာ ကပ်ထားတဲ့ ငါ့ကဗျာလေးကို အမှတ်တရ ပြန်တင်ပေးမယ်ဟာ။ အဲဒီတုန်းကတော့ ငါ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်ခဲ့ပြီ ထင်မိလို့ ရင်နင့်စွာ ရေးဖြစ်တဲ့ ကဗျာ။ နင်က ရေးကို ရေးတတ်တယ်လို့ မောင်ပြောတဲ့အခါ ရင်မောစွာနဲ့ ငါ ကြည်နူးကျေနပ်ခဲ့ရသေးတာ။


တခါတခါ



တခါတခါ မႈန္ပ်ပ် အနာဂတ္တခုမွာ
သေချာခြင်း ငါ့ဘ၀ကို စတေးဖို့
နှလုံးသားက ခွင့်မပြုခဲ့ဘူး မောင်...

တခါတခါ ငါ့ဦးနှောက်မှာ ဗလာကျင်း
အချစ်တွေနဲ့သာ ပြည့်နေခဲ့ဖို့
ငါ မျှော်လင့်မိတတ်တယ် မောင်...

တခါတခါ ဆန္ဒနဲ့ဘ၀ ထပ်တူကျဖို့
မကြိုးစားရဲခဲ့တဲ့ ငါ
ညံ့ဖျင်းတယ်ဆိုလည်း မငြင်းချင်တော့ဘူး မောင်...

တခါတခါ မိုက်ရူးရဲဆန်တာကို
သတ္တိကောင်းလှချည်ရဲ့လို့
ငါ ခံယူတတ်ခဲ့ချင်တယ် မောင်...

တခါတခါ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်နဲ့
ဘ၀ကို မရှင်သန်ချင်တဲ့ ငါ
ကိုယ့်ကိုယ်ကို မုန်းတီးမိတယ် မောင်...

တခါတခါ ဆန့်ကျင်ဘက် ဘ၀ နှစ်ခု
ခေတ္တ ဆုံစည်းခြင်းကို
တသက်တာအဖြစ် မှတ်ယူလိုက်ချင်တယ် မောင်...

တခါတခါ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ရွေးချယ်ရတာလည်း
ဘ၀ရဲ့ နိယာမ တစ်ခု ဖြစ်နေတတ်တယ် မောင်...

တခါတခါ မျက်ရည်ချောင်းရိုးထဲ
ငါ့နေ့တွေ လှော်ခတ်ဖို့တောင်
အတ္တရဲ့ တားမြစ်ခြင်းကို ခံယူခဲ့ရတယ် မောင်...

တခါတခါ ချစ်လျက်နဲ့ ဝေး
ငါ့ရဲ့ ရွေးချယ်မှုကို ဟားတိုက်လို့ ရယ်မော
အားပေးခဲ့ရတယ် မောင်...

တခါတခါ ပန်းတိုင်တစ်ခုရဲ့ အဆုံးသတ်
ဘ၀နဲ့ ဦးနှောက်သာ ရှိနေခဲ့တာ
ငါ နောင်တ မရချင်ဘူး မောင်...

တခါတခါ ငါ့ရင်တွေ ကြေမွ၊ အပူရုပ်ကို ဟန်လုပ်
အပြုံးတုတွေ ဖန်ဆင်းခဲ့ပေမဲ့
တစစီဖြစ်နေတဲ့ ငါ့နှလုံးသားကိုတော့ ယုံကြည်ပေးပါ မောင်...

တခါတခါ ဖြစ်တည်မှုမဲ့၊
ရပ်တည်ချက်ကြောင့်
ငါ ယုံကြည်ရာပဲ ဆက်လျှောက်ချင်တယ် မောင်...

တခါတခါ အရှုံးအနိုင်မရှိတဲ့ ချစ်ခြင်းတရားမှာ
ကျန်ရစ်ခဲ့သူနဲ့ ထားရစ်ခဲ့သူအစား
နေရစ်ခဲ့သူပဲ ငါ ဖြစ်ချင်ခဲ့တယ် မောင်...

ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲပြောပြော
ငါ မင်းကို အရမ်းချစ်ခဲ့ပါတယ် မောင်ရယ်...

s0wha1
(06/08/07) တနင်္လာနေ့


ဒါပေမဲ့ ခံစားချက်က အနိုင်ရသွားတဲ့အခါ မင်းရော၊ ငါရော နောင်တမရကြေးလို့ တိုင်တည်ခဲ့ကြတယ်။ တနေ့နေ့၊ တချိန်ချိန်၊ တနေရာရာဆိုတဲ့ မျှော်လင့်ချက်နဲ့ တချို့နှစ်တွေကို ဖြတ်သန်းခဲ့ရတုန်းက ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ရင်ထဲ ထောင့်တနေရာမှာ ငြင်းလို့မရတဲ့ အမှန်တရားတခုအဖြစ် တည်ရှိနေခဲ့တာ...။


အရာရာ မင်းသဘောအတိုင်းဖြစ်စေချင်တာ
ငါ့ သဘောထားပါ။
ဝေးနေလည်း နီးနေသလိုပါပဲ
ဘ၀မှာ -
ဆည်းဆာလိုတဲ့ ညနေအို မဖြစ်ပါရစေနဲ့
ထာဝရ သိမ်းဆည်းမှု တွေနဲ့
ရင်ခုန်သံတွေ ရပ်တန့်သွားတဲ့ အထိ
တည်မြဲပါရစေ။

TNH

ကဗျာမဆန်တဲ့မောင်လို့ ငါ စွပ်စွဲတဲ့အခါ လက်တန်းကဗျာစပ်ပြပြီး ငါ့ကို ကြည်ကြည်နူးနူး ရယ်မော ပျော်ရွှင်စေခဲ့တဲ့ မောင်။ ပြီးတော့ တပုဒ်တည်းသော မင်းရဲ့ ကဗျာ...။


ငါတို့နှစ်ယောက် ငယ်ငယ်က အမှတ်တရ ၀တ္ထုတိုလေးကိုလည်း ပြန်ဖတ်ကြည့်ဦး မောင်။ မဖြစ်နိုင်ဘူးလို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ ငါ့ဦးနှောက်စေရာအတိုင်း ရေးဖြစ်ခဲ့တဲ့ ခံစားမှုအပိုင်းအစလေး။ ငါတို့ အချစ်ကို ဘယ်သူမှ နားလည်စရာမလိုဘူး မဟုတ်လား မောင်။ ဒါပေမဲ့ ငါကသာ ကြေကွဲခံစားလို့ မင်းကတော့ ငါတို့အချစ်ကို ယုံတယ်တဲ့လား။


အနာဂတ်မရှိတဲ့ ကောင်းကင်


အဲသည်နေ့က ကောင်းကင်ပြင်သည် ကဗျာဆန်စွာ လှပမနေခဲ့ပါ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော သာမန် ကျောင်းဖွင့်ရက်လေး တစ်ရက်သာဖြစ်ခဲ့ပါသည်။


ထို့ထက်ပို၍ ပြောရလျှင် ၁၀တန်းဆိုတာ ကျောင်းမှာ အချိန်ဖြုန်းနေတာထက် ကိုယ့်အိမ်မှာကိုယ် ဆရာ၊ ဆရာမ၊ Guide တွေနှင့် သင်ယူကျက်မှတ်နေမှ အကျိုးရှိတာဟု ယူဆထားသော အစ်မအကြီးဆုံး၏ အစီအမံဖြင့် စည်းကမ်း အတော်အတန်ကြီးသည့်ကျောင်းမှ တပတ်တွင် ၂ ရက်၊ ၃ရက်မျှ တက်ရုံနှင့် အဆင်ပြေစေနိုင်သော အိမ်နားက ကျောင်းသို့ စာသင်ချိန်နှစ်ဝက်၌ ပြောင်းရွှေ့တက်ရောက်ခဲ့သော ပထမဆုံးနေ့လေး တနေ့သာဖြစ်ခဲ့ပါသည်။

သူ့ကို ယခုတကြိမ်မှ တွေ့မြင်ဖူးခြင်း မဟုတ်တာတော့ သေချာပါသည်။ ညနေတိုင်း ကျွန်မနားထောင်ဖို့ သီချင်းခွေသစ်တစ်ခွေဖြင့် ရောက်လာနေကျ ကျွန်မ၏ ဟိုလိုလို၊ ဒီလိုလို သူငယ်ချင်းနှင့်အတူ သူသည် အမြဲလို လိုက်ပါလာတတ်သည်။ ထိုသူငယ်ချင်းနှင့် သူသည် အလွန်ချစ်ကြသော သူငယ်ချင်းတွေဖြစ်ကြောင်း သိထားရုံက လွဲပြီး ကျွန်မ သူ့ကို သေချာမသိပါ။

အေးအေးသက်သာနေလိုပြီး သူငယ်ချင်းသစ် မလိုအပ်သော ကျွန်မနှင့် သူငယ်ချင်းမလေးတစ်ယောက်တို့သည် အတန်း၏ ပြတင်းပေါက်နားက နောက်ဆုံးခုံကို ရွေးချယ်လိုက်ခြင်းသည် သူနှင့်ကျွန်မ၏ မပြီးပြတ်နိုင်သော ပုံပြင်တစ်ပုဒ်ရဲ့ နိဒါန်းဖြစ်ခဲ့ပါသည်။ စာသင်ခန်း၏ ၀င်ပေါက်ထွက်ပေါက် တံခါးနားရှိ နောက်ဆုံးခုံတွင် ထိုင်နေတတ်သောသူ့ကို ကျွန်မ၏ သူငယ်ချင်းမလေးအား အကာအကွယ်ယူလျက် ငေးမောရခြင်းသည် ကျွန်မဘ၀တွင် ရင်ခုန်စရာအကောင်းဆုံး အချိန်များသာ ဖြစ်ခဲ့သည်။ ကိုယ်ချစ်မြတ်နိုးရသူ တစ်ယောက်ကို ထိုသူမသိအောင် ခိုးကြောင်ခိုးဝှက်ကြည့်၍ ဖြစ်ပေါ်လာသော ခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမှ သိနားလည်နိုင်ပါလိမ့်မည်။

မထူမပါး မျက်ခုံးမွှေးများအောက်မှ မျက်လုံးတောက်တောက်လေးများကို လည်းကောင်း၊ မတိုမရှည် နှာတံပေါ်ပေါ်လေးကိုလည်းကောင်း၊ ကကြီးပုံသဏ္ဍန် နှုတ်ခမ်းလေးကိုလည်းကောင်း သူကိုယ်တိုင် မရိပ်မိအောင် ကြည့်နေရတဲ့ ထိုတဒင်္ဂလေးသည် ကျွန်မအတွက် စိတ်လှုပ်ရှားမှုများစွာနှင့် ပြည့်နေသော စွန့်စားခန်းကြီးတရပ် ဖြစ်ခဲ့သည်။ ထို့ပြင် အဲသည်အချိန်ထဲက သူ့ကို စချစ်သွားခဲ့တယ်ဆိုတာ အံ့ဩစွာနှင့် ကျွန်မ ၀န်ခံပါမည်။

အဲသည်ကာလက (ကျွန်မကို တွေ့မြင်သွားမှာ အလွန် စိုးရိမ်ခဲ့မိသော်လည်း) ထိုကျောင်း၊ ထိုအခန်းထဲ၌ ကျွန်မ ရှိနေခဲ့ကြောင်း သူလုံးဝ မသိရှိခဲ့ပေ။ နောင်တချိန်တွင် ကျွန်မ၏ စွန့်စားခန်းအကြောင်းကို ပြန်လည်ပြောပြသည့်အခါ သူသည် မျက်လုံးအ၀ိုင်းသား၊ ပါးစပ်အဟောင်းသားနှင့် မယုံကြည်သလို နားထောင်နေခဲ့ပါသည်။ သူသိထားခဲ့သည်က ကျွန်မသည် အိမ်နှင့် အနည်းငယ်ကွာဝေးသော ကျောင်းတစ်ကျောင်းတွင် ရှိနေလိမ့်မည်ဟူ၍ ဖြစ်သည်။ တကယ်တော့လည်း ကျွန်မတို့ နှစ်ယောက်သည် တိုက်ဆိုင်စွာ ဆုံစည်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။ သူက မန္တလေး၌ ကျောင်းအိပ်၊ ကျောင်းစားဖြင့် နှစ်လခန့် ကျောင်းသွားနေပြီးနောက် အိမ်ကို လွမ်း၍ဟူသော အကြောင်းပြချက်ဖြင့် နှစ်ဝက်လောက်နေမှ ရန်ကုန်ရှိ သူ့မူရင်း ကျောင်းသို့ ပြန်လာတက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ရပ်ကွက်ထဲရှိ ကျောင်းသို့ သူ ပြန်ရောက်ရောက်ချင်းနေ့ ဖြစ်သကဲ့သို့ ကျွန်မအတွက်လည်း အဲသည်ကျောင်း၌ ပထမဆုံး တက်ရသောနေ့လေး ဖြစ်ခဲ့သည်။ သူ့ရဲ့ခုံမှာ ငြိမ်ငြိမ်ထိုင်မနေတတ်သော၊ မုန့်ဈေးတန်းဘက် မကြာမကြာသွားတတ်သော၊ အခန်းပေါက်ဝတွင် သူငယ်ချင်းများနှင့် မတ်တပ်ရပ်လျက် တွန်းထိုးနောက်ပြောင်နေတတ်သော၊ အတန်းတွင်း၊ အတန်းပြင်က မိန်းကလေးတွေကို စိတ်ဝင်တစား လိုက်မကြည့်တတ်သော သူသည် ထိုစာသင်ခန်းထဲ၌ ကျွန်မရှိနေခဲ့ခြင်းကို မသိခဲ့တာ အံ့ဩစရာတော့ မဟုတ်ခဲ့ပါ။

.....
..... ..... .....
..... ..... ..... ..... .....

ကျွန်မနှင့်သူသည် မျှော်လင့်ချက်မဲ့ ချစ်ခြင်းဖြင့် ချစ်ခဲ့ကြသည်။ ထို့ပြင် ကျွန်မတို့၏ ချစ်ခြင်းတွင် အယူဝါဒ ခြားနားမှုတွေ မပါဝင်ခဲ့ပါ။ ထို့ကြောင့် အပြောနှင့်အလုပ် တူညီဖို့ မလိုအပ်ပါ။ သို့သော် လှပသော ဇာတ်သိမ်းလေးဖြစ်ဖို့တော့ လိုအပ်မည်။ ကျွန်မတို့သည် တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်မထားသော ချစ်ခြင်းသက်သက်ဖြင့်သာ ချစ်ခဲ့ကြတာ သေချာပါသည်။


တခါ တခါ ဘ၀ဆိုတာ စိတ်ကူးယဉ်စရာ မကောင်းပါ။

အဆုံးသတ်ကို ကြိုတင်သိမြင်နေလျက်၊ ရပ်နားသင့်မှန်းသိနေလျက် သူရော၊ ကျွန်မပါ ဒီဇာတ်လမ်းကို ဆက်လက် ဖန်တီးခဲ့ကြသည်။ ထို့နောက် အတွေးအိပ်မက်၌ စိတ်ကူးများစွာဖြင့် ဘ၀ကို ဖြတ်သန်းဖို့ ရည်စူးခဲ့ကြဖူးသည်။ အိပ်မက်ဆိုတာ တချိန်မှာ နိုးထရမည်ဖြစ်ကြောင်း မသိခင်တုန်းက ဖြစ်ပါသည်။ လုပ်သင့်တာနှင့် လုပ်ချင်တာကို အမြဲ ရွေးချယ်နေရခြင်းသည် ဘ၀ဟု နားမလည်ခင်တုန်းက ဖြစ်ပါသည်။

သူသည် ကျွန်မဘ၀ထဲသို့ တိုးဝင်လာဖို့ ဘယ်သောအခါမှ ကြိုးစာမည်မဟုတ်ကြောင်း ကျွန်မ နားလည်လက်ခံထားသည်။ ထို့အတူ ကျွန်မသည်လည်း သူ့ရဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ဖို့ ဘယ်သောအခါမှ အားထုတ်လိမ့်မည် မဟုတ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်မနှင့်သူသည် အလွန် ချစ်မြတ်နိုးခဲ့ကြသောကြောင့် ဖြစ်ပါသည်။

သို့သော် သူနှင့်ကျွန်မသည် အနာဂတ်မဲ့သော ကောင်းကင်တွေအဖြစ် အစဉ်အမြဲ တည်ရှိနေပါလိမ့်မည်။

နောက်ပြီး ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။

s0wha1
(၂၁ ရက်၊ ဒီဇင်ဘာ၊ ၂၀၀၇)


ရွေးချယ်ခွင့်နည်းတဲ့ ဘ၀မှာ မင်းကို စွန့်လွှတ်ဖို့ ရွေးချယ်ရမှာကတော့ ရက်စက်လွန်းလှပါတယ်ဟာ။ မိုက်ရူးရဲဆန်တယ်လို့ မသုံးနှုန်းချင်တဲ့ မျက်စိမှိတ်ပြီး ချစ်တဲ့ အချစ်လို့ပဲ ယူဆကြရအောင်။ ဒီလိုနဲ့ ရှေ့ခရီးကို ဆက်...။ မင်း ယုံကြည်ချက်အတိုင်း ဖြစ်ခဲ့ပြီလို့ ခေါင်းမော့ပြီး ရယ်မောနေမှာလား မောင်။ :)


ကျွန်တော့်အမည်မှာ ( ------- )၊ လွန်ခဲ့သော (၂၅)နှစ်ခန့်က ရန်ကုန်မြို့တော်ကြီးမှာ မွေးဖွား ကြီးပြင်းလာခဲ့ပါသည်။ အဲသည် ကာလတုန်းကတော့ အတော်ကို နေလို့ အကောင်းဆုံးချိန်တွေ ဖြစ်ခဲ့သည်။ နိုင်ငံရေးကလွဲပြီး ကျန်တဲ့ အချက်အလက်တွေပြည့်စုံသော မြို့တော်ကြီးလို့ သတ်မှတ်ထားသည့် နေရာတစ်ခုပါ။ ယခုအချိန်အခါမှာတော့ မရောက်မပေါက်ခဲ့တာ ကြာပြီဖြစ်တဲ့ ကျွန်တော်နေခဲ့သော နေရာကြီးအား ပေါစားထုတ်လုပ်၍ ဈေးကြီးပေးဖတ်ရသော သတင်းစာများ၊ အချက်ပေါင်းများစွာကို နည်းမျိုးစုံသော ကန့်သတ်ချက်ပေါင်းများစွာဖြင့် ရေးသားထုတ်လုပ်ထားသည့် စာစောင်များမှတဆင့် ဖတ်ရှုသိရှိခဲ့ရပါသည်။

လွန်ခဲ့သော (၁၀)နှစ် ကျော်ကျော်လောက်က တခုသော နံနက်ခင်းမှာ ကျွန်တော့်ဆီသို့ ချစ်လှစွာသော သူငယ်ချင်းတစ်ယောက် ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက် ပုံမှန် ဆုံတွေ့နေချိန်ကတော့ ညစဉ် (၈း၀၀) မှ (၁၂း၀၀) မိဘများ စောင့်မျှော်နေရင်း အိပ်ပျော်သွားချိန်ထိ လေလွင့်ကြိုးစားနေကြတဲ့ အနာဂတ်ရဲ့ လူငယ်လေးတွေ ဖြစ်ခဲ့ကြပါသည်။ သည်နေရာမှာ ကျွန်တော်၏ အချစ်ဆုံးသူငယ်ချင်းအကြောင်း နည်းနည်းပြောပြလိုသည်။ သူ့နာမည်ကတော့ (----)၊ ကျွန်တော်နှင့်အတူ ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ယခုချိန်ထိ အတူတူရှိနေခဲ့တဲ့ သူငယ်ချင်းပါပဲ။ (သူ့ဘ၀ အကြောင်းအရာအားလုံးကို သိချင်ရင်တော့ (၀၉၅၁-------)ကို ဆက်သွယ် မေးမြန်နိုင်ပါသည်။ စာရေးသူ။)

သူ ကျွန်တော့်ဆီကို ရောက်လာတာဟာ လူငယ်ဘာသာဘာဝ ကောင်မလေးတွေကို လူပျိုလှည့်ဖို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့ လူပျိုလည်မယ့်ထဲမှာ နောင်တချိန် ကျွန်တော်၏ ချစ်ဇနီးဖြစ်မည့်သူလည်း အပါအ၀င်ဖြစ်ခဲ့ပါသည်။ ဒီလိုနဲ့ အချိန်းအချက်တွေ ပြုလုပ်ကြပြီး (ထိပ်သီး အစည်းအဝေးကြီး အောင်မြင်စွာ ပြီးဆုံးသွားတဲ့ ဟန်ပန်မျိုးဖြင့်။ စာရေးသူ။) သူပြန်သွားတော့ ကျွန်တော်လည်း အိပ်လက်စ အခြေအနေကို ဆက်လက်ထိန်းသိမ်းလိုသည့် သဘောဖြင့် ဦးခေါင်းနှင့် ခေါင်းအုံးကို ဆက်လက်နမ်းရှိုက်စေခဲ့ပါသည်။

ညနေစောင်းတော့ ကျွန်တော်၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စားသောက်ပြင်ဆင်ပြီး လမ်းမဘက် ဦးတည်လျက် အချိန်အခါကို စောင့်စားနေခဲ့သည်။ (ပုံစံကတော့ ၁၉၇၄ ခုနှစ်၊ မြန်မာနိုင်ငံ ဥပဒေ ပြဒါန်းချက်မှာ ပါဝင်တဲ့ ၁၀၉/၁၁၀ ပုဒ်မနှင့်အညီ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း စာဖတ်သူများ သိစေလိုပါသည်။ စာရေးသူ။) ကျွန်တော်တို့ ဆုံရပ်ကိုတော့ စက်ဘီးကိုယ်စီဖြင့် ချီတက်ခဲ့ကြပါသည်။

TNH

"ငါလည်း စာရေးတတ်ပါတယ်ကွာ"ဆိုပြီး နောက်ပြောင် စာရေးပြတုန်းက ငါ သဘောတကျ ရယ်တော့ မင်းက ကျေကျေနပ်နပ်ကြီး ပြုံးလို့။ အဲဒီလို နောက်တိနောက်တောက်စာမျိုး မရေးဘဲ သေသေချာချာ ရေးပြပါဆိုတော့ "ဒါဆို နောက်နေ့မှ ရေးနိုင်မယ်။ ခုတော့ မအားသေးဘူး"လို့ ဈေးကိုင်တဲ့ မောင်။


နောင်တချိန်မှာ တစ်ရှူးစလေး တစလောက်တောင် အရေးမပါတော့မယ့် အရာ ဖြစ်စေဦးတော့ ခဏလေးဖြစ်ဖြစ် ငါ ပိုက်ထွေးပါရစေ။ အဲဒီလောက်ထိ ငါ မင်းကို ချစ်တယ်။



ငယ်ကချစ်၊ အနှစ်တရာ မမေ့သာဆိုတဲ့ စကားဟာ ငါတို့ နှစ်ယောက်ကို ရည်ညွှန်းပြောလေသလားလို့။ မင်းကတော့ ငါ့ကို ရယ်နေတော့မယ်။ ငါ ဘာလုပ်လုပ် အမြဲ ပြုံးပြီး လက်ခံတတ်တဲ့ မောင်က ဒီတခါလည်း ပြုံးနေလိုက်ပါဦးဟာ။ မင်း ရယ်နေတာပဲ ငါ မြင်တွေ့ချင်လို့ပါ။

၃ နဲ့ ၄ လို ကျောချင်းကပ်ပြီး နီးလျက်နဲ့ ဝေးနေကြရတဲ့ ဘ၀ကို ငါ ကရုဏာသက်ခဲ့ဖူးတယ်။ ခုတော့လည်း ၄ နဲ့ ၃ လို မျက်နှာချင်းဆိုင်ရတဲ့အခါ ဘ၀ဟာ နေပျော်စရာ ကောင်းသားပဲလို့ ငါ လက်ခံလိုက်ပြီ မောင်။ တန်ဖိုးမနည်းတဲ့ ရင်းနှီးမှုတွေနဲ့ပေါ့ဟာ။ တွေဝေမနေနဲ့ဆိုတဲ့ စကားကို ငါတို့ ထပ်ခါထပ်ခါ ညည်းတွားနေရမလား။


မင်း ဘယ်နေရာရောက်ရောက်၊ ဘာတွေပဲ ဖြစ်နေဖြစ်နေ မင်းဘေးနားမှာ ငါ အမြဲရှိမယ်။ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာချနိုင်တဲ့၊ မဝေးတော့တဲ့ တနေ့မှာ ကြယ်တွေ ထိုင်ရေရင်း ငါတို့ အနာဂတ်ကို ပုံဖော်ကြမယ်လေ။
တနေ့နေ့ပေါ့...။

HappY Anniversary!!! မောင်...

ချစ်တဲ့
s0wha1
၁၇၊၀၇၊၀၈ (Thursday)

*****

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံများကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

1 comments:

မေငြိမ်း said...

အင်းး ၁၀နှစ်ဆိုတာ တကယ့်ကို ခိုင်မာတဲ့ အကြာပါပဲ။ အဲဒီလောက်ကာလအထိ လူတွေငယ်ပေမဲ့ သစ္စတွေ ခိုင်ခိုင် ချည်နိုင်ကြတာ ချီးကျူးပါတယ်။ ပြီးတော့ အဲဒါဟာ ဂုဏ်ယူစရာလည်းဖြစ်တယ်။ သမီးရေ.. အန်တီရေးဖူးတဲ့ အချစ်ဝတ္ထုလေးတပုဒ်မှာ ရေးဖူးတယ်..သိလား။
ဘ၀မှာ ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူတယောက် တွေ့ခွင့်ရဖို့...ပြီးတော့ အဲဒီချစ်သူက ကိုယ့်ကို ထပ်တူပြန်ချစ်ဖို့နဲ့ ချစ်သူနှစ်ယောက် ချစ်ခွင့် ရဖို့ဆိုတာ သိပ်ကို ရနိုင်ခဲတဲ့ ဆုလာဘ်တပါးပါ.. တဲ့။ (ဟိ..ကြော်ငြာဝင်တာ မဟုတ်ပါ)
ဒါကြောင့် သမီးတို့ နှစ်ယောက် အဲဒီဆုလာဘ်ကို အပြည့်အ၀ ပိုင်ဆိုင်ခွင့်ရပါစေလို့ ၁၀နှစ်ပြည့် အမှတ်တရအဖြစ် အန်တီ ဆုတောင်းပေးလိုက်ပါ တယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*