Tuesday, October 16, 2007

၁၄ ရက် အောက်တိုဘာ



အောက်တိုဘာလ ၁၄ ရက် တနင်္ဂနွေနေ့က တိုပါးရိုးမှာ ရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းမှာ မြန်မာနိုင်ငံရဲ့ စက်တင်ဘာအရေးအခင်းမှာ ကျဆုံး၊ ကွယ်လွန်သွားခဲ့ကြသူများအတွက် သက်ပျောက်ဆွမ်းသွပ်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီသပိတ်သွပ်ပွဲကို ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့က ဦးစီးပြုလုပ်ခဲ့တာပါ။ သံဃာတော် ၁၂ ပါးနဲ့ သီလရှင် ဆရာလေးတစ်ပါး ကြွရောက် တရားပေးပါတယ်။



ပရိတ်ရွတ်၊ ရေစက်ချ အမျှဝေပြီးနောက် ကျောင်းထိုင်ဆရာတော်နဲ့ တပါးကျောင်းမှ ဆရာတော်အပါအ၀င် သံဃာတော် ၉ ပါးလောက်က မိန့်ကြားပါတယ်။ ဆရာတော်အများစု မိန့်ကြားတာကတော့ ညီညွတ်ဖို့ပါ။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်၊ ညှိညှိနှိုင်းနှိုင်းနဲ့ ရှေ့ဆက်လုပ်ကြဖို့ အဓိက ဟောကြားပါတယ်။

ဆရာတော်တွေ ဟောကြားသမျှ မှတ်မိသလောက် ပြန်ရေးရရင် ခုမှ အစပဲရှိသေးတဲ့အကြောင်း ရှေ့ဆက်ပြီး လုပ်စရာတွေ ကျန်သေးတဲ့အကြောင်း သံဃာတော်တွေက ရှေ့က ဦးဆောင်နေပေမဲ့ နောက်က ဒကာ၊ ဒကာမများ မစည်းလုံး မညီညွတ်ရင် အောင်မြင်မှာ မဟုတ်တဲ့အကြောင်းနဲ့ ဆရာတော်ဦးဥတ္တမလို စိတ်နောက်သွားအောင်မလုပ်ကြပါနဲ့လို့ သံဃာတော်တပါးက ဟောကြားပါတယ်။ နောက်ဆရာတော် တစ်ပါးကတော့ မိဘနဲ့ မိမိမွေးရပ်နိုင်ငံကို ဘယ်လိုမှ ပြန်ပြင်လို့ မရတဲ့အကြောင်း၊ ဘာနိုင်ငံသားကြီးပဲ ဖြစ်နေပါစေ ကိုယ်မွေးဖွားကြီးပြင်းခဲ့ရာ နိုင်ငံကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒီအတွက်ကြောင့် ကိုယ့်နိုင်ငံအရေးမှာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း မိန့်ကြားပါတယ်။

မြတ်စွာဘုရားဟာ သီလ ၅ ပါးမှာ အဆိုးဆုံး အရာကို နောက်ဆုံးမှာ ထားတတ်ကြောင်း၊ အရက်သေစာကြောင့် ရှေ့က သီလ ၄ ပါးလုံးကို ဖောက်ဖျက်နိုင်တဲ့အတွက် သူရာမေရယကံကို နောက်ဆုံးမှာထားသလိုပဲ ရေ၊ မီး၊ အငတ်၊ ရောဂါ၊ မင်း ဘေးဆိုပြီးရှိတဲ့
ရန်သူမျိုး ၅ ပါးထဲမှာလည်း အန္တရာယ်အကြီးဆုံး၊ အဆိုးရွားဆုံး မင်း ကို နောက်ဆုံးမှာ ထည့်ထားကြောင်း။ မင်းဆိုး၊ မင်းညစ်တွေကြောင့် ပြည်သူပြည်သားများ မအေးမချမ်းဖြစ်ရတဲ့အတွက် သူတို့တွေကို မြတ်စွာဘုရားရှင်က တရားတော်များ ဟောကြားပေးခဲ့ကြောင်း၊ ဒီမင်းဆိုးမင်းညစ်တွေ ပပျောက်ဖို့ ဆရာတော်၊ သံဃာတော်များနဲ့ တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိကြောင်း ဆရာတော် တစ်ပါးက ဟောကြားပါတယ်။ ဘယ်လို တာဝန်ရှိလဲဆိုရင် ခု လူအများစု ဩကာသ ဘုရားရှိခိုးတဲ့အခါ "ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား"လို့ ကန်တော့ပြီးတာနဲ့ "ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပ္ပတ္တိတရား လေးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ရှိသော်" လို့ ဆက်လက်ပြီး ရွတ်ဆိုခြင်း မရှိကြတော့လို့ပါတဲ့။ အဲဒီတော့ အစိုးရအနေနဲ့ အပါယ်လေးပါး ရှိကြောင်း သတိမရတော့ဘူး။ မေ့သွားပါပြီတဲ့။ ဒီတော့ သူတို့ကို အပါယ်လေးပါးဆိုတာရှိကြောင်း သိအောင် လုပ်ပေးဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ မိန့်ကြားပါတယ်။

နောက်ထပ် သံဃာတော်တစ်ပါးကတော့ ဒကာ၊ ဒကာမ အချို့က ဘုန်းကြီးတွေက လောကီအရေးမှာ ၀င်ပါနေကြတယ်လို့
ထင်နေကြတယ်။ ဆရာတော် ပြောချင်တာကတော့ လောကမှာ အမြတ်ဆုံးက မြတ်စွာဘုရား ပွင့်တော်မူလာခြင်းပဲ ဖြစ်ပါတယ်တဲ့။ မြတ်စွာဘုရားပွင့်တော်မူလာတာဟာ လူသားတွေအားလုံး ကောင်းကျိုးချမ်းသာရဖို့ ဖြစ်ပါတယ်တဲ့။ မြတ်စွာဘုရားဟာ မင်းဆိုးမင်းညစ်ကို တွေ့ရင်လည်း မေတ္တာကရုဏာတော်ရှေ့ထားပြီး လမ်းညွှန် ဆိုဆုံးမပါတယ်။ မင်းကျင့်တရား ၁၀ ပါးဆိုပြီး ဟောကြားတော်မူခဲ့ပါတယ်။ လင်မယားအချင်းချင်း မသင့်မြတ်လည်း ညီညွတ်ကြဖို့ တရားဟောကြားဆုံးမပါတယ်။ မြတ်စွာဘုရားရှင်ဟာ မီးနေခန်းထဲထိလည်း ၀င်ပါပါတယ်။ မီးဖွားသူများ ချမ်းသာရာရရေးအတွက် မြတ်စွာဘုရားက အင်္ဂုလိမာလသုတ်ကို မြွတ်ကြားတော်မူခဲ့ပါတယ်။ အလုံးစုံသောသတ္တ၀ါတွေ ချမ်းသာရာရရေးအတွက် လောကုတ္တရာအကျိုးတင်မဟုတ်၊ လောကီအကျိုးအတွက်လည်း ဟောကြားတော်မူခဲ့တာပါ။ တကယ်လို့ မြတ်စွာဘုရားသာ လောကီအရေးမှာ ၀င်မပါခဲ့ဘူးဆိုရင် သဗ္ဗေညုတဥာဏ်တော်ရလို့ ဘုရားဖြစ်ပြီးနောက် ဓမ္မစကြာတရားဒေသနာတော်တွေလည်း ဟောကြားစရာမလိုပါဘူး။ အတိုင်းအတိုင်းအပြည်ပြည်ကို အပင်ပန်းခံ ဒေသစာရီကြွချီလှည့်လည်ပြီး တရားဟောကြားမနေဘဲ မိဂဒါဝုန်ဥယျာဉ်ထဲမှာ အိပ်နေဖို့ပဲ ရှိပါတယ်လို့ အဲဒီ ဆရာတော်က မိန့်ကြားပါတယ်။

ဦးဇင်းတို့ကတော့ သတ်ဖို့၊ ဖြတ်ဖို့ အားမပေးဘူး။ တိုက်လည်း မတိုက်တွန်းဘူး။ ပြောလည်း ပြောမှာမဟုတ်ဘူး။ ဘယ်ဘုန်းကြီးမှလည်း ပြောလို့မရဘူး။ တကယ်လို့ အဲလို ပြောတယ်၊ ဟောတယ်ဆိုရင်လည်း အဲဒီဘုန်းကြီးက ဘုန်းကြီးမဟုတ်တော့ဘူး။ ဘုန်းကြီးဟုတ်တယ်ဆိုရင်တောင်မှ စိတ်နောက်နေတဲ့ ကိုယ်တော်ပဲ ဖြစ်ရမယ်လို့ ဆရာတော် တစ်ပါးက မိန့်ကြားပါသေးတယ်။ ပြီးတော့ အင်တာနက်မှာ မြန်မာပြည်ကံကြမ္မာကို ဟောကြ၊ ပြောကြတာတွေ ဖတ်ရုံလေးနဲ့ ကျေနပ်မနေကြပါနဲ့လို့ ဘုန်းဘုန်းတစ်ပါးက မှာကြားပါတယ်။ မြတ်စွာဘုရားကို ဘုရားဖြစ်တော်မူမယ်လို့ ဟောကြားခဲ့ပေမဲ့ မြတ်စွာဘုရားသာ သစ္စာလေးပါးတရားတော်ကို တကယ်သိအောင် ကြိုးစားအားထုတ်မှုမပြုခဲ့ဘူးဆိုရင် ဘုရားဖြစ်လာမှာ မဟုတ်ပါဘူး။ ခုလည်း ဒီလိုပဲ တကယ်လုပ်မှ ရမှာဖြစ်တယ်လို့ မိန့်မှာပါတယ်။

s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*