Wednesday, July 9, 2008

သနပ်ခါး



Khinminzaw: နေလို့မှ ကောင်းရဲ့လား အိပ်လို့ပျော်ပါစေ
အချစ်ရေ့
me: ကောင်းပါဘူး
khinminzaw: သနပ်ခါးလေး လှအောင်လူးပြီးရင်....
ဟီး စလုံးမှာ သမီး သနပ်ခါးလိမ်းလား
me: ဟုတ်
လိမ်းတယ်
ဘာလို့လဲ
khinminzaw: အော် ဂျေညီညီ့သီချင်းကို သတိရလို့


ကျွန်မ GTalk Statusမှာ ရေးထားတာကို ဖတ်ပြီး အန်တီခင်က လာနောက်တာ။ အဲဒီတုန်းက Statusမှာ ဘာရေးထားလဲဆိုတာတော့ မမှတ်မိ။ သေချာတာကတော့ လွမ်းနေကြာင်း တခုခုဖြစ်ပါလိမ့်မယ်။ ဒါနဲ့ သနပ်ခါးအကြောင်း ဆက်ပြောရင်း ကျွန်မကျောင်းမှာ သနပ်ခါးကိုရှင်းပြတဲ့ ပရော့ဂျက်အကြောင်း ပြောဖြစ်တော့ ကျွန်မကို အဲဒီအကြောင်း ပို့စ် ရေးပါတဲ့။ ကျွန်မလည်း ရေးမယ်ဆိုပြီး ကတိပေးထားတာ ၃ လကျော်လောက် ရှိသွားပြီ။ စာရေးရမှာ စိတ်မပါ၊ လက်မပါဖြစ်နေတာ လနဲ့ချည်အောင် ကြာနေပါပြီကော။

ဘယ်သူတွေ ဘာပြောပြော ကျွန်မကတော့ သနပ်ခါး အရမ်းကြိုက်တယ်။ သနပ်ခါး လိမ်းထားလိုက်ရင် စိတ်ကိုအေးချမ်းသွားတယ်။ ဘယ်နေရာ၊ ဘယ်အရပ်ပဲဖြစ်ဖြစ် သနပ်ခါးလိမ်းဖို့ ၀န်မလေးတတ်တာကိုတော့ ကျွန်မကို လူပြောများစေမယ် ထင်တယ်။ ဘာလို့ဆို ဒီမှာ သနပ်ခါးလိမ်းထားရင် အများစုက လှောင်ချင်၊ ပြောင်ချင်ကြသလို၊ ရှုံ့ချချင်သလို ပုံစံမျိုးတွေ တွေ့ရတတ်တယ်။ တချို့ကလည်း ဒီနိုင်ငံသားတွေ အထင်သေး၊ အမြင်သေး ရှိမယ်လို့ ယူဆကြသလား မသိပါဘူး။ ကျွန်မကတော့ တကယ် နားမလည်တာ အမှန်။ ရောမကို ရောက်ရင် ရောမလို ကျင့်ရမယ်ဆိုပေမဲ့ မကောင်းတာ လုပ်ခြင်းမဟုတ်တဲ့ ဒီသနပ်ခါးဟာ ဘယ်လိုကြောင့် လူတွေကို မ၀ံ့မရဲ ဖြစ်စေလဲ မသိပါ။


ကျွန်မအနေနဲ့ ရန်ကုန်မှာ တက္ကသိုလ်တက်စဉ်တုန်းကလည်း သနပ်ခါးဘဲကြားနဲ့ ကျောင်းတက်ပြီး ဒီမှာ ကျောင်းတက်စဉ်ကာလတလျှောက် သနပ်ခါးပါးကွက်နဲ့ ကျောင်းတက်ပါတယ်။ ရန်ကုန်လို ကိုယ့်တိုင်းပြည်က မြို့မှာ သနပ်ခါးလိမ်းပြီး ကျောင်းလာတဲ့အတွက် တောသူမလိုလို၊ ဘာလိုလိုနဲ့ ပြောချင်၊ ယူဆချင်ကြသေးတယ်ဆိုတော့ ဒီလိုနေရာမျိုးမှာ သနပ်ခါးလိမ်း ကျောင်းတက်တာ ဘာပြောကောင်းလိုက်မလဲလို့ ဆိုရမလိုဖြစ်နေပြီ။:D

အိမ်မှာနေရင် သနပ်ခါး ပါးကွက်ကြားကြီး အားရပါးရလိမ်းပြီး ကျောင်းသွားရင်တော့ ပါးကွက်သေးသေးလေး ကွက်တယ်။ သူများတွေလို သနပ်ခါးပါးကွက် လှလှလေးလည်း မကွက်တတ်ဘဲ ရိုးရိုးပုံစံသာ လိမ်းပါတယ်။ သနပ်ခါးဆိုရာမှာ အပွေးကောင်းကောင်းနဲ့ သနပ်ခါးတုံးကိုသာ ကျွန်မကတော့ သနပ်ခါးလို့ ယူဆတယ်။ သနပ်ခါးခဲ၊ သနပ်ခါးရည်တွေကို ကျွန်မ ဘယ်တော့မှ မျက်နှာကို မလိမ်းဘူး။ အဲဒါကလည်း သနပ်ခါး မစစ်ဘူးထင်တာရယ်၊ ရွှံ့တွေပါတယ်လို့ သူများတွေ ပြောကြတာရယ်ကြောင့် မလိမ်းဖြစ်တာ။ ငယ်ငယ်လေးထဲက ရေးချိုးပြီးရင် သနပ်ခါးကို ခြေဆုံး၊ ခေါင်းဆုံးသွေးလိမ်းထားမှ စိတ်ကြည်လင်သလို ခံစားရတယ်။ ကျန်တာတွေ ဘယ်လောက်ပျင်းပျင်း သနပ်ခါးသွေးပြီး မျက်နှာလိမ်းရတာတော့ လုံးဝ မပျင်းခဲ့ဘူး။ အပွေးကုန်သွားတဲ့ သနပ်ခါးတုံးတွေကို ကြိတ်ပြီး အခဲလေးတွေလုပ်ထားတာကို လက်နဲ့ လည်ပင်းကို လိမ်းပါတယ်။ မျက်နှာလိမ်းဖို့အတွက်လောက်ပဲ သနပ်ခါးသွေးနိုင်တာ မဟုတ်လား။

သနပ်ခါးက လူ့အသားကို အေးမြစေတာကတော့ သနပ်ခါးလူးတဲ့သူတိုင်း သိမှာပါ။ နောက်ပြီး ချွေးထွက်တဲ့အခါ သနပ်ခါးက စုပ်ယူထားတဲ့အတွက် မျက်နှာကို ချွေးမပျံစေဘူးလို့ ထင်ပါတယ်။ ဒါက ကျွန်မ အထင်ပေါ့။ တချို့ကတော့ ပြောကြတယ်။ မျက်နှာထဲ ချေးဝင်တယ်တွေရော၊ ခုလို အဲကွန်းခန်းထဲမှာပဲ နေရတဲ့အခါ သနပ်ခါးကြောင့် မျက်နှာအသားကို ခြောက်စေတယ်ရော ပြောကြတယ်။ သနပ်ခါးက ချွေးကို စုပ်ထားတာကြီးကြည့်ရတာ ရွံစရာကောင်းတယ်ဆိုတာက ပါသေး။ ဘယ်သူတွေ ဘာပဲပြောပြောပါ။ ကျွန်မ သနပ်ခါးကို အလွန်ပဲ နှစ်သက်ပါတယ်။ အဲဒီလိုပဲ ထမီရှည်ရှည်ဝတ်ရတာကိုလည်း တော်တော် သဘောကျတယ်။ လမ်းထဲမှာဆိုရင် ကျွန်မတို့ ညီအမကို မြူနီစပယ်လို့ စနောက်ပြီး ခေါ်ခံရတဲ့အထိပါပဲ။ ထမီက ခြေမျက်စိအပေါ်နားလောက် ရောက်နေရုံလေး တိုနေရင်တောင် လမ်းမလျှောက်တတ်သလို ဖြစ်တယ်။ အဲဒါကြောင့် တချို့ အနံတိုနေတဲ့ အမေ့ထမီတွေကို အထပ်ဆင် နှစ်ထပ်တပ်ပြီး ၀တ်တယ်။ ထမီဝတ်ရင်သာ ခြေမျက်စေ့ဖုံးနေအောင်ရှည်ပြီး မြေကြီးမှာ ဒရွတ်တိုက်ဆွဲနေမှ ၀တ်တတ်ပေမဲ့ စကတ်ဆိုရင်တော့ တိုလေကြိုက်လေပဲ။ ဒါက ချွင်းချက်။ တူမှ မတူတာနော်...:D


ဒီလိုနဲ့ ကျွန်မ ကျောင်းစတက်တဲ့အခါ သနပ်ခါးလိမ်းပြီး တက်တော့ လူတွေက ကွက်ကြည့်၊ ကွက်ကြည့်လုပ်ပါတယ်။ များသောအားဖြင့် မြန်မာကျောင်းသားတွေပါ။ ဒီနိုင်ငံသားတွေနဲ့ တခြားလူမျိုးတွေကတော့ စပ်စုရင်တောင် မသိမသာနဲ့ မရိုင်းအောင်ဘဲ ခိုးကြည့်တတ်ကြပါတယ်။ မြန်မာပြည်အကြောင်းသိတဲ့၊ မြန်မာပြည်ကို ရောက်ဖူးတဲ့ တချို့တွေလောက်ပဲ သနပ်ခါးကို ကောင်းကောင်းသိကြတယ်။ ကျောင်းစတက်ခါစ ထုံးစံအတိုင်း ပထမနှစ်၊ ပထမ semester မှာ သူငယ်ချင်း အပေါင်းအဖော် မရှိခဲ့ပါဘူး။ များသောအားဖြင့်က မြန်မာနိုင်ငံကနေ ၀င်ခွင့်ဖြေလို့ အောင်ပြီး လာတက်ကြတာဆိုတော့ မြန်မာကျောင်းသားတွေအချင်းချင်း ဟိုမှာထဲက မျက်မှန်းတန်းမိပြီး သိနေကြတဲ့အတွက် ကျွန်မလို တစ်ယောက်ထဲ မဖြစ်ခဲ့ကြဘူးထင်တယ်။ ကျွန်မကိုယ်၌က လူအများကြီးနဲ့ ရုန်းစုရုန်းစု မနေတတ်တာလည်း ပါပါတယ်။ ဘာလို့ဆို ဒီက မြန်မာကျောင်းသားတွေဟာ အတင်းတုတ်တဲ့နေရာမှာ (အရမ်း အရမ်းကို) နာမည်ကြီးလို့ပါ။:P

နောက်ပိုင်း ကျွန်မနဲ့ ခင်လာတဲ့အခါ တချို့က လာမေးကြတယ်။ ဘာလို့ သနပ်ခါးလိမ်းပြီး ကျောင်းတက်တာလဲ။ စတိုင်လ်လားတဲ့။ တချို့ကကျတော့လည်း သနပ်ခါးကြီး မလိမ်းပါနဲ့ မလှဘူးတဲ့။ ပါးကွက်က မျက်နှာကို ဖျက်နေတယ်တဲ့။
မြန်မာတစ်ယောက် သနပ်ခါးလိမ်းတာကို စတိုင်လ်လားလို့ မေးတာကိုတော့ ဘာပြန်ဖြေရမှန်းမသိအောင် ခုချိန်ထိ နားမလည်သေးပါဘူး။ ကျွန်မကို လှချင်လို့ သနပ်ခါး လိမ်းတယ်ထင်ရင် မှားသွားမှာပေါ့။ ကျွန်မက မိန်းကလေးဖြစ်ပြီး လှချင်စိတ်မရှိပါဘူး။ (မယုံရင် ပုံပြင်မှတ်။ :P) မလှတော့မှာပဲ စိုးတယ်။

ကျွန်မတို့နှစ်မှာ မြန်မာကျောင်းသားဦးရေ နည်းတယ်။ စီနီယာတွေကတော့ တော်တော်များတယ် ပြောရမယ်။ ကျွန်မတို့ Lecture ခန်းထဲမှာ ကျွန်မအပါအ၀င် မြန်မာနှစ်ယောက်ပဲရှိပြီး Tutorial ခန်းထဲမှာဆို ကျွန်မ တစ်ယောက်ထဲ မြန်မာ။ ကျန်တဲ့ Module တူ မြန်မာသူငယ်ချင်းတွေ အကုန်လုံးလည်း အဲဒီလိုပါပဲ။ ဒီတော့ နေ့စဉ် ကျွန်မ ပါးမှာ တွေ့ရတဲ့အရာကို အတန်းထဲကလူတွေ စိတ်ဝင်စားကြတယ်။ တစ်ယောက်ပြီး တစ်ယောက်လာမေးကြတာ ရှင်းပြမနိုင်တဲ့အဆုံး ကျောင်းသားတိုင်း မယူမနေရဖြစ်တဲ့ ဘာသာရပ်တခုမှာလုပ်ရမယ့် ပရော့ဂျက်ကို သနပ်ခါးဆိုတဲ့ ခေါင်းစဉ်နဲ့ တတန်းလုံးကို ရှင်းပြမယ်လို့ ပြောလိုက်တယ်။ ဆရာမကလည်း အရမ်းကောင်းတဲ့ အစီအစဉ်ပဲလို့ပြောတယ်။


မြန်မာနိုင်ငံကကျောင်းတွေမှာ ဘယ်တုန်းကမှ မလုပ်ခဲ့ရတဲ့ လူအများရှေ့မှာ ထွက်ပြီး စကားပြော၊ ရှင်းပြရတဲ့ Presentation ဆိုတဲ့နေ့ကို ရောက်လာပါပြီ။ အဲဒီ
Presentation လုပ်ရတဲ့အခါ မြန်မာကျောင်းသားတိုင်း အနည်းနဲ့အများ ကြောက်ဒူးတုန်၊ အသံတုန်ကြပါတယ်။ ကျွန်မတို့အတွက် ဘယ်တုန်းကမှ ခုလို အလေ့အကျင့်မရှိခဲ့ဘဲကိုး။ အဲဒီနေ့က လူ ၂၀ ကျော်သာရှိတဲ့ Tutorial စာသင်ချိန်မှာ ပြောရတာကြောင့် အဆင်ပြေခဲ့တယ်လို့ ဆိုရမှာပဲ။ ကျွန်မက သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ကိုပါ အပင်ပန်းခံပြီး ကျောင်းကို သယ်သွားတယ်။ ပြီးတော့ သူတို့ရှေ့မှာ သနပ်ခါးသွေးပြ၊ လက်ကိုလိမ်းပြပြီး သနပ်ခါးရဲ့ကောင်းကြောင်းတွေကို စပြောပါတယ်။ ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လို ရေးသားတဲ့ စာအုပ်ထဲက စကားလုံးတွေနဲ့ အင်တာနက်ကရှာတွေ့တာတွေကို အများဆုံး ယူသုံးဖြစ်ပါတယ်။ ပြီးတာနဲ့ သနပ်ခါးလိမ်းထားတဲ့ မြန်မာအမျိုးသမီးပုံတွေကို ပရိုဂျက်တာနဲ့ ပြတယ်။ ပြီးတော့ သနပ်ခါးတုံး သွေးမလိမ်းချင်ရင် သနပ်ခါးရည်လည်းရှိကြောင်း ပြောရင်း သနပ်ခါးခဲတွေ၊ သနပ်ခါးရည်ဘူးတွေရဲ့ ဓာတ်ပုံတွေလည်း ပြဖြစ်တယ်။

ကျွန်မ သနပ်ခါးအကြောင်း အမွှန်းတင်တာ ဘယ်လောက်များသွားလဲတော့ မသိဘူး။ ကျွန်မကို သနပ်ခါးဘူးတွေ မှာကြတာ ၅ ယောက်ထက် မနည်းဘူးဖြစ်သွားတယ်။:D သူတို့က ကျွန်မသွေးထားတဲ့ သနပ်ခါးကို မွှေးကြည့်၊ သနပ်ခါးတုံးကို နမ်းကြည့်လုပ်ကြပါတယ်။ သနပ်ခါးအကြောင်းကို ကျွန်မပြောခဲ့တာတော့ အင်မတန်ရိုးရှင်းတယ်။ Myanmar Traditional Make-Up ဖြစ်ကြောင်း၊ အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီး မရွေး ကျွန်မတို့ အသုံးပြုကြကြောင်းနဲ့ လှဖို့ဆိုတာထက် အသားအရေကို အေးမြစေလို၊ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်စေလိုတာက အဓိက ဖြစ်ကြောင်း ကျွန်မ ပြောတယ်။ ပြီးတော့ သနပ်ခါးအနံ့လေးကလည်း သင်းသင်းလေးနဲ့ စိတ်ကို ကြည်လင်အေးချမ်းစေတယ်လို့ ကျွန်မ ရှင်းပြတယ်။ သနပ်ခါးတုံးကို တခြားကရတာမဟုတ်ဘဲ သနပ်ခါးပင်လို့ ကျွန်မတို့ခေါ်တဲ့ အနံ့မွှေးပြီး အပွေးထူတဲ့ သစ်ပင်တမျိုးက ရကြောင်း၊ အဲဒီသစ်ပင်ကို ခုတ်ထစ်ပိုင်းလိုက်တဲ့အခါ ခုလို သနပ်ခါးတုံးကိုရကြောင်းနဲ့ မာကြောတဲ့ကျောက်ပြားမှာ ရေနဲ့သွေးလိုက်တဲ့အခါ
အဲဒီသနပ်ခါးရည်ရကြောင်း ပြောရင်းနဲ့ တလက်စထဲ သွေးပြရတာပေါ့။ အစက သူတို့က သနပ်ခါးကို အမှုန့်လား၊ ချက်ရတာလား၊ ကြိုရတာလား၊ ပြုတ်ရတာလားနဲ့ အလွန်ပဲ ပေါက်ပေါက်ရှာရှာမေးတတ်ကြတယ်။ ၀က်ခြံပေါက်တာကို ကာကွယ်ပေးသလို ပျောက်ကင်းစေတယ်ဆိုတဲ့အချက်က သူတို့ကို ပိုစိတ်ဝင်စားစေမယ်ထင်တယ်။ ဘာလို့ဆို ဒီကလူတွေမျက်နှာမှာ ၀က်ခြံမရှိတဲ့သူ ခပ်ရှားရှားရယ်။ (ကဲ့ရဲ့တာ မဟုတ်ပါဘူး ဘုရား... ဟိုတခါလို ဖြစ်မှာစိုးလို့...:D) မသိသေးသူများ တွေးချင်ရာတွေး၊ ရေးချင်ရာရေး (၃) မှာ ဖတ်ကြည့်ကြပါရန်...

ကျောင်းပြီးလို့ အလုပ်ဝင်တဲ့အခါမှာတော့ အလုပ်သွားချိန်တိုင်း သနပ်ခါး မလိမ်းဖြစ်တော့ပါဘူး။ အချိန်မရတာကြောင့်ပါ။ စောစောနိုးတဲ့နေ့၊ အရမ်းပူတယ်လို့ ခံစားရတဲ့နေ့၊ သနပ်ခါးလိမ်းချင်စိတ်ပေါက်လာတဲ့ နေ့တွေမှာတော့ သနပ်ခါးလိမ်းဖြစ်ပါတယ်။ လိမ်းတယ်ဆိုတာက ပါးကွက်ကွက်တာကို ပြောတာပါ။ ပါးကွက်မကွက်ဘဲနဲ့ မျက်နှာမှာ သနပ်ခါးပွတ်တာလောက်ကတော့ နေ့တိုင်း လုပ်ဖြစ်ပါတယ်။ အဲဒီလို သနပ်ခါး ပါးကွက်ကွက်တဲ့ ပထမဆုံးနေ့မှာတော့ ထုံးစံအတိုင်း ရှင်းပြရတာပေါ့။ တချို့ကတော့ ပြောတယ်။ နင်တို့ make-up ကလည်း မလှတဲ့အပြင် ရုပ်တောင်ဆိုးသွားသေးတဲ့။ ဟီဟီ... အဲဒီတော့လည်း ပြန်ပြောတာပေါ့။ ငါ လိမ်းတာ မကောင်းလို့ပါဟာ။ ဘာပဲဖြစ်ဖြစ် ငါကြိုက်တယ်၊ ငါတို့လူမျိုးတွေလည်း ကြိုက်ကြတယ်။ ဒါ ရိုးရာယဉ်ကျေးမှုတခုပဲလို့၊ နင်တို့ မလေးလူမျိုး အမျိုးသမီးတွေ ခေါင်းမြီးခြုံသလိုပေါ့။ နင်တို့ကတော့ သဘောကျရင် ကျကြမယ်။ ငါတို့အတွက်ကတော့ ဘာကြီးတွေမှန်း မသိဘူးလို့ နှာခေါင်းရှုံ့ပြောပြီး ထွက်ခဲ့တယ်။ ဆိုင်၊ မဆိုင်တော့ မသိဘူး။ ဘာပြန်ပြောရမှန်းမသိတော့ ပြောချင်ရာ ပြောခဲ့လိုက်တာ အေးရော။

သနပ်ခါးကြိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလိမ်းဖြစ်သူတွေ အတွက် ကလေးသုံးပစ္စည်းတွေ အများဆုံးထုတ်လုပ်တဲ့ JohnSon's ကိုယ်တိုက်ဆပ်ပြာရည် ဗူးအရောင်လေးက ခရမ်းရောင်လေးကို ၀ယ်သုံးကြည့်ပါလို့။ အဲဒီဆပ်ပြာရည်ရဲ့ အနံ့က သနပ်ခါးနံ့သင်းသင်းလေး။ သူငယ်ချင်း တစ်ယောက်ပြောလို့ သုံးကြည့်တာ အနံ့ကတော့ တကယ့် သနပ်ခါးအနံ့လေးပါပဲ။ သနပ်ခါးမလိမ်းဘဲနဲ့ သနပ်ခါး လိမ်းထားသလို feel မျိုးလေးရစေပါတယ်။ အဲဒီအနံ့နဲ့ lotion လည်း ရှိပါတယ်။ ဘူးအရောင်ကလည်း ခရမ်းရောင်ပါပဲ။ ဈေးလည်း ချိုတယ်။

ကျွန်မ ပြောချင်တဲ့ သနပ်ခါးအကြောင်းကတော့ ဒီလောက်ပဲ ထင်တယ်။ မရေးချင်၊ ရေးချင် ပျင်းရိလေးတွဲစွာနဲ့ ရေးထားတဲ့ ဒီစာ ဖတ်မကောင်းရင် အပြစ်မပြောနဲ့နော်။ :)


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။


Print this post

8 comments:

ခင်မင်းဇော် said...

ကောင်းသားပဲ ရေးထားတာ။ ဖတ်လို့ကောင်းတယ်။ သနပ်ခါးကြိုက်တယ်။ သွေးရမှာ ပျင်းလို့သာ။ သွေးပေးမယ့် လူရှိရင် နေ့တိုင်းလိမ်းမယ်။

s0wha1 said...

သမီးလည်း သွေးရမှာပျင်းတာပဲ။ အဲဒါကြောင့် မျက်နှာအတွက်ပဲ သွေးလိမ်းတာ။ ရန်ကုန်မှာဆိုရင်တော့ သူများသွေးပေးရင်တော့ အကြိုက်ပေါ့။:P

အန်တီပျင်းရင် ဦးမင်းဇော် သွေးခိုင်းပေါ့။ ဟီးးး

kay said...

သနပ်ခါး..ဟုတ်တယ်..ဗမာ ရဲ့ထူးခြားချက်က..သနပ်ခါးးပဲ.. ထိုင်းနဲ့ဗမာ တောင်..သင်္ကြန်တို့..မုန့်ဟင်းခါးတို့..ငပိရည်တို့..တူ ကြပေမဲ့..ဗမာနဲ့မတူတာ..သနပ်ခါးမလိမ်းတာပဲ။

နောက်..ဗမာပြည် ညနေခင်း..မနက်ခင်းတွေမှာ..သနပ်ခါးတွေ..အစင်းလိုက်ထ..ဖွေးနေအောင်လိမ်း ပြီး..အသုပ်ဆိုင်..မုန့်ဟင်းခါးဆိုင် ထွက် ကြတဲ့..ဗမာ အမျိုးသမီးတွေ။

ထိုင်းမှာ တုန်းကဆို.. တခြားအကုန်ဗမာပြည်နဲ့တူပေမဲ့..သူတို့..မုန့်ဆိုင်က..မျက်နှာ အဆီပြန်ပြန် နဲ့..ရေမချိုးရသေးတဲ့..ရုပ်လိုမျိုး..မိန်းမကြီး တွေ ကိုမြင်တိုင်း..သနပ်ခါး ရဲ့ အလှ နဲ့ထူးခြားမူ ကို သတိရတယ်။

စိုးဝှက် လည်း..မြန်မာ့သနပ်ခါးကို..စတိုင်အတွက်ရော.. ယဉ်ကျေးမူ အတွက်ပါ..ဆက်လက် မြတ်နိုးစွာ လိမ်းနိုင်ပါစေ။
မင်္ဂလာဆောင်ရင်တော့..မိတ်ကပ်သုံးးပေါ့နော်။း)

s0wha1 said...

ဟားဟား မကေ... ထိုင်းတော့ မရောက်ဖူးသေးလို့ သိဘူး။
မင်္ဂလာဆောင်မှာတော့ မိတ်ကပ်လိမ်းမှာပေါ့။=))

စိုးထက် - Soe Htet ! said...

:P ကောင်းတယ် ... ကျွန်တော် လည်း သမီးလေးကို သေချာ သင်ပေးနေတယ် ... သနပ်ခါး ချစ်တတ် လာအောင် ခုထိတော့ အိုကေ ... ဟိ :P

s0wha1 said...

ကောင်းတာပေါ့ ကိုစိုးထက်ရာ...:)

Unknown said...

သနပ်ခါး အကြောင်းရေးထားတာဖတ်ပြီး…သဘောကြလို့  သမီးလေး (တနှစ်ခွဲ) ကို ရေချိုးပေးပြီး သနပ်ခါး တစ်ကိုလုံးလိမ်းပေးလိုက်တယ်။ ကျောက်ပြင်မရှိလို့  အဆင်သင့်သနပ်ခါးသုံးလိုက်တယ်…စပယ်ပန်း နံ့ လေးနဲ့  မွှေးနေတာဘဲ…ကျေးဇူး။ ခလေးမလေးသနပ် ခါးလိမ်းနေတဲ့  ပန်းချီကား ကို ရိုက်ထားတဲ့ ဓာတ်ပုံလေး ပို့ ပေးချင်လို့  အီးမေးလ် လိပ်စာရပေးရင် ပို့ ပေးလိုက်မယ်။

s0wha1 said...

s0wha1@gmail.com ဖြစ်ပါတယ် ကိုmaung... ကျေးဇူး

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*