Sunday, September 30, 2007

ဘုန်းကြီးကျောင်းမှာ တတိယမြောက်နေ့



မြန်မာပြည်က သံဃာတော်များနဲ့ ပြည်သူလူထုတွေ နေပူကြီးထဲမှာ နေ့စဉ်ရက်ဆက် မိုင်ပေါင်းများစွာ လမ်းလျှောက်ချီတက် ဆန္ဒပြကြတာ ဘယ်လောက်တောင် ပင်ပန်းနွမ်းနယ်ကြမလဲ မသိပါဘူး။ ကျွန်မတော့ ၃ရက်ဆက်တိုက် ဘုန်းကြီးကျောင်းက သွားလိုက်တာ။ ခုတော့ နေမကောင်းချင်သလိုတောင် ဖြစ်နေပြီ။ ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးဆိုလို့ အလုပ်ကနေအပြန် သွားလိုက်သေးတယ်။ ဘာမှတော့ မထူးပါဘူး။ သောကြာနေ့ကျပြန်တော့ ဘုန်းကြီးကျောင်းကို အလုပ်ကနေ တခါ တိုက်ရိုက် သွားရပြန်လို့ ပင်ပန်းတာတမျိုး၊ စနေမနက် အလုပ်ကို အစောကြီး ထသွားရတာနဲ့ ညနေကျတော့ ဘုန်းကြီးကျောင်းကို တခေါက်ထပ်သွားတော့ လူက တော်တော်ပင်ပန်းနေပါပြီ။ အခု ဒီတနင်္ဂနွေကတော့ ဆုတောင်းဝတ်ပြုပွဲကို နေ့လည် ၂ နာရီမှာ ကျင်းပတော့ နေကပူပူနဲ့ ပိုပင်ပန်းတယ်။ ဒါပေမဲ့ ပြည်တွင်းက ၀ိနည်းတော်အတိုင်း ဖိနပ်မစီး၊ ထီးမဆောင်းဘဲ ခရီးရှည်ကြီးကို ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြတဲ့ သံဃာတော်တွေနေရာမှာ၊ တခြား မြန်မာပြည်သူတွေ နေရာမှာ ၀င်စဉ်းစားကြည့်တဲ့အခါ ဒီလောက်လေး သွားရ လာရတာကို ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ရှက်မိပါတယ်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းကအပြန် မြန်မာသံရုံးရှေ့မှာ ဖယောင်းတိုင်ထွန်းပြီး မေတ္တာပို့တဲ့ အစီအစဉ်ကိုတော့ မသွားဖြစ်တော့ပါဘူး။ ဒါပေမဲ့ သွားကြတဲ့ သူငယ်ချင်းတွေက ဓာတ်ပုံတွေ ပို့ပေးကြလို့ ကျွန်မဘလော့ဂ်မှာတော့ တင်ဖြစ်ပါဦးမယ်။

ဒီနေ့ ဘုန်းကြီးကျောင်းမှာ ထူးခြားချက်ကတော့ အမျှဝေတဲ့စာသားတွေဖြစ်ပါတယ်။ နောက်ပြီးတော့ အမျှဝေအပြီး အားလုံး ၁ မိနစ်တိတိ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်ပေးကြပါတယ်။ အပ်ကျသံ ကြားရလောက်အောင် လူရာပေါင်းများစွာက ငြိမ်သက်စွာ ဂါဝရပြုပေးကြပါတယ်။ ပြီးတာနဲ့ လက်ခုပ်တီးပြီး တရားပွဲ ပထမအစီအစဉ်ကို ရုပ်သိမ်းပါတယ်။ ဒုတိယ တရားပွဲကို ညနေ ၄ နာရီမှာ ထပ်လုပ်ပါတယ်။

ဒီနေ့ လာတဲ့လူတွေကို သံဃာ့အလံတွေ ရင်ဘတ်မှာ တပ်ဖို့ ဝေငှခြင်း၊ သဘောထားထုတ်ပြန်ချက်တွေ ဝေငှခြင်း (မနက်ဖြန်မှာ ကျွန်မဘလော့ဂ်မှာ တင်ပေးပါ့မယ်)၊ လက်ပတ်အနီတွေကို ယာဘက်လက်ကောက်ဝတ် ဒါမှမဟုတ် လက်မောင်းမှာ ပတ်ဖို့ ဝေငှခြင်းနဲ့ ဖဲပြားအနီရောင်တွေကို ရင်ဘတ်မှာထိုးဖို့ ဝေငှကြပါတယ်။ ဖဲပြားအနီရောင်နဲ့ လက်ပတ်တွေကို နေ့တိုင်း ရုံးသွားရုံးပြန် တပ်ကြဖို့ နှိုးဆော်ထားပါတယ်။





s0wha1

တော်လှန်ရေး သီချင်းများ



ကျွန်မ ဘလော့ဂ်မှာ တင်ထားတဲ့ သီချင်းတွေကို လိုချင်သူများအတွက် ဒေါင်းလုတ်လုပ်ဖို့ လင့်ခ်တွေ တင်လိုက်ပါတယ်။

ကမ္ဘာမကြေဘူး

8888 mission

သားသုံးသား


ငြိမ်းချမ်းရေးသီချင်း

ခွပ်ဒေါင်းအလံ

သမဂ္ဂအမေ

ဒေါ်အောင်ဆန်းစုကြည်

၈၈ ကျောင်းသားများအတွက်


s0wha1

http://s0wha1.blogspot.com/2007/07/7-july.html ဒီပို့စ်မှာလည်း သီချင်းတွေ တင်ထားပါတယ်။


Pleace Save Burma



ကမ္ဘာမကြေဘူး...








Saturday, September 29, 2007

၂၉ ရက် စနေည



ဒီနေ့ကတော့ မနေ့ကထက် လူပိုများပါတယ်။ ဘုန်းကြီးကျောင်း သုံးထပ်လုံးအပြည့်ပါပဲ။ ကျောင်းပေါ်ကို တက်မရလောက်အောင် လူတွေများနေလို့ ကျောင်းဝန်း အတွင်းအပြင်ကိုပဲ ဓာတ်ပုံရိုက်ခဲ့လိုက်ပါတယ်။ ဒီနေ့ ထူးခြားချက်ကတော့ ကျွန်မတို့ လက်မှတ်၊ အိုင်စီနံပါတ်နဲ့ နာမည်တွေ ကောက်ခံခဲ့တာပါပဲ။ လက်မှတ်ပေါင်း ၃၀၀၀ကျော် ရရှိပါပြီ။ အားလုံးက တက်ကြွစွာနဲ့ လက်မှတ်ထိုး၊ အိုင်စီနံပါတ်တွေ၊ နာမည်တွေ ရေးပေးကြပါတယ်။ အဲဒီ လက်မှတ်တွေကို UN ကို ပို့ဖို့အစီအစဉ်ရှိပါတယ်။ ဒီနေ့လည်း အနီရောင် နေ့တနေ့ပါပဲ။ မနက်ဖြန် နေ့လည် ၂ နာရီမှာ ထပ်ဆုံကြပါဦးမယ်။














*** *** ***

ကိုNWHဆီက ပုံများကို ထပ်မံဖြည့်စွက် လိုက်ပါတယ်။ ဘုန်းကြီးကျောင်း အပေါ်ထပ်က ပုံတွေပါ ကြည့်လို့ရအောင်လို့ပါ။














s0wha1

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ



  1. ပြည်သူ့အစိုးရ ဖွဲ့စည်းရရှိရေး
  2. စစ်တပ်နဲ့ ပြည်သူပူးပေါင်းနိုင်ရေး...
  3. နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး...


စစ်တပ်မှ အရည်အချင်းရှိသော၊ အပြောင်းအလဲကို လိုအပ်သော အရာရှိကြီးများအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းနိုင်ကြမယ်ဆိုရင် အရမ်းအကျိုးရှိမယ်လို့ ထင်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ်ကို မုန်းလို့ စစ်တပ်ကို တိုက်ခိုက်နေတာ မဟုတ်ဘဲ စနစ်ဆိုးကို မုန်းလို့ စနစ်ဆိုးကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


http://burmaforum.blogspot.com/ မှ ကူးယူသည်။


28/09/07



မျက်ရည်ကျရုံက လွဲပြီး ဘာမှ မတတ်နိုင်တဲ့ ကိုယ့်ကိုယ်ကို တော်တော်မုန်းတယ်။








ဘာလို့ ဒီလောက် ရက်စက်ကြတာလဲ။

သူတို့ပစ်လို့ သေရတယ်...



ရက်စက်စွာ ရိုက်နှက်မှုကြောင့် တာမွေ အထက ၃ က ကျောင်းသားတစ်ယောက်ရဲ့ ဦးနှောက် ရေမြောင်းထဲပြုတ်ကျနေပုံ



Friday, September 28, 2007

စက်တင်ဘာ ၂၈ ရက်၊ အနီရောင် Campaign in Singapore



ဒီနေ့ ဘုန်းကြီးကျောင်းမှာ ဆုတောင်းပွဲနဲ့ ဆွေးနွေးပွဲလုပ်မယ်ဆိုပြီး မက်ဆေ့ခ်ျတွေပို့ပြီး သတင်းပေးခဲ့ကြပါတယ်။ ပုံမှန်ဆို အပတ်စဉ် စနေနေ့မှာသာ ဘုန်းကြီးကျောင်းမှာ ဓမ္မစကြာရွတ်ပွဲရှိတာပါ။ ခုတော့ ဒီသောကြာက အထူးနေ့ဖြစ်ခဲ့ပါတယ်။ အနီရောင် အင်္ကျီတွေဝတ်ထားတဲ့ မြန်မာတွေဟာ ထောင်နဲ့ချီပြီး လာကြပါတယ်။ အနီရောင်အင်္ကျီကို လူငယ်တွေတင်မဟုတ်ဘဲ လူကြီးတွေပါ ၀တ်လာကြတာပါ။ ဘုန်းကြီးကျောင်း သုံးထပ်လုံး ခြေချစရာမရှိအောင် အနီရောင်လူထုကြီး ဖုံးလွှမ်းခဲ့ပါတယ်။

အစပိုင်းက ပုံမှန် ဓမ္မစကြာရွတ်တဲ့နေ့ မဟုတ်တဲ့အတွက် တတိယထပ်မှာ ဘုန်းဘုန်းတပါးက တရားပေးပါတယ်။ ဒါပေမဲ့ တဖွဲဖွဲရောက်လာတဲ့လူတွေက သုံးထပ်မှာ ပြည့်ကျပ်သွားတဲ့အပြင် နှစ်ထပ်က ၀ရံတာ ပတ်ပတ်လည်မှာလည်း လူအပြည့်ဖြစ်သွားပါတယ်။ ဒါနဲ့ နောက်ထပ်ရောက်လာတဲ့ လူတွေအတွက် အောက်ဆုံးထပ်မှာပါ ဘုန်းဘုန်းတပါးက တရားပေးရပါတယ်။ အဲဒီ အောက်ဆုံးထပ်မှာလည်း လူတွေက အပြည့်ပါပဲ။ ကျွန်မတို့က အလုပ်ကနေ တန်းသွားရလို့ နောက်ကျတာနဲ့ လှေကားနားမှာ ထိုင်ရပါတယ်။ ဒါတောင် ထိုင်စရာ နေရာမရှိတာကြောင့် ကျောင်းဝန်း၊ ကျောင်းပြင်မှာ ကိုယ့်အစုနဲ့ကိုယ် မတ်တပ်ရပ်လို့ တမျိုး၊ ထိုင်လို့တမျိုး ရှိကြပါသေးတယ်။ အပေါ်ထပ်က တရားပွဲက အရင်ပြီးပါတယ်။ အဲဒီအပေါ်ကလူတွေ အောက်ထပ်ကို ဆင်းနေကြတာတင် နာရီဝက်ကျော်ကြာတဲ့ထိ လူမကုန်သေးဘူးဆိုတော့ လူအင်အားဘယ်လောက်များမလဲ စဉ်းစားလို့ရနိုင်ပါတယ်။








အရင်ဆုံး ဘုန်းဘုန်းက ဓမ္မစကြာရွတ်နေကျ နေ့မဟုတ်ဘဲ ဒီရက်ကို ဘာလို့ လာကြတာလဲလို့ စကားလမ်းကြောင်းပြီး မေးပါတယ်။ ရုတ်တရက် လူတွေလည်း ဘာပြန်လျှောက်ရမှန်းမသိ၊ နောက်မှ လူတယောက် ထလာပြီး ဘာကြောင့်လာရပါတယ်ဆိုတာကို လျှောက်တင်ပါတယ်။ ပြီးတာနဲ့ မေတ္တာသုတ်ရွတ်၊ မောရသုတ်ရွတ်ပါတယ်။ နောက်ဆုံးတော့ ဘ၀တပါးပြောင်းသွားကြသူများကို ရည်စူးပြီး အမျှဝေတာနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ ထူးခြားချက်တခုကတော့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် မိသားစုတစုကလည်း အနီရောင် အင်္ကျီတွေဝတ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို လာရောက်ကြတာပါပဲ။

ဘုန်းကြီးကျောင်းကအပြန် လမ်းမှာ ကျွန်မညီမလေးက ကောက်ခါငင်ခါ စကားတခွန်း ပြောတယ်။ သမီးတို့ မြန်မာပြည်သူတွေက ဒီစစ်အစိုးရအုပ်စုကို အကြွေးဘယ်လောက်တောင် ရှိနေလဲမှ မသိတာနော်တဲ့။ သူ့စကားကြားတာနဲ့ လူလည်း ငိုင်တွေသွားမိတယ်။ အင်း... ကျွန်မတို့ ပြည်သူတွေ ဒီစစ်အုပ်စုအပေါ် ၀ဋ္ဋ်ကြွေးရှိရင်လည်း ဒီဘ၀ ဒီမျှနဲ့တင် ပြီးပါစေတော့လေလို့...

ဓာတ်ပုံတွေက အောက်ထပ်ကလူတွေကိုပဲ ရိုက်ထားတာပါ။ အလယ်ထပ် ၀ရံတာနဲ့ အပေါ်ထပ်ကလူတွေကိုတော့ ဓာတ်ပုံမရိုက်နိုင်ခဲ့ပါဘူး။ ကျွန်မ ဘုန်းကြီးကျောင်းရောက်လို့ တတိယထပ်ကို လှမ်းအတက်၊ အပေါ်ထပ်က တရားပွဲကလည်းအပြီး ကွက်တိရောက်သွားလို့ပါ။ ဒါနဲ့ တတိယထပ်ထိတောင် မရောက်လိုက်ပါဘူး။ ဒုတိယထပ်ကနေ ပြန်ဆင်းလာပြီး အောက်ထပ်မှာပဲ မောရသုတ်ရွတ်၊ အမျှဝေ၊ ပြီးတာနဲ့ မချစ်လေပြေကို နှုတ်ဆက်လို့ ပြန်လာခဲ့ပါတော့တယ်။

s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*