Saturday, October 6, 2007

သတင်းလိမ်၊ သတင်းညာ



ကိုနစ်နေမန်းရဲ့ ပို့စ်ကို http://niknayman.blogspot.com/2007/10/blog-post_8836.html ဖတ်ပြီး အရင်ထဲက ရေးမယ် စိတ်ကူးထားတာလေး ချရေးမိတယ်။

ပြည်တွင်းက သတင်းတွေမှာ အမြဲပြောနေကျ စကားရှိပါတယ်။ ပြည်ပအားကိုးပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများ၊ ပြည်တွင်းပြည်ပ အဖျက်သမားများရဲ့ ချဲ့ကားပြောဆို၊ လုပ်ကြံဖန်တီးသော သတင်းများ ဆိုပြီး ပြောတတ်လေ့ရှိပါတယ်။ တကယ်တော့လည်း ဘယ်သူမှ ပြောစရာမလိုဘဲ သူတို့ကိုယ်သူတို့ ပြန်ပြောနေတာသာဖြစ်ပါတယ်။

ဟိုးလွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က နေ့တစ်နေ့မှာ လေးထောင့်ကန် တိုက်နယ်ဆေးရုံကို အမျိုးသမီးစွမ်းဆောင်ရှင်များအဖွဲ့ဆိုပြီး အ၀ါရောင် အင်္ကျီတွေ ၀တ်လို့ ရောက်လာကြပါတယ်။ အဲဒီက မိန်းမများကတော့ အားလုံးသိတော်မူကြတဲ့အတိုင်း ဘာကတော်၊ ညာကတော်တွေပေါ့။ အဲဒါ တီဗွီနဲ့ သတင်းစာမှာ မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များ အဖွဲ့က ဆေးရုံမှာ သန့်ရှင်းရေးသွားလုပ်တယ်၊ ဘာညာကွိကွ သတင်းထည့်ဖို့အတွက်
သူတို့တွေ ရောက်လာကြတာတဲ့။

အရင်ဆုံး ပြောင်ရှင်းနေတဲ့ ဆေးရုံရှေ့မှာ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေက ဘယ်ကနေ သယ်လာမှန်းမသိတဲ့ အမှိုက်တွေကို ကြဲချလိုက်ပါတယ်။ ဆေးရုံ သန့်ရှင်းရေးဝန်ထမ်းလေးတွေကတော့ မျက်နှာငယ်လေးတွေနဲ့ တိုင်ကွယ်ကနေ ကြည့်နေကြရသပေါ့။ ပြီးတာနဲ့ သူတိုရဲ့ လိမ်ညာပွဲ ရိုက်ကူးရေးအစီအစဉ်ကို စပါတော့တယ်။ အဲဒီ နန်းမတော် မယ်နုများဟာ အမှိုက်ကောက်ချင်ယောင်၊ တံပြက်စီးလှည်းချင်ယောင် ဆောင်ပြီးသကာလ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတင် အရိုက်ခံပါတယ်။ ၅ မိနစ်လောက်အကြာမှာတော့ သူတို့ ကြဲချသွားတဲ့ အမှိုက်တွေကို ရှင်းမပေးသွားဘဲ ကော့တော့ ကော့တော့နဲ့ ပြန်သွားကြပါတော့တယ်။ ဆေးရုံက သန့်ရှင်းရေးအလုပ်သမား အဒေါ်ကြီး နှစ်ယောက်ခမျာ ပွစိပွစိနဲ့ သူတို့ကို ကျိန်စာမျိုးစုံတိုက်ပြီး သူတို့ဖွခဲ့တဲ့ အမှိုက်တွေကို ပြန်ရှင်းရပါရောလား။ ဒါကတော့ ကျွန်မအစ်ကိုရဲ့ မျက်မြင်အတွေ့အကြုံပါ။

ကျွန်မ ကိုယ်တွေ့ဆိုတာကတော့ လောပိတမှာ နေစဉ် ၃ တန်း ကျောင်းသူအရွယ်မှာ လူထုဆန္ဒဖော်ထုတ်ပွဲဆိုတာကို လွိုင်ကော်မြို့ပေါ်က ဘောလုံးကွင်း တခုမှာ လုပ်ရတယ်။
လွန်ခဲ့တဲ့ ၁၇ နှစ်လောက်ကဆိုတော့ ဘာလူထုဆန္ဒဖော်ထုတ်ပွဲလည်းဆိုတာ မမှတ်မိတော့ဘူး။ အဲဒီနေ့မတိုင်ခင်မှာ ဆရာတွေက အတန်းထဲက ဘယ်နှစ်ယောက်လိုက်ရမယ်ဆိုပြီး လာပြောတယ်။ ကိုယ်တွေကလည်း မြို့ပေါ် ၁ နှစ်နေလို့ ၃ ခေါက်လောက်တောင် မရောက်ဘူးဆိုတော့ ပျော်ပျော်ပါးပါးကြီးကို လိုက်မယ်ပေါ့။ (သင်္ကြန်၊ ခရစ္စမတ်နဲ့ ကယားဒေးနေ့တွေပဲ မြို့ပေါ် ရောက်ဖြစ်တာဆိုတော့လေ။)

သူတို့ပြောတဲ့ရက် ရောက်တော့ မနက်အစောကြီး ၄ နာရီ လောက် ထပြီး စုရပ်ကို သွားရတယ်။ ပြီးတာနဲ့ ဆရာ၊ ဆရာမတွေ ဦးစီးပြီး ကားကြီးနဲ့ လွိုင်ကော်မြို့ပေါ်တက်ကြတာပေါ့။ ဟိုရောက်တော့ ဘောလုံးကွင်းကြီးထဲမှာ ဒီတိုင်းကြီး ထိုင်နေရတယ်။ အခမ်းအနားက တော်တော်နဲ့ မစဘူး။ မနက် ၉ နာရီလောက်မှ စမယ့်အခမ်းအနားကို ၇ နာရီလောက်ထဲက လူတွေကို အရောက်လာခိုင်းထားတာကိုး။ ဒီလိုနဲ့ အခမ်းအနားစတော့ စင်ပေါ်မှာ စာရွက်ကြီးတွေကိုင်ပြီး သူတို့ပြောချင်ရာပြော၊ အောက်က လူတွေကလည်း လုပ်ချင်ရာလုပ်နေကြတာ။ ပြောရရင်တော့ ဒုက္ခခံနေကြရတာပေါ့။ ကျွန်မတို့ ကလေးတတွေကတော့ အိမ်ကသယ်လာတဲ့ ထမင်းဘူးထဲက ထမင်းတွေ တပျော်တပါးကြီး နှိုက်စားပြီး လက်ခုပ်တီးသံကြားရင် ၀ိုင်းတီးပေးလိုက်သေးတယ်။ အဲဒီတုန်းကတော့ ကိုယ်လို ဘာမသိ ညာမသိ လူတွေကြီးပါပဲ။ ကျောင်း ၁ ကျောင်းကို ကျောင်းသား ဘယ်လောက် မလာမနေရ (မူလတန်းကလေးတွေလည်း အဲဒီအခမ်းအနား တက်ရတယ်ဆိုတော့ သူတို့ လူထုဆန္ဒပွဲ အဆင့်အတန်းကို အားလုံးပဲ စဉ်းစားနိုင်ကြမယ် ထင်ပါရဲ့။)၊ ကျေးရွာ ၁ ရွာကို လူဦးရေ ဘယ်လောက် မလာမနေရဆိုပြီး အာဏာနဲ့ခိုင်း။ အဲဒီရွာတို့၊ ကျောင်းတို့က တာဝန်ရှိတဲ့လူတွေကလည်း ရသလောက် လူတွေခေါ်၊ ပြီးရင် သူတို့ သတ်မှတ်ထားတဲ့ လူအရေအတွက် မပြည့်ရင်လည်း အဲဒီလူဦးရေ ရှိပါတယ်ဆိုပြီး လိမ်ညာပြီး စာရင်းပြနဲ့ ဟုတ်နေကြတာပဲ။ ဟိုးအောက်ခြေကနေ အထက်ထိ အားလုံးက အလိမ်အညာလေးတွေနဲ့။

ပြီးတာနဲ့ ည ၈ နာရီ သတင်းမှာ ပါလာပါပြီ။ ကယားပြည်နယ် လွိုင်ကော်မြို့က လူထုစည်းဝေးပွဲကြီးမှာ လူပေါင်း ဘယ်လောက် တက်ရောက်ကြကြောင်း၊ ဘာကြောင်း ညာကြောင်းနဲ့ အရှက်မရှိ ကြေငြာသွားတော့တာပဲ။ ခုထိလည်း ထိုနည်းလည်းကောင်း...

ပြည်ပအားကိုးလို့ ပြောပြီး တရုတ်အားကိုးနေသူတွေဟာ ဘယ်သူတွေများပါလိမ့်၊ အဖျက်သမားများလို့ အော်နေပြီး မြန်မာပြည်နဲ့ ပြည်သူတွေကို ရစရာမရှိအောင် ဖျက်ဆီးနှိပ်စက်နေတာ ဘယ်သူတွေပါလိမ့်၊ ခုဆို ဘာသာတရားကိုတောင် ဖျက်ဆီးလာပြန်ပြီ။ ခုန ကျွန်မပြောတဲ့ တီဗွီသတင်းတွေမှာ ပါလာတဲ့ ဖြစ်ရပ်မှန်လေးတွေကို
နမူနာ ကြည့်ခြင်းဖြင့် ချဲ့ကားပြောဆို လုပ်ကြံဖန်တီးပြီး သတင်းအဖြစ်တင်နေတာ ဘယ်သူတွေလည်းဆိုတာ သိနိုင်ပါတယ်။ နောက်ဆုံးတော့ ပြည်ပအားကိုးပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများ၊ ပြည်တွင်းပြည်ပ အဖျက်သမားများရဲ့ ချဲ့ကားပြောဆို၊ လုပ်ကြံဖန်တီးသော သတင်းများ ဆိုတာက သူတို့ကိုယ်သူတို့ ပြန်ပြောနေတာသာ ဖြစ်ကြောင်း ရှင်းပြဖို့ လိုတော့မယ်မထင်ပါဘူး။

s0wha1


Print this post

2 comments:

Thet Oo said...

အဲဒါကြောင့် အခုပြည်တွင်းမှာ လုပ်နေတဲ့ ရှစ်နာရီမှာ တီဗီပိတ်၊ မီးပိတ် လုပ်နေတဲ့ သပိတ်ဟာ အလွန်သင့်တော်ပါပေတယ်။ သူတို့လိမ်တာတွေ ကြည့်စရာ၊ သိစရာ မလိုတော့ဘူးပေါ့နော်။

s0wha1 said...

သေချာတာပေါ့ ကိုသက်ဦးရယ်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*