Tuesday, December 25, 2007

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၃)



ဒီလို ခရစ်စမတ်ချိန်မတိုင်မီ တန်ဆောင်တိုင်ကာလမှာ မီးရှူးမီးပန်းအကြီးကြီးတွေကို လွိုင်ကော်မြို့ပေါ်မှာ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် အပြိုင်အဆိုင် လွှတ်တင်ပွဲတွေ လုပ်ကြပါတယ်။ အဲဒီမီးရှူးတိုင်ကြီးတွေကို လူ ၁၀ ယောက်မက မ ရပါတယ်။ တန်ဆောင်မုန်းလပြည့် ညနေစောင်းလောက်မှာ ကျွန်မတို့ လောဓလေးကနေ လွိုင်ကော်မြို့ပေါ်ကို ကားနဲ့တက်သွားပြီး မီးပန်းလွှတ်တာကို တပျော်တပါးကြီး ကြည့်ကြတာ နှစ်တိုင်းလိုလိုပါပဲ။ ကယားပြည်နယ်ရဲ့ တန်ဆောင်တိုင်ပွဲကတော့ တောင်ကြီးမီးပုံပျံလွှတ်ပွဲလောက် မကျော်ကြားပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ ပျော်ဖို့ကောင်းပါတယ်။

ခရစ်စမတ်ချိန်ဆိုရင်တော့ ကျွန်မတို့ လောပိမှာ ခေါင်ရည်တွေနဲ့ နှစ်ပါးသွားနေကြပြီ။ လေးအိမ်စုလို့ခေါ်တဲ့ ကယားရွာလေးမှာ ဗုဒ္ဓဘာသာ ကယားလူမျိုးတွေနေကြပေမဲ့ ပဒေါင်းကုန်းဘက်မှာတော့ ကရင်လူမျိုး ခရစ်ယာန်တွေ အများစုနေကြတဲ့အတွက် အဲဒီဘက် တက်သွားလိုက်ရင် အိမ်တိုင်းလိုလိုက ခေါင်ရည်သောက်၊ ထမင်းစားဖို့ လှမ်းဖိတ်ခေါ်တော့တာပဲ။ ခေါင်ရည်ဆိုတာကလည်း အချို၊ အခါးရှိလေ
တော့ ကျွန်မတို့ ကလေးတွေက ခေါင်ရည်ချိုကို သောက်ကြတယ်။ အဲဒီဒေသက ခေါင်ရည်ကိုတော့ ဈေးကြီးပေးရတဲ့ ၀ိုင်တို့၊ ရှန်ပိန်တို့နဲ့ ကျွန်မက မလဲနိုင်ပါဘူး။ သူများတွေက ၀ိုင်ဖြူ၊ ၀ိုင်နီ၊ ရှန်ပိန်တွေ ဘယ်လောက်ကောင်းတယ် ပြောပြော ကျွန်မစိတ်ထဲတော့ ငယ်ငယ်က ကျွန်မတို့ သောက်နေကျ ခေါင်ရည်လိုပါပဲလို့ ထင်မိတယ်။ ပြီးတော့ ကျွန်မတို့ သောက်ခဲ့ဖူးတဲ့ ခေါင်ရည်က ပိုကောင်းတယ်လို့ ထင်ပါတယ်။ ညဘက်ဆိုရင်လည်း ခရစ်ယာန် ဘုရားကျောင်းမှာ ဗွီဒီယိုကို မိုးလင်းပေါက် အလကား ပြတယ်။ သခင်ယေရှူရဲ့ ဇာတ်လမ်းကြောင်းတွေကို အဓိကပြတာပေါ့။

ခရစ်စမတ်နေ့ မတိုင်ခင် နှစ်ပတ်လောက်အလိုလောက်မှာ ခရစ်ယာန်လူငယ်တွေက တအိမ်ဝင်၊ တအိမ်ထွက်နဲ့ ဂစ်တာတီး၊ သီချင်းဆိုကြတယ်။ သူတို့က ဘုရားသီချင်းတွေ၊ ဆုတောင်းနှုတ်ဆက်သီချင်းတွေ ဆိုကြ၊ အိမ်ရှင်တွေကလည်း မုန့်တွေချကျွေး၊ အလှူငွေတွေပေးနဲ့ တော်တော်ပျော်ဖို့ကောင်းပါတယ်။ နှစ်စဉ် သူတို့ ဆိုနေကျ သီချင်းတွေကို
သူတို့နဲ့ ယောင်ဝါးဝါး လိုက်ဆိုတတ်ပေမဲ့ ခုတော့ မေ့ကုန်ပါပြီ။

အဲဒီကာလ ခရစ်ယာန်ဘုရားကျောင်းမှာဆို ကလေးတွေအတွက် မုန့်တွေ၊ လက်ဆောင်တွေ မဲနှိုက်ပြီး ပေးတတ်တာကိုလည်း မှတ်မိနေပါသေးတယ်။ ကျွန်မတို့ အငယ်မောင်နှမ သုံးယောက်ကလည်း ခရစ်ယာန်သူငယ်ချင်းတွေနဲ့အတူ ဘုရားကျောင်း သွားတက်တတ်လေတော့ အဲဒီလိုချိန်မှာလည်း သူငယ်ချင်းတွေနဲ့ လိုက်သွားတတ်ပါတယ်။ အဲဒီတုန်းကတော့ ကလေးဘာသာဘာဝ တော်တော်ပျော်စရာကောင်းတဲ့ ခရစ်ယာန်ဘာသာဝင်ဖြစ်ချင်ခဲ့တာကိုလည်း ပြန်တွေးပြီး ပြုံးချင်မိပါတယ်။ နဖူးကနေစပြီး ရင်ညွန့်၊ ပခုံးနှစ်ဘက်တို့ကို လက်ဖျားစုစုလေးနဲ့ထိရင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းတော်၊ ၀ိညာဉ်တော်၊ နာမတော်များနှင့် အာမင်လို့ ရွတ်ရတာကို အတော်ပဲ သဘောကျမိခဲ့တယ်။ နောက်မှ တိုက်ကုန်းက အကြီးတစ်ယောက်က အဲလို သူများဘုရားကျောင်းမှာ သွားရှိခိုးရင် သရဏံဂုံပျက်တတ်တယ်ဆိုပြီး ခြောက်လို့ ဘာမသိညာမသိနဲ့ နောက်ပိုင်း ဘုရားကျောင်းမသွားဘဲ နေလိုက်တာကိုလည်း သတိရမိတယ်။ အဲဒီတုန်းက ကျွန်မတို့မောင်နှမ အငယ်သုံးယောက်က ဘာသာရေးအသိ တော်တော်နည်းခဲ့တာကို ၀န်ခံရမယ်။ ငယ်ငယ်က ဩကာသဘုရားရှိခိုးကလွဲလို့ ဘာမှမရပါဘူး။ ၅ တန်း အရွယ်လောက်ကနေစပြီး တခြားဘုရားစာတွေ ကျက်၊ မှတ်၊ ဖတ်ရင်း တဖြည်းဖြည်း သိသိလာခဲ့တာပါ။ သံဗုဒ္ဓေဂါထာတော်ကို ကျွန်မ အလွတ် ရွတ်တတ်လာတတ်တဲ့ အကြောင်းကလည်း တော်တော်ရယ်ရပါတယ်။ လောဓလေးက ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ၃ နှစ်အရွယ် တူမလေးက သံဗုဒ္ဓေဂါထာကို ဒေါင်းဒေါင်းပြေးနေအောင် ရွတ်ပြတာကို ကြည့်ပြီးမှ ဒီအရွယ်လေးတောင် ဘုရားစာတွေ ရနေပါလားလို့ တွေးမိပြီး မနက်တိုင်း လိုက်ရွတ်ရာကနေ ရသွားတာလေ။

ဒီချိန်ဟာ ကျွန်မအလွန်နှစ်သက်တဲ့ ဆောင်းတွင်းဆိုတော့ တောင်ပေါ်ဒေသ ဆောင်းရာသီအတိုင်း တော်တော် အေးပါတယ်။ ညနေစောင်းလောက်ဆိုရင် အိမ်တံခါးတွေ အလုံပိတ်လို့ အိမ်ထဲမှာ လျှပ်စစ်မီးဖိုဖွင့်ပြီး နေရတာပါ။ အဲဒီချိန်ဆို အသားတွေကလည်း အရမ်းပက်ပါတယ်။ အသားပက်တယ်ဆိုတာ ရိုးရိုး ရန်ကုန်လို မြေပြန့်ဒေသမှာနေတဲ့လူတွေ မသိနိုင်တဲ့ အသားပက်ပုံမျိုးပက်တာပါ။ အသားတွေ ကွဲအက်ပြီး သွေးလေးတောင် စို့နေတတ်တာမျိုးပါ။ များသောအားဖြင့် ခြေခုံတွေမှာ အသားတွေ ပိုအက်ကွဲတတ်ပါတယ်။
ကျွန်မတို့ ကလေးတွေကတော့ ပိုဆိုးတာပေါ့။ အေးလွန်းလို့ ရေကလည်း မချိုးချင်၊ အသားတွေကလည်း အက်ကွဲ။ အဲဒီအသားပက်တဲ့နေရာကလည်း နာတော့ မထိရဲ။ ဒီတော့ အဲဒီနေရာလေးက ရေမထိ၊ ဘာမထိနဲ့ ချေး(ဂျီး)က လက်လေးသစ်လောက်တက်နေရော။ ဆောင်းတွင်းဆို အမေကလည်း မရှိ၊ အဖေကလည်း ကလေး ၅ ယောက်နဲ့ အလုပ်နဲ့ ချာလပတ်ရမ်းနေချိန်မှာ ကျွန်မတို့ ရေချိုး၊ မချိုးလည်း မကြည့်နိုင်နဲ့ဆိုတော့ နွေရာသီရောက်တော့မှ အဲဒီချေးတွေကို တွန်းရပါတော့တယ်။ :P

ကျွန်မတို့ဘက်မှာ နှင်းတွေကျ၊ ရေတွေခဲသွားလောက်အောင် မအေးပေမဲ့ အင်္ကျီတွေ အထပ်ထပ်ဝတ်ပြီးမှ အပြင်သွားရပါတယ်။ နေ့လယ်နေ့ခင်းဘက်တွေတော့ သိပ်မအေးတတ်ပါဘူး။ မနက်စောစောနဲ့ ညနေစောင်းလောက်မှ အပြင်မှာ မနေနိုင်လောက်အောင် အေးပါတယ်။ ကျွန်မတို့ကတော့ တိုက်အိမ်ဝါ၀ါလေးတွေမှာ နေရလို့ အိမ်ထဲမှာ သိပ်မအေးပေမဲ့ တဲသာသာအိမ်လေးတွေ၊ ခြေတံရှည် ပျဉ်ထောင်အိမ်လေးတွေမှာ နေရတဲ့ ဒေသခံ ရွာသားတွေကတော့ စောင်ကြမ်းကြီးတွေ ခြုံပြီး မီးလှုံနေရပါတယ်။ ပျဉ်ပြား ကြမ်းကြားထဲကနေ တိုးဝင်လာတဲ့ လေအေးကြီးတွေကလည်း အရိုးကွဲမတတ်အောင် အေးတတ်တယ်။

ဘာပဲပြောပြော ခုလိုဆောင်းရာသီမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်တွေအပြီး ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ သခင်ယေရှူမွေးနေ့ပွဲနဲ့အတူ အားလုံးက ပျော်ရွှင်နေကြရတာပါပဲ။ ဒီဇင်ဘာလကုန်လို့ ဇန်န၀ါရီလလယ်လောက်ဆိုရင်လည်း ကယားပြည်နယ်နေ့ (ကျွန်မတို့ အခေါ် ကယားဒေးနေ့) ဆို မြို့တော် လွိုင်ကော်မှာ ပျော်ပွဲရွှင်ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပတတ်တော့ ပွဲလမ်းသဘင်နည်းပါးလှတဲ့ ဒေသမှာ အပျော်တွေ ရက်ဆက်နေတဲ့ အချိန်တွေပေါ့။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၁)
ကျွန်မနေခဲ့ဖူးတဲ့ လောပိတ (၂)

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*